မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာပျက်မယ့်နေ့ကို ပိုကြောက်လန့်စေတဲ့ အချက်များ

ကမ္ဘာပျက်မယ့်နေ့ကို ပိုကြောက်လန့်စေတဲ့ အချက်များ

ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ကမ္ဘာပျက်မယ့်နေ့အကြောင်း စိတ်ကူးယဉ်ဆန်ဆန် ဖော်ပြချက်တွေအပြင် အလေးအနက် စဉ်းစားသုံးသပ်သင့်တဲ့ စိုးရိမ်စရာတွေ ရှိနေပါတယ်။ လူဦးရေ အဆမတန်တိုးများလာမှာ၊ အဲဒီအတွက် အစားအစာနဲ့ရေ ရှားပါးလာမှာကို လူများစွာ စိုးရိမ်နေကြတယ်။ တခြားသူတွေကျပြန်တော့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုရဲ့ အကျိုးဆက်ကို တွေးပူကြတယ်။ သဘာဝဘေးအန္တရာယ်တွေ၊ ကမ္ဘာချီကပ်ရောဂါတွေ၊ နျူကလီးယားစစ်ပွဲ စတာတွေနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုလဲ။ အဲဒါတွေကနေ ကမ္ဘာချီကပ်ဘေးကြီး ဖြစ်သွားနိုင်သလား။

ကမ္ဘာပျက်စေနိုင်ပုံပေါက်တဲ့ အခြေအနေတချို့ကို သုံးသပ်ကြည့်ကြစို့။ အဲဒီအဖြစ်အပျက်တွေက ကမ္ဘာပေါ်က လူအားလုံးကို သေဆုံးစေမှာ မဟုတ်ပေမဲ့ သက်ရှိတွေရဲ့ လက်ရှိဘဝကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးစေမှာ ဖြစ်တယ်။ အဲဒီအဖြစ်အပျက်တွေထဲမှာ ဒီအကြောင်းရင်းတွေပါတယ်။

ဧရာမမီးတောင်များ

၁၉၉၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ပင်နာတူဘိုမီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် လူ ၇၀၀ ကျော် သေဆုံးပြီး ၁၀၀,၀၀၀ လောက်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်။ မြေပြင်အထက် ၁၉ မိုင်အထိ ရောက်သွားတဲ့ ထုထည်ကြီးမားလှတဲ့ ပြာမှုန့်တွေ မြေပေါ်ပြန်ကျလာတဲ့အခါ ကောက်ပဲသီးနှံတွေ ပြာမှုန့်အောက် မြုပ်ကုန်ပြီး အိမ်ခေါင်မိုးတွေ ပြိုကျပျက်စီးကုန်တယ်။ ပင်နာတူဘိုနဲ့ အဲဒီလိုတခြားမီးတောင်တွေဟာ ပေါက်ကွဲပြီးတဲ့နောက် နှစ်အတော်ကြာကြာအထိ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတယ်။

ဟိုးအတိတ်တုန်းက ဧရာမမီးတောင်ပေါက်ကွဲမှုကြီးတွေ ဖြစ်ခဲ့ဖူးတယ်။ ဒီလိုမျိုး နောက်တစ်ကြိမ်သာ ပြန်ဖြစ်မယ်ဆိုရင် မှတ်တမ်းတင်ထားတဲ့ ဘယ်မီးတောင်တွေထက်မဆို အဆပေါင်းရာနဲ့ချီ ပိုကြီးမားပြီး ပိုဖျက်ဆီးနိုင်စွမ်းရှိမှာ ဖြစ်တဲ့အပြင် အပျက်အစီးတွေကလည်း အဆမတန် များပြားပါလိမ့်မယ်။ ချက်ချင်းလက်ငင်း ပျက်စီးစေနိုင်စွမ်းရှိတဲ့အပြင် ကမ္ဘာချီ ရာသီဥတု ပြောင်းလဲမှုကြောင့် ကောက်ပဲသီးနှံတွေ မဖြစ်ထွန်းတဲ့အတွက် အစားအစာထောက်ပံ့ မပေးနိုင်တော့ဘဲ အစာငတ်မွတ်ဘေးကြီး ကျဖွယ်ရှိတယ်။

