မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောမ ရေသွယ်တံတားများ—လက်ဖျားခါလောက်တဲ့ အင်ဂျင်နီယာအတတ်ပညာ

ရောမ ရေသွယ်တံတားများ—လက်ဖျားခါလောက်တဲ့ အင်ဂျင်နီယာအတတ်ပညာ

ရှေးခေတ်ကလက်ရာမြောက်တဲ့ အင်ဂျင်နီယာအတတ်ပညာတွေထဲမှာ ရောမရေသွယ်တံတားတွေဟာ အထင်ရှားဆုံးလက်ရာတွေထဲမှာ ပါတယ်။ “သင်သာဆန္ဒရှိမယ်ဆိုရင် ရေအများကြီးသွယ်ပို့ပေးတဲ့ ရေသွယ်တံတား တည်ဆောက်ထားပုံတွေကို နာမည်ကြီးပေမဲ့ အသုံးဝင်မှုမရှိတဲ့ ပိရမစ်ကြီးတွေ၊ ဂရိတွေရဲ့ အနုပညာလက်ရာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ” ဆိုပြီး ရောမမြို့တော်ဝန်၊ သောက်သုံးရေဖြန့်ဝေ ပေးရေးဝန်မင်း ဆက်စ်တပ်စ် ယူး လီယက်စ် ဖွန်တီးနပ်စ် (အေဒီ ၃၅-၁၀၃ခ) ရေးခဲ့တယ်။ *

ရေသွယ်တံတားတွေလိုအပ်ရတဲ့အကြောင်းရင်း

ရှေးခေတ်ကမြို့ကြီးတွေကို ရေအရင်းအမြစ်များစွာ ရရှိနိုင်တဲ့ နေရာအနားမှာ တည်ဆောက်ခဲ့ကြသလို ရောမမြို့လည်း အလားတူ တည်ဆောက်ခဲ့တယ်။ မြို့တည်စက တိုင်ဘာမြစ်နဲ့ အနီးအနားက စမ်းရေတွင်းတွေကနေ ရေအလုံအလောက်ရရှိခဲ့တယ်။ ဒါပေမဲ့ ဘီစီလေးရာစုက စပြီး လူဦးရေအရမ်းများလာတဲ့အတွက် ရေမလုံလောက်တော့ဘူး။

အိမ်အနည်းငယ်လောက်မှာပဲ ရေပိုက်စနစ်ရှိတဲ့အတွက် ရောမတွေဟာ ကိုယ်ပိုင်နဲ့ အများသုံးရေချိုးကန်တွေကို တည်ဆောက်ခဲ့ကြတယ်။ ရောမမြို့က ပထမဦးဆုံး ရေချိုးကန်ဟာ ဘီစီ ၁၉ မှာတည်ဆောက်ခဲ့တဲ့ အကွာရ် ဗာဂို ရေသွယ်တံတားကနေ ရေရရှိတာဖြစ်တယ်။ အဲဒီရေသွယ်တံတားတည်ဆောက်သူဟာ ဆီဇာ ဩဂတ်စတပ်စ်ရဲ့ မိတ်ဆွေရင်းဖြစ်သူ မားကပ်စ် အဂရိပ္ပ ဖြစ်ပြီး သူ့ဘဝတစ်ခုလုံးနီးပါးကို ရောမရေဖြန့်ဝေပေးရေးစနစ် ပြုပြင်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းတွေမှာ မြှုပ်နှံထားခဲ့တယ်။

ရေချိုးကန်တွေဟာ လူမှုအသိုင်းအဝိုင်းမှာ ရေပန်းစား လာပြီး ဥယျာဉ်ကြီးတွေ၊ စာကြည့်တိုက်တွေပါ,ပါတဲ့ ရေချိုးကန်ကြီးတွေ ဖြစ်လာတယ်။ ရေသွယ်တံတားနဲ့ ဆက်ထားပြီး ရေတွေမပြတ်စီးဝင်နေတဲ့အတွက် ရေချိုးလို့ ပြီးသွားရင် ညစ်ပတ်တဲ့ရေတွေ၊ ရေချိုးကန်နဲ့တွဲထားတဲ့ အိမ်သာတွေက အညစ်အကြေးတွေဟာ ရေဆိုးမြောင်းထဲ စီးဝင်သွားတဲ့အတွက် အမြဲသန့်ရှင်းနေတယ်။

တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း

“ရောမရေသွယ်တံတားတွေ” လို့ပြောလိုက်ရင် မုခ်ခုံးတွေနဲ့ဆောက်ထားတဲ့ ပေါင်းကူးတံတားတွေမှာ ရေတွေ စီးဆင်းနေတာကို မြင်ယောင်ပါသလား။ တကယ်တော့ အဲဒီမုခ်ခုံးတံတားတွေဟာ ရေသွယ်မြောင်းအစအဆုံးရဲ့ အရှည်နဲ့စာရင် ၂၀ ရာခိုင်နှုန်းသာဖြစ်ပြီး ကျန်တဲ့အပိုင်းက မြေအောက်ထဲမှာရှိနေတယ်။ ငွေကုန်သက်သာစေတဲ့ အဲဒီပုံစံက ရေသွယ်မြောင်းတွေကို တိုက်စားမှုဒဏ်ကနေ ကာကွယ်ပေးရုံသာမက လယ်ကွင်းတွေ၊ ပတ်ဝန်းကျင် နေရာတွေကို ထိခိုက်မှုလည်း နည်းစေတယ်။ ဥပမာ၊ ဘီစီ ၁၄၀ မှာတည်ဆောက်ပြီးတဲ့ အကွာရ် မာကေး ရေသွယ်တံတားဟာ ၅၇ မိုင်နီးပါးရှည်ပေမဲ့ မုခ်ခုံးတံတား အပိုင်းက ၇ မိုင်လောက်ပဲရှိတယ်။

ရေသွယ်တံတားတစ်ခုကို မတည်ဆောက်ခင် အင်ဂျင်နီယာတွေဟာ ရေရယူမယ့် ရေအရင်းအမြစ်က ရေကြည်မကြည်၊ ရေစီးနှုန်း၊ ရေအရသာ စတာတွေကို သေချာ ဆန်းစစ်ကြတယ်။ အဲဒီရေကို သောက်သုံးနေကြတဲ့ ဒေသခံလူတွေရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ကြည့်ကြတယ်။ နေရာကို သဘောကျပြီဆိုရင် မြေတိုင်းစာရေးတွေက ရေသွယ်ပြွန်အရှည်၊ အရွယ်အစား အပါအဝင် ဖောက်မယ့်လမ်းကြောင်း၊ ဆင်ခြေလျှောပုံစံတွေကို တွက်ချက်ကြတယ်။ ပြီးတော့ ကျွန်တွေကိုသုံးပြီး တည်ဆောက်ခဲ့ကြတယ်။ ရေသွယ်တံတားတစ်ခုပြီးဖို့ နှစ်နဲ့ချီကြာနိုင်ပြီး မုခ်ခုံးပုံစံလုပ်ဖို့ လိုအပ်တယ်ဆိုရင် အကုန်အကျများတတ်တယ်။

ရေသွယ်တံတားတွေကို ပြုပြင်ထိန်းသိမ်းဖို့လည်း လိုတယ်။ တစ်ခါကဆိုရင် ရေသွယ်တံတားတွေ ပြုပြင်ထိန်းသိမ်းဖို့ ရောမမြို့မှာ အလုပ်သမား ၇၀၀ လောက်ကိုအသုံးပြုခဲ့တယ်။ ပုံစံဒီဇိုင်းဆွဲတဲ့အခါ ပြုပြင်ထိန်းသိမ်းရေးအတွက်ပါ ထည့်သွင်းရေးဆွဲကြတယ်။ ဥပမာ၊ မြေအောက်ရေသွယ်ဥမင်ထဲကို လူဆင်းပေါက်ကနေ ဝင်နိုင်တယ်။ ကြီးကြီးမားမားပြုပြင်ဖို့လိုအပ်ရင် ပြုပြင်ရမယ့်အပိုင်းဘက် ရေမဝင်အောင် တခြားဘက်ကို ယာယီရေလမ်းကြောင်း လွှဲထားနိုင်တယ်။

