မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါအားကျတဲ့ စံထားရသူတွေက ဘယ်သူတွေလဲ

ငါအားကျတဲ့ စံထားရသူတွေက ဘယ်သူတွေလဲ

ဒီဆောင်းပါးမှာ ဒီအချက်တွေကို သိလာမယ်

ဘာကြောင့် စံထားရသူတွေ လိုအပ်ရတာလဲ

သူတို့ကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲ

သူတို့ရဲ့ပုံသက်သေကို ဘယ်လို တုပမလဲ

ဘာကြောင့် သူတို့ကို လိုအပ်ရတာလဲ

သိထားသင့်ရာ– သင်အထင်ကြီးလေးစားရတဲ့သူလို သင်ပြုမူလုပ်ကိုင်တတ်တယ်။ သူ့အပေါ်မူတည်ပြီး အကောင်းလည်းဖြစ်နိုင်သလို အဆိုးလည်းဖြစ်နိုင်တယ်။

လိုအပ်ရာက– အတုယူထိုက်တဲ့စံထားရသူတွေ ဖြစ်တယ်။—ဖိလိပ္ပိ ၃:၁၇

ပြဿနာက– နာမည်ကြီးသူတွေဖြစ်တဲ့ ဂီတပညာရှင်တွေ၊ အားကစားအကျော်အမော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေမှာ နာမည်ပျက်ရှိနေရင်တောင် လူအများက သူတို့ကို အားကျကြတယ်။

စဉ်းစားစရာအချက်က– သမ္မာကျမ်းစာက ကျွန်ုပ်တို့ရဲ့ အကျင့်စရိုက်ကို အဝတ်နဲ့နှိုင်းယှဉ်ထားတယ်။ (ကောလောသဲ ၃:၉၊ ၁၀) သင်က အဝတ်အစားဝယ်ဖို့ ဈေးဝယ်ထွက်တယ်ဆိုပါစို့၊ ကောင်းကောင်းမဝတ်စားတတ်တဲ့ အရောင်းစာရေးတစ်ယောက်က သင့်ကို ဘာဝတ်ပါဆိုပြီး အကြံပေးတာကို သင်လက်ခံမလား။ ဒါဆိုရင် နာမည်ပျက်ရှိတဲ့ အကျော်အမော်တချို့ရဲ့ပုံစံကို ဘာလို့တုပမလဲ။ သူတို့လုပ်သလို၊ လူအများလုပ်သလိုလိုက်လုပ်မယ့်အစား အတုယူအားကျလောက်တဲ့ စံထားရသူတွေ သင့်မှာရှိမယ်ဆိုရင် (၁) သင်ရှိချင်တဲ့ အကျင့်စရိုက်တွေရှိအောင် သင့်ကိုထောက်ကူနိုင်ပြီး အဲဒါကတစ်ခါ (၂) အပေါင်းအသင်းကို ပညာရှိရှိရွေးပေါင်းစေတယ်။

