အတိတ်မှပုံရိပ်များ | ဇန်ဟီ
ဇန်ဟီ
“ကျွန်ုပ်တို့ဟာ ရေလမ်းခရီးအကွာအဝေး လီ *တစ်သိန်းကျော် ခရီးဆန့်ခဲ့ပြီ၊ မိုးထိအောင်မြင့်တဲ့ တောင်တန်းတွေနဲ့တူတဲ့ ပင်လယ်လှိုင်းကြီးတွေကို မြင်ခဲ့ရပြီ၊ အဝေးက လူရိုင်းတွေရဲ့ နယ်မြေကိုလည်း မြင်တွေ့ခဲ့ရပြီ၊ . . . သင်္ဘောရွက်တွေကို တိမ်တွေလိုလွှင့်နေအောင် ရွက်ကုန်ဖွင့်လိုက်တဲ့အခါ လမ်းမကြီးပေါ် လျှောက်သွားသလိုမျိုး လှိုင်းလုံးကြီးတွေကိုဖြတ်ပြီး လျင်မြန်တဲ့အရှိန်နဲ့ နေ့ရောညပါ ခရီးဆက်ခဲ့ပါပြီ။”—တရုတ်နိုင်ငံ၊ ဖူဂျန်ပြည်နယ်၊ ချန်လင်မြို့မှာရှိတဲ့ ဆယ့်ငါးရာစုက ဇန်ဟီ ရေးစပ်ခဲ့တဲ့စာ။
တရုတ်ပြည်ဟာ ထူးခြားတဲ့နိုင်ငံကြီးဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေထဲမှာ လူဦးရေအများဆုံးဖြစ်သလို အကျယ်ဝန်းဆုံးနိုင်ငံတွေထဲက တစ်ခုလည်းဖြစ်တယ်။ တရုတ်ပြည်သူတွေဟာ သမိုင်းမှာ အကြီးကျယ်ဆုံး ဆောက်လုပ်ရေးစီမံကိန်းဖြစ်တဲ့ မဟာတံတိုင်းကြီးကို ဆောက်လုပ်ခဲ့ကြတယ်။ တရုတ်မင်ဧကရာဇ်တွေဖြစ်တဲ့ ယန်းဂိုနဲ့ ဇားဒီဟာ ကြီးမားတဲ့ရေတပ်သင်္ဘောတွေကို တည်ဆောက်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်း နှစ်ပေါင်းငါးရာကြာတဲ့အချိန်အထိ သူတို့လောက်ကြီးကျယ်အောင် ဘယ်သူမှမဆောက်လုပ်နိုင်ခဲ့ကြဘူး။ အဲဒီရေတပ်ရဲ့ ဗိုလ်ချုပ်ကြီးကတော့ တရုတ်ပြည် အနောက်တောင်ပိုင်းသား ဇန်ဟီပါပဲ။
တန်ခိုးအာဏာ၊ ကုန်သွယ်မှုနဲ့ လက်ဆောင်ပဏ္ဏာ
ဆောင်းပါးအစမှာ တစ်စိတ်တစ်ပိုင်းကိုးကားထားတဲ့စာအရ ဇန်ဟီရဲ့တာဝန်က “မင်(အင်ပါယာ) ရဲ့တန်ခိုးအာဏာကို တိုးချဲ့ဖို့နဲ့ လက်အောက်ခံဖြစ်လာတဲ့သူတွေကို ကြင်ကြင်နာနာဆက်ဆံဖို့ဖြစ်တယ်။” အဲဒီရေကြောင်းခရီးရှည်တွေကြောင့် “မိုးကုတ်စက်ဝိုင်းရဲ့အဆုံးနဲ့ မြေကြီးစွန်းမှာရှိတဲ့ နိုင်ငံတွေဟာ [တရုတ်နိုင်ငံ] ရဲ့ လက်အောက်ခံတွေဖြစ်လာတယ်။ . . . ပင်လယ်တစ်ဖက်မှာရှိတဲ့ တိုင်းတစ်ပါးသားတွေဟာ အဖိုးတန်ပစ္စည်းတွေ၊ လက်ဆောင်ပဏ္ဏာတွေယူဆောင်လာပြီး [ဧကရာဇ်မင်းထံ] အခစားဝင်လာကြတယ်” လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။
မင်မင်းဆက်ရဲ့ အဲဒီရေကြောင်းခရီးရှည်တွေ ထွက်ရတဲ့ ရည်ရွယ်ချက်ဟာ အငြင်းအခုံဖြစ်စရာ အကြောင်းတစ်ခုဖြစ်ခဲ့တယ်။ တချို့က ဇန်ဟီကို တန်ခိုးအာဏာကြီးတဲ့၊ ငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုအတွက် ယဉ်ကျေးမှုနဲ့ ချစ်ကြည်ရေးဆိုင်ရာ သံအမတ်အဖြစ် ရှုမြင်ကြတယ်။ တချို့ကျပြန်တော့ သူ့ရဲ့တာဝန်ဟာ လက်အောက်ခံနိုင်ငံတွေကို နိုင်ငံရေးအရ ကြီးစိုးလွှမ်းမိုးဖို့ဖြစ်တယ်လို့ ရှုမြင်ကြတယ်။ တကယ်တော့ ဇန်ဟီဟာ သူ့ကို