“မီးတောင်တွေ ပေါက်ကွဲမှုကြောင့် ဘေးပတ်ပတ်လည် မိုင်နဲ့ချီတဲ့ ပတ်ဝန်းကျင်က အပင်တွေ၊ တိရစ္ဆာန်တွေ သေဆုံးကုန်တယ်၊ ဧရာမမီးတောင်တွေ ပေါက်ကွဲမယ်ဆိုရင် ကမ္ဘာတစ်ခုလုံးမှာ ရာသီဥတုအပြောင်းအလဲကြောင့် မျိုးစိတ်တွေအားလုံး မျိုးသုဉ်းမယ့်အခြေအနေ ဆိုက်နေတယ်။”—“National Geographic.”

ဂြိုဟ်သိမ်ဂြိုဟ်မွှားများ

၁၉၀၈ ခုနှစ်၊ တစ်မနက်ခင်း စောစောမှာ ဆိုက်ဘေးရီးယား၊ ဗန်နာဗာရာရွာက အရောင်းအဝယ်ဌာန အရှေ့ဆင်ဝင်အောက်မှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးဟာ ပေါက်ကွဲမှုတစ်ခုရဲ့ အရှိန်ကြောင့် ထိုင်ခုံကနေ လွင့်ထွက်သွားတယ်။ အပူရှိန်ပြင်းလွန်းတဲ့အတွက် သူ့ရှပ်အင်္ကျီမှာ မီးစွဲနေသလိုတောင် သူခံစားရတယ်။ တကယ်ပေါက်ကွဲတဲ့နေရာက မိုင် ၄၀ အကွာလောက်မှာ ဖြစ်တယ်။ အချင်း ၁၂၀ ပေ၊ အလေးချိန်ပေါင်သန်း ၂၂၀ လောက်ရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ကမ္ဘာ့လေထုထဲ ၀င်လာတဲ့အခါ ကျလာတဲ့အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန်နဲ့ဖိအားတို့ကြောင့် ပေါက်ကွဲခဲ့တာဖြစ်တယ်။ ပေါက်ကွဲမှုစွမ်းအားက ဟီရိုရှီးမားပေါ်ချခဲ့တဲ့ ဗုံးအလုံးပေါင်း ၁,၀၀၀ လုံးနဲ့ ညီမျှပြီး ပေါက်ကွဲတဲ့နေရာကနေ ၁၅ မိုင်ကျော်အတွင်းမှာ ရှိတဲ့ ဆိုက်ဘေးရီးယား သစ်တောကို စိစိညက်ညက် ကျေသွားစေခဲ့တယ်။ အလွန်တရာကြီးမားတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီးတစ်ခု ကျလာခဲ့မယ်ဆိုရင် ပိုမိုကြီးမားတဲ့ ပျက်စီးမှုကြီးဖြစ်ပြီး ကြီးမားပြင်းထန်တဲ့ မီးလောင်ကျွမ်းမှု ဖြစ်လာမယ်၊ အဲဒီနောက် ကမ္ဘာ့အပူချိန် ထိုးကျသွားမှာဖြစ်ပြီး သက်ရှိများစွာ မျိုးသုဉ်း ပျောက်ကွယ်သွားလိမ့်မယ်။

“ကမ္ဘာ့သမိုင်း တစ်လျှောက်မှာ အာကာသကနေ ကြယ်တံခွန်တွေ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများစွာ ကမ္ဘာပေါ် ကျခဲ့ဖူးတယ်။ ရှေးတုန်းက ပိုပြီးမကြာခဏ ကျခဲ့တယ်။ အဲဒီလို ပြန်ဖြစ်လာလိမ့်မယ်။ ဘယ်တော့လဲဆိုတာသာ မသိတာဖြစ်တယ်။”—Chris Palma, senior lecturer in astronomy and astrophysics at Penn State University.