သူတို့ကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲ

အောက်ပါအချက်တွေကို မှန် ဒါမှမဟုတ် မှား မှတ်သားပြပါ။

၁။ စံထားရသူတစ်ဦးဟာ သင်နဲ့မျက်နှာချင်းဆိုင်တွေ့ဖူးသူ ဖြစ်ရမယ်။

မှန် မှား

၂။ စံထားရသူဟာ အပြစ်လုံးဝကင်းသူ ဖြစ်ရမယ်။

မှန် မှား

၃။ သင့်မှာ စံထားရသူ တစ်ယောက်ထက်မကရှိနိုင်တယ်။

မှန် မှား

အဖြေများ

၁။ မှား။ ရှေးအချိန်က အသက်ရှင်ခဲ့တဲ့သူတွေကိုတောင် စံထားရသူတွေအနေနဲ့ သင်ရွေးချယ်နိုင်ပါတယ်။ အကောင်းဆုံးစံထားရသူတွေကို သမ္မာကျမ်းစာထဲမှာ တွေ့နိုင်တယ်။ ဥပမာ၊ သမ္မာကျမ်းစာထဲက ဟေဗြဲကျမ်း အခန်းကြီး ၁၁ ကို သင်ဖတ်မယ်ဆိုရင် အတုယူသင့်တဲ့ယုံကြည်ခြင်းရှိသူ အမျိုးသား၊ အမျိုးသမီး ၁၆ ယောက်ရဲ့နာမည်ကို တမန်တော်ပေါလု ဖော်ပြထားတာ သင်တွေ့ရပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ နောက်အခန်းကြီးမှာ ယေရှုကို “စေ့စေ့ကြည့်ရှုလျက်” ကိုယ်တော့်ပုံသက်သေကိုလိုက်ဖို့ ပေါလုက ခရစ်ယာန်တွေကို တိုက်တွန်းထားတယ်။ (ဟေဗြဲ ၁၂:၂) ယေရှုဟာ ကျွန်ုပ်တို့အတွက် အကောင်းဆုံးစံထားရသူဖြစ်တယ်။—ယောဟန် ၁၃:၁၅ *

၂။ မှား။ ယေရှုကလွဲပြီး အာဒံရဲ့သားမြေးတွေမှာ လုံးဝအပြစ်ကင်းတဲ့သူ ဘယ်သူမှမရှိဘူး။ (ရောမ ၃:၂၃) ရှေးတုန်းက သတ္တိခဲပရောဖက်ဖြစ်သူ ဧလိယတောင် “ငါတို့နည်းတူ သာမန်လူသား” သာဖြစ်တယ်။ (ယာကုပ် ၅:၁၇ခမ) မိရိအံ၊ ဒါဝိဒ်၊ ယောန၊ မာသနဲ့ ပေတရုတို့ကိုလည်း အဲဒီလိုပဲ ပြောနိုင်ပါတယ်။ သူတို့တွေရဲ့ လုပ်ရပ်အမှားတွေကို သမ္မာကျမ်းစာမှာ ပွင့်ပွင့်လင်းလင်းဖော်ပြထားတယ်။ ဒါပေမဲ့ သူတို့ဟာ ဘဝကဏ္ဍအများစုမှာတော့ ပုံသက်သေကောင်းသူတွေဖြစ်တဲ့အတွက် အတုယူထိုက်တဲ့ စံထားရသူတွေ ဖြစ်နိုင်ကြတယ်။

၃။ မှန်။ သင့်မှာ စံထားရသူ တစ်ဦးထက်မက ရှိနိုင်ပါတယ်။ တစ်ယောက်က အလုပ်ကြိုးစားသူဖြစ်မယ်၊ နောက်တစ်ယောက်က အလွန်စိတ်ရှည်သူ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ယောက်က ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အပြုသဘောထား ဆက်တင်ပြနိုင်သူ ဖြစ်နိုင်တယ်။ (၁ ကောရိန္သု ၁၂:၂၈; ဧဖက် ၄:၁၁၊ ၁၂) တခြားသူတွေမှာရှိတဲ့ အရည်အသွေးကောင်းတွေကို ရှာကြည့်ပါ၊ အတုယူထိုက်တဲ့ အရည်အသွေးကောင်းတွေကို သင်ရှာတွေ့ပါလိမ့်မယ်။—ဖိလိပ္ပိ ၂:၃

သူတို့ရဲ့ပုံသက်သေကို ဘယ်လို တုပမလဲ

၁။ အကဲခတ်ကြည့်ပါ။ သင်အားကျတဲ့သူတွေကို အကဲခတ်ကြည့်ပါ။ တမန်တော်ပေါလုက ပထမရာစုက ခရစ်ယာန်တွေကို ဒီလိုပြောခဲ့တယ်– ‘ငါတို့ပေးသောပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကို ရှုမှတ်ကြလော့။’—ဖိလိပ္ပိ ၃:၁၇သမ္မာကျမ်း။

၂။ ပေါင်းသင်းပါ။ ဖြစ်နိုင်မယ်ဆိုရင် သင်အားကျတဲ့ စံထားရသူတွေနဲ့ အချိန်ယူ ပေါင်းသင်းပါ။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားတယ်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။”—သု. ၁၃:၂၀

