သမ္မာကျမ်းစာရှုထောင့်
အလုပ်အကိုင်
သမ္မာကျမ်းစာဟာ ရှေးကျတဲ့စာအုပ် ဖြစ်ပေမဲ့ အလုပ်နဲ့ပတ်သက်ပြီး ဖော်ပြထားရာတွေဟာ ကျမ်းစာစရေးတဲ့ အချိန်တုန်းကလိုပဲ အခုအချိန်မှာလည်း လက်တွေ့ကျတယ်။
အလုပ်နဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ဟာ ဘာလဲ
လူအများပြောဆိုရာ
အလုပ်မြဲဖို့ဆိုတာဟာ ဘဝမှာ အရေးအကြီးဆုံးပဲ။ အဲဒီသဘောထားကြောင့် တချို့သူတွေဟာ ကိုယ့်ကျန်းမာရေးနဲ့ မိသားစုကို ဂရုမစိုက်တော့တဲ့အထိ ဖြစ်သွားနိုင်တယ်။
သမ္မာကျမ်းစာပြောဆိုရာ
အလုပ်နဲ့ပတ်သက်ပြီး မျှတတဲ့ အမြင်ရှိဖို့ ကျမ်းစာမှာ အားပေးထားတယ်။ အလုပ်ကြိုးစားတာကို ချီးကျူးထားတယ်၊ ပျင်းရိတာကိုတော့ ပြစ်တင်ထားတယ်။ (သုတ္တံ ၆:၆-၁၁; ၁၃:၄) တစ်ချိန်တည်းမှာ၊ အလုပ်ကိုပဲ အသေအလဲ လုပ်တာကိုတော့ အားမပေးဘူး။ အဲဒီအစား၊ အပန်းဖြေအနားယူဖို့ အားပေး ထားတယ်။ ‘လက်တစ်ဆုပ်စာအနားယူရတာက လက်နှစ်ဆုပ်စာပင်ပင်ပန်းပန်းလုပ်ဆောင်ပြီး လေကိုလိုက်ဖမ်းရတာထက် ပိုကောင်းတယ်’ လို့ ဒေသနာ ၄:၆ [ကဘ] မှာ ဖော်ပြထားတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးနဲ့ မိသားစုကို ဂရုမစိုက်တော့တဲ့အထိ အလုပ်မှာ အာရုံနှစ်ထားလွန်းတာမျိုး၊ အသေအလဲ အလုပ်လုပ်တာမျိုး မဖြစ်သင့်ဘူး။
‘လူတစ်ယောက်အတွက် စားတာ၊ သောက်တာ၊ သူ့ရဲ့ပင်ပင်ပန်းပန်းလုပ်ဆောင်မှုကနေ ပျော်ရွှင်မှုခံစားတာထက်ပိုကောင်းတာ ဘာမှမရှိဘူး။’—ဒေသနာ ၂:၂၄၊ ကဘ။
သင်လုပ်တဲ့ အလုပ်အမျိုးအစားဟာ အရေးကြီးပါသလား
လူအများပြောဆိုရာ
ငွေများများရတဲ့အလုပ်ဟာ အကောင်းဆုံးပဲ။ အဲဒီအတွေးအခေါ်လည်းရှိနေ၊ လွယ်လွယ်နဲ့ ငွေများများရမယ်ဆိုတဲ့ သွေးဆောင်မှုလည်းရှိမယ်ဆိုရင် မရိုးမသား လုပ်မိနိုင်တယ်၊ ဥပဒေနဲ့မညီတာတွေ လုပ်မိနိုင်တယ်။
တခြားသူတွေကျပြန်တော့၊ ‘ကိုယ့်စိတ်ကူးအိပ်မက်မှာရှိတဲ့ အလုပ်ကိုပဲလုပ်၊’ ‘ကိုယ်ဝါသနာပါတာကို လုပ်’ ဆိုတဲ့ အတွေးတွေရှိကြတဲ့အတွက် ကိုယ်ကြိုက်တဲ့ အလုပ်ကိုပဲ ရွေးလုပ်ကြတယ်။ ကိုယ်မျှော်မှန်းထားတဲ့ အလုပ်မဟုတ်ရင် ဒါမှမဟုတ် ကိုယ် “အကြိုက်ဆုံးအလုပ်” မဟုတ်ရင် အဲဒီအလုပ်ကို ပျင်းစရာအလုပ်လို့ ထင်ကြတယ်။ အဲဒါကြောင့် အလုပ်အပေါ် အပျက်သဘောမြင်လာပြီး အလုပ်ကို သာမန်ကာလျှံကာလောက်ပဲ လုပ်တော့တယ်။ ကောင်းတဲ့အလုပ်ရရင်တောင် ကိုယ်နဲ့မတန်ဘူးလို့ သတ်မှတ်ပြီး လက်မခံကြဘူး။
