မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလိုအပ်ဆုံးအချိန်မှာ တွေ့လိုက်ရတဲ့ မျှော်လင့်ချက်

အလိုအပ်ဆုံးအချိန်မှာ တွေ့လိုက်ရတဲ့ မျှော်လင့်ချက်

ကျွန်တော့်ရဲ့မျက်နှာက ရေထဲမှာဆိုတာ ရုတ်တရက် အသိဝင်သွားတယ်။ ခေါင်းထောင်ပြီး အသက်ရှူဖို့ ကြိုးစားပေမဲ့ လည်ပင်းကြွက်သားတွေ လှုပ်လို့မရဘူး။ ကိုယ်ကို လှိမ့်လိုက်ဖို့ ကြိုးစားပေမဲ့လည်း လက်တွေ၊ ခြေထောက်တွေ လှုပ်လို့မရပြန်ဘူး။ ဒါနဲ့ပဲ ကျွန်တော့်အဆုတ်ထဲ ရေတွေဝင်သွားတော့တယ်။ ဒီအဖြစ်ကတော့ ၁၉၉၁ ခုနှစ်၊ နွေရာသီမှာ ဖြစ်ပျက်ခဲ့ပြီး အဲဒါကြောင့် ကျွန်တော့်ဘဝ လုံးလုံးပြောင်းလဲသွားခဲ့တယ်။

ကျွန်တော်ဟာ ဟန်ဂေရီနိုင်ငံ ဆာရန့်ခ်ျမြို့မှာ မွေးဖွားခဲ့တာဖြစ်ပေမဲ့ နိုင်ငံရဲ့ အရှေ့မြောက်ဘက် တစ်ဆာလဒန်းရွာမှာ ကြီးပြင်းလာခဲ့တာပါ။ ၁၉၉၁၊ ဇွန်လမှာ သူငယ်ချင်းတချို့နဲ့အတူ တစ်ဆာမြစ်နားက သွားလေ့သွားထမရှိတဲ့ နေရာကို သွားလည်ကြတယ်။ ရေနက်တယ်လို့ထင်ပြီး ကျွန်တော် ရေထဲဒိုင်ဗင်ထိုးချလိုက်တယ်။ ကျွန်တော် ထင်တာ မှားသွားတယ်။ ကျွန်တော့်ရဲ့ ကျောရိုး၊ လည်ပင်းအဆစ်သုံးခု ပျက်စီးသွားတယ်။ သူငယ်ချင်းတွေက ကျွန်တော် မလှုပ်နိုင်တော့တာကိုတွေ့တော့ ရေမမွန်းခင် ဆယ်တင်ပြီး အသေအချာ သယ်ရွှေ့ပေးခဲ့ကြတယ်။

သတိမမေ့သွားတဲ့အတွက် တော်တော် ဆိုးဆိုးရွားရွားတော့ဖြစ်ပြီဆိုတာ သိနေတယ်။ တစ်ယောက်က အရေးပေါ်ဌာနကို ဖုန်းခေါ်တယ်၊ ရဟတ်ယာဉ်တစ်စီး ရောက်လာပြီး ကျွန်တော့်ကို ဆေးရုံခေါ်သွားကြတယ်။ ဆေးရုံမှာ ဆရာဝန်တွေက ကျွန်တော့်ကို ကုသပေးကြတယ်။ အခြေအနေ ပြန်ထူထောင်လာအောင် မြို့တော်ဘူဒါပတ်စ်ကို ပြောင်းရွှေ့ပေးခဲ့တယ်။ သုံးလလုံးလုံး အိမ်ရာထဲမှာ လှဲနေ ရတယ်။ ခေါင်းကိုတော့ လှုပ်ရှားလို့ရပေမဲ့ ပခုံးအောက်ပိုင်း ကြွက်သားတွေ မလှုပ်ရှားနိုင်တော့ဘူး။ ကျွန်တော်ဟာ အသက် ၂၀ အရွယ်မှာ တခြားသူတွေအပေါ် လုံးလုံးမှီခိုနေရပါပြီ။ အကြီးအကျယ်စိတ်ဓာတ်ကျပြီး သေပဲသေချင်ခဲ့တယ်။

