တွေ့ဆုံမေးမြန်းခန်း | မက်ဆီမို တစ်တာရယ်လီ
ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း စက်ရုပ်ဒီဇိုင်းရေးဆွဲသူတစ်ဦး ရှင်းပြ
ပါမောက္ခ မက်ဆီမို တစ်တာရယ်လီ က အီတလီနိုင်ငံ၊ ဆက်ဆရီ တက္ကသိုလ်က သိပ္ပံပညာရှင်တစ်ဦးဖြစ်တယ်။ သူဟာ နိုင်ငံတကာ သိပ္ပံမဂ္ဂဇင်းသုံးစောင်ရဲ့ တွဲဖက်အယ်ဒီတာတစ်ဦးဖြစ်သလို ရာနဲ့ချီတဲ့ သိပ္ပံဆိုင်ရာလေ့လာတွေ့ ရှိချက်တွေကို ရေးသားထုတ်ဝေခဲ့တဲ့ တွဲဖက်စာရေးသူတစ်ဦးလည်းဖြစ်တယ်။ လူတွေရဲ့မျက်နှာကို ဘယ်လိုမှတ်မိသလဲဆိုတာနဲ့ ဘောလုံးဖမ်းခြင်းလိုမျိုး ရိုးရှင်းတဲ့အဖြစ်အပျက်တွေကို လေ့လာတယ်။ ပြီးတော့ လူ့အမြင်အာရုံစနစ်ကိုတုပပြီး စက်ရုပ်တွေအတွက် မြင်နိုင်တဲ့စနစ်ကို ဒီဇိုင်းဆွဲဖန်တီးတယ်။ သူ ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာရတာလဲဆိုတာနဲ့ သူ့အလုပ်အကြောင်း နိုးလော့! က တွေ့ဆုံမေးမြန်းထားပါတယ်။
ဘာသာရေးနောက်ခံအကြောင်း ပြောပြနိုင်မလား။
ကျွန်တော့်မိဘတွေက ကက်သလစ်လို့ခံယူထားသူတွေပါ၊ ဒါပေမဲ့ ချာ့ခ်ျတော့မသွားကြဘူး။ လူငယ်တစ်ဦးအနေနဲ့ ဘုရားမဲ့ဝါဒကို ကျွန်တော် လေ့လာခဲ့တယ်။ အသက်က ဆင့်ကဲဖြစ်လာတာလို့ သင်ကြားခံခဲ့ရပြီး ဒါကို အဖြစ်မှန်အဖြစ် လက်ခံခဲ့တယ်။ လူသားတွေကို ဖန်ဆင်းခဲ့တဲ့အရှင် ရှိတယ်ဆိုတာကိုတော့ မယုံခဲ့ပေမဲ့ လူ့ထက်သာလွန်တဲ့ တစ်စုံတစ်ရာတော့ ရှိရမယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်။ ဒါကိုရှာဖွေဖို့ . . . ၊ . . . နဲ့ တာအိုဝါဒကို လေ့လာ ခဲ့ပေမဲ့ ကျွန်တော့်မေးခွန်းတွေအတွက် အဖြေမရခဲ့ဘူး။
သိပ္ပံပညာကို ဘယ်လို စစိတ်ဝင်စားလာတာလဲ။
ကျွန်တော် ငယ်ငယ်ကတည်းက စက်ပစ္စည်းတွေဆိုရင် သိပ် စိတ်ဝင်စားတာ။ ဓာတ်ခဲထည့်ကစားရတဲ့ ကစားစရာတွေကို တစ်စစီဖြုတ်၊ ပြီးရင် ပြန်တပ်၊ အဲဒီလိုကစားလေ့ရှိတယ်။ အဖေက ဆက်သွယ်ရေးအင်ဂျင်နီယာဆိုတော့ ရေဒီယို၊ တယ်လီဖုန်းအကြောင်း ကောင်းကောင်းသိတယ်။ ကျွန်တော် အဖေ့ကို မေးခွန်းတွေ အများကြီးမေးလေ့ရှိတယ်။
သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ ဘာတွေ လုပ်ရသလဲ။
ဂျီနိုအာတက္ကသိုလ်မှာ အီလက်ထရွန်းနစ်ပညာကို ကျွန်တော် လေ့လာခဲ့ပြီး ဒေါက်တာဘွဲ့အတွက် စက်ရုပ်ဒီဇိုင်းကို သုတေသနလုပ်ခဲ့တယ်။ ကျွန်တော့်အလုပ်ကတော့ လူ့အမြင်အာရုံစနစ်ကိုလေ့လာတယ်၊ တွေ့ ရှိလာရာကို စက်ရုပ်တွေမှာ ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ရှာဖွေတယ်။
လူ့အမြင်အာရုံစနစ်ကို ဘာကြောင့် စိတ်ဝင်စားရတာလဲ။
အမြင်အာရုံက မယုံနိုင်လောက်အောင် ဆန်းကြယ်ရှုပ်ထွေးပြီး အဲဒီမှာ မျက်လုံးထက်မက ပါဝင်နေတယ်။ မြင်ရတဲ့အရာက ဘာလဲဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့လည်းလိုတယ်။ ဥပမာ၊ ဘောလုံးတစ်လုံးကို ဖမ်းဖို့အတွက် ဘာတွေလုပ်ဆောင်ရသလဲဆိုတာ စဉ်းစားကြည့်ပါ။ ဖမ်းဖို့ ပြေးနေတဲ့အချိန်မှာ ဘောလုံးရဲ့ပုံရိပ် မြင်လွှာပေါ်မှာပေါ်နေအောင် မျက်လုံးရဲ့မှန်ဘီလူးက ဆုံချက်ကို ချိန်ပေးနေတယ်။ ဘောလုံးနဲ့ မျက်လုံးရဲ့ လှုပ်ရှားမှုကိုလိုက်ပြီး ပုံရိပ်ကလည်း မြင်လွှာပေါ်မှာ ရွေ့လျားနေမှာဖြစ်တယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် မျက်လုံးက ဘောလုံးကိုပဲအာရုံစိုက်ထားတဲ့အတွက် ပတ်ဝန်းကျင်နောက်ခံတွေက လှုပ်ရှားနေပေမဲ့ ဘောလုံးရဲ့ပုံရိပ်ကတော့ ငြိမ်နေတယ်။
အမြင်အာရုံစနစ်က ဘောလုံးရဲ့ အရှိန်နဲ့လားရာကိုလည်း တွက်ချက်ပေးတယ်။ အံ့ဩစရာက မျက်စိက ဘောလုံးလာတာကိုမြင်တာနဲ့ မြင်လွှာက စပြီးတွက်ချက်တယ်။ မြင်လွှာကတွက်ချက်ပြီး ရလာတဲ့အချက်အလက်တွေကို မျက်စိအာရုံကြောက ဦးနှောက်ကို ပို့ပေးတယ်။ ဦးနှောက်က အချက်အလက်တွေကို ထပ်ခွဲခြမ်းစိတ်ဖြာပြီးတော့ ဘောလုံးဖမ်းဖို့ ညွှန်ကြားချက်တွေကို ဆက်ပေးသွားတယ်။ ဖြစ်စဉ်တစ်ခုလုံးက အသက်ရှူမှားလောက်အောင် ဆန်းကြယ်ရှုပ်ထွေးလွန်းလှတယ်။
ဖန်ဆင်းရှင်ရှိကြောင်း ဘယ်လိုလုပ် ယုံကြည်လာတာလဲ။