သမ္မာကျမ်းစာပြောဆိုရာ
မရိုးသားတဲ့ အလုပ်၊ သူတစ်ပါးအကျိုးယုတ်စေတဲ့ အလုပ်ကို ကျမ်းစာက မထောက်ခံဘူး။ (ဝတ်ပြုရာ ၁၉:၁၁၊ ၁၃; ရောမ ၁၃:၁၀) ကောင်းတဲ့အလုပ်က သူတစ်ပါးအကျိုးကို ဖြစ်ထွန်းစေသလို စိတ်သန့်ရှင်းကြည်လင်နေစေဖို့လည်း ကူညီပေးတယ်။—၁ ပေတရု ၃:၁၆။
ကိုယ့်စိတ်အလိုဆန္ဒကို ဦးစားထားတာထက် ကိုယ်တိုင်နဲ့ မိသားစုရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးဖို့ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်အတွက် အလုပ်လုပ်တာဖြစ်သင့်တယ်လို့ ကျမ်းစာက သွန်သင်တယ်။ အလုပ်ကနေ ပျော်ရွှင်မှုခံစားချင်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီခံစားချက်ဟာ အဓိကအရာ မဖြစ်သင့်ပါဘူး။
ကုန်ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာတာကြောင့် အဲဒီအတွက် ပူပန်မိပါလိမ့်မယ်။ ဒါပေမဲ့ အလွန်အမင်း မစိုးရိမ်ဖို့ ကျမ်းစာမှာ အားပေးတယ်။ “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်” လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ တိမောသေ ၆:၈) ဒါက အလွန်အမင်း ခြိုးခြံရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ငွေဘယ်လောက် ရှိသလဲ၊ ကိုယ် ဘာလိုအပ်သလဲဆိုတာကို ကောင်းကောင်း ချင့်ချိန်သင့်တယ်။—လုကာ ၁၂:၁၅။
ဆိုလိုတဲ့အရာ
အလုပ်ကို စိတ်ပါဝင်စားစွာ ကြိုးစားလုပ်ပါ။ ကိုယ်လုပ်ချင်တဲ့အလုပ် မဟုတ်ရင်တောင် အဲဒီအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်အောင် ကြိုးစားပါ။ အလုပ်ကြိုးစားရင် အလုပ်မှာ အောင်မြင်မယ်။ အလုပ်ကျွမ်းကျင်လာရင် အလုပ်မှာ ပိုပြီး ပျော်ရွှင်လာပါလိမ့်မယ်။
မျှမျှတတလည်း ရှိသင့်တယ်။ တစ်ခါတစ်ခါ အနားယူ၊ အပန်းဖြေပါ။ ကြိုးစားအလုပ်လုပ်ပြီးနောက် အပန်းဖြေလိုက်တာဟာ တကယ့်ကို အရသာရှိတယ်။ စားဝတ်နေရေးအတွက် အလုပ်လုပ်ခြင်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် ရှိလာစေတယ်၊ မိသားစုအပါအဝင် တခြားသူတွေရဲ့ လေးစားမှုကိုလည်း ရလာစေတယ်။ —၂ သက်သာလောနိတ် ၃:၁၂။
“‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟုဆို၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ . . . ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။”—မဿဲ ၆:၃၁၊ ၃၂။