မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြမ်းဖက်မှုကို အရူးအမူးစွဲလမ်းကြ

အကြမ်းဖက်မှုကို အရူးအမူးစွဲလမ်းကြ

အကြမ်းဖက်မှုကို အရူးအမူးစွဲလမ်းကြ

ဒီနေ့ခေတ်မှာ လူတွေဟာ အကြမ်းဖက်မှုကို အရူးအမူးစွဲလမ်းနေကြတယ်။ ဖျော်ဖြေမှုတွေမှာ အကြမ်းဖက်မှုက အမြဲတမ်းပါဝင်လေ့ရှိတာမှန်ပေမဲ့ “သိပ်မကြာသေးခင်တုန်းက မီဒီယာတွေမှာ အကြမ်းဖက်မှုတင်ဆက်ပုံ ပြောင်းလဲလာတယ်။ တစ်ခုက အကြမ်းဖက်မှု ပိုများလာတယ်” ဆိုပြီး မီဒီယာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဖော်ပြတယ်။ (Media Awareness Network) နောက်တစ်ခုက “ပိုပြီးကွက်ကွက်ကွင်းကွင်းဖော်ပြလာတယ်၊ လိင်ကိစ္စကို ပိုအသားပေးလာတယ်၊ ပိုရက်စက်ကြမ်းကြုတ်လာတယ်” လို့ ဆက်ဖော်ပြတယ်။ ဒီအချက်တွေကို သုံးသပ်ကြည့်ပါ။

တေးသီချင်း– ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကို ရေးဖွဲ့ထားတဲ့ စာသားတွေကို “တေးထုတ်လုပ်သူတွေက သာမန်အဖြစ် သဘောထားလာတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ဖော်ပြတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ညစ်ညမ်းရိုင်းစိုင်းတဲ့စာသားတွေကိုသုံးပြီး လူသတ်မှု၊ မုဒိမ်းမှုတွေကို အမွှမ်းတင် သီဆိုကြတယ်။ ဒီလိုစာသားမျိုးကို ဇနီးသည်၊ မိခင်တွေနဲ့ ဆက်စပ်ပြီးတော့တောင် သီဆိုကြတယ်။

ဗီဒီယိုဂိမ်းများ– “ဗီဒီယိုဂိမ်းတွေမှာ သွေးထွက်သံယိုတွေ ပိုပိုများလာတာက စိုးရိမ်စရာအချက်တစ်ခုဖြစ်တယ်” ဆိုပြီး ဗီဒီယိုဂိမ်းနှစ်သက်သူတွေအတွက် ဗြိတိန်မဂ္ဂဇင်းတစ်စောင်က ဖော်ပြတယ်။ ဒီလိုလည်း ထပ်ဖော်ပြထားတယ်– “ဗီဒီယိုဂိမ်းကို နှစ်သက်သူက အတိုင်းအတာတစ်ခုအထိ အကြမ်းဖက်မှုကို နှစ်သက်ခြင်းဖြစ်တယ်။” ဥပမာ၊ လူကြိုက်များတဲ့ ဂိမ်းတစ်ခုမှာဆိုရင် အမျိုးသမီးတွေကို ဘေ့စ်ဘောကစားတဲ့တုတ်နဲ့ ရိုက်သတ်သူနေရာကနေ ကစားလို့ရအောင် ဖန်တီးထားတယ်။ ဗီဒီယိုဂိမ်းကစားတဲ့အခါ ကိုယ်တိုင်ပါဝင်ရတဲ့အတွက် တီဗွီထက် ဗီဒီယိုဂိမ်းက ကလေးတွေအပေါ် ဆိုးကျိုးသက်ရောက်နိုင်တယ်လို့ တချို့အာဏာပိုင်တွေ ယုံကြည်ကြတယ်။

ရုပ်ရှင်– ရုပ်ရှင်တွေမှာ အကြမ်းဖက်မှု၊ လိင်ကိစ္စနဲ့ ဘုရားတရားစော်ကားမှုတွေ ပိုပိုများလာပြီး အမျိုးအစားသတ်မှတ်ချက်ကိုလည်း အမြဲယုံကြည်လို့မရဘူးဆိုတာ လေ့လာမှုတွေက ဖော်ပြနေတယ်။ အဲဒီအပြင် အကြမ်းဖက်သူတွေက “လူဆိုးတွေ” ပဲမဟုတ်တော့ဘူး။ တီဗွီ၊ ရုပ်ရှင်နဲ့ တေးသီချင်းဗီဒီယိုတွေမှာတင်ဆက်တဲ့ အကြမ်းဖက်သူ တစ်ဝက်လောက်က “ဇာတ်လိုက်တွေ” ဖြစ်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားတယ်။

သတင်း– တချို့နိုင်ငံတွေမှာ တီဗွီသတင်းသမားတွေက “သွေးထွက်များလေ၊ လူကြည့်လေ” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုထားကြတယ်။ သတင်းဟာ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်တယ်။ အကြမ်းဖက်သတင်းတွေက လူတွေကို ဆွဲဆောင်နိုင်ပြီး လူကြည့်များခြင်းက ကြော်ငြာတွေကို ဆွဲဆောင်နိုင်တဲ့အတွက် အကျိုးအမြတ်များများရမယ်ဆိုတာ သတင်းသမားတွေ သိထားကြတယ်။

