မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | လူငယ်များ

အထီးကျန်မှုကို လက်တွေ့ဖြေရှင်းနိုင်ပုံ

အထီးကျန်မှုကို လက်တွေ့ဖြေရှင်းနိုင်ပုံ

အခက်အခဲ

“ကျွန်မမှာ သူငယ်ချင်းနှစ်ယောက်ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ပဲ သွားအတူ၊ လာအတူလုပ်ပြီး ကျွန်မကိုတော့ ပယ်ထားကြတယ်။ သူတို့တွေ တစ်တွဲတွဲရှိနေတာကို အမြဲလိုလို ကြားတယ်။ တစ်ခါမှာ၊ သူတို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့အိမ်ကို ဖုန်းဆက်တဲ့အခါ နောက်တစ်ယောက်ကလည်း အဲဒီမှာ ရောက်နေတယ်။ သူတို့အိမ်က တခြားတစ်ယောက်ဖုန်းလာကိုင်တော့ အနောက်မှာ သူတို့နှစ်ယောက် စကားပြောပြီး ရယ်နေကြတာကို ဖုန်းထဲကနေ ကြားလိုက်ရတယ်။ ပျော်ရွှင်မှုဆိုတာ ကျွန်မအတွက်တော့ အပြောသက်သက်ပဲ။ အဲဒါကြောင့် ကျွန်မပိုပြီး အထီးကျန်တယ်လို့ ခံစားရတယ်။”—မာရီယာ။ *

အပယ်ခံရတယ်၊ အထီးကျန်တယ်လို့ ခံစားဖူးသလား။ ခံစားဖူးတယ်ဆိုရင် သင့်ကို အကူအညီဖြစ်စေနိုင်တဲ့ အကြံဉာဏ်ကောင်းတွေ သမ္မာကျမ်းစာထဲမှာ ရှိပါတယ်။ အရင်ဆုံး အထီးကျန်ဆန်တာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်ရာတချို့ကို သုံးသပ်ကြည့်ရအောင်။

သိသင့်သိထိုက်ရာ

လူတိုင်းလိုလို အထီးကျန်တယ်လို့ ခံစားဖူးပါတယ်။ ထင်ပေါ်နေပုံရတဲ့သူတွေလည်း အထီးကျန်တာကို ခံစားဖူးတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ လူတစ်ယောက်အထီးကျန်တယ်၊ မကျန်ဘူးဆိုတာက သူငယ်ချင်း ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မမူတည်ဘူး၊ သူငယ်ချင်းကောင်း ရှိမရှိဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ ထင်ပေါ်နေပုံရတဲ့သူတွေရဲ့ဘေးမှာ လူတွေ ဝိုင်းဝိုင်းလည်နေပေမဲ့ သူတို့မှာ သူငယ်ချင်းကောင်းမရှိဘူး။ အဲဒါကြောင့် အထီးကျန်မှု ခံစားရတာပါ။

အထီးကျန်တာက ကျန်းမာရေးကို ထိခိုက်စေတယ်။ လူမှုဆက်ဆံရေးသိပ်မရှိတဲ့သူတွေဟာ အရွယ်မတိုင်ခင် အသက်ဆုံးရှုံးကြတယ်၊ သူတို့ရဲ့ကျန်းမာရေးအခြေအနေဟာ “အဝလွန်တဲ့သူထက် နှစ်ဆအသက်အန္တရာယ်ပိုများသလို တစ်နေ့ကို ဆေးလိပ် ၁၅ လိပ်သောက်တာနဲ့ သွားညီမျှတယ်” လို့ သုတေသီတွေရဲ့ လေ့လာချက် ၁၄၈ ခုအရ သိရတယ်။

အထီးကျန်တာက ကိုယ့်ရဲ့ပျော့ကွက် ဖြစ်သွားနိုင်တယ်။ အထီးကျန်စိတ်ကြောင့် ကိုယ့်ကို သူငယ်ချင်းအဖြစ် လက်ခံမယ့်သူ ဘယ်သူမဆိုနဲ့ ပေါင်းတယ်။ “အထီးကျန်တဲ့အခါ တခြားသူတွေရဲ့ ဂရုစိုက်မှုကို အရမ်းတောင့်တမိတယ်။ ဒါကြောင့် လုံးဝဂရုစိုက်မခံရတာထက်စာရင် ဘယ်သူ့ဆီကပဲရရ ပိုကောင်းပါတယ်လို့ စပြီးတွေးလာနိုင်တယ်။ အဲဒါက ပြဿနာတွေကို ဦးတည်စေတယ်” လို့ အယ်လန်ကပြောတယ်။

နည်းပညာဟာ အထီးကျန်စိတ်ကို အမြဲတမ်းတော့ မသက်သာစေပါဘူး။ “ကျွန်မ တစ်နေ့ကို သူငယ်ချင်းအယောက် တစ်ရာဆီ အီးမေးလ်ပို့နိုင်ပေမဲ့လည်း မယုံနိုင်လောက်အောင် ဆက်ပြီး အထီးကျန်နေတုန်းပဲ” လို့ အမျိုးသမီးငယ် နတ်တလီ ပြောပြတယ်။ အဲဒီလိုပဲခံစားဖူးတဲ့ လူငယ်လေး တီလာလည်း ဒီလိုပြောပြတယ်– “စာတိုပို့တာဟာ သွားရည်စာ စားတာနဲ့တူတယ်။ လူချင်းတွေ့ပြီး စကားပြောရတာဟာ ထမင်းစားရသလိုပဲ။ သွားရည်စာ စားတာ ကောင်းပါတယ်၊ ဒါပေမဲ့ အာသာပြေဖို့ဆိုရင်တော့ ထမင်းစားဖို့ လိုတယ်။”