၁၉၉၀ ပြည့်နှစ်တုန်းက ထရီနီတီကောလိပ် မှာ လေ့လာမှုလုပ်ဖို့ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့မှာ လအနည်းငယ် နေခဲ့တယ်။ အိမ်အပြန်မှာ ကလေးတွေရဲ့အနာဂတ်အကြောင်း ဇနီး ဘာဘရာနဲ့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အစ်မဆီ သွားလည်ခဲ့ကြတယ်။ အစ်မက သက်သေခံတွေထုတ်ဝေတဲ့ အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော ဆိုတဲ့စာအုပ်တစ်အုပ်ပေးတယ်။ အဲဒီမှာပါတဲ့ သေသေချာချာသုတေသနပြု လေ့လာထားမှုတွေကို ကျွန်တော် တော်တော်သဘောကျသွားတယ်။ ဆင့်ကဲဖြစ်စဉ်ကို ဘာမှမဆန်းစစ်ဘဲ ငါ လက်ခံခဲ့ပါလားဆိုတာ သဘောပေါက်လာတယ်။ ဥပမာ၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေက ဆင့်ကဲဖြစ်စဉ်မှန်ကန်ကြောင်း ကောင်းကောင်းသက်သေထူနိုင်တယ်လို့ ကျွန်တော်ယူဆခဲ့တာ။ ဒါပေမဲ့ မဟုတ်ဘူး။ ဆင့်ကဲဖြစ်စဉ်အကြောင်း ပိုလေ့လာတာနဲ့အမျှ ဆင့်ကဲသီအိုရီမှာ အချက်အလက်အစစ်အမှန်တွေထက် သက်သေမပြနိုင်တဲ့ ချဲ့ကားပြောဆိုမှုတွေပိုများနေတယ်ဆိုတာ တွေ့လာတယ်။
ကျွန်တော်လုပ်နေတဲ့အလုပ်ကို ပြန်စဉ်းစားမိတယ်။ စက်ရုပ်တွေကို ဒီဇိုင်းလုပ်တဲ့အခါ ဘယ်သူလုပ်ထားတဲ့ဒီဇိုင်းကို ကျွန်တော် အတုယူနေတာလဲ။
နောက်တော့ ကျွန်တော်လုပ်နေတဲ့အလုပ်ကို ပြန်စဉ်းစားမိတယ်။ စက်ရုပ်တွေကို ဒီဇိုင်းလုပ်တဲ့အခါ ဘယ်သူလုပ်ထားတဲ့ဒီဇိုင်းကို ကျွန်တော် အတုယူနေတာလဲ။ လူတွေလို ဘောလုံးဖမ်းနိုင်တဲ့ စက်ရုပ်မျိုး ကျွန်တော် ဒီဇိုင်းမရေးဆွဲနိုင်ဘူး။ စက်ရုပ်ကို ဘောလုံးဖမ်းခိုင်းဖို့ အစီအစဉ်ရေးဆွဲနိုင်ပါတယ်၊ ဒါပေမဲ့ အားလုံးကို တိတိကျကျထိန်းချုပ်ထားပေးမှသာ ဖြစ်နိုင်မယ်။ တိတိကျကျရေးဆွဲထားတဲ့ အစီအစဉ်ကလွဲလို့ တခြားအခြေအနေမျိုးမှာ မဖမ်းနိုင်ဘူး။ ဒီလိုစက်ရုပ်ကိုတောင်မှ လုပ်တဲ့သူရှိတယ်ဆိုရင် စက်ထက်အများကြီးသာလွန်တဲ့ ကျွန်တော်တို့ကို ပြုလုပ်တဲ့သူရှိကိုရှိရမယ်။ ဒီအချက်က ဖန်ဆင်းရှင်ရှိတယ်ဆိုတာ ကျွန်တော်ယုံရတဲ့အကြောင်းရင်းအများကြီးထဲက တစ်ခုဖြစ်တယ်။
