မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တောရိုင်းတိရစ္ဆာန်

ဦးချိုပြားသမင်—တစ်မူထူးတဲ့ ဧရာမတောကောင်ကြီး

ဦးချိုပြားသမင်—တစ်မူထူးတဲ့ ဧရာမတောကောင်ကြီး

“ဦးချိုပြားသမင်က ပြိုင်စံရှားလောက်အောင် ရုပ်ဆိုးပြီး တကယ့်ကို ကိုးရိုးကားယားနိုင်တာပဲ။ ပခုံးက မြင့်လိုက်တာ။ ခေါင်းကလည်း ရှည်မျောမျောနဲ့။” ဒီစာသားတွေကို ၁၉ ရာစုက စာရေးဆရာ ဟင်နရီ ဒေးဗစ် သောရိုးရေးခဲ့တာဖြစ်ပါတယ်။ ဦးချိုပြားသမင်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဝေဖန်သူဟာ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး။ သဘာဝအလျောက်ဆိုရင် ဒီသမင်မျိုးဟာ တစ်ကောင်တည်းနေလေ့ရှိတဲ့အပြင် တွေ့မြင်ရဖို့လည်း သိပ်မလွယ်တာကြောင့် ကလန်ကလားနဲ့ ထုံထုံထိုင်းထိုင်းအကောင်တွေလို့ ထင်တတ်ကြတယ်။ အဲဒါ တကယ်ပဲလား။ မြောက်အမေရိကနဲ့ ဥရောပအာရှကုန်းမြေမှာ လေ့လာသူတွေက ဒီသမင်နဲ့ပတ်သက်တဲ့ အံ့ဩစရာအချက်တွေကို တွေ့ခဲ့ကြတယ်။

ဒီသမင်က အရွယ်အစားကြီးမားတယ်ဆိုတာ အားလုံးသဘောတူကြပါတယ်။ ဒီသမင်ရဲ့ ခြေတံလက်တံတွေဟာ ပုံမကျပန်းမကျရှည်လျားနေပေမဲ့ ဝံပုလွေတစ်အုပ်လုံးကို မောင်းထုတ်နိုင်စွမ်းရှိတယ်။ ဒီသမင်တွေဟာ မွေးလာပြီး ရက်ပိုင်းလောက်ဆိုရင် ရေကူးတတ်သွားပြီ၊ မိုင်နဲ့ချီ ရေကူးနိုင်တဲ့အပြင် ရေအောက် ပေ ၂၀ မှာပေါက်နေတဲ့ မြက်တွေကိုလည်း ရေငုပ်ပြီး သွားစားနိုင်ကြတယ်။

ဦးချိုပြားသမင်ရဲ့ မျက်လုံးဟာ လှုပ်ရှားနိုင်တဲ့အတွက် နောက်ကျောတည့်တည့်လောက်ကို ဦးခေါင်းမလှည့်ဘဲ ကြည့်နိုင်ပြီး လှုပ်ရှားမှုတွေကို မြင်နိုင်တယ်။ သူ့နှာခေါင်းကလည်း စွမ်းလှတယ်။ တစ်ခုခုရဲ့တည်နေရာကို တိတိကျကျသိနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ဟာ တစ်ဖက်တစ်ချက်မှာရှိနေတဲ့ နှာခေါင်းပေါက်တွေကြောင့်ဖြစ်နိုင်တယ်လို့ လေ့လာသူတွေ ယူဆကြတယ်။ ဒီသမင်ရဲ့ ထက်မြက်လှတဲ့အာရုံနောက်တစ်ခုကတော့ သူတို့ရဲ့ နားတွေပါပဲ။ သူတို့ရဲ့နားဟာ အရပ်ရှစ်မျက်နှာကိုလှည့်နိုင်သလို နှစ်မိုင်အကွာမှာရှိတဲ့ ဦးချိုပြားသမင်နောက်တစ်ကောင်ရဲ့ အသံကို ဖမ်းယူနိုင်တယ်။

စပ်စုတတ်ပုံရတဲ့ ဦးချိုပြားသမင်ပေါက်လေးတွေဟာ ရယ်ချင်စရာကောင်းသလို ချစ်စရာလည်းကောင်းပြီး ဘာကိုမှမကြောက်တတ်တဲ့ပုံပဲ။ မိခင်သမင်မဟာ သူတို့ကို ကာကွယ်ပေးတယ်၊ ပြုစုယုယပြီး သစ္စာရှိရှိစောင့်ရှောက်တယ်။ သမင်မဟာ ဝံပုလွေ၊ ဝက်ဝံနဲ့ လူတွေအပါအဝင် ကလေးတွေကို အန္တရာယ်ပေးမယ့် ဘာကိုမဆို တိုက်ခိုက်တတ်တယ်။ ဒါပေမဲ့ သမင်မမှာ နောက်ထပ်ကိုယ်ဝန်ရလာပြီး ကလေးတွေကလည်း တစ်နှစ်သားအရွယ်ရောက်လာတဲ့အခါ သူတို့ကို တိုက်ခိုက်မောင်းထုတ်တယ်။