၃။ ပြန်သုံးသပ်ပါ။ သင်အားကျတဲ့သူရဲ့ ချီးမွမ်းစရာအကျင့်စရိုက်တွေကို ပြန်သုံးသပ်ပါ။ ဟေဗြဲ ၁၃:၇ မှာ ဒီလိုဆိုထားတယ်– “သူတို့အပြုအမူ၏အကျိုးရလဒ်ကို စေ့စေ့ကြည့်ရှုလျက် သူတို့၏ယုံကြည်ခြင်းကို တုပကြလော့။”

အခု သင် အဆင်သင့်ဖြစ်ပြီလား။ စံထားရသူရွေးချယ်ဖို့ အစီအစဉ်ဆွဲကြည့်ပါ။

လုပ်ဆောင်မယ့်အစီအစဉ်

အကျင့်စရိုက်တစ်ခုကို ချရေးပါ။ သင်ရှိချင်တဲ့ အကျင့်စရိုက်တစ်ခုကို ချရေးပါ။ (ပိုပြီးဖော်ဖော်ရွေရွေနေတတ်သူ၊ ရက်ရောသူ၊ အလုပ်ကြိုးစားသူ၊ ခံနိုင်ရည်ရှိသူ၊ အားကိုးရသူ၊ ယုံကြည်စိတ်ချရသူ ဖြစ်ချင်လား)

․․․․․

လူတစ်ယောက်ကိုရွေးပါ။ သင်မွေးမြူလိုတဲ့ အရည်အသွေးတင်ပြသူရဲ့ နာမည်ကိုရေးပါ။ *

․․․․․

သင်ဟာ အတုယူထိုက်တဲ့ စံထားရသူတစ်ဦး ရွေးချယ်တဲ့အခါ သူနဲ့ တစ်ပုံစံတည်း ချွတ်စွတ်တူလာဖို့မဟုတ်ဘူး။ သင့်ဆီမှာလည်း သင့်ကိုယ်ပိုင် ထူးခြားတဲ့အရည်အသွေးကောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ အတုယူထိုက်တဲ့ စံထားရသူတွေရှိထားမယ်ဆိုရင် လူကြီးဘဝကို သင် အကောင်းဆုံး တက်လှမ်းသွားနိုင်မှာဖြစ်တယ်။ ဒါတင်မကဘူး၊ သူတို့ရဲ့ပုံသက်သေကို သင်တုပတဲ့အခါ သင်ဟာ တခြားသူတွေအားကျလောက်တဲ့ စံထားရသူတစ်ဦး ဖြစ်လာပါလိမ့်မယ်။

“လူငယ်များအမေး” အခန်းဆက် ဆောင်းပါးထဲက တခြားဆောင်းပါးတွေကို www.watchtower.org/ype မှာ တွေ့နိုင်ပါတယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 21 အခုအချိန်မှာရှိနေတဲ့ လူများစွာဟာလည်း စံထားရသူတွေ ဖြစ်နိုင်ပါတယ်။ မိဘ၊ မွေးချင်းမောင်နှမ၊ ခရစ်ယာန်အသင်းတော်က ရင့်ကျက်တဲ့သူ ဒါမှမဟုတ် သင်သိထားတဲ့၊ သင်ဖတ်ရတဲ့ စံနမူနာကောင်းသူ တခြားတစ်ယောက်ယောက်ဖြစ်နိုင်ပါတယ်။

^ အပိုဒ်၊ 32 ဒီအဆင့်တွေကို ပြောင်းပြန်အနေနဲ့လည်း လုပ်နိုင်ပါတယ်။ ဦးဆုံး သင်အားကျတဲ့သူရဲ့ နာမည်ကိုရေးပါ။ ပြီးတဲ့နောက် ‘သူ့ဆီကနေ ငါအတုယူချင်တဲ့ သတ်သတ်မှတ်မှတ်အရည်အသွေးကဘာလဲ’ လို့ မိမိကိုယ်ကိုမေးပါ။ သူ့ကို သင့်ရဲ့စံထားရသူအနေနဲ့ထားပြီး သူ့ဆီမှာ သင်တွေ့ရတဲ့အရည်အသွေးကို ကြိုးစားတုပပါ။

