ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
ကန္တာရပုတ်သင်ရဲ့ အစိုဓာတ်စုပ်ယူနိုင်တဲ့ အရေခွံ
သြစတြေးလျ ကန္တာရပုတ်သင် (Thorny Devil Lizard) ဟာ မြူနှင်း၊ ရေခိုးရေငွေ့တွေနဲ့ စိုစွတ်တဲ့သဲကနေတစ်ဆင့် အစိုဓာတ်ကို စုပ်ယူတယ်။ ပြီးတဲ့နောက် အဲဒီကရတဲ့ရေကို ပါးစပ်အတွင်း လွှဲယူသောက်သုံးတယ်။ ဘယ်လိုနည်းနဲ့ လုပ်ဆောင်သလဲ။ ပုတ်သင်ရဲ့ ထူးဆန်းအံ့သြဖွယ် ကောင်းလှတဲ့ အရေခွံကြောင့်ဖြစ်နိုင်တယ်။
သုံးသပ်ကြည့်ပါ– ကန္တာရပုတ်သင်ရဲ့ အရေခွံကို အကြေးခွံတွေနဲ့ ဖုံးအုပ်ထားတယ်။ အဲဒီအကြေးခွံက အစိုဓာတ်၊ မြူနှင်းကို စုပ်ယူပြီးနောက် အကြေးခွံတွေကြားရှိ မြောင်းတွေထဲ ဝင်ရောက်သွားတယ်။ အဲဒီမြောင်းတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး အဲဒီကနေတစ်ဆင့် ပုတ်သင်ရဲ့ ပါးစပ်ဘေးဘက်ကို စီးဝင်သွားတယ်။
ပုတ်သင်ဟာ မြေကြီးဆွဲအားကို ဆန့်ကျင်ပြီး ရေကို ခြေထောက်တွေကတစ်ဆင့်၊ အဲဒီကနေ ကိုယ်ခန္ဓာတစ်လျှောက် စီးဝင်စေပြီး ပါးစပ်ထဲ ဘယ်လို ပို့ဆောင်ပါသလဲ။ ပြီးတော့ စိုစွတ်နေတဲ့ မျက်နှာပြင်ကို ဝမ်းဗိုက်နဲ့ပွတ်တိုက်ခြင်းအားဖြင့် အစိုဓာတ် ဘယ်လိုစုပ်ယူပါသလဲ။
သုတေသီတွေက ဒီကန္တာရပုတ်သင်ရဲ့ လျှို့ဝှက်ချက်ကို တွေ့ရှိခဲ့တယ်။ အကြေးခွံပေါ်ရှိ မြောင်းတွေဟာ အကြေးခွံ အောက်ရှိမြောင်းတွေနဲ့ ဆက်စပ်နေတယ်။ အဲဒီမြောင်းတွေမှာ မြေကြီးဆွဲအားကို ဆန့်ကျင်ပြီး ရေကို အောက်ကနေ အပေါ်ကို ဆန်တက်နိုင်စွမ်း ရှိနေတဲ့အတွက် ပုတ်သင်ရဲ့ အရေခွံက ရေမြှုပ်လို အစိုဓာတ်ကိုစုပ်ယူနိုင်ရခြင်းဖြစ်တယ်။
ပုတ်သင်ရဲ့ အစိုဓာတ်စုပ်ယူနည်းကို တုပပြီး လေထဲရှိ အစိုဓာတ်ကို ထုတ်ယူခြင်းဖြင့် အဆောက်အအုံတွေ အအေးဓာတ်အလုံအလောက်ရရှိအောင်၊ ပြီးတော့ သောက်သုံးရေရရှိအောင် လုပ်ဆောင်နိုင်တဲ့စနစ်ကို တီထွင်ရာမှာ အင်ဂျင်နီယာတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ ဇီဝတုပမှုအတတ်ပညာဆိုင်ရာ တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌ ဂျနင်း ဘန်ယက်စ်က ပြောခဲ့တယ်။
သင်ဘယ်လိုထင်ပါသလဲ။ ကန္တာရပုတ်သင်ရဲ့ အစိုဓာတ် စုပ်ယူနိုင်တဲ့ အရေခွံက အလိုအလျောက်ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။