မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံမေးမြန်းခန်း | ဝမ်လုံဟ

ရူပဗေဒပညာရှင်တစ်ဦး ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာ

ရူပဗေဒပညာရှင်တစ်ဦး ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာ

ဝမ်လုံဟ က တရုတ်နိုင်ငံ၊ ကျန်စူးပြည်နယ် ဆူကျိုးမြို့မှာ ရူပဗေဒပညာရပ်ကို အရင်ဆုံး လေ့လာခဲ့တယ်။ နိုင်ငံတကာ နည်းပညာဂျာနယ်ကို ကူညီတည်းဖြတ်ပေးတယ်။ သိပ္ပံပညာစာပေတွေမှာလည်း သူ့ရဲ့ဆောင်းပါးတွေ ပါတယ်။ အခုအချိန်မှာတော့ စကော့တလန်နိုင်ငံ၊ စထရက်ခလိုက်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေပါတယ်။ ငယ်ငယ်တုန်းက ဆင့်ကဲအယူအဆကို လက်ခံခဲ့ပေမဲ့ ဖန်ဆင်းလို့သာ အသက်ဖြစ်ပေါ်လာတယ်လို့ နောက်ပိုင်းမှာ ယုံကြည်လာတယ်။ နိုးလော့! က ဘုရားသခင်ကို ဘာကြောင့် ယုံကြည်လာတာလဲလို့ သူ့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဘဝနောက်ခံအကြောင်း ပြောပြပါဦး။

၁၉၆၃ ခုနှစ်မှာ ကျွန်တော် မွေးတယ်။ တရုတ်နိုင်ငံ၊ ကျန်စူးပြည်နယ်၊ ယန်ဇီမြစ်တောင်ပိုင်းက ကျေးရွာမှာ ကြီးပြင်းလာတယ်။ အဲဒီမှာ ရာသီဥတုက သိပ်မပူဘူး။ အစာရေစာ ပေါများလို့ ဆန်စပါးနဲ့ ငါးပေါတဲ့ နေရာလို့ ခေါ်ကြတယ်။ “အရသာရှိတဲ့အစားအစာတွေကို သဘာဝက ဘာကြောင့် ပေးထားရတာလဲ” လို့ ကလေးဘဝတုန်းက စဉ်းစားဖူးတယ်။ ဒီစားစရာတွေက အလိုလို ဖြစ်လာတာလား။ ကြက်မနဲ့ ကြက်ဥ ဘာက အရင်ဖြစ်လာတာလဲ။ ဘုရားမရှိဘူးလို့ ယူဆသူတွေ တရုတ်ပြည်မှာ များတယ်။ ဒါကြောင့် ကျောင်းမှာ ဆင့်ကဲအယူဝါဒကို ကျွန်တော်သင်ယူခဲ့ရတယ်။

မိသားစုနောက်ခံကကော။

ကျွန်တော့် မိဘတွေဟာ ဘုရားမဲ့ဝါဒီတွေပါ။ အမေက စိုက်ပျိုးရေးလုပ်တယ်။ အဖေက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု တည်ထောင်ထားတယ်။ ညီအစ်ကိုငါးယောက်ထဲမှာ ကျွန်တော်က အကြီးဆုံး။ ညီနှစ်ယောက်က ငယ်ငယ်နဲ့ ဆုံးသွားလို့ ကျွန်တော် သိပ်ကို ဝမ်းနည်းခဲ့ရယ်။ ဒါနဲ့ “လူတွေ ဘာကြောင့် သေရတာလဲ၊ ညီလေးတွေနဲ့ ပြန်တွေ့ရပါ့မလား” ဆိုတာ သိချင်ခဲ့တယ်။

သိပ္ပံပညာကို ဘာကြောင့် လေ့လာသင်ယူခဲ့တာလဲ။

ကမ္ဘာပေါ်က အရာတွေကို ကျွန်တော် တော်တော်လေး စိတ်ဝင်စားလို့ ရူပဗေဒပညာရပ်ကို လေ့လာခဲ့တယ်။ အဲဒီလိုလေ့လာတာက ကျွန်တော်သိချင်တာတွေ သိလာနိုင်ဖို့ပါ။