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

နာမည်ပျက်ရှိတဲ့ အကျော်အမော်တချို့ရဲ့ပုံစံကို ဘာလို့တုပမလဲ

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သင့်ရွယ်တူတွေပြောဆိုရာ

လေလာ—ကျွန်မသူငယ်ချင်း စန္ဒြာက အပြုသဘောထားတင်ပြသူဖြစ်တယ်။ ကျမ်းစာနဲ့လည်း အကျွမ်းတဝင်ရှိတယ်။ ဒါကြောင့် ပြဿနာတွေပေါ်လာပြီဆိုရင် ဖြေရှင်းနည်းကို သူ အမြဲတွေ့တယ်။ ကျွန်မမှာ ပြဿနာ ကြီးကြီးငယ်ငယ်ပေါ်လာတဲ့အခါတိုင်း သူနဲ့ဆွေးနွေးတိုင်ပင်နိုင်တယ်။

တဲရန့်စ်—ကျွန်တော့်သူငယ်ချင်း ခိုင်လ်နဲ့ ဒေးဗစ်ဟာ တခြားသူရဲ့ခံစားချက်ကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားဘူး။ သူတို့ရဲ့အခက်အခဲ တွေကို ဘေးချိတ်ပြီး လူတွေကို ကူညီပေးဖို့ အမြဲအသင့်ရှိကြတယ်။ ကျွန်တော့်အတွက် ပုံသက်သေကောင်းပဲ။

အမ်မလင်း—ကျွန်မစံထားရသူကတော့ အမေပါ။ အမေဟာ ကျမ်းစာအရမ်းပိုင်တယ်၊ ကိုယ့်ရဲ့ယုံကြည်ခြင်းကို တခြားသူတွေကို သက်သေခံဖို့ အခွင့်အရေး အမြဲရှာနေတတ်တယ်။ အမှုဆောင်လုပ်ငန်းဟာ တာဝန်တစ်ခုလောက်ပဲမဟုတ်ဘူး၊ အခွင့်ထူးဖြစ်တယ်လို့ အမေ အပြည့်အဝလက်ခံထားတယ်။ အဲဒီအတွက် အမေ့ကို ကျွန်မ အရမ်းလေးစားရတယ်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

ထပ်ဆင့်ဖတ်ရှု လေ့လာပါ

အတုယူထိုက်တဲ့ စံထားရသူတွေကို ရှာဖွေရာမှာ အကူအညီလိုအပ်ပါသလား။ ဟေဗြဲအခန်းကြီး ၁၁ ကိုဖတ်ပြီး အဲဒီမှာပါတဲ့နာမည်တစ်ခုကို ရွေးပါ။ သူ့ရဲ့ အတုယူထိုက်တဲ့ အကျင့်စရိုက်တွေကို တုပမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာမှုပြုပါ။

ကျမ်းစာထဲက အတုယူထိုက်တဲ့ နောက်ထပ်စံထားရသူတွေကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁ နဲ့ ၂ [အင်္ဂလိပ်] စာအုပ်၊ နောက်ကျောဖုံး အတွင်းစာမျက်နှာမှာပါတဲ့ “စံထားရသူ အညွှန်း” မှာကြည့်ပါ။ ကင်းမျှော်စင် မှာပါတဲ့ “သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ” ဆောင်းပါးတွေမှာလည်း ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

သင့်မိဘတွေကို မေးကြည့်ပါ

သင့်အရွယ်တုန်းကနဲ့ အခုအချိန်မှာ သင့်မိဘတွေအားကျတဲ့ စံထားရသူတွေက ဘယ်သူတွေလဲဆိုတာ မေးကြည့်ပါ။ စံထားရသူတွေရှိခဲ့တဲ့အတွက် သူတို့ဘဝအသက်တာမှာ ဘယ်လိုအကျိုးဖြစ်ခဲ့သလဲဆိုတာ မေးကြည့်ပါ။