မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတိတ်မှပုံရိပ်များ

အယ်လ် ကွာရီဇမီ

အယ်လ် ကွာရီဇမီ

စားသောက်ကုန်တွေရဲ့ အလေးချိန်နဲ့ တန်ဖိုးကို ချိန်တွယ်၊ တွက်ချက်တဲ့အခါ လူအတော်များများက ဟိန္ဒူ-အာရဗီ ကိန်းဂဏန်းတွေကို သုံးကြတယ်။ “ဟိန္ဒူ–အာရဗီ” လို့ ဘာကြောင့် ပြောတာလဲ။ သုညကနေ ကိုးအထိ အသုံးပြုတဲ့ ခေတ်သစ်ကိန်းဂဏန်းရေတွက်မှုစနစ်ဟာ အိန္ဒိယနိုင်ငံကနေ အခြေပြုလာပုံရတယ်။ အဲဒါကို အလယ်ခေတ် အာရဗီပညာရှင်တွေက ရေးသားပြုစုခဲ့ကြပြီး နောက်ပိုင်း အနောက်တိုင်းကို ရောက်သွားတယ်။ အဲဒီပညာရှင်တွေထဲက အထင်ရှားဆုံးသူကတော့ မိုဟာမက် အီဘင် မူဆာ အယ်လ် ကွာရီဇမီ ဖြစ်ပါတယ်။ ဥဇဘတ်ကစ္စတန်နိုင်ငံမှာ အေဒီ ၇၈၀ လောက်တုန်းက မွေးဖွားခဲ့ပုံရတယ်။ သူ့ကို “အာရဗီသင်္ချာဘာသာရပ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ” လို့ ခေါ်ကြတယ်။ ဘာကြောင့် အဲဒီလို ခေါ်ကြတာလဲ။

“အာရဗီသင်္ချာဘာသာရပ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ”

အယ်လ် ကွာရီဇမီဟာ ဒသမကိန်းတွက်နည်းရဲ့ လက်တွေ့အကျိုးရှိပုံအကြောင်း ရေးသားခဲ့တယ်၊ သင်္ချာပြဿနာတွေအတွက် ဖြေရှင်းနည်းတစ်ခုကို ရှင်းပြပေးခဲ့ပြီး လူသုံးများလာအောင် လုပ်ခဲ့တယ်။ အဲဒီတွက်နည်းကို သူရေးသားခဲ့တဲ့ စာအုပ် (The Book of Restoring and Balancing) မှာ ရှင်းပြပေးထားတယ်။ အာရဗီစကားနဲ့ဆိုရင် စာအုပ်ခေါင်းစဉ်က ကီတာ့ပ် အယ်လ်ဂျာဘရာ ဝဲလ် မူကာဘာလာဖြစ်ပြီး အဲဒီမှာပါတဲ့ အယ်လ်ဂျာဘရာကနေ အင်္ဂလိပ် စကားလုံး အယ်လ်ဂျီဘရာ (အက္ခရာသင်္ချာ) ဆင်းသက်လာတာဖြစ်တယ်။ အက္ခရာသင်္ချာဟာ “သင်္ချာနဲ့ပတ်သက်ပြီး တီထွင်ဖန်တီးခဲ့သမျှမှာ အရေးအပါဆုံးဖြစ်ပြီး သိပ္ပံနဲ့ဆိုင်တဲ့ ကိစ္စရပ်တိုင်းကိုလည်း ထောက်ပံ့ပေးတယ်” လို့ သိပ္ပံစာရေးဆရာ အက်ဆန် မာဆွတ် ရေးသားခဲ့တယ်။ *

“ခေတ်အဆက်ဆက်က အထက်တန်းကျောင်းသားတွေက [အယ်လ် ကွာရီဇမီ] သာ လျှာမရှည်ခဲ့ရင် ကောင်းသား ဆိုပြီး ပြောကြတယ်” လို့ စာရေးဆရာ တစ်ယောက်က ဟာသနှောပြီး ပြောခဲ့တယ်။ ဒါပေမဲ့ အယ်လ် ကွာရီဇမီရဲ့ ရည်ရွယ်ချက်ကတော့ မြေတိုင်းရာမှာ၊ အမွေခွဲရာမှာ၊ ကုန်သွယ်ရာမှာနဲ့ တခြားအရာတွေကို တွက်ချက်တဲ့အခါ လွယ်ကူစေဖို့ ဖြစ်တယ်။

နှစ်ရာနဲ့ချီကြာပြီးနောက် အယ်လ် ကွာရီဇမီရဲ့ သင်္ချာညီမျှခြင်းတွက်နည်း ရှင်းပြချက်ကြောင့် ဂယ်လီလီယိုနဲ့ ဖီဘိုနာချီအပါအဝင် အနောက်တိုင်း သင်္ချာ ပညာရှင်တွေဟာ သူ့ကို အထင်ကြီးလေးစားကြတယ်။ အယ်လ် ကွာရီဇမီရဲ့ ရှင်းပြချက်တွေကြောင့် အက္ခရာသင်္ချာ၊ ဂဏန်းသင်္ချာ၊ တြိဂိုနော်မေတြီ (တြိဂံနဲ့ပတ်သက်တဲ့ သင်္ချာ) စတဲ့ပညာရပ်တွေအတွက် လမ်းပွင့်သွားတယ်။ အရှေ့အလယ်ပိုင်းက ပညာရှင်တွေက တြိဂိုနော်မေတြီပညာရပ်ကြောင့် တြိဂံရဲ့ အနား၊ ထောင့်တွေတန်ဖိုးကို တွက်ချက် လာနိုင်ကြသလို ကြယ်၊ နက္ခတ်တွေကို လေ့လာရာမှာလည်း အထောက်အကူပြုတယ်။ *

