မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြောဆိုဆက်သွယ်မှုကောင်း ရှိပါ

ပြောဆိုဆက်သွယ်မှုကောင်း ရှိပါ

သင့်ကလေး စကားပြောချင်တဲ့အချိန်မှာ အသင့်ရှိဖို့ ကြိုးစားပါ

“ကျွန်မ ဘယ်လောက်ပဲ မောနေပါစေ အာရုံစိုက်နားထောင်ဖို့ သင်ယူခဲ့ရတယ်။”—တောင်အာဖရိကမှ မာရန်ဒါ။

အခက်အခဲ။

“သမီးနဲ့အတူ ရှိနေဖို့ ကျွန်မအတွက် မခက်ပေမဲ့ တခြားတာဝန်တွေနဲ့ မောပန်းနေတာကြောင့် စိတ်ရောကိုယ်ပါ အာရုံစိုက်ပေးနိုင်ဖို့ကတော့ ခက်တယ်” လို့ ခရစ္စတီးနားက ပြောတယ်။

အကြံပြုချက်။

ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်လာအောင် ဖန်တီးပါ။ “ကျွန်မ ကြိုးစား ပုံသက်သေပြတဲ့အတွက် ကလေးတွေက ကျွန်မနဲ့ စကားပြောချင်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုဖို့၊ မောင်နှမ တစ်ယောက်ယောက်ကို စိတ်ဆိုးပြီး အိပ်ရာဝင်တာမျိုး ဘယ်တော့မှ မလုပ်ဖို့ ကျွန်မ အားပေးတယ်။ အသံတိတ် ဆန္ဒပြနည်းဖြစ်တဲ့ တစ်ယောက်နဲ့တစ်ယောက် စကားမပြောတာကို ကျွန်မ မကြိုက်ဘူးဆိုတာ သူတို့သိကြတယ်” လို့ ကလေးငါးယောက်ရဲ့မိခင် အဲလိဇဗက်က ပြောတယ်။

စကားပြောတဲ့အခါ နားထောင်ပေးပါ။ လီယန်းက ခုလိုပြောပြတယ်– “ကျွန်မသား ငယ်ငယ်တုန်းက အရမ်းစကားပြောတဲ့အတွက် သူ့စကားကို ကျွန်မ ဂရုစိုက် နားမထောင်မိဘူး။ နောက်တော့ သူ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ စကားမပြောတော့ဘူး။ အဲဒီအခါ ကျွန်မ အမှားလုပ်ခဲ့မိပြီဆိုတာကို သိလိုက်တယ်။ သူ စကားပြန်ပြောလာအောင် ကျွန်မ အရမ်း ဖိအားပေးခဲ့တယ်။ ဒီအကြောင်း အသင်းတော်မှာရှိတဲ့ အကြီးအကဲတစ်ယောက်ကို ကျွန်မ ပြောပြတယ်။ စိတ်အေးအေးထားဖို့၊ ဖြည်းဖြည်းချင်း စကားစပြောဖို့ ကျွန်မကို အကြံပေးတယ်။ သူ့အကြံပေးချက်အတိုင်း လုပ်တဲ့အခါ အခြေအနေက တဖြည်းဖြည်း တိုးတက်လာတယ်။”

စိတ်ရှည်ပါ။ “တိတ်ဆိတ်စွာ နေရသောအချိန်နှင့် စကားပြောရသောအချိန်လည်း ရှိ၏” လို့ ကျမ်းစာက ပြောတယ်။ (ဒေ. ၃:၇) “ကျွန်မကလေးတွေ စကားပြောချင်စိတ် မရှိတဲ့အခါ သူ့တို့ ပြောချင်တဲ့အချိန် လွတ်လွတ်လပ်လပ် လာပြောနိုင်တယ်ဆိုတာ သူတို့ကို အသိပေးထားတယ်” လို့ ကလေးသုံးယောက်ရဲ့မိခင် ဒဲလ်ဆီက ပြောတယ်။ စကားပြောဖို့ အတင်းအကျပ် လုပ်မယ့်အစား စိတ်ရှည်ရှည်၊ ကြင်ကြင်နာနာ ဖိတ်ခေါ်ပါ။ ဒီလိုလုပ်ဖို့ ကျမ်းစာကလည်း အားပေးတယ်။ “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း ဉာဏ်ကောင်းသောသူသည် [“တဖြည်းဖြည်း၊” သတင်းကောင်းဘာသာပြန်ကျမ်း] ခပ်ယူ လိမ့်မည်။”—သု. ၂၀:၅

