သမ္မာကျမ်းစာရှုထောင့်
အိမ်ထောင်ရေးဖောက်ပြန်မှု
အိမ်ထောင်ရေးသစ္စာရှိတာက ကောင်းတယ်လို့ ပြောကြပေမဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် မိသားစုအတော်များများမှာ အကြီးအကျယ် ပြဿနာတက်နေတယ်။
အိမ်ထောင်ရေးဖောက်ပြန်မှုဆိုတာ ဘာလဲ
လူအများပြောဆိုရာ–
တချို့ယဉ်ကျေးမှုတွေမှာ အထူးသဖြင့် အိမ်ထောင်သည်ယောက်ျားတွေက ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူနဲ့ သံဝါသပြုတာဟာ မမှားဘူးလို့ သတ်မှတ်တယ်။ တချို့ကတော့ အိမ်ထောင်ရေးကို ရာသက်ပန်နှောင်ကြိုးလို့ မယူမှတ်ကြဘူး။
သမ္မာကျမ်းစာပြောဆိုရာ–
ကျမ်းစာအရ အိမ်ထောင်ရေးဖောက်ပြန်မှုဆိုတာဟာ အိမ်ထောင်သည်တစ်ယောက်က ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူနဲ့ အလိုတူ အလိုပါ ကာမဆက်ဆံတာကို ရည်ညွှန်းတယ်။ (ယောဘ ၂၄:၁၅; သုတ္တံ ၃၀:၂၀) အိမ်ထောင်ရေးဖောက်ပြန်မှုကို ဘုရားသခင်က စက်ဆုပ်ရွံရှာဖွယ်ရာအဖြစ် ရှုမြင်ပါတယ်။ ရှေးအစ္စရေးအချိန်တုန်းကဆိုရင် အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် အပြစ်ဒဏ်ဟာ သေဒဏ်ပဲ။ (ဝတ်ပြုရာ ၁၈:၂၀၊ ၂၂၊ ၂၉) ယေရှုက တပည့်တွေကို အိမ်ထောင်ရေး မဖောက်ပြန်ဖို့ မိန့်မှာခဲ့တယ်။—မဿဲ ၅:၂၇၊ ၂၈; လုကာ ၁၈:၁၈-၂၀။
ဘာကြောင့် အရေးကြီးတာလဲ–
အိမ်ထောင်ရေးဖောက်ပြန်မှုက အိမ်ထောင်ပြုချိန်မှာ တစ်ဦးကိုတစ်ဦး ပေးခဲ့တဲ့ ကတိသစ္စာကိုချိုးဖောက်ခြင်း ဖြစ်တယ်။ အဲဒါက “ဘုရားသခင်ကို ပြစ်မှား” ရာလည်း ရောက်တယ်။ (ကမ္ဘာဦး ၃၉:၇-၉၊ ခမ) မိဘနဲ့ သားသမီးတွေကိုလည်း တကွဲတပြား ဖြစ်သွားစေနိုင်တယ်။ အဲဒီအပြင်၊ “အိမ်ထောင်ရေး ဖောက်ပြန်သူကို ဘုရားသခင် စီရင်တော်မူလိမ့်မည်” လို့ ကျမ်းစာမှာ သတိပေးထားတယ်။—ဟေဗြဲ ၁၃:၄။
“လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။ မင်္ဂလာအိပ်ရာကို မညစ်ညူးစေနှင့်။”—ဟေဗြဲ ၁၃:၄။
အိမ်ထောင်ရေးဖောက်ပြန်တာက အိမ်ထောင်ရေးနှောင်ကြိုးကို ပြတ်တောက်သွားစေသလား
သမ္မာကျမ်းစာပြောဆိုရာ–
အိမ်ထောင်နှောင်ကြိုးကို ပြတ်တောက်စေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ကိုယ့်ရဲ့အိမ်ထောင်ဖက် လိင်ကိစ္စဖောက်ပြန်တဲ့အခါမှာ ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (မဿဲ ၁၉:၉) အိမ်ထောင်ဖက်က သစ္စာဖောက်မိသွားတဲ့အခါ ဆက်ပေါင်းမလား၊ ကွာရှင်းမလားဆိုတာကို အပြစ်မရှိတဲ့ အိမ်ထောင်ဖက်က ရွေးချယ်ခွင့်ရှိတယ်။ အဲဒါကတော့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။—ဂလာတိ ၆:၅။
အိမ်ထောင်ရေးဟာ ရာသက်ပန်နှောင်ကြိုးဖြစ်တယ်လို့ ဘုရားသခင် ရှုမြင်တယ်။ (၁ ကောရိန္သု ၇:၃၉) အိမ်ထောင်ဖက်ကို အလိုမကျတာနဲ့ပဲ အသေးအမွှားကိစ္စတွေကို အကြောင်းပြပြီး ကွာရှင်းဖို့ ကြိုးစားတာမျိုးကို ဘုရားသခင် စက်ဆုပ်ရွံရှာတယ်။ ဒါကြောင့် ကွာရှင်းတယ်ဆိုတာဟာ ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။—မာလခိ ၂:၁၆; မဿဲ ၁၉:၃-၆။
