မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဂူဂဲလ်မှာ အပြာရုပ်ပုံစာပေ ရှာဖွေတဲ့စကားလုံး ရိုက်ထည့်သူတွေဟာ ၂၀၀၄ ခုနှစ်နဲ့ ယှဉ်ရင် သုံးဆ တက်လာတယ်။—THE ECONOMIST, BRITAIN.

“[ရုရှား]အမျိုးသမီးငယ်တစ်ဦး လက်ထပ်တဲ့အခါ . . . အရိုက်ခံရနိုင်ခြေ ဒါမှမဟုတ် ခင်ပွန်းနဲ့ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားနိုင်ခြေ ၆၀ ရာခိုင်နှုန်းလောက် ရှိတယ်။”—MOSKOVSKIYE NOVOSTI, RUSSIA.

[ဗြိတိန်] က သိပ္ပံပညာရှင်၊ ဆရာဝန် ခုနစ်ယောက်မှာ တစ်ယောက်က အလုပ်ဖော်တွေဟာ သုတေသန လုပ်တဲ့အခါ ဒါမှမဟုတ် ပုံနှိပ်ထုတ်ဝေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချက်အလက်တွေကို တမင်တကာ ပြောင်းလိုက်ကြတာ ဒါမှမဟုတ် မမှန်မကန် ဖြည့်စွက်ကြတာကို တွေ့ရှိခဲ့ကြောင်း ပြောကြတယ်။—BRITISH MEDICAL JOURNAL, BRITAIN.

အမေရိကန်မှာ ကင်ဆာရောဂါကနေ ပြန်ကောင်းလာတဲ့ လူအရေအတွက်ဟာ ၁၉၇၁ ခုနှစ်နဲ့ယှဉ်ရင် လေးဆ တက်လာပြီး ၁၂ သန်း လောက်ရှိတယ်၊  . . . စောစော ရှာဖွေတွေ့ရှိခြင်း၊ ထိရောက်တဲ့ကုသမှုနဲ့ ကုသပြီးနောက်ပိုင်း ကောင်းမွန်တဲ့ ဂရုစိုက်မှုတို့ကြောင့် ဖြစ်တယ်။”—UC BERKELEY WELLNESS LETTER, U.S.A.

၂၀၁၁ ခရစ္စမတ်ပွဲ မတိုင်မီမှာ ဘက်သလီဟင်မြို့မှာရှိတဲ့ ယေရှု မွေးဖွားတဲ့နေရာလို့ ယူဆတဲ့နာမည်ကြီးချာ့ခ်ျမှာ ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ခရစ်ယာန်ဓမ္မဆရာပေါင်း ၁၀၀ လောက်ဟာ အချင်းချင်း စကားများ တိုက်ခိုက်ခဲ့ကြတယ်။ “အားလုံးက ဘာသာရေးအမှုဆောင်တွေဖြစ်လို့ တစ်ယောက်မှ အဖမ်းမခံရဘူး” လို့ ဒုရဲမှူးကြီးကပြောတယ်။—REUTERS NEWS SERVICE, U.S.A.

အာဖရိကရဲ့ အစိမ်းရောင်မဟာတံတိုင်း

ကျယ်ပြန့်လာတဲ့ သဲကန္တာရကို တားဆီးဖို့ အာဖရိကတစ်ခွင် အစိမ်းရောင်တံတိုင်း တည်ဆောက်ခြင်းဆိုတဲ့ စီမံကိန်းကို အာဖရိကသမဂ္ဂက ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တယ်။ အနောက်ဘက် စီနီဂဲလ် ကနေ အရှေ့ဘက် ဂျဘူတီအထိ နိုင်ငံပေါင်း ၁၁ နိုင်ငံက သင့်တော်တဲ့ မျိုးစိတ်အပင်ပေါက် သန်းနဲ့ချီ စိုက်ပျိုးပြီး အရှည် ၄,၇၅၀ မိုင်၊ အကျယ် ၉ မိုင်ရှိတဲ့ အပင်စိုက်ခင်းဖြစ်ပေါ်လာဖို့ လုပ်ဆောင်ခဲ့ကြတယ်။ “သစ်ခုတ်သူတွေ မျက်စိမကျမယ့် အပင်မျိုးကို ရွေးစိုက်ခဲ့ရတယ်” လို့ စီနီဂဲလ်နိုင်ငံ၊ ဒါကာတက္ကသိုလ်က ဂေဟဗေဒပါမောက္ခ အာလျူး ဂီဆေးက ပြောတယ်။ ဒီစိုက်ခင်းကို ဘေးမဲ့တောဖြစ်လာဖို့၊ ဒေသခံတွေ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ အသုံးပြုနိုင်ဖို့ မျှော်လင့်နေကြတယ်။

ဘာကြောင့် သမ်းကြတာလဲ

ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း ဘာကြောင့် သမ်းကြတာလဲဆိုတာ သိပ္ပံပညာရှင်တွေ မရှင်းပြနိုင်ကြဘူး။ အများအားဖြင့် တစ်နေ့မှာ အကြိမ်များစွာ သမ်းကြတယ်။ ဗိုက်ထဲမှာရှိတဲ့ကလေးငယ်တောင် သမ်းတတ်တယ်။ ဖြူကောင်၊ ငှက်ကုလားအုပ်၊ မြွေနဲ့ ငါးတွေလည်း သမ်းတတ်ကြတယ်။ ရှင်းပြချက်တွေအများကြီးရှိပြီး များသောအားဖြင့် တစ်ခုနဲ့တစ်ခုဆန့်ကျင်တယ်။ သုတေသီအားလုံး သဘောတူတဲ့ ရှင်းပြချက်တော့ မရှိဘူး။ ပျမ်းမျှအားဖြင့် ခြောက်စက္ကန့်လောက်ကြာတဲ့ လေတစ်ဝကြီးရှူသွင်းတဲ့ ဒီလုပ်ရပ်က ဦးနှောက်ထဲ အောက်ဆီဂျင်ပို့ပေးတဲ့ လုပ်ရပ်လို့ ပြောကြတယ်။ ဒါပေမဲ့ “ဒီအချက်ကို ထောက်ခံတဲ့ သက်သေအထောက်အထားကို သုတေသီတွေ အခုထိ မတွေ့သေးပါဘူး” လို့ မဂ္ဂဇင်းတစ်စောင် (Science News) မှာ ဖော်ပြထားတယ်။ ကြွက်တွေကိုသုံးပြီး လောလောလတ်လတ် လေ့လာထားချက်အရ “သမ်းတာက အရမ်းပူနေတဲ့ဦးနှောက်ကို အပူချိန် လျှော့ချပေးတာဖြစ်နိုင်တယ်။” ဒါပေမဲ့ တိတိကျကျတော့ ဘယ်သူမှ မသိကြဘူး။