အတိတ်မှပုံရိပ်များ
ပလေတို
ဂရိအတွေးအခေါ်ပညာရှင် ပလေတို (ဘီစီ ၄၂၇ ခန့်-၃၄၇) ဟာ ဩဇာအာဏာရှိတဲ့၊ ကြွယ်ဝတဲ့မိသားစုကဖြစ်တယ်။ ငယ်စဉ်က ပညာရပ်အမျိုးမျိုးကို ကောင်းကောင်းဆည်းပူးခဲ့ရတယ်။ အတွေးအခေါ်နဲ့ သင်္ချာပညာရှင် ပိုက်သာဂိုးရပ်စ်ရဲ့နောက်လိုက်တွေနဲ့ ထင်ရှားကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင် ဆိုကရေးတီးဟာ သူ့အပေါ် များစွာ ဩဇာလွှမ်းမိုးခဲ့တယ်။
ပလေတိုဟာ မြေထဲပင်လယ်ဒေသတစ်လျှောက် ခရီးလှည့်လည်ပြီးနောက် စစ္စလီကျွန်းက ဂရိမြို့တစ်မြို့ဖြစ်တဲ့ သုရကုတ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ခဲ့တယ်။ အဲဒီနောက် အေသင်ကိုပြန်လာပြီး အတွေးအခေါ်ပညာနဲ့ သိပ္ပံပညာ သင်ကြားပေးတဲ့ အကယ်ဒမီကျောင်းကို တည်ထောင်ခဲ့တယ်။ ဥရောပရဲ့ ပထမဆုံးတက္ကသိုလ်အဖြစ် ဖော်ပြခံရလေ့ရှိတဲ့ အဲဒီအကယ်ဒမီဟာ သင်္ချာပညာနဲ့ အတွေးအခေါ်ပညာကို ရှာဖွေစူးစမ်းတဲ့ အဓိကနေရာဖြစ်လာတယ်။
သင်နဲ့ဘယ်လိုသက်ဆိုင်ပါသလဲ။
ပလေတိုရဲ့ သွန်သင်ချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်လို့ ခေါ်ဆိုကြသူတွေအပါအဝင် လူသန်းပေါင်းများစွာရဲ့ ဘာသာရေးယုံကြည်ချက်တွေအပေါ် ဩဇာလွှမ်းမိုးတယ်။ လူများစွာက ဒီသွန်သင်ချက်တွေဟာ ကျမ်းစာကနေလာတယ်လို့ လွဲမှားစွာယုံကြည်ထားကြတယ်။ ပလေတိုရဲ့ အထင်ရှားဆုံးသွန်သင်ချက်တစ်ခုကတော့ လူတွေမှာ မသေနိုင်တဲ့ဝိညာဉ်ရှိတယ် ဆိုတဲ့အချက်ဖြစ်တယ်။
“ပလေတိုအကြိုက်ဆုံး အကြောင်းအရာတွေထဲက တစ်ခုကတော့ မသေနိုင်တဲ့ဝိညာဉ်ဖြစ်တယ်။”—Body and Soul in Ancient Philosophy
ပလေတိုက တမလွန်ဘဝကို အရမ်းစိတ်ဝင်စားတယ်။ “ပလေတိုအကြိုက်ဆုံး အကြောင်းအရာတွေထဲက တစ်ခုကတော့ မသေနိုင်တဲ့ဝိညာဉ်ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (Body and Soul in Ancient Philosophy) မှာ ဖော်ပြထားတယ်။ လူသေသွားပေမဲ့ ဝိညာဉ်မသေဘူး၊ လူတစ်ယောက် ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ခဲ့ပုံပေါ်မူတည်ပြီး သူ့ဝိညာဉ်က ဆုချခံရမယ် ဒါမှမဟုတ် အပြစ်ပေးခံရမယ်လို့ သူအခိုင်အမာယုံကြည်တယ်။ *
ပလေတိုရဲ့သွန်သင်ချက်တွေ ဘယ်လိုပျံ့နှံ့ခဲ့သလဲ။