မြောက်ဘက် အအေးပိုင်းဒေသမှာ ရှင်သန်ခြင်း

ဦးချိုပြားသမင်တွေဟာ သစ်ခက်သစ်ရွက်တွေကိုသာ စားသုံးတာကြောင့် အေးခဲတဲ့ဆောင်းရာသီမှာ ဘယ်လိုအသက်ဆက်ကြသလဲ။ တစ်နည်းကတော့ ပူနွေးတဲ့ရာသီမှာ အစာများများစားထားခြင်းဖြင့်ဖြစ်တယ်။ တစ်နေ့တစ်နေ့ကို ပေါင် ၅၀ အထိစားကြတယ်။ အမြင့်ဆယ်ပေမှာရှိနေတဲ့ သစ်ခက်သစ်ရွက်တွေ၊ ရေအောက်မှာရှိနေတဲ့ အပင်တွေကို စားကြတယ်။ အကန့်လေးကန့်ရှိတဲ့ သူတို့ရဲ့အစာအိမ်က အစားအစာကနေ လိုအပ်တဲ့အာဟာရဓာတ်တွေကို ထုတ်ယူပြီး အဆီအဖြစ် သိုထားကြတယ်။ ဒါပေမဲ့ ဒီသမင်တွေ ဆောင်းတွင်းမှာကြုံရတဲ့အခက်အခဲက အစာတစ်ခုတည်းတော့ မဟုတ်ဘူး။

ဒီသမင်တွေက ပြင်းထန်တဲ့အအေးဒဏ်နဲ့ ထူထပ်တဲ့နှင်းတွေကိုလည်း ကြံ့ကြံ့ခံရတယ်။ သူတို့ဟာ ဒီဇိုင်းကောင်းလှတဲ့အမွေးပွဝတ်ရုံအောက်မှာ အပူဓာတ်ကိုထိန်းထားနိုင်ဖို့ တတ်နိုင်သလောက် ငြိမ်ငြိမ်လေး နေတတ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ဝံပုလွေရန်ကနေ လွတ်မြောက်ဖို့တော့ တော်တော်လေး ခက်ခဲသွားပြီ။ ဒါပေမဲ့ သူတို့အတွက် ပိုဆိုးတဲ့အန္တရာယ်က လူတွေပါ၊ အထူးသဖြင့် အမဲလိုက်သမားတွေနဲ့ ယာဉ်မောင်းတွေဖြစ်တယ်။

မြောက်ပိုင်း အဝေးပြေးလမ်းမတွေမှာ ရေခဲတွေအရည်ပျော်စေဖို့ ဆားတွေကိုပက်လေ့ရှိပြီး အဲဒီဆားတွေကို ဦးချိုပြားသမင်တွေက လာစားတတ်တယ်။ ဒါပေမဲ့ သူတို့က ညမှောင်မှလမ်းပေါ်ထွက်လိုတာကြောင့်နဲ့ သူတို့အမွေးတွေက နက်မှောင်နေတာကြောင့် ယာဉ်မောင်းတွေက သူတို့ကို အနီးကပ်မှတွေ့တဲ့အတွက် တိုက်မိတတ်တယ်။ ဝမ်းနည်းစရာက လူတွေကော၊ သမင်တွေပါ အသက်ဆုံးရှုံးရခြင်းပါပဲ။

အဆော့သန်လှတဲ့တောကောင်

ဦးချိုပြားသမင်ကြီးဟာ ပင်လယ်လှိုင်းလုံးတွေနဲ့ ဆော့တတ်သလို၊ ရေပူစမ်းတွေမှာလည်း အူမြူးတတ်ကြတယ်။ မိတ်လိုက်ရာသီအတွင်း အထီးအမရဲ့ ကြင်နာတဲ့အပြုအမူ၊ မိခင်သမင်မရဲ့ ကလေးတွေအပေါ် သစ္စာရှိမှုတွေက ကြည်နူးစရာပဲ။ သမင်ပေါက်လေးတွေက ကျွေးမွေးစောင့်ရှောက်တဲ့ပိုင်ရှင်ကို သံယောဇဉ် တွယ်သွားတတ်တယ်။ “ဒီသမင်တွေဟာ ကိုးရိုးကားရားပုံစံရှိပေမဲ့ အရမ်းပါးနပ်တယ်၊ ချစ်ခင်တတ်တယ်၊ အရမ်းသစ္စာရှိတယ်” ဆိုပြီး ဒေါက်တာ ဗလ်လားရက်စ် ဂျစ် က ပြောတယ်။

ဦးချိုပြားသမင်ပေါက်လေးတွေဟာ စပ်စုတတ်ပုံ၊ ဘာကိုမှ မကြောက်တတ်ပုံရ

ဒါပေမဲ့ သတိထားပါ– ဦးချိုပြားသမင်က အရမ်းသန်မာပြီး ခွန်အားကြီးတဲ့ တောရိုင်းတိရစ္ဆာန်ဖြစ်တယ်။ ဒါကြောင့် တောထဲမှာ အဲဒီသမင်ကိုတွေ့တဲ့အခါ လေးလေးစားစားရှိပါ၊ သူနဲ့ ခပ်ဝေးဝေးမှာ နေပါ။ အထူးသဖြင့် သားပေါက်လေးတွေရှိတဲ့ မိခင်တွေနဲ့ ဝေးဝေးနေပါ။ စိတ်ချရတဲ့အကွာအဝေးမှာနေပေမဲ့ တစ်မူထူးတဲ့ ဒီဧရာမတောကောင်ကြီးကို သင် အံ့သြမှင်တက်မိမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။