ဘာကြောင့် ယေဟောဝါသက်သေတစ်ယောက် ဖြစ်လာတာလဲ။
တစ်ချက်အနေနဲ့ကတော့ သူတို့ရဲ့ စေ့စေ့စပ်စပ် ရှာဖွေလေ့လာနည်းကို ကျွန်တော်ကော၊ ဘာဘရာပါ ကြိုက်တယ်။ အထူးသဖြင့် သူတို့စာပေတွေမှာတွေ့ရတဲ့ ရှာဖွေသုတေသနပြုမှုတွေကို ကျွန်တော် အထင်ကြီးမိတယ်။ ကောင်းကောင်း ရှာဖွေသုတေသနပြုထားတာတွေက ကျွန်တော့်လို အသေးစိတ်သိချင်သူတွေအဖို့ ဆွဲဆောင်မှုတစ်ခုပါပဲ။ ဥပမာ၊ ပရောဖက်ပြုချက်လို့ခေါ်တဲ့ သမ္မာကျမ်းစာပါ ကြိုဟောထားချက်တွေကို ကျွန်တော် တော်တော်လေးစိတ်ဝင်စားလာတယ်။ ဒီအကြောင်းအရာတွေကို လေ့လာတာနဲ့အမျှ သမ္မာကျမ်းစာဆိုတာ တကယ်ပဲ ဘုရားသခင်ဆီကလာတယ်ဆိုတာ ကျွန်တော် ပိုယုံကြည်လာတယ်။ ၁၉၉၂ ခုနှစ်မှာ ကျွန်တော်နဲ့ ဘာဘရာက ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံခဲ့တယ်။
သိပ္ပံပညာက ဘုရားသခင်ကိုယုံကြည်ဖို့ အဟန့်အတားဖြစ်စေသလား။
သိပ္ပံပညာက ဘုရားသခင်ကိုယုံကြည်ဖို့ အဟန့်အတားမဖြစ်တဲ့အပြင် အထောက်အကူတောင်ပြုတယ်။ ဥပမာ၊ လူတွေရဲ့မျက်နှာကို ကျွန်တော်တို့ ဘယ်လိုမှတ်မိကြသလဲဆိုတာ စဉ်းစားကြည့်ပါ။ ကလေးငယ်တစ်ယောက်က မွေးပြီးနာရီပိုင်းအတွင်းမှာ မျက်နှာတွေကို မှတ်မိနေပြီ။ ကျွန်တော်တို့သိတဲ့သူက လူအုပ်ထဲမှာရှိနေရင်တောင် ကျွန်တော်တို့ မှတ်မိကြတယ်။ သူ့မျက်နှာကိုကြည့်ပြီး သူ့စိတ်အခြေအနေကို ခွဲခြားနိုင်တယ်။ ဒီလိုမှတ်မိဖို့အတွက် အလွန့်အလွန်များပြားလှတဲ့ အချက်အလက်တွေကို မယုံနိုင်လောက်တဲ့အမြန်နှုန်းနဲ့ တွက်ချက်ရတယ် ဆိုတာကိုတော့ ကျွန်တော်တို့ မသိကြဘူး။
ကျွန်တော် အခိုင်အမာယုံကြည်ထားတာကတော့ ကျွန်တော်တို့ရဲ့ အမြင်အာရုံစနစ်ဆိုတာ ယေဟောဝါဘုရားသခင်ပေးထားတဲ့ အဖိုးတန် ဆုလက်ဆောင်ဖြစ်တယ်။ သမ္မာကျမ်းစာအပါအဝင် ကိုယ်တော်ပေးထားတဲ့ ဆုလက်ဆောင်တွေကြောင့် တခြားသူတွေကို ကိုယ်တော့်အကြောင်း ပြောပြချင်တယ်။ ဘုရားသခင်ပြုလုပ်ထားရာတွေအတွက် ဘုရားသခင်ကို ဂုဏ်တင်ရမယ်၊ ဒါမှ တရားမျှတမယ်လို့ ကျွန်တော် ခံစားရတယ်။