မိသားစုတွေအတွက်အကူအညီ | လူငယ်များ
ဆုံးမပဲ့ပြင်တာကို ဘယ်လို လက်ခံမလဲ
အခက်အခဲ
“တစ်ယောက်ယောက်က ကိုယ့်ကို ဆုံးမနေပြီဆိုရင် ကိုယ်မှားတယ်ဆိုတာကို သူထောက်ပြနေတာပဲ။ ‘ဆုံးမခံရတာကို အရမ်းကြိုက်တယ်’ လို့ပြောတဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး။”—အေမီ၊ ၁၇ နှစ်။ *
မိဘ၊ ဆရာ၊ ဆရာမနဲ့ လူကြီးတစ်ယောက်ယောက် ဆုံးမတဲ့အခါ လက်ခံဖို့ခက်ပါသလား။ ခက်တယ်ဆိုရင် ဒီဆောင်းပါးက အထောက်အကူပြုပါလိမ့်မယ်။
သိထားသင့်တဲ့အချက်
ဘယ်သူမဆို ဆုံးမပဲ့ပြင်မှု လိုအပ်ပါတယ်။
“ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။”—ယာကုပ် ၃:၂။
“အမှားလုပ်မိလို့ လိုအပ်တဲ့ဆုံးမမှုခံရတာ ဘာမှရှက်စရာမဟုတ်ဘူး။” —ဂျက်ဆီကာ။
ဆုံးမခံရတာဟာ ဆိုးသွမ်းမိုက်မဲလို့ ဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။
“ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူတတ်၏။”—သုတ္တံ ၃:၁၂။
“တစ်ယောက်ယောက်က ကျွန်မကို ဆုံးမတဲ့အခါ အဲဒီလိုဆုံးမဖို့ သူ့အတွက် ဘယ်လောက်တောင်ခက်လိုက်မလဲ၊ သူပေးတဲ့အကြံဉာဏ်က ဘယ်လောက် မေတ္တာပါသလဲဆိုတာ စဉ်းစားကြည့်တယ်။”—တာမရာ။
ဆုံးမပဲ့ပြင်တာက သင့်ကို ပိုကောင်းတဲ့သူ ဖြစ်လာစေပါတယ်။
“ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။”—သုတ္တံ ၈:၃၃။
“ရင့်ကျက်ဖို့ ဆုံးမပဲ့ပြင်မှု မဖြစ်မနေလိုအပ်တယ်။ တခြားသူတွေ ကိုယ့်ကိုဘယ်လိုမြင်ကြသလဲဆိုတာ သိစေတယ်၊ ကိုယ့်မှာရှိနေမှန်း သတိမထားမိတဲ့ မကောင်းတဲ့အကျင့်တွေကို ထိန်းချုပ်နိုင်အောင်လည်း ကူညီပေးတယ်။”—ဒိုင်ယန်း။
လုပ်ဆောင်နိုင်ရာ
အမြင်ကျယ်ကျယ်နဲ့ရှုမြင်ပါ။ ဆုံးမပဲ့ပြင်တာကို လက်မခံချင်တဲ့စိတ် ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ခံစားချက်ကို ခဏဘေးဖယ်ထားကြည့်ပါ။ အဲဒီလိုလုပ်နိုင်အောင် ဒီလိုစမ်းကြည့်ပါ– သင့်အခြေအနေကို ခဏဘေးဖယ်ထားပြီး သင်ဟာ သင့်ရဲ့ ညီငယ်၊ ညီမငယ် ဒါမှမဟုတ် တစ်ယောက်ယောက်ကို အဲဒီလိုပဲဆုံးမနေရတယ်လို့ မြင်ယောင်ကြည့်ပါ။ ဆုံးမဖို့လိုအပ်တဲ့ အကြောင်းရင်းတချို့ကို သင်တွေ့လာမှာဖြစ်တယ်။ အခု သင့်ရဲ့အခြေအနေကိုပြန်သွားပြီး အဲဒီအချက်တွေကို စဉ်းစားကြည့်ပါ။—ကျမ်းစာအကြံပြုချက်– ဒေသနာ ၇:၉။
“ဆုံးမတဲ့သူက စိတ်နာစေဖို့မဟုတ်ဘဲ ကောင်းဖို့အတွက် ကြိုးစားကူညီပေးနေတယ် ဆိုတာကို မမြင်ဘူးဆိုရင်တော့ ပြစ်တင်ဆုံးမခံရတဲ့အတွက် အရမ်းခံစားနေရမှာ။”—ထရီဇာ။
နှိမ့်ချပါ။ မာနကြီးပြီး ဆုံးမပဲ့ပြင်တာကို လက်မခံတာမျိုး မဖြစ်ပါနဲ့။ ကိုယ့်မှာ ပြုပြင်ပြောင်းလဲစရာတချို့ရှိတယ်ဆိုတာ သိလိုက်ရတဲ့အတွက် စိတ်ဓာတ်ကျတာမျိုးလည်း မဖြစ်ပါနဲ့။ နှိမ့်ချတဲ့စိတ်က အဲဒီလိုအခြေအနေမျိုးမဖြစ်အောင် ကူညီပေးပါတယ်။ ဒီအချက်ကို သတိရပါ– အနာကျင်ဆုံးဆုံးမမှုက ကိုယ်အလိုအပ်ဆုံး ဆုံးမမှုဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ပါစေ ဆုံးမပဲ့ပြင်တာကို လက်မခံဘူး ဆိုရင်တော့ ဆုံးမမှုကနေ သင်အကျိုးရမှာမဟုတ်ဘူး။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၆:၁၈။
အနာကျင်ဆုံးဆုံးမမှုက ကိုယ်အလိုအပ်ဆုံး ဆုံးမမှု ဖြစ်နေတတ်ပါတယ်
“ရင့်ကျက်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ ပဲ့ပြင်ဆုံးမမှုဆိုတာ အရေးကြီးတဲ့လိုအပ်ရာတစ်ခုပါ။ ကိုယ်လိုအပ်နေတဲ့ ဆုံးမပဲ့ပြင်မှုကို လက်မခံဘူးဆိုရင် ကိုယ်ပဲအကျိုးမခံစားရရုံပဲရှိတယ်။”—လီနာ။
ကျေးဇူးတင်ပါ။ လက်ခံရခက်တဲ့ ဆုံးမမှုဖြစ်ရင်တောင် ဆုံးမတဲ့သူကို ကျေးဇူး တင်တယ်လို့ ပြောနိုင်မလား။ ဆုံးမတဲ့သူဟာ သင့်ကို စိတ်အရင်းခံနဲ့ စိတ်ဝင်စားပြီး အောင်မြင်တိုးတက်စေချင်လို့ဆိုတာ သေချာပါတယ်။—ကျမ်းစာအကြံပြုချက်– ဆာလံ ၁၄၁:၅။
“ကိုယ်ဟာ တကယ်ပဲ ဆုံးမပဲ့ပြင်မှုကို လိုအပ်တယ်ဆိုရင် ကိုယ့်ကိုဆုံးမတဲ့သူကို ‘ကျေးဇူးတင်တယ်’ လို့ပြောသင့်ပါတယ်။ ကိုယ်က ဆုံးမခံရဖို့ မလိုဘူးဆိုရင်တောင် ကိုယ့်ဆီလာပြီး ဆုံးမစကားပြောဖို့ဆိုတာ ကြိုးစားအားထုတ်မှု လိုတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောနိုင်ပါတယ်။”—ခါလာ။
^ စာပိုဒ်၊ 4 ဒီဆောင်းပါးမှာ နာမည်တချို့ ပြောင်းထားပါတယ်။