“ငါဆိုသည်ကား မတရားမေထုန်ပြုခြင်းမှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကို ကွာရှင်းသူ မည်သူမဆို မိမိမယားကို အိမ်ထောင်ရေးဖောက်ပြန်သူ ဖြစ်စေ၏။”—မဿဲ ၅:၃၂။
အိမ်ထောင်ရေးဖောက်ပြန်ခြင်းဟာ ခွင့်လွှတ်လို့မရနိုင်တဲ့ အပြစ်ကြီးလား
သမ္မာကျမ်းစာပြောဆိုရာ–
မဟုတ်ပါဘူး။ အိမ်ထောင်ရေးဖောက်ပြန်မှုအပါအဝင် ပြုလုပ်ခဲ့မိတဲ့ အပြစ်တွေအတွက် နောင်တရပြီး နောက်နောင် ထပ်မလုပ်ဖြစ်အောင် ကြိုးစားတဲ့သူကို ဘုရားသခင်က ကရုဏာပြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (တမန်တော် ၃:၁၉; ဂလာတိ ၅:၁၉-၂၁) အိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ သူတို့အကျင့်ကို ပြုပြင်ပြောင်းလဲပြီးနောက်မှာ ဘုရားသခင့်မိတ်ဆွေ ဖြစ်လာကြတယ်ဆိုတာကို ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ကောရိန္သု ၆:၉-၁၁။
ရှေးခေတ် အစ္စရေးရှင်ဘုရင် ဒါဝိဒ်ရဲ့ကိစ္စမှာ ဘုရားသခင် ကရုဏာပြခဲ့တာကို အထင်အရှား တွေ့ရတယ်။ ဒါဝိဒ်ဟာ တပ်မှူးတစ်ယောက်ရဲ့ မိန်းမနဲ့ မှားယွင်းခဲ့တယ်။ (၂ ဓမ္မရာဇ၀င် ၁၁:၂-၄) ဘုရားသခင်ဟာ “ဒါဝိဒ်ပြုခဲ့သည့်အမှုကို နှစ်သက်တော်မမူ” ဆိုပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (၂ ဓမ္မရာဇဝင် ၁၁:၂၇၊ ခမ) ဒါဝိဒ်ဟာ ဆုံးမခံရပြီးနောက် နောင်တရကြောင်းပြတာကြောင့် သူ့ကို ဘုရားသခင် ခွင့်လွှတ်ခဲ့တယ်။ ဒါပေမဲ့ သူ့လုပ်ရပ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းဖွယ် အကျိုးဆက်ကိုတော့ ခံစားခဲ့ရတယ်။ ‘အိမ်ထောင်ရေးဖောက်ပြန်သူဟာ ဆင်ခြင်ဉာဏ်မရှိသူပဲ’ လို့ ဘုရင်ရှောလမုန်က နောက်ပိုင်းမှာ ရေးသားခဲ့တယ်။—သုတ္တံ ၆:၃၂၊ ကဘ။
လုပ်ဆောင်နိုင်ရာ–
ကိုယ်က အိမ်ထောင်ရေးဖောက်ပြန်တဲ့သူ ဖြစ်တယ်ဆိုရင် ဘုရားသခင်ဆီကရော ကိုယ့်အိမ်ထောင်ဖက်ဆီကပါ ခွင့်လွှတ်မှုတောင်းခံဖို့ လိုတယ်။ (ဆာလံ ၅၁:၁-၅) အိမ်ထောင်ရေးဖောက်ပြန်တာကို ဘုရားသခင် မုန်းသလို မုန်းတတ်အောင် ကြိုးစားပါ။ (ဆာလံ ၉၇:၁၀) ညစ်ညမ်းရုပ်ပုံစာပေတွေ၊ မတော်မလျော်တာကို စိတ်ကူးယဉ်တာတွေ၊ ပရောပရည်လုပ်တာတွေ၊ ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူ တစ်ယောက်ယောက်ကို စိတ်ဝင်စားမိသွားစေနိုင်တဲ့ ဘယ်အခြေအနေမျိုးကိုမဆို ရှောင်ကြဉ်မယ်လို့ စိတ်ပိုင်း ဖြတ်ထားပါ။—မဿဲ ၅:၂၇၊ ၂၈; ယာကုပ် ၁:၁၄၊ ၁၅။
အိမ်ထောင်ဖက်က သစ္စာဖောက်သွားတယ်ဆိုရင် ကိုယ်ခံစားနေရတာကို ဘုရားသခင် နားလည်စာနာပေးတယ်ဆိုတာ စိတ်ချပါ။ (မာလခိ ၂:၁၃၊ ၁၄) နှစ်သိမ့်အားပေးမှုနဲ့ လမ်းညွှန်မှုရဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းပါ။ ကိုယ်တော် “သင့်ကို မစတော်မူမည်။” (ဆာလံ ၅၅:၂၂) အိမ်ထောင်ဖက်ကို ခွင့်လွှတ်ပြီး ဆက်အတူနေဖို့ ဆုံးဖြတ်တယ်ဆိုရင် အိမ်ထောင်နှောင်ကြိုး ခိုင်မြဲအောင် နှစ်ယောက်စလုံး ကြိုးစားဖို့ လိုပါလိမ့်မယ်။—ဧဖက် ၄:၃၂။
အိမ်ထောင်ရေးဖောက်ပြန်ခဲ့မိတဲ့အတွက် နောင်တ ရကြောင်းတင်ပြသူ ဒါဝိဒ်ကို ‘မင်းကြီးရဲ့အပြစ်ကို ယေဟောဝါဘုရား ခွင့်လွှတ်ပါတယ်’ လို့ ပရောဖက် နာသန်က ပြောခဲ့တယ်။ —၂ ဓမ္မရာဇဝင် ၁၂:၁၃၊ ကဘ။