‘နားထောင်ခြင်းမှာ လျင်မြန်ပါ။ စကားပြောခြင်းနဲ့ အမျက်ထွက်ခြင်းမှာ နှေးပါ။’ (ယာကုပ် ၁:၁၉) ရှေ့ဆောင်းပါးမှာ ကိုးကားခဲ့တဲ့ လီဇန်က ခုလိုပြောတယ်– “ကလေးတွေက ပြဿနာတစ်ခုခုအကြောင်း လာပြောတဲ့အခါ လွှတ်ခနဲ ပြန်မပြောမိဖို့ ကျွန်မကြိုးစားခဲ့ရတယ်။ စိတ်ထိခိုက်စရာ ပြဿနာတွေကို ဖြေရှင်းရရင်တောင် အလျင်စလို အကြံမပေးဘဲ တည်တည်ငြိမ်ငြိမ် ပြောဆိုတတ်ဖို့ ကြိုးစားခဲ့တယ်။” သားနှစ်ယောက်မိခင် လီဇာက ခုလိုရေးတယ်– “နားထောင်တဲ့နေရာမှာ ကျွန်မ ပုံသက်သေ မကောင်းခဲ့ဘူး။ တစ်ခါတလေ ကျွန်မသားကြုံနေရတဲ့ ပြဿနာက အသေးအဖွဲလေးပဲလို့ ကျွန်မထင်မိတယ်။ ဒါကြောင့် ပိုပြီး နားလည်ပေးတတ်အောင် ကြိုးစားခဲ့ရတယ်။”

“သင်တို့၏စကားသည် . . . အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ။” (ကောလောသဲ ၄:၆) “အရေးကြီးတဲ့ကိစ္စတွေ ပေါ်လာတဲ့အခါမှာတောင် ကျွန်မတို့ရဲ့ ဆက်သွယ်ရေး ပြတ်တောက် မသွားအောင် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပြောတတ်ဖို့ မနည်းကြိုးစားခဲ့ရတယ်” လို့ လီယန်းက ပြောတယ်။

တည်တည်ငြိမ်ငြိမ် ရှိဖို့ အမြဲကြိုးစားမနေဘူးဆိုရင် ဒေါသပေါက်ကွဲလာနိုင်ပြီး အော်ငေါက်မိနိုင်တယ်။ ဒါက အခြေအနေကို ပိုဆိုးသွားစေနိုင်တယ်။ (ဧဖက် ၄:၃၁) ဥပမာ၊ အော်ငေါက်တာက သင့်ကလေးကို စကားမပြောတော့အောင် လုပ်လိုက်တာနဲ့တူပြီး ပြဿနာတွေ ပိုတိုးလာနိုင်တယ်။ “ကလေးဆိုတာ ကမာကောင်နဲ့တူတယ်။ သူတို့ကို ကြင်ကြင်နာနာ၊ မေတ္တာပါပါ ပြောမယ်ဆိုရင် သူတို့ စိတ်ထဲရှိတာ ပြောလာလိမ့်မယ်။ သူတို့ကို အော်မယ်၊ သိမ်ငယ်အောင် ပြောမယ်ဆိုရင်တော့ ‘ကမာကောင်လေး’ အခွံပိတ်သွားသလို သူတို့လည်း စကားပြောတော့မှာ မဟုတ်ဘူး။ ဒီအချက်ကို သတိရနေဖို့ ကမာကောင်ပုံတစ်ပုံကို ရေခဲသေတ္တာမှာ ကပ်ထားလိုက်တယ်” လို့ ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့ မိခင် ဟိုင်ဒီက ဆိုတယ်။

