မျက်နှာဖုံးအကြောင်းအရာ
သမ္မာကျမ်းစာဟာ ဒီနေ့ခေတ်မှာ လက်တွေ့ကျသေးရဲ့လား
‘ကျွန်တော့်ဘဝမှာ ပထမဦးဆုံးအကြိမ် ပျော်ရွှင်ခဲ့ရတယ်။’
ဟေလ်တန်က လက်ဝှေ့ထိုးရတာ ဝါသနာပါတယ်။ အသက်ခုနစ်နှစ်ကစပြီး ကြိုးဝိုင်းထဲမှာရော ကြိုးဝိုင်းအပြင်မှာပါ လူတွေကို ထိုးကြိတ်ခဲ့တယ်။ အထက်တန်းကျောင်းတက်တုန်းကဆိုရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ဘယ်သူ့ကို ထိုးကြိတ်ရမလဲဆိုတာကိုပဲ လိုက်ရှာတယ်။ “ကျွန်တော် ခိုးတယ်၊ လောင်းကစားလုပ်တယ်၊ ညစ်ညမ်းရုပ်ပုံတွေကို ကြည့်တယ်၊ အမျိုးသမီးတွေကိုလည်း လိုက်နှောင့်ယှက်တယ်၊ မိဘတွေကို ပြန်ဆဲတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ပြင်ပေးလို့မရတဲ့ အပေအတေတစ်ယောက်လို့ သတ်မှတ်ထားတယ်။ အထက်တန်းကျောင်းပြီးတာနဲ့ အိမ်ကနေဆင်းသွားခဲ့တယ်” လို့ သူပြောပြတယ်။
၁၂ နှစ်ကြာပြီးနောက် ဟေလ်တန် အိမ်ပြန်လာတဲ့အခါ သူက အေးဆေးတည်ငြိမ်ပြီး ယဉ်ကျေးလာတဲ့အတွက် သူ့မိဘတွေက သူ့ကို ဒါ ငါတို့သားမှ ဟုတ်ရဲ့လားဆိုပြီး မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ ဘာက သူ့ကို အံ့အားသင့်စရာကောင်းလောက်အောင် ပြောင်းလဲသွားစေတာလဲ။ သူ အဝေးမှာရောက်နေတုန်း သူ့ဘဝနဲ့ပတ်သက်ပြီး ငါဘယ်ကိုဦးတည်နေတာလဲလို့ အလေးအနက် စဉ်းစားမိတယ်။ သူ့ဘဝလမ်းစဉ်ကိုပြောင်းလဲဖို့ အကူအညီရလိုရငြားဆိုပြီး သမ္မာကျမ်းစာကို လေ့လာကြည့်တယ်။ ဟေလ်တန်က “ကျမ်းစာကနေသိလာတဲ့အတိုင်း ကျွန်တော် လိုက်လုပ်တယ်။ ဒါကြောင့် ကျွန်တော် ပြောင်းလဲသွားတာ။ မိဘကို ရိုသေပါလို့ ဧဖက် ၆:၂၊ ၃ မှာ ဖော်ပြထားတဲ့အတိုင်း လိုက်လုပ်ခဲ့တယ်။ အဲဒီတော့မှ ကျွန်တော့်ဘဝမှာ ပထမဦးဆုံးအကြိမ် ပျော်ရွှင်ခဲ့ရတယ်၊ မိဘနှစ်ပါးကိုလည်း စိတ်ဆင်းရဲစေမယ့်အစား စိတ်ချမ်းသာစေတယ်” ဆိုပြီး ပြောပြတယ်။
ဟေလ်တန်ရဲ့အဖြစ်အပျက်က သမ္မာကျမ်းစာစံနှုန်းတွေဟာ လက်တွေ့ကျပြီး ပြုပြင်ပြောင်းလဲစေနိုင်တဲ့ တန်ခိုးရှိတယ်ဆိုတာကို အထင်အရှား ဖော်ပြတယ်။ (ဟေဗြဲ ၄:၁၂) ကျမ်းစာစံနှုန်းတချို့ဖြစ်တဲ့ ရိုးသားခြင်း၊ ချုပ်တည်းခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းတို့ဟာ ဘယ်လောက် အဓိပ္ပာယ်ပြည့်ဝပြီး အကျိုးပြုတယ်ဆိုတာကို သုံးသပ်ကြည့်ရအောင်။