ကြိုဆိုတဲ့ဘုရင်တွေကို လက်ဆောင် ပဏ္ဏာများစွာနဲ့ နိုင်ငံရေးထောက်မမှုပေးခဲ့ပါတယ်။ ဒါပေမဲ့ မင်မင်းဆက်ကို လက်အောက်ခံဖို့၊ လက်ဆောင်ပဏ္ဏာဆက်ဖို့ ငြင်းပယ်တဲ့သူတွေကိုကျတော့ တိုက်ခိုက်ပြီး သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားတယ်။ ဇန်ဟီရဲ့ ရေကြောင်းခရီးရှည်တွေကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ ဘုရင်များစွာဟာ တရုတ်ဧကရာဇ်မင်းကို လက်အောက်ခံကြောင်း ဖော်ပြဖို့အတွက် တရုတ်ပြည်ကို သံတမန်တွေ စေလွှတ်ခဲ့ကြတယ်။
ဇန်ဟီရဲ့ရေတပ်ဟာ မင်နိုင်ငံက လက်မှုပညာသည်တွေရဲ့ လက်ရာဖြစ်တဲ့ ယွန်းထည်၊ ကြွေထည်နဲ့ ပိုးထည်များစွာကိုလည်း သယ်ဆောင်လာပြီး ဆိပ်ကမ်းမြို့တွေမှာ ရောင်းချခဲ့တယ်။ ပြန်တဲ့အခါ ကျောက်မျက်ရတနာတွေ၊ ဆင်စွယ် တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အပူပိုင်းဒေသထွက်သစ်တွေ၊ တရုတ်လူမျိုးတွေတန်ဖိုးထားတဲ့ တခြားဇိမ်ခံပစ္စည်းများစွာကို ပြန်သယ်ဆောင်လာကြတယ်။ တရုတ်ပြည်သူတွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေတဲ့ သစ်ကုလားအုတ်ကိုတောင် သယ်ဆောင်လာတယ်။ အဲဒီလို ပစ္စည်းတွေ၊ အယူအဆတွေ အလှဲအလှယ်လုပ်တဲ့အတွက်ကြောင့် တခြားနိုင်ငံတွေဟာ ၁၅ ရာစုက တရုတ်ယဉ်ကျေးမှုကို သိရှိခွင့်ရခဲ့ကြတယ်။
နောက်ပိုင်းမှာတော့ အဲဒီလိုမျိုး မှတ်သားဖွယ်ကောင်းတဲ့ ရေကြောင်းခရီးရှည်တွေ ထပ်မထွက်ဖြစ်တော့ဘူး။ ဇန်ဟီရဲ့ ရေကြောင်းခရီးရှည်တွေထွက်ပြီးနောက် ဆယ်စုနှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ တရုတ်ပြည်ဟာ နိုင်ငံခြားကုန်သွယ်မှု၊ သံတမန်ဆက်ဆံမှုတွေ ရပ်ဆိုင်းခဲ့တယ်။ ဧကရာဇ်အသစ်နဲ့ ကွန်ဖြူးရှပ်အယူကိုယူကြတဲ့ ဘုရင့်အတိုင်ပင်ခံတွေက တခြားနိုင်ငံတွေနဲ့ အဆက်အဆံလုပ်ဖို့မလိုဘူးလို့ယူဆပြီး ပြင်ပသြဇာမဝင်အောင် လုပ်ဆောင်ခဲ့ကြတယ်။ တန်ဖိုးရှိတဲ့ရေတပ်သင်္ဘောတွေကို အတိတ်မှာပဲထားခဲ့ကြပြီး မော်ကွန်းတင်ထိုက်တဲ့ ရေကြောင်းခရီးရှည် မှတ်တမ်းတွေအပြင် သင်္ဘောတွေကိုတောင် ဖျက်ဆီး ခဲ့ပုံရတယ်။ တရုတ်ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့သူတွေဟာ သိပ်မကြာသေးခင်နှစ်တွေကမှ ဇန်ဟီရဲ့ သမိုင်းဝင်ရေတပ်သင်္ဘောတွေ ပင်လယ်ရေကြောင်းခရီးရှည် ထွက်ခဲ့တဲ့အကြောင်း သိလာခဲ့ကြတယ်။
^ အပိုဒ်၊ 3 လီဆိုတာက တရုတ်လူမျိုးတွေရဲ့ ခရီးအကွာအဝေး အတိုင်းအတာဖြစ်ပြီး ရာစုနှစ်တွေတစ်လျှောက်မှာ အမျိုးမျိုးပြောင်းလဲခဲ့တယ်။ ဇန်ဟီခေတ်ကဆိုရင် တစ်လီအကွာအဝေးဟာ တစ်မိုင်ရဲ့ သုံးပုံတစ်ပုံ ဒါမှမဟုတ် ကီလိုမီတာဝက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။