မျက်နှာဖုံးအကြောင်းအရာ | မိသားစုမှာ သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နည်း
မိသားစု သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နိုင်ပုံ
သမ္မာကျမ်းစာက မိသားစု သင့်မြတ်ပျော်ရွှင်အောင် ကူညီပေးနိုင်တယ်ဆိုတာ သိပါသလား။ ကျမ်းစာပါစကားတွေနဲ့ မိသားစုဝင်တချို့ရဲ့ ပြောဆိုချက်တွေကို နှိုင်းယှဉ်ကြည့်ပါ။ ကိုယ့်မိသားစုမှာ အငြင်းပွားမှုနည်းအောင်၊ ပြန်သင့်မြတ်အောင်၊ ပျော်ရွှင်တဲ့မိသားစုဖြစ်အောင် အကူအညီဖြစ်စေနိုင်တဲ့ အချက်တွေကို သုံးသပ်ပါ။
မိသားစုသင့်မြတ်အောင် ကူညီပေးတဲ့ ကျမ်းချက်များ
အကောင်းမြင်သဘောထား မွေးမြူပါ။
“ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ အတ္တစိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့။ သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”—ဖိလိပ္ပိ ၂:၃၊ ၄။
“အိမ်ထောင်ဖက်ကို ကိုယ့်ထက်ရော၊ တခြားသူတွေထက်ပါ ပိုအရေးကြီးတဲ့သူလို့ ရှုမြင်တာက အိမ်ထောင်မှာ သင့်မြတ်စေတယ်။”—စီ. ပီ.၊ အိမ်ထောင်သက် ၁၉ နှစ်။
သဘောထားကြီးကြီးနဲ့ အသေအချာ နားထောင်ပါ။
“မည်သူ့ကိုမျှ ကဲ့ရဲ့ရှုတ်ချခြင်း၊ ရန်လိုခြင်းမပြုဘဲ လူအပေါင်းတို့အား အကျိုးသင့်အကြောင်းသင့်သဘောနှင့် နူးညံ့သိမ်မွေ့ခြင်းကို အတတ်နိုင်ဆုံး တင်ပြ . . . နေလော့။”—တိတု ၃:၁၊ ၂။
“ကိုယ့်အိမ်ထောင်ဖက်ကို ရန်လိုတဲ့စကားနဲ့ ပြန်ခံပက်တာမျိုး မလုပ်ဘူးဆိုရင် စကားများတဲ့အဆင့်အထိ မရောက်တော့ဘူး။ သူပြောတာကို သဘောမတူဘူးဆိုရင်တောင် လေးလေးစားစား၊ အသေအချာ နားထောင်ပေးဖို့ အရေးကြီးတယ်။”—ပီ. ပီ.၊ အိမ်ထောင်သက် အနှစ် ၂၀။
စိတ်ရှည်မှု၊ နူးညံ့သိမ်မွေ့မှုကို တင်ပြပါ။
‘စိတ်ရှည်မယ်ဆိုရင် တပ်မှူးတစ်ယောက်ကိုတောင် စည်းရုံး နိုင်တယ်။ ညင်ညင်သာသာပြောတဲ့စကားက အရိုးကိုတောင် ချိုးနိုင်တယ်။’—သုတ္တံ ၂၅:၁၅၊ ကဘ။
“အငြင်းအခုံဖြစ်ပြီဆိုရင် စိတ်ရှည်မှုတင်ပြတာက အများကြီး တာသွားပါတယ်။ စိတ်ရှည်ဖို့ သိပ်အရေးကြီးတယ်။ စိတ်ရှည်မှု ပြတဲ့အတွက် အခြေအနေ ဆိုးမသွားတော့ဘူး။”—ဂျီ. အေ.၊ အိမ်ထောင်သက် ၂၇ နှစ်။
ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆို၊ ပြုမူတာမျိုး မလုပ်ပါနဲ့။
“အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မိုက်မဲခြင်း၊ ဆဲဆိုခြင်း၊ သင်တို့၏နှုတ်မှ ညစ်ညမ်းသောစကားပြောဆိုခြင်း ရှိသမျှတို့ကို ဖယ်ရှားကြလော့။”—ကောလောသဲ ၃:၈။
