ကျွန်ုပ်တို့ ယေဟောဝါအဖွဲ့အစည်းလိုအပ်
ကျွန်ုပ်တို့ ယေဟောဝါအဖွဲ့အစည်းလိုအပ်
“ဘုရားသခင်ကိုတော့ယုံပါတယ်၊ ဘာသာရေးအဖွဲ့အစည်းကိုတော့ လက်မခံဘူး” ဟုတစ်စုံတစ်ယောက်ပြောသည်ကို ကြားဖူးပါသလော။ တစ်ချိန်က စိတ်ထက်သန်စွာချာ့ခ်ျတက်ခဲ့သော်လည်း မိမိတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို သူတို့၏ဘာသာက မဖြည့်ဆည်းပေးနိုင်သည့်အတွက် စိတ်ပျက်လာသူများ ထိုသို့ပြောလေ့ရှိကြသည်။ အများအားဖြင့် ဘာသာရေးအဖွဲ့အစည်းကို စိတ်ပျက်ကြသော်လည်း လူအများက ဘုရားသခင်အားဝတ်ပြုလိုသေးကြောင်း အခိုင်အမာဆိုကြသည်။ သို့သော် ချာ့ခ်ျ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုနှင့် ပူးပေါင်းပြီးဝတ်ပြုသည်ထက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝတ်ပြုခြင်းသည် ပိုကောင်းသည်ဟု သူတို့ယုံကြည်ကြသည်။
သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ ဘုရားသခင်သည် ခရစ်ယာန်များကို အဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းစေလိုပါသလော။
ဖွဲ့စည်းထားခြင်းဖြင့် အစောပိုင်းခရစ်ယာန်များ အကျိုးရရှိခဲ့
စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ ယေဟောဝါသည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို ပျံ့နှံ့နေကြသည့် ယုံကြည်သူအနည်းငယ်အပေါ်မဟုတ်ဘဲ ယေရုရှလင်မြို့အထက်အခန်း၊ “တစ်နေရာတည်း၌” အတူတကွစုဝေးနေကြသည့် ယောက်ျားမိန်းမတစ်စုအပေါ် သွန်းလောင်းခဲ့သည်။ (တမန်တော် ၂:၁၊ သမ္မာ) ထိုအချိန်တွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်လာသည့် ခရစ်ယာန်အသင်းတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယင်းသည် အစောပိုင်းတပည့်တော်များအတွက် အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ တစ်ချက်အနေနှင့် သူတို့သည် အရေးကြီးတာဝန်တစ်ရပ်—နောက်ဆုံးတွင် “နိုင်ငံအရပ်ရပ်ရှိသမျှတို့၌” ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း—အပ်နှင်းခံခဲ့ရသည်။ (မဿဲ ၂၄:၁၄) အသင်းတော်ရှိ ဘာသာဝင်လူသစ်များသည် ဟောပြောခြင်