ရောမမြို့တွင်း ရေသွယ်တံတားများ

အေဒီတတိယရာစုအစောပိုင်း ရောက်တဲ့အခါ ရောမမြို့ထဲမှာ ရေသွယ်တံတား ၁၁ ခုကို အသုံးပြုနေပါပြီ။ အကွာရ် အက်ပီယာကို ဘီစီ ၃၁၂ မှာ ပထမဆုံးတည်ဆောက်ခဲ့ပြီး ၁၀ မိုင်ကျော်ရှည်ပေမဲ့ ရေသွယ်ပြွန်တစ်လျှောက်လုံးနီးပါးက မြေအောက်ထဲမှာဖြစ်တယ်။ ၄၃ မိုင်လောက်ရှည်တဲ့ အကွာရ် ကလောဒီယာရေသွယ်တံတားရဲ့ အစိတ်အပိုင်းတချို့ဟာ မူလအတိုင်းရှိနေဆဲဖြစ်ပြီး မုခ်ခုံးတံတားအပိုင်းက ၆ မိုင်နီးပါးရှည်ကာ အများစုက ပေ ၉၀ အထိမြင့်တယ်။

ရေသွယ်တံတားတွေက မြို့ထဲကို ရေဘယ်လောက်များများ သွယ်ပို့ပေးသလဲ။ အများကြီးပါပဲ။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ အကွာရ် မာကေးရေသွယ်တံတားက ရောမမြို့ထဲကို နေ့စဉ် ရေကုဗပေ ၆.၇ သန်း သွယ်ပို့ပေးတယ်။ ရေသွယ် တံတားကရေတွေ မြို့ထဲကိုရောက်လာပြီဆိုရင် ပထမဆုံး ရေလှောင်ကန်ကြီးထဲစီးဝင်ပြီး အဲဒီကနေတစ်ဆင့် တခြား ရေလှောင်ကန်ငယ်တွေ၊ ရေအသုံးပြုဖို့လိုတဲ့ နေရာတွေကို ဖြန့်ဝေပေးပါတယ်။ ရောမတွေရဲ့ရေဖြန့်ဝေမှုစနစ်ကြောင့် လူတစ်ယောက်ဟာ တစ်ရက်ကို ရေ ၂၆၅ ဂါလံအထိ ရနိုင်တယ်လို့ တချို့ကခန့်မှန်းကြတယ်။

ရောမအင်ပါယာ ကြီးထွားလာတာနဲ့အမျှ “ရောမတွေရောက်တဲ့ နေရာတိုင်းမှာ ရေသွယ်တံတားတွေလည်း ရောက်လာကြတယ်” လို့ စာအုပ်တစ်အုပ် (Roman Aqueducts & Water Supply) မှာ ဖော်ပြထားတယ်။ ဒါကြောင့် အာရှမိုင်းနား၊ ပြင်သစ်၊ စပိန်၊ အာဖရိကမြောက်ပိုင်းကို ရောက်လာကြတဲ့ ခရီးသွားဧည့်သည်တွေဟာ ရေသွယ်တံတားတွေရဲ့ လက်ဖျားခါလောက်တဲ့ ရှေးခေတ် အင်ဂျင်နီယာအတတ်ပညာကို အံ့သြမှင်သက်နေကြဆဲပါပဲ။

^ စာပိုဒ်၊ 2 ရောမတွေဟာ ပထမဆုံး ရေသွယ်မြောင်းတည်ဆောက်သူတွေတော့ မဟုတ်ဘူး။ အဆီးရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ ပါးရှားစတဲ့ ရှေးခေတ်လူမျိုးတွေဟာ ရောမတွေထက်အရင် တည်ဆောက်ခဲ့ကြတယ်။