ပလေတိုရဲ့ အကယ်ဒမီကျောင်းစတည်ထောင်ပြီး ကိုးရာစုအတွင်းဖြစ်တဲ့ ဘီစီ ၃၈၇ ကနေ အေဒီ ၅၂၉ အတွင်းမှာ ဒီကျောင်းဟာ အတော်လေး ဩဇာလွှမ်းမိုးလာခဲ့တယ်။ ဂရိနဲ့ ရောမတွေအုပ်စိုးတဲ့ ဒေသတွေမှာ ပလေတိုရဲ့အယူအဆတွေကို လူကြိုက်များလာတယ်။ ဂျူးအတွေးအခေါ်ပညာရှင် အလက်ဇန္ဒြီးယားမြို့သား ဖီလို က ပလေတိုရဲ့သွန်သင်ချက်တွေကို လက်ခံခဲ့တယ်။ အမည်ခံခရစ်ယာန်တွေရဲ့ ခေါင်းဆောင်များစွာလည်း အလားတူလက်ခံခဲ့ကြတယ်။ ဒီလိုနည်းနဲ့ မသေနိုင်တဲ့ဝိညာဉ်အပါအဝင် အယူမှားအတွေးအခေါ်တွေဟာ ဂျူးတွေနဲ့ ခရစ်ယာန်တွေရဲ့ သွန်သင်ချက်တွေမှာ တဖြည်းဖြည်းစိမ့်ဝင်လာတယ်။
ကျမ်းစာအဘိဓာန်တစ်အုပ်က ခုလိုဆိုတယ်– “ခရစ်ယာန်အယူဝါဒတွေဟာ အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ရှေးခေတ်ဂရိအတွေးအခေါ်တွေပေါ် မူတည်နေတယ်။ အထူးသဖြင့် ပလေတိုရဲ့ အတွေးအခေါ်အပေါ်ဖြစ်တယ်။ တချို့သူတွေက သူတို့ကိုယ်သူတို့ ခရစ်ယာန်လို့ပြောပေမဲ့ ပလေတိုနောက်လိုက်တွေလို့ ခေါ်ဆိုသင့်တယ်။” ပလေတိုပြောတာနဲ့ သမ္မာကျမ်းစာဖော်ပြချက်ကို နှိုင်းယှဉ်ကြည့်ပါ။
ပလေတိုပြောဆိုရာ– “[သေသွားတဲ့နောက်] လူတစ်ဦးစီရဲ့ တကယ့်ပုဂ္ဂိုလ်ဖြစ်တဲ့ မသေနိုင်တဲ့ဝိညာဉ်ဟာ တခြားဘုရားတွေဆီထွက်သွားပြီး . . . စာရင်းသွားရှင်းရတယ်။ ကောင်းမှုလုပ်ထားသူတွေဟာ သတ္တိရှိရှိ ရင်ဆိုင်နိုင်မှာဖြစ်ပြီး မကောင်းမှုလုပ်ထားသူတွေကတော့ တော်တော့်ကို ကြောက်လန့်ရလိမ့်မယ်။”—Plato—Laws, Book XII
သမ္မာကျမ်းစာပြောဆိုရာ– လူဟာ သေပြီဆိုရင် အသိစိတ်မရှိတော့ဘူး။ သေခြင်းဆိုတာ အိပ်ပျော်နေခြင်းတစ်မျိုးဖြစ်တယ်၊ သေသွားသူတွေဟာ ရှင်ပြန်ထမြောက်ဖို့ စောင့်နေကြတယ်။ * အောက်ပါကျမ်းချက်တွေကို စဉ်းစားကြည့်ပါ–
▪ “သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။”—ဆာလံ ၁၄၆:၄။
▪ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။”—ဒေသနာ ၉:၅။
▪ “အချို့မူကား သေခြင်း၌ အိပ်ပျော်ကြလေပြီ။”—၁ ကောရိန္သု ၁၅:၆။
▪ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅။
လူတွေမှာ မသေနိုင်တဲ့ဝိညာဉ်ရှိတယ်လို့ သမ္မာကျမ်းစာမှာ မသွန်သင်ထားဘူးဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘ငါ့ရဲ့ယုံကြည်ချက်က သမ္မာကျမ်းစာပေါ်အခြေခံသလား၊ ပလေတိုရဲ့ အတွေးအခေါ်ပေါ် အခြေခံသလား။’
^ အပိုဒ်၊ 7 ပလေတိုကြောင့် မသေနိုင်တဲ့ဝိညာဉ်အယူအဆ ပျံ့နှံ့ခဲ့ပေမဲ့ ဒီအယူအဆကို သူစထွင်ခဲ့တာမဟုတ်ဘူး။ ဒီအယူအဆကို ရှေးခေတ် အီဂျစ်၊ ဗာဗုလုန်တွေရဲ့ ဘာသာရေးအပါအဝင် အယူမှားဘာသာများစွာမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်တယ်။
^ အပိုဒ်၊ 12 မသေနိုင်တဲ့ဝိညာဉ်သာ ဆက်အသက်ရှင်နေတယ်ဆိုရင် ရှင်ပြန်ထမြောက်ခြင်း လိုမှာမဟုတ်ဘူး။