အက္ခရာသင်္ချာ– “သင်္ချာနဲ့ပတ်သက်ပြီး တီထွင်ဖန်တီးခဲ့သမျှမှာ အရေးအပါဆုံးဖြစ်”

အယ်လ် ကွာရီဇမီရဲ့ ရှင်းပြချက်ကို သုံးကြတဲ့သူတွေဟာ ဒသမကိန်းတွက်နည်းအသစ်တွေနဲ့ ထုထည်နဲ့ဧရိယာကို တွက်ချက်နိုင်တဲ့နည်းအသစ်တွေကို တီထွင်နိုင်ခဲ့ကြတယ်။ အရှေ့အလယ်ပိုင်း ဗိသုကာပညာရှင်တွေနဲ့ ဆောက်လုပ်ရေးသမားတွေဟာ သူတို့နဲ့တစ်ခေတ်တည်းသား အနောက်တိုင်းသားတွေ မသုံးခင် အချိန်တော်တော်ကြာကတည်းက အဲဒီနည်းပညာကို အသုံးပြုနှင့်ပြီးဖြစ်တယ်။ အနောက်တိုင်းသားတွေဟာ ခရူးဆိတ်စစ်ပွဲအတွင်း အဲဒီနည်းပညာအကြောင်းသိလာကြတယ်။ ပညာတတ် မွတ်ဆလင်သုံ့ပန်းတွေနဲ့ ပြောင်းရွှေ့နေထိုင်သူတွေဆီကနေ အဲဒီနည်းတွေကို သင်ယူတတ်မြောက်လာကြတယ်။

အာရဗီသင်္ချာ ပျံ့နှံ့လာ

နောက်ပိုင်းမှာ အယ်လ် ကွာရီဇမီရဲ့ စာအုပ်ကို လက်တင်ဘာသာနဲ့ ပြန်ဆိုခဲ့တယ်။ ပီဆာမြို့သား လီယိုနာဒို လို့သိကြတဲ့ အီတလီလူမျိုး အနောက်တိုင်း သင်္ချာပညာရှင် ဖီဘိုနာချီ (အေဒီ ၁၁၇၀-၁၂၅၀) ဟာ ရိုးရှင်းတဲ့ ဟိန္ဒူ–အာရဗီ ကိန်းဂဏန်းတွေကို လူသိများအောင်လုပ်ပေးခဲ့တဲ့သူလို့ အသိအမှတ်ပြုကြတယ်။ မြေထဲပင်လယ်ဒေသကို သွားပြီး အဲဒီကိန်းဂဏန်းတွေကို လေ့လာခဲ့တယ်၊ ပြီးတော့ စာအုပ်တစ်အုပ် (The Book of Calculation) ရေးသားပြုစုခဲ့တယ်။

အယ်လ် ကွာရီဇမီရဲ့ ရှင်းပြချက်ဟာ ရာစုနှစ်နဲ့ချီကြာမှ လူသိများလာတယ်။ သူ့ရဲ့တွက်နည်းတွေ၊ အဲဒါနဲ့ဆက်စပ်နေတဲ့ သင်္ချာဘာသာရပ်တွေဟာ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းမှာသာမက သိပ္ပံနဲ့နည်းပညာအတွက်ပါ မရှိမဖြစ် လိုအပ်တယ်။

^ အပိုဒ်၊ 5 ခေတ်သစ် အက္ခရာသင်္ချာမှာ x ဒါမှမဟုတ် y ကို မသိကိန်းအဖြစ် ထားလေ့ရှိတယ်။ ဥပမာ၊ x + 4 = 6 ဆိုတဲ့ ပုစ္ဆာမှာ x ရဲ့တန်ဖိုးကို သိအောင် ညီမျှချင်းတစ်ဖက်ကို လာပြီး 6 ထဲကနေ 4 ကို နုတ်လိုက်ရင် x ရဲ့တန်ဖိုးဟာ 2 ဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

^ အပိုဒ်၊ 7 ဂရိနက္ခတ္တဗေဒပညာရှင်တွေဟာ တြိဂံရဲ့အနား၊ ထောင့်တွေရဲ့တန်ဖိုးကို စပြီး တွက်ချက်ခဲ့သူတွေ ဖြစ်တယ်။ အစ္စလာမ်မစ် ပညာရှင်တွေဟာ တြိဂိုနော်မေတြီပညာရပ်ကို အသုံးပြုပြီး မက္ကာမြို့တော်ရှိတဲ့အရပ်ကို ဆုံးဖြတ်ကြတယ်။ မွတ်ဆလင်တွေဟာ မက္ကာမြို့တော်ဘက်ကို မျက်နှာမူပြီး ဝတ်ပြုဆုတောင်းကြတယ်။ ထုံးတမ်းအစဉ်လာအရ လူသေတွေကို မက္ကာမြို့တော်ဘက်ကို မျက်နှာမူပြီး မြေမြှုပ်သင်္ဂြိုဟ်ပေးရတယ်၊ ပြီးတော့ မွတ်စလင် သားသတ်သမားတွေဟာ အစားအစာရဖို့ သားသတ်တဲ့အခါ မက္ကာမြို့တော်ဘက် မျက်နှာမူပြီး သတ်ကြရတယ်။