အိမ်ပြန်ရောက်တဲ့အခါ အဖေနဲ့အမေက ကျွန်တော့်ကို ပြုစုစောင့်ရှောက်ဖို့ သင်ယူခဲ့ရတယ်။ မိဘတွေ စိတ်ပန်းလူပန်းဖြစ်နေတာကို တွေ့ရတဲ့အတွက် တစ်နှစ်လောက်အကြာမှာ ကျွန်တော် စိတ်ကျဝေဒနာ ခံစားလာရတယ်။ အဲဒီအချိန်မှာ ဆရာ၀န်တွေရဲ့ အကြံပေးဆွေးနွေးမှုတွေ ရရှိခဲ့တဲ့အတွက် မသန်စွမ်းမှုအပေါ် ကျွန်တော့်ရဲ့အမြင်ကို ပြောင်းလဲနိုင်ခဲ့တယ်။

အသက်နဲ့ပတ်သက်ပြီးတော့လည်း လေးလေးနက်နက် စ,စဉ်းစားလာမိတယ်။ အသက်ရှင်ရတဲ့ ရည်ရွယ်ချက်ရှိသလား။ ငါ ဘာကြောင့် ဒီအဖြစ်ဆိုး ကြုံရတာလဲ။ အဖြေရဖို့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ ဖတ်တယ်။ ကျမ်းစာကိုလည်း ကြိုးစား ဖတ်ကြည့်သေးတယ်၊ နားမလည်ဘူး။ ဒါနဲ့ပဲ စာအုပ်စင်ပေါ် ပြန်ရောက်သွားတယ်။ ခရစ်ယာန်တရားဟောဆရာတစ်ယောက်နဲ့ စကားပြောကြည့်တာလည်း ကျေနပ်လောက်တဲ့ အဖြေမရခဲ့ဘူး။

၁၉၉၄၊ နွေဦးရာသီမှာ ယေဟောဝါ သက်သေနှစ်ယောက် အဖေ့ဆီရောက်လာကြတယ်။ အဖေက သူတို့ကို ကျွန်တော်နဲ့စကားပြောကြည့်ပါလားဆိုပြီး ပြောတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဒီကမ္ဘာမြေကြီးကို ပရဒိသုဖြစ်စေမယ်၊ ဖျားနာမှုတွေ၊ ဆင်းရဲဒုက္ခတွေ ပပျောက်စေမယ် စတာတွေကို သူတို့ ပြောပြတယ်။ နားထောင်လို့တော့ကောင်းပေမဲ့ သိပ်တော့မယုံဘူး။ ဒါပေမဲ့လည်း သမ္မာကျမ်းစာလေ့လာဖို့ အထောက်အကူပြုတဲ့ စာအုပ်နှစ်အုပ် ယူထားလိုက်တယ်။ စာအုပ် နှစ်အုပ်စလုံးကို ဖတ်ပြီးသွားတဲ့အခါ ကျမ်းစာ လေ့လာဖို့ သက်သေခံတွေ ကမ်းလှမ်းတာကို လက်ခံလိုက်တယ်။ သူတို့က ကျွန်တော့်ကို ဘုရားသခင်ဆီ ဆုတောင်းဖို့ အားပေးခဲ့ကြတယ်။

ဘုရားသခင် ကျွန်တော့်ကို ဂရုစိုက်တယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်

ကျမ်းစာလေ့လာနေရင်းနဲ့ ကျွန်တော်သိချင်တဲ့ မေးခွန်းတွေရဲ့အဖြေတွေကို သိလာခဲ့တယ်။ ဘုရားသခင် ကျွန်တော့်ကို ဂရုစိုက်တယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်။ ကျမ်းစာလေ့လာတာ နှစ်နှစ်အကြာဖြစ်တဲ့ ၁၉၉၇၊ စက်တင်ဘာ ၁၃ ရက်နေ့မှာ အိမ်က ရေချိုးကန်ထဲမှာ နှစ်ခြင်းခံခဲ့တယ်။ အဲဒီနေ့ကတော့ ကျွန်တော့်ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ပါပဲ။

၂၀၀၇ ခုနှစ်ရောက်တော့ ဘူဒါပတ်စ်မြို့က မသန်စွမ်းသူတွေနေတဲ့ဂေဟာမှာ အပြီးပြောင်းနေလိုက်တယ်။ အဲဒီလို ပြောင်းရွှေ့လိုက်တဲ့အတွက် ကျွန်တော်သိထားတဲ့ အလွန်ကောင်းတဲ့ အကြောင်းအရာတွေကို တခြားသူတွေကို ဝေမျှခွင့်ရခဲ့တယ်။ ကျွန်တော့် မေးစေ့နဲ့ ထိန်းနိုင်ပြီး စက်တပ်ထားတဲ့ ဘီးတပ်ကုလားထိုင်နဲ့ ရာသီဥတုကောင်းတဲ့ နေ့တွေဆိုရင် အိမ်ပြင်ထွက်ပြီးတော့တောင် တခြားသူတွေနဲ့ စကားပြောနိုင်တယ်။