“ကျွန်မခင်ပွန်းရဲ့ စိတ်ချုပ်တည်းနိုင်စွမ်းကို လေးစားတယ်။ စကားကြမ်းကြမ်းနဲ့ အော်ငေါက်တာမျိုး သူ တစ်ခါမှမလုပ်ဘူး၊ အေးအေးဆေးဆေးပဲ ပြောပြတယ်။”—ဘီ. ဒီ.၊ အိမ်ထောင်သက် အနှစ် ၂၀။
ခွင့်လွှတ်တတ်ပါ၊ ပြဿနာကို အမြန် ဖြေရှင်းပါ။
“တစ်ဦးနှင့် တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။”—ကောလောသဲ ၃:၁၃။
“စိတ်တိုနေတဲ့အချိန်မှာ စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ မလွယ်ဘူး၊ တစ်ဖက်သား စိတ်မကောင်းဖြစ်စေတဲ့ စကားတွေ၊ လုပ်ရပ်တွေ ပြောမိလုပ်မိဖို့က ပိုလွယ်တယ်။ အဲဒီလိုဖြစ်တဲ့အခါတိုင်း ခွင့်လွှတ်ပေးတာက အကောင်းဆုံးပဲ။ ခွင့်လွှတ်တတ်တဲ့သူတွေ ဖြစ်မှပဲ သာယာတဲ့အိမ်ထောင်ဖြစ်မှာ။”—အေ. ဘီ.၊ အိမ်ထောင်သက် ၃၄ နှစ်။
အကျိုးမျှော်ပြီး ပေးကမ်းတာမျိုးမဟုတ်ဘဲ ကိုယ်ကျိုးမဖက် ပေးကမ်းပါ။
“ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ . . . ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်။”—လုကာ ၆:၃၈။
“ကျွန်မခင်ပွန်းက ကျွန်မရဲ့အကြိုက်ကိုသိပြီး ကျွန်မစိတ် ကြည်နူးအောင် အမြဲလုပ်ပေးတတ်တယ်။ ဒါနဲ့ ကျွန်မလည်း ‘သူစိတ်ပျော်အောင် ဘာလုပ်ပေးရင် ကောင်းမလဲ’ လို့ စဉ်းစားတတ်လာတယ်။ အဲဒါကြောင့် ကျွန်မတို့နှစ်ယောက် အတူပျော်ရွှင် ရယ်မောရတဲ့အချိန်က ပိုများတယ်။ အခုအချိန်ထိ ပါပဲ။”—အိတ်ခ်ျ. ကေ.၊ အိမ်ထောင်သက် ၄၄ နှစ်။
သင့်မြတ်ပျော်ရွှင်တဲ့ မိသားစုဖြစ်အောင် ကြိုးစားရာမှာ လက်မလျှော့ပါနဲ့။
ကျမ်းစာအကြံပြုချက်တွေကို လိုက်နာပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ကို ပိုင်ဆိုင်ထားကြတဲ့ မိသားစုတွေ ကမ္ဘာတစ်ဝန်းမှာ သန်းနဲ့ချီရှိပါတယ်။ အဲဒီထဲက အနည်းငယ်ကိုပဲ နိုးလော့! က တွေ့ဆုံမေးမြန်းထားတာ ဖြစ်တယ်။ * မိသားစုထဲက တချို့ဟာ ပူးပေါင်းလုပ်ဆောင်ချင်စိတ် မရှိရင်တောင် မိသားစု သင့်မြတ်အောင် ကိုယ့်ဘက်က ကြိုးစားနေရင် အကျိုးရှိတာကို သူတို့ တွေ့ရှိခဲ့ကြတယ်။ အကြောင်းကတော့ ‘ငြိမ်သက်ခြင်းကို တိုးပွားစေသူတွေကတော့ ရွှင်လန်းတယ်’ ဆိုပြီး ကျမ်းစာမှာ ကတိပြုထားလို့ပါပဲ။—သုတ္တံ ၁၂:၂၀၊ ကဘ။
^ စာပိုဒ်၊ 24 ပျော်ရွှင်တဲ့ မိသားစုဖြစ်အောင် လုပ်ဆောင်နိုင်ပုံအကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၁၄ ကိုကြည့်ပါ။ www.pr418.com/mya ကနေလည်း ကြည့်နိုင်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > မိသားစုအတွက် အကူအညီ။