ရာသီဥတုဖောက်ပြန်မှု

ကမ္ဘာ့ပျမ်းမျှအပူချိန် တိုးလာတာ၊ ရာသီဥတု ဆိုးဆိုးဝါးဝါး ဖောက်ပြန်လာတာ၊ နှင်းဖုံးတောင်တွေနဲ့ ရေခဲမြစ်တွေ အရည်ပျော်လာတာ၊ သန္တာကျောက်တန်းတွေနဲ့ အရေးပါတဲ့ မျိုးစိတ်တွေ သေဆုံးကုန်တာတွေဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်နေတာက ဖော်ပြတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ကြတယ်။ ဒါနဲ့ပတ်သက်ပြီး အယူအဆ တစ်ယောက်တစ်မျိုး ရှိကြပေမဲ့ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ လောင်စာဆီတွေသုံးတဲ့ ကားတွေနဲ့ စက်ရုံတွေကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏများစွာကို ထုတ်လွှတ်တဲ့အတွက် ဖြစ်တယ်လို့ လူတော်တော်များများက အခိုင်အမာဆိုကြတယ်။

အဲဒီဓာတ်ငွေ့ဟာ မြေကြီးကနေ အာကာသထဲ အပူထွက်သွားတာကို နှေးကွေးစေတဲ့အတွက် ကမ္ဘာ့အပူချိန် မြင့်တက်လာတာဖြစ်တယ်လို့ တချို့ပညာရှင်တွေ ယုံကြည်ကြတယ်။ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကြတဲ့အတွက် သစ်တောများစွာ ပြုန်းတီးနေမှုကလည်း ရာသီဥတုဖောက်ပြန်မှု ဖြစ်စေတယ်။

“ကမ္ဘာချီပူနွေးမှုဟာ လက်ရှိနှုန်းနဲ့ ဆက်တိုးနေပြီး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို မလျှော့ချဘူးဆိုရင် ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ဆက်တိုးနေမှာ ဖြစ်တယ်၊ အဲဒီအတွက် ရာသီဥတုတွေ ပိုမိုဆိုးဝါးလာပြီး ခန့်မှန်းလို့မရနိုင် ဖြစ်လာမယ်၊ ပင်လယ်ရေမျက်နှာပြင် ပိုမြင့်တက်လာမှာ ဖြစ်တဲ့အတွက် လူများစွာနေထိုင်တဲ့ မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသတွေအတွက် အန္တရာယ်ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ကြတယ်။”—“AMind for Tomorrow: Facts, Values, and the Future.”

ကမ္ဘာချီကပ်ရောဂါ

၁၄ ရာစုတုန်းကဖြစ်ခဲ့တဲ့ ပလိပ်ရောဂါ (Black Death) ကြောင့် နှစ်နှစ်အတွင်းမှာပဲ ဥရောပမှာရှိတဲ့ လူဦးရေ သုံးပုံတစ်ပုံ သေဆုံးခဲ့တယ်။ ၁၉၁၈ ကနေ ၁၉၂၀ အတွင်းဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးကြောင့် အနည်းဆုံး လူပေါင်း သန်း ၅၀ လောက် သေဆုံးခဲ့တယ်။ အဲဒီတုန်းက လမ်းပန်းဆက်သွယ်မှု မထွန်းကားသေးတဲ့အတွက် ရောဂါပျံ့နှံ့မှုနှုန်း နှောင့်နှေးခဲ့တယ်။ ဒါပေမဲ့ မြို့ကြီးတွေမှာ လူဦးရေတိုးများလာပြီး နိုင်ငံတကာကို သွားလာဆက်သွယ်မှု ပိုလွယ်ကူလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီလို ကူးစက်ရောဂါတစ်ခုဟာ မြန်မြန်ဆန်ဆန်ပဲ တိုက်ကြီးအားလုံးကို ပျံ့နှံ့သွားနိုင်တယ်။