အသင်းတော်က မိသားစုတစ်စုရဲ့ ရက်ရောမှုကြောင့် ကျွန်တော့်ဦးခေါင်း လှုပ်ရှားမှုနဲ့ ထိန်းလို့ရတဲ့ ကွန်ပျူတာတစ်လုံးလည်း ကျွန်တော့်မှာ ရှိလာတယ်။ အသင်းတော်က ညီအစ်ကိုညီအစ်မတွေက ကျမ်းစာသတင်း သွားပြောတဲ့အခါ အိမ်တွေမှာ အိမ်ရှင်တွေကို မတွေ့ခဲ့ဘူးဆိုရင် ကျွန်တော်က အဲဒီကွန်ပျူတာသုံးပြီး အဲဒီအိမ်တွေကို အင်တာနက်ကတစ်ဆင့် ဖုန်းဆက်တယ်၊ စာပို့ပေးတယ်။ အဲဒီနည်းတွေနဲ့ တခြားသူတွေကို ကူညီပေးတဲ့အတွက် ကျွန်တော့်ရဲ့ စကားပြောအရည်အသွေး တော်တော်လေး တိုးတက်လာတယ်၊ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်မနေစေဖို့ အကူအညီဖြစ်ခဲ့တယ်။

ဦးခေါင်းလှုပ်ရှားမှုနဲ့ ထိန်းလို့ရတဲ့ ကွန်ပျူတာသုံးပြီး အင်တာနက်ကတစ်ဆင့် သမ္မာကျမ်းစာသတင်းကိုဝေမျှနေ

ခရစ်ယာန်အစည်းအဝေးတွေကိုလည်း ကျွန်တော်တက်နိုင်တယ်။ ဝတ်ပြုရာ ခန်းမရောက်ပြီဆိုရင် ညီအစ်ကိုတွေက ပထမထပ်မှာရှိတဲ့ ခန်းမထဲရောက်အောင် ကျွန်တော့်ကို ဂရုတစိုက်နဲ့ သယ်ပို့ပေးကြတယ်။ အစည်းအဝေးမှာ မှတ်ချက်ပေးချင်တယ်ဆိုရင် ကျွန်တော့်ဘေးမှာထိုင်တဲ့ ညီအစ်ကိုက ကျွန်တော့်ကိုယ်စား လက်ထောင်ပေးတယ်။ ကျွန်တော် အဖြေပေးနေတဲ့အခါ သူက ကျွန်တော့်ကျမ်းစာအုပ်၊ လေ့လာနေတဲ့စာပေတွေကို ကျွန်တော်မြင်အောင်ကိုင်ထားပေးတယ်။

အမြဲလိုလိုနာကျင်ကိုက်ခဲနေပြီး အစစအရာရာအားလုံးအတွက် တခြားသူကို မှီခိုနေရလို့ မကြာမကြာ စိတ်ဓာတ်ကျတယ်။ ယေဟောဝါဘုရားသခင်ဆီမှာ ရင်ဖွင့်ရင် ကိုယ်တော်နားထောင်ပေးတယ်ဆိုတာ သိထားတဲ့အတွက် နှစ်သိမ့်မှုခံစားရတယ်။ နောက်ပြီး နေ့တိုင်းကျမ်းစာဖတ်တာနဲ့ ခရစ်ယာန်ညီအစ်ကို ညီအစ်မတွေဆီကနေ ခွန်အားရရှိတယ်။ သူတို့ရဲ့ ခင်မင်ရင်းနှီးမှု၊ စိတ်ပိုင်းထောက်မပေးမှု၊ ဆုတောင်းပေးမှုတွေက ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းနိုင်အောင် ကူညီပေးတယ်။

ကျွန်တော်အလိုအပ်ဆုံးအချိန်တွေမှာ ယေဟောဝါ နှစ်သိမ့်မှုပေးပါတယ်။ ကမ္ဘာသစ်မှာ ပြန်ပြီးကျန်းမာလာမယ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ပေးထားတယ်။ ဒါကြောင့် ကိုယ်တော့်ရဲ့မဟာ မေတ္တာကရုဏာတော်ကြောင့် ကျွန်တော် “လှမ်းသွားလျက်၊ ခုန်ပေါက်လျက် ဘုရားသခင်ကို ချီးမွမ်း” နိုင်တဲ့အချိန်ကို မျှော်လင့်စောင့်စား နေပါတယ်။—တမန်တော် ၃:၆-၉