ရူပဗေဒနယ်ပယ်မှာ ဘာကို သုတေသနလုပ်ခဲ့သလဲ။

လျှပ်စစ်အမှုန်လေးတွေကို အလင်းရဲ့အမြန်နှုန်းလောက် မြန်နိုင်စေမယ့် နည်းလမ်းကို ကျွန်တော် ရှာဖွေခဲ့တယ်။ အဲဒီလိုရှာရတာက အက်တမ်တွေရဲ့ဖွဲ့စည်းပုံကို သိချင်လို့ပါ။ မိုက်ခရိုဝေ့ဗ် (microwave) နဲ့ အနီအောက်ရောင်ခြည်ကနေ စွမ်းအားမြင့်ရောင်ခြည်ကို ထုတ်လုပ်နိုင်ဖို့လည်း လေ့လာခဲ့တယ်။ ဒါက ဝင်ငွေကောင်းသလို စကြဝဠာ ဘယ်လို စဖြစ်လာသလဲဆိုတာကိုလည်း နားလည်စေတယ်။

သမ္မာကျမ်းစာကို ဘာကြောင့် စိတ်ဝင်စားလာတာလဲ။

၁၉၉၈ ခုနှစ်မှာ ယေဟောဝါသက်သေနှစ်ယောက် အိမ်ကို ရောက်လာတယ်။ ကျွန်တော့် မေးခွန်းတွေကို သမ္မာကျမ်းစာထဲကနေ ဖြေပေးတယ်။ သိပ္ပံပညာရှင်ဖြစ်တဲ့ ကျွန်တော့်ဇနီး ဟွားဘိလည်း ကျွန်တော်နဲ့အတူ ကျမ်းစာလေ့လာခဲ့တယ်။ သမ္မာကျမ်းစာကို တစ်ခါမှ ကျွန်တော်တို့ မတွေ့ဖူး ကြပေမဲ့ ကျမ်းစာရဲ့ လက်တွေ့ကျအကြံပြုချက်တွေကို သိပ်သဘောကျသွားတယ်။ အိမ်ကို လာတဲ့ သက်သေခံဇနီးမောင်နှံဟာ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးလို့ အကျိုးခံစားနေရတာကို သတိပြုမိတယ်။ သူ့တိုဟာ ရိုးရိုးလေး နေပေမဲ့ ပျော်ရွှင်ကြတယ်။ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်အကြောင်းက စကြဝဠာဟာ ဖန်ဆင်းလို့ဖြစ်လာတာ ဟုတ်၊ မဟုတ်သိဖို့ လေ့လာချင်စိတ်ပေါ်လာစေတယ်။ ရူပဗေဒပညာရှင်အနေနဲ့ သဘာဝတရားကို ကျွန်တော် နားလည်ဖို့လိုတယ်။ ဒါကြောင့် တချို့အချက်တွေကို သေသေချာချာ ပြန်လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရူပဗေဒပညာရှင်အနေနဲ့ သဘာဝတရားကို ကျွန်တော် နားလည်ဖို့လိုတယ်။ ဒါကြောင့် တချို့အချက်တွေကို သေသေချာချာ ပြန်လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်

ဘာတွေကို လေ့လာခဲ့သလဲ။

ပထမက တစ်ဦးတစ်ယောက်ရဲ့ လုပ်ဆောင်ချက်မပါဘဲ ဘာကမှ စနစ်တကျ ဖွဲ့စည်းတည်ရှိနေမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိထားတယ်။ ဒါက သာမိုဒိုင်းနမစ်သီအိုရီရဲ့ ဒုတိယနိယာမ ဖြစ်တယ်။ စကြဝဠာကြီးနဲ့ သက်ရှိတွေက စနစ်တကျရှိလွန်းလို့ ဒါတွေကို ပြုလုပ်ဖန်တီးသူ ရှိကိုရှိရမယ်လို့ စဉ်းစားမိတယ်။ ဒုတိယက စကြဝဠာကြီးနဲ့ ကမ္ဘာဟာ သက်ရှိတွေအတွက် သေချာစွာ ပြုလုပ်ဖန်တီးထားတယ်ဆိုတာ သိလာတယ်။