ကမ္ဘာချီကပ်ရောဂါတစ်ခုဟာ သဘာဝအလျောက် ဖြစ်လာနိုင်တယ်။ ဇီဝလက်နက်တွေ၊ လူတွေတီထွင်တဲ့ ရောဂါပိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဇီဝလက်နက်နဲ့ပတ်သက်တဲ့ ပညာရှင်တွေရဲ့ ပြောကြားချက်အရ အုပ်စုငယ်တစ်စုဟာ လိုအပ်တဲ့အသိပညာရှိမယ်ဆိုရင် အင်တာနက်ကနေ ကိရိယာတွေကို ဝယ်ယူနိုင်ပြီး သေစေနိုင်တဲ့ ဇီဝလက်နက်တွေကို ထုတ်လုပ်နိုင်ကြတယ်။

“သဘာ၀အလျောက်ဖြစ်လာတဲ့ ရောဂါကို ကြောက်နေရချိန်မှာ အဲဒီရောဂါပိုးတွေ ဒါမှမဟုတ် [ဆေးဒဏ်ခံနိုင်ရည်ရှိသွားတဲ့] ရောဂါပိုးတွေ ဒါမှမဟုတ် လူတွေတီထွင်တဲ့ ရောဂါပိုးတွေနဲ့ ထုတ်လုပ်ထားတဲ့ လက်နက်တွေကြောင့်လည်း ကမ္ဘာချီကပ်ရောဂါ ဖြစ်လာနိုင်တယ်။—The Bipartisan WMD Terrorism Research Center.

အရေးပါတဲ့မျိုးစိတ်တွေ မျိုးသုဉ်းခြင်း

လွန်ခဲ့တဲ့ငါးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ပျားမွေးမြူရေးမှာ နှစ်တိုင်း ပျား ၃၀ ရာခိုင်နှုန်းလောက် ပျောက်ဆုံးကုန်တယ်။ ပျားအုံကနေ ပျားအုပ်တစ်အုပ်လုံး ရုတ်တရက် ထူးထူးဆန်းဆန်း ပျောက်ဆုံးတဲ့ဖြစ်စဉ်ဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတယ်။ ပျားတွေကနေ ပျားရည်ရရုံသာ မဟုတ်ပါဘူး။ သူတို့ဟာ စပျစ်သီး၊ ပန်းသီး၊ ပဲပိစပ်၊ ဝါပင်အပါအဝင် အရေးပါတဲ့ ကောက်ပဲသီးနှံတွေကို ဝတ်မှုန်ကူးပေးတယ်။ ပျားတွေကို ကျွန်ုပ်တို့ လိုအပ်ပါတယ်။

ကျွန်ုပ်တို့ဟာ ရေမျက်နှာပြင်မှာရှိတဲ့ မျောလှေးတွေကိုလည်း လိုအပ်တယ်။ အဲဒါတွေ မရှိဘူးဆိုရင် ငါးလည်းရှိမှာ မဟုတ်ဘူး။ မြေကြီးကိုအပေါ်အောက်လှန်ပေးတဲ့ တီကောင်တွေ မရှိရင် ကောက်နှံတွေ အထွက်ကောင်းမှာ မဟုတ်ဘူး။ အဲဒီလိုအရေးပါတဲ့ မျိုးစိတ်တွေ မျိုးသုဉ်းသွားမယ်ဆိုရင် အစားအစာရှားပါးလာပြီး အငတ်ဘေး ဆိုက်နိုင်တယ်၊ အဲဒီကနေ အကြမ်းဖက်မှုနဲ့ ဆူပူအုံကြွမှုတွေ ဖြစ်လာမယ်။ ရေလေညစ်ညမ်းမှု၊ လူဦးရေတိုးပွားလာမှု၊ သဘာဝရင်းမြစ်တွေကို အလွန်အကျွံသုံးစွဲမှု၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် တိရစ္ဆာန်မျိုးစိတ်များစွာဟာ သူ့အလိုလို မျိုးသုဉ်းတဲ့နှုန်းထက် အဆ ၁,၀၀၀ လောက် ပိုမြန်မြန် မျိုးသုဉ်းနေတယ်။