ဝက်ဘ်ဆိုက်– အင်တာနက်မှာ လူသတ်မှု၊ နှိပ်စက်မှု၊ ကိုယ်လက်အင်္ဂါဖြတ်တောက်မှုတွေကို သရုပ်ဆောင်ထားတာရော၊ တကယ့်အဖြစ်အပျက်ကိုပါ တွေ့နိုင်တယ်။ ကလေးသူငယ်များစွာက အဲဒီဆိုက်တွေကို ဝင်ကြည့်နေကြတယ်။

အကြမ်းဖက်မှုပါဝင်တဲ့ ဖျော်ဖြေရေးတွေက သင့်ကို ဩဇာသက်ရောက်နိုင်သလား

တီဗွီ၊ ရုပ်ရှင်၊ စာအုပ်၊ တေးသီချင်းနဲ့ တခြားဖျော်ဖြေမှုတွေမှာတင်ဆက်တဲ့ အကြမ်းဖက်မှုက လူတွေအပေါ် ဩဇာလွှမ်းမိုးနိုင်ပါသလား။ အဲဒီကနေ အကျိုးအမြတ်ရနေသူတွေကတော့ ဘာမှမဖြစ်ပါဘူးလို့ ငြင်းဆိုလေ့ရှိတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါ– လူတွေရဲ့ အတွေးအခေါ်ကို လွှမ်းမိုးဖို့ စီးပွားရေးလောက,က စက္ကန့် ၃၀ လောက်ပဲကြာတဲ့ ကြော်ငြာတွေအတွက် ဒေါ်လာ သန်းပေါင်းထောင်နဲ့ချီ သုံးစွဲနေကြတယ်။ ဒါဆိုရင် ကိုယ်ကျင့်တရားကလည်းမကောင်း၊ အကြမ်းလည်းဖက်တတ်တဲ့ ဇာတ်လိုက်ဇာတ်ကောင်တွေကို အသားပေးထားတဲ့ မိနစ် ၉၀ ကြာရုပ်ရှင်တစ်ခုက လူတွေအပေါ်၊ အထူးသဖြင့် ပုံသွင်းရလွယ်ကူတဲ့ ကလေးတွေအပေါ် ထိခိုက်မှုမရှိဘူး ဒါမှမဟုတ် အနည်းငယ်သာ ထိခိုက်တယ်လို့ပြောမယ်ဆိုရင် ကျိုးကြောင်း ညီညွတ်ပါသလား။

ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်က လူတွေရဲ့သဘောသဘာဝကို ကျွန်ုပ်တို့ထက် ပိုသိတယ်။ လူကြိုက်များတဲ့ မီဒီယာတွေအပါအဝင် အကြမ်းဖက်သူတွေနဲ့ ပေါင်းဖော်ခြင်းနဲ့ပတ်သက်ပြီး ကိုယ်တော် ဘာပြောသလဲ။ ဒီကျမ်းချက်တွေကို သုံးသပ်ကြည့်ပါ–

● ‘ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူကိုစုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ကိုယ်တော် မုန်းတော်မူ၏။’—ဆာလံ ၁၁:၅

● “စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့်အတူ မလိုက်နှင့်။ လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍ ကိုယ်အသက်ကျော့မိရာဖြစ်လိမ့်မည်။”—သု. ၂၂:၂၄၊ ၂၅

မကောင်းတဲ့ ဩဇာတွေကနေ လုံးဝရှောင်လွှဲလို့ မရဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဖျော်ဖြေမှုတွေ၊ ဘယ်သူနဲ့ ပေါင်းမလဲဆိုတာတွေကိုတော့ ကျွန်ုပ်တို့ ရွေးချယ်နိုင်တယ်။ ဒါကြောင့် ‘ငါ ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ’ ဆိုပြီး သင့်ကိုယ်ကိုယ် မေးကြည့်ပါ။ ပြီးနောက်မှာ သင်ရှိချင်တဲ့စံနှုန်းတွေ၊ ပန်းတိုင်တွေ ရှိသူတွေနဲ့ ပေါင်းသင်းပါ။—သု. ၁၃:၂၀

အပေါင်းအသင်းနဲ့ ဖျော်ဖြေမှုက အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ သင့် စိတ်သဘောထားကို ဩဇာသက်ရောက်နိုင်တယ်။ အဲဒီအပြင် တခြားအချက်တွေကလည်း ဩဇာသက်ရောက်နိုင်တယ်။ ဘာအချက်တွေဖြစ်မလဲ။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ရွေးချယ်တဲ့ ဖျော်ဖြေမှုက အကြမ်းဖက်မှုအပေါ်ထားတဲ့ ကျွန်ုပ်တို့ရဲ့ သဘောထားအပေါ် များစွာသြဇာသက်ရောက်နိုင်