သင့်ကလေးအကြောင်း သိအောင်လုပ်ပါ။ ရှေ့မှာ ကိုးကားခဲ့တဲ့ ယက်စမင်က ခုလိုပြောတယ်– “ကျွန်မသားနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တစ်ယောက်က အရမ်းစကားများတယ်။ နောက်တစ်ယောက်ကတော့ အရမ်းအေးတယ်။ အေးတဲ့တစ်ယောက်ကို တဲ့တိုး မပြောတာက အကောင်းဆုံးဆိုတာ ကျွန်မ သိလာတယ်။ တစ်ခုခုလုပ်နေချိန် ဒါမှမဟုတ် သူစိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြောနေချိန်မှာ သူ့ကို စကားပြောရတယ်။ ပျော်စရာကောင်းတဲ့အရာ တစ်ခုခုလုပ်နေချိန်မှာ တစ်ခုခုနဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကို ကျွန်မ မသိမသာ မေးတယ်။”

သားဖြစ်သူက ကိုယ်ရေးကိုယ်တာ တစ်ခုခုကို ပြောဖို့ တွန့်ဆုတ်နေရင် ဘာလုပ်နိုင်မလဲ။ မီဆာကိုရဲ့ ဆယ်ကျော်သက်အရွယ်သားက “အမေမသိပါဘူး” လို့ပဲ ပြောတတ်တယ်။ မီဆာကိုဟာ အသင်းတော်က ရင့်ကျက်တဲ့၊ ယုံကြည်စိတ်ချရတဲ့ အမျိုးသားတစ်ယောက်ကို အကူအညီတောင်းခဲ့တယ်။ “သူက ကျွန်မသားရဲ့ စံပြပုဂ္ဂိုလ်၊ သူ့ကို သွန်သင်သူ ဖြစ်လာတယ်။ အခုဆိုရင် သားက အေးဆေး တည်ငြိမ်လာပြီ” လို့ မီဆာကို ပြောတယ်။

မိဘတာဝန်နဲ့ သူငယ်ချင်းကဏ္ဍ မရောထွေးစေပါနဲ့။ “ကျွန်မရဲ့ ဆယ်ကျော်သက်သမီးကို ကျွန်မ ရင်ဖွင့်တတ်တယ်။ ဒါက မသင့်တော်မှန်းသိပေမဲ့ ဒီထောင်ချောက်ထဲ ကျွန်မ ကျခဲ့တယ်။ ကျွန်မရဲ့အမှားကို မနည်း ပြန်ပြင်ရတယ်” လို့ ကလေးနှစ်ယောက်မိခင် အီဗိုနာ ကပြောတယ်။ နွေးထွေးတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်ပေမဲ့ သင်ဟာ အခွင့်အာဏာရှိတဲ့ မိဘတစ်ယောက်ဆိုတာ သတိရပါ။ သင့်ဂုဏ်သိက္ခာကို ထိန်းသိမ်းမယ်၊ ရင့်ကျက်တည်ငြိမ်မှုကို ဖော်ပြမယ်ဆိုရင် ကလေးအနေနဲ့ သင့်ကို လေးစားဖို့အပြင် “သားသမီးတို့၊ . . . မိဘစကားကို နားထောင်ကြလော့” ဆိုတဲ့ ကျမ်းစာညွှန်ကြားချက်ကို လက်ခံဖို့ သူတို့အတွက် ပိုလွယ်ကူလာပါလိမ့်မယ်။—ဧဖက် ၆:၁၊ ၂

‘သားသမီးတွေကို ချစ်မြတ်နိုးပါ။’ (တိတု ၂:၄) ကလေးတွေဟာ အစားအသောက် လိုအပ်သလို မေတ္တာလည်း လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အပြောအဆို အပြုအမူနဲ့ သူတို့တွေကို ချစ်ကြောင်း အမြဲဖော်ပြပါ။ အဲဒီလို လုပ်မယ်ဆိုရင် လုံခြုံတယ်လို့ သူတို့ခံစားရမှာ ဖြစ်တဲ့အပြင် သင့်ကို ပိုပြီး လိုလိုလားလား စကားပြောလာ၊ နာခံမှု ပြလာပါလိမ့်မယ်။