မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားစံနှုန်း သတ်မှတ်ပါ

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားစံနှုန်း သတ်မှတ်ပါ

မိဘများစွာက သားသမီးတွေကို သမ္မာကျမ်းစာမှာတွေ့ရတဲ့ စံနှုန်းတွေ သွန်သင်ပေးကြ

“အစပိုင်းမှာတော့ ကျမ်းစာစံနှုန်းအတိုင်း မနေခဲ့တဲ့အတွက် သားသမီးတွေကို ဆုံးမဖို့ မလွယ်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ကျမ်းစာအကူအညီကြောင့် လွယ်ကူလာပြီ။”—တောင်အာဖရိကမှ အဲလိဇဗက်။

အခက်အခဲ။

ကျောင်းက ရွယ်တူချင်းဖိအားနဲ့ ဒီလောကရဲ့ ကျဆင်းနေတဲ့ စာရိတ္တစံနှုန်းဟာ မိသားစုတွေအပေါ်မှာလည်း ဩဇာအတော့်ကို လွှမ်းမိုးနေပါတယ်။ ဒီအပျက်သြဇာကို ကလေးတွေ တွန်းလှန်နိုင်ဖို့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့တွေဟာ တာဝန်ယူတတ်တဲ့၊ စည်းကမ်းရှိတဲ့၊ အမူအကျင့်ကောင်းတဲ့ လူကြီးတွေ ဖြစ်လာကြမှာ မဟုတ်ဘူး။

အကြံပြုချက်။

ဒီဆောင်းပါးတွေမှာ ကိုးကားထားတဲ့သူတွေအပြင် ကြင်ဖော်မဲ့မိဘများစွာက လမ်းညွှန်အနေနဲ့ သမ္မာကျမ်းစာကို အားကိုးကြတယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင့်ဆီကလာတဲ့ သာလွန်တဲ့ဉာဏ်ပညာရှိတယ်ဆိုတာကို အသိအမှတ်ပြုကြတယ်။ ဥပမာ၊ အရေးအကြီးဆုံးမူဖြစ်တဲ့ စစ်မှန်တဲ့မေတ္တာပြခြင်းအကြောင်း ကျမ်းစာက ဘာပြောသလဲဆိုတာ သုံးသပ်ကြည့်ပါ။

“မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်။ အမျက်မထွက်တတ်။ ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်။ မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်။ အမှန်တရား၌ ဝမ်းမြောက်တတ်၏။ မေတ္တာသည် အရာရာကို သည်းခံတတ်၏။ . . . အရာရာကို မျှော်လင့်တတ်၏။ အရာရာကို ခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏။”—၁ ကောရိန္သု ၁၃:၄-၈

မိဘတွေက ဒီလိုမေတ္တာတင်ပြတဲ့အခါ ကလေးတွေက ဖွံ့ဖြိုးတိုးတက်လာကြတယ်။ ပြင်သစ်မှာနေထိုင်တဲ့ ရှေ့ဆောင်းပါးပါ ကောလက်က ဒီလိုရေးတယ်– “ကလေးတွေကို ချစ်တယ်ဆိုတာ ကျွန်မ ပြောပြလေ့ရှိတယ်။ သူတို့ဟာ ဘုရားသခင်ပေးတဲ့ လက်ဆောင်ဖြစ်တယ်ဆိုတာနဲ့ ကောင်းကောင်း ဂရုစိုက်မှုလိုအပ်တယ်ဆိုတာကိုလည်း သူတို့ကို ပြောပြလေ့ရှိတယ်။ သူတို့ကလည်း ယဉ်ကျေးရမယ်၊ ကျွန်မနဲ့ [ကလေးအုပ်ထိန်းခွင့်မရတဲ့] သူတို့အဖေကို လေးစားရမယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ အဲဒီအတွက် ကျွန်မတို့အိမ်ဟာ အပြန်အလှန် ယုံကြည်စိတ်ချမှုရှိတယ်၊ လေးစားမှုရှိကြတယ်။”—ဆာလံ ၁၂၇:၃

ပိုလန်မှာနေထိုင်တဲ့ အန်နာကလည်း ဒီလိုရေးပို့ခဲ့တယ်– “ကလေးတွေ အချင်းချင်း စကားများကြတဲ့အခါ ကိုယ့်ကိုပြုစေချင်သလို သူတစ်ပါးကို ပြုပါဆိုတဲ့ ယေရှုရဲ့စကားနဲ့ ပြန်သတိပေးတယ်။” (မဿဲ ၇:၁၂) ကြင်ဖော်မဲ့မိဘတွေ ကြုံနေကျ အခြေအနေတစ်ခုကို ရှေ့မှာဖော်ပြခဲ့တဲ့ ရောဘတ်တိုလည်း ကြုံခဲ့ရတယ်။ သူဒီလိုပြောတယ်– “ကလေးတွေက ကိုယ့်စံနှုန်းနဲ့ သူတို့အမေရဲ့ စံနှုန်းဆိုပြီး စံနှုန်းနှစ်မျိုးကို ကြုံရတယ်။ ကျမ်းစာစံနှုန်းက ကလေးတွေရဲ့ အကြိုက်ဆုံးတော့ ဖြစ်လေ့မရှိဘူး။” သူဒီလိုလည်း ဆက်ပြောတယ်– “သူတို့အမေကတော့ ကလေးတွေ သူ့ကို ပိုချစ်လာအောင်ဆိုပြီး လက်ဆောင်တွေ ပေးနိုင်တယ်။ အဲဒီလိုလိုက်လုပ်ဖို့ သွေးဆောင်မှုက အရမ်းပြင်းထန်တယ်။ ဒါပေမဲ့ ကလေးတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိမယ်ဆိုရင် လက်ဆောင်တွေထက် နေ့စဉ်မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်ခြင်း၊ ယေဟောဝါဘုရားသခင်အကြောင်း သိရှိခြင်းက ပိုကောင်းတယ်ဆိုတာသိအောင် ကူညီပေးနိုင်မယ်။”

ကျမ်းစာစံနှုန်းအတိုင်းနေဖို့ဆိုတာ လွယ်တော့မလွယ်ပေမဲ့ တကယ့်ကို ကြိုးစားအားထုတ်ရကျိုး နပ်ပါတယ်။ တောင်အာဖရိက,က ကြင်ဖော်မဲ့မိခင်ဖြစ်သူ စေရာ ခုလိုပြောတယ်– “ယေဟောဝါဘုရားသခင့် လမ်းပြမှုနဲ့အညီ ကလေးတွေ ကြီးပြင်းလာတာ တွေ့ရလို့ ကျွန်မအရမ်းပျော်တယ်။ ကျွန်မတို့ အခက်အခဲတွေ ရှိခဲ့ပေမဲ့ ဘုရားသခင် အမြဲ အကူအညီပေးခဲ့ပါတယ်။”