လုပ်ဆောင်နိုင်ရာ

အကောင်းဘက်ကို တွေးပါ။ ဥပမာ၊ ဓာတ်ပုံတွေတင်ထားတဲ့ ဝက်ဘ်ဆိုက်ထဲဝင်ကြည့်တဲ့အခါ ကိုယ်အဖိတ်မခံရတဲ့ ပါတီပွဲတစ်ခုမှာ ရိုက်ထားတဲ့ သူငယ်ချင်းတွေရဲ့ပုံကို တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ငါ့ကို တမင်မဖိတ်ဘဲထားတယ်လို့ ကောက်ချက်ချနိုင်တယ်၊ ဒါမှမဟုတ် အကောင်းဘက်ကိုလည်း တွေးပေးနိုင်တယ်။ အခြေအနေအားလုံးကို ကိုယ်မှ မသိနိုင်တာ၊ ဘာကြောင့် အပျက်သဘောမြင်မလဲ။ ဒါကြောင့် အကောင်းဘက်ကိုပဲ တွေးလိုက်ပါ။ အထီးကျန်တယ်လို့ခံစားရတာဟာ အခြေအနေပေါ်မှာ မူမတည်ဘဲ ကိုယ့်ရဲ့အမြင်အပေါ်မှာပဲ မူတည်တယ်။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၅:၁၅

သိမ်းကျုံးပြောတာမျိုးကို ရှောင်ပါ။ ကိုယ်က အထီးကျန်နေတဲ့အခါ “ငါ့ကို သူတို့ ဘယ်တော့မှ မဖိတ်ဘူး၊ အမြဲတမ်း ဖယ်ထားကြတယ်” လို့ စဉ်းစားမိနိုင်တယ်။ အဲဒီလိုအမြင်ရှိရင် ပိုအထီးကျန်ပါလိမ့်မယ်။ ဒီလိုနဲ့ လူတွေက ကိုယ့်ကိုပယ်ထားတယ်လို့ထင်၊ အဲဒီလိုထင်တော့ သူတို့နဲ့ ခပ်ခွာခွာနေ၊ ခပ်ခွာခွာနေတော့ ပိုပြီးအထီးကျန်၊ အထီးကျန်တော့ ပယ်ထားတယ်လို့ ခံစားရပြီး အထီးကျန်မှုဆိုတဲ့ ဝဲဂယက်ထဲကနေ မရုန်းထွက်နိုင်တော့ဘူး။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၈:၁

ကိုယ်ထက်အသက်ကြီးသူတွေနဲ့လည်း မိတ်ဆွေဖွဲ့ပါ။ ဒါဝိဒ်က ယောနသန်နဲ့ စတွေ့တဲ့အချိန်မှာ သူက ဆယ်ကျော်သက်ဖြစ်ပြီး ယောနသန်က သူ့ထက်အသက် ၃၀ ပိုကြီးတယ်။ သူတို့နှစ်ယောက်ဟာ သက်တူရွယ်တူ မဟုတ်ပေမဲ့ အင်မတန် ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာကြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဓမ္မရာဇ၀င် ၁၈:၁) သင်လည်း အဲဒီလိုလုပ်နိုင်ပါတယ်။ “ကိုယ့်ထက် အသက်ကြီးတဲ့ သူငယ်ချင်းရှိတာ ဘယ်လောက်ကောင်းသလဲဆိုတာ မကြာသေးခင်ကမှ နားလည်လာတယ်။ တချို့ဆို ကျွန်မထက် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်ထက်မက ပိုကြီးတယ်။ သူတို့ရဲ့ တည်ငြိမ်ရင့်ကျက်မှုကို ကျွန်မ သိပ်သဘောကျတာပဲ” ဆိုပြီး ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကီယားရာ ပြောပြတယ်။—ကျမ်းစာအကြံပြုချက်– ယောဘ ၁၂:၁၂

တစ်ကိုယ်တည်းရှိနေချိန်ရဲ့ အကျိုးကျေးဇူးကိုလည်း တန်ဖိုးထားပါ။ တချို့သူတွေက တစ်ယောက်တည်းဖြစ်ပြီဆိုတာနဲ့ အထီးကျန်တယ်လို့ ခံစားကြရတယ်။ ဒါပေမဲ့ တစ်ယောက်တည်းရှိနေတာနဲ့ပဲ အထီးကျန်တယ်လို့ ခံစားဖို့မလိုပါဘူး။ ဥပမာ၊ ယေရှုက လူတွေနဲ့လည်း ပေါင်းသင်းတယ်၊ တစ်ကိုယ်တည်းရှိနေတဲ့အချိန်ကိုလည်း တန်ဖိုးထားတယ်။ (မဿဲ ၁၄:၂၃; မာကု ၁:၃၅) သင်လည်း အဲဒီလို လုပ်နိုင်ပါတယ်။ ငါ အထီးကျန်နေပါလားဆိုပြီး အပျက်သဘောမြင်မယ့်အစား တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ်ရထားတဲ့ကောင်းချီးတွေကို ရေတွက်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် သင်ဟာ တခြားသူတွေခင်ချင်တဲ့ သူငယ်ချင်း တစ်ယောက် ဖြစ်လာပါလိမ့်မယ်။—သုတ္တံ ၁၃:၂၀

^ အပိုဒ်၊ 4 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။