ဘယ်လို ပြုလုပ်ဖန်တီးထားတာကို တွေ့လိုက်ရသလဲ။

သက်ရှိအားလုံးဟာ နေကထွက်လာတဲ့ စွမ်းအင်ကြောင့် အသက်ရှင်နေကြတယ်။ ဒီစွမ်းအင်ဟာ အာကာသထဲကို အလင်းဖြာထွက်နည်းနဲ့ ဖြတ်သန်းလာတယ်။ အဲဒီအလင်းတန်းက ကမ္ဘာပေါ်ကို ရောင်စဉ်ဖြာအလင်းလှိုင်းတွေအဖြစ် ကျရောက်လာတယ်။ အတိုဆုံးအလင်းလှိုင်းကတော့ သေစေနိုင်တဲ့ ဂါမာရောင်ခြည်၊ ပြီးတော့ အိတ်စရေး (X-rays) ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်၊ မြင်နိုင်တဲ့ အလင်းရောင်၊ အနီအောက်ရောင်ခြည်၊ မိုက်ခရိုဝေ့ဗ်အပြင် အရှည်ဆုံးလှိုင်းဖြစ်တဲ့ ရေဒီယိုလှိုင်းတွေ ဖြစ်တယ်။ ကမ္ဘာ့လေထုက အန္တရာယ်ရှိတဲ့ ဓာတ်ရောင်ခြည်တွေကို တားဆီးပေးထားပြီး သက်ရှိတွေအတွက် အကျိုးပြုတဲ့ရောင်ခြည်တွေကိုပဲ ကမ္ဘာမြေပေါ် ကျရောက်စေတယ်။

ဒါကို ဘာကြောင့် စိတ်စွဲမှတ်သွားတာလဲ။

သမ္မာကျမ်းစာထဲမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းထဲက အလင်းနဲ့ပတ်သက်တဲ့အကြောင်းကို ကျွန်တော် တော်တော်လေး စိတ်ဝင်စားခဲ့တယ်။ ကျမ်းစာက ဒီလို ဖော်ပြတယ်– “ဘုရားသခင်ကလည်း ‘အလင်းဖြစ်စေ’ ဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။” * နေကနေ ဖြာထွက်လာတဲ့ အလင်းတန်းအများကြီးထဲကနေ အလင်းရောင်နည်းနည်းလေးကိုပဲ တွေ့မြင်နိုင်တယ်။ ဒါပေမဲ့ အလင်းရောင်က သက်ရှိတွေအတွက် အရေးပါတယ်။ အပင်တွေ ရှင်သန်ကြီးထွားဖို့ အလင်းရောင်လိုအပ်သလို လူတွေ မြင်နိုင်ဖို့ အလင်းရောင်လိုအပ်တယ်။ ကမ္ဘာ့လေထုထဲကို အလင်းရောင်ထိုးဖောက်ပျံ့နှံ့လာနိုင်တာကလည်း မတော်တဆ မဖြစ်နိုင်ဘူး။ ခရမ်းလွန်ရောင်ခြည် နည်းနည်းလေးပဲ ကမ္ဘာမြေပေါ်ကျရောက်လာတာက ပိုပြီးအံ့သြစရာကောင်းတယ်။

ဒါကရော ဘာကြောင့် ထူးခြားရတာလဲ။

ခရမ်းလွန်ရောင်ခြည်နည်းနည်းလေးပဲ ကျရောက်လာတာက အရေးပါတယ်။ ခရမ်းလွန်ရောင်ခြည် နည်းနည်းလေးကနေ ဗီတာမင်ဒီ ရတယ်။ ဗီတာမင်ဒီက အရိုးတွေ သန်စွမ်းလာအောင်၊ ကင်ဆာနဲ့ တခြားရောဂါတွေမဖြစ်ရအောင် ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည် သိပ်များလွန်းရင် အရေပြားကင်ဆာနဲ့ မျက်စိတိမ်စွဲရောဂါတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ကမ္ဘာ့ လေထုက လိုအပ်တဲ့ ခရမ်းလွန်ရောင်ခြည် နည်းနည်းလေးကိုပဲ ကမ္ဘာမြေပေါ်ကျရောက်စေတဲ့အချက်က သက်ရှိတွေ ရှင်သန်နိုင်ဖို့ ကမ္ဘာမြေကြီးကို တစ်စုံတစ်ဦးက ပြုလုပ်ဖန်တီးထားတယ်ဆိုတဲ့ သက်သေပါပဲ။

ဖန်ဆင်းရှင်ရှိတယ်၊ သမ္မာကျမ်းစာကို ဘုရားသခင်ရဲ့လမ်းညွှန်မှုနဲ့ ရေးထားတယ်ဆိုတာကို ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ဟွားဘိက ယုံကြည်လက်ခံလာတယ်။ ၂၀၀၅ ခုနှစ်ကျတော့ ကျွန်တော်တို့ ယေဟောဝါသက်သေတွေ ဖြစ်လာတယ်။ အခုဆိုရင် တခြားသူတွေကို သမ္မာကျမ်းစာအကြောင်း ပြောပြနေကြပါတယ်။