“နှစ်တိုင်း မျိုးစိတ် ၁၈,၀၀၀ ကနေ ၅၅,၀၀၀ ကြား မျိုးသုဉ်းပျောက်ကွယ်နေတယ်။ အကြောင်းရင်းက လူ့လုပ်ရပ်တွေကြောင့် ဖြစ်တယ်။”—United Nations Development Program.

နျူကလီးယားစစ်

နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲခြင်းက မြို့တစ်မြို့ကို ချက်ချင်းလက်ငင်း ပျက်စီးသွားစေနိုင်တယ်ဆိုတာ ၁၉၄၅၊ ဩဂုတ်လမှာ စိတ်မကောင်းဖွယ်ရာ နှစ်ကြိမ် တွေ့ခဲ့ရတယ်။ နျူကလီးယား ပေါက်ကွဲမှုတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ အလွန့်အလွန် ပြင်းထန်တဲ့ အရှိန်၊ လေ၊ အပူ၊ မီး၊ ဓာတ်ရောင်ခြည်တွေက ပျက်စီးဆုံးရှုံးမှုတွေ၊ အသက်သေဆုံးမှုတွေ ဖြစ်စေတယ်။ ဓာတ်ရောင်ခြည်တွေဟာ အစားအစာနဲ့ ရေကိုပါ အဆိပ်သင့်စေနိုင်တယ်။ နျူကလီးယားစစ်ကြောင့် တန်နဲ့ချီတဲ့ ဖုန်မှုန့်တွေဟာ လေထုထဲ ရောက်ရှိနိုင်ပြီး နေရောင်ခြည်ကို ပိတ်ကာထားနိုင်တဲ့အတွက် ကမ္ဘာ့အပူချိန် ထိုးကျသွားနိုင်တယ်။ ကောက်ပဲသီးနှံတွေနဲ့ တခြားသစ်ပင်တွေ သေဆုံးကုန်မှာ ဖြစ်တယ်။ စားစရာမရှိရင် လူတွေနဲ့ တိရစ္ဆာန်တွေဟာ အစာငတ်ပြီး သေဆုံးကြပါလိမ့်မယ်။ နိုင်ငံကိုးနိုင်ငံဟာ နျူကလီးယားစစ် ဆင်နွှဲနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ဆိုကြတယ်။ တခြားနိုင်ငံ အနည်းငယ်ကလည်း နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြပုံရတယ်။ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ အဲဒီလက်နက်တွေ ပိုင်ဆိုင်ဖို့ သဲသဲမဲမဲ ကြိုးစားနေကြတယ်။

“နျူကလီးယားလက်နက်တွေဟာ ကြောက်စရာ အကောင်းဆုံး၊ လူ့အဖွဲ့အစည်းကို ချက်ချင်းလက်ငင်း ဖျက်ဆီးနိုင်စွမ်းအရှိဆုံး ဖြစ်နေတယ်။ . . . ကမ္ဘာတစ်ဝန်းမှာ နျူကလီးယားလက်နက် ၂၅,၀၀၀ လောက် ရှိနေဆဲဖြစ်တယ်။ . . . နောက်ဆုံးမှာတော့ အကြမ်းဖက်သမားတွေ လက်ထဲ နျူကလီးယားလက်နက် ရောက်သွားပါလိမ့်မယ်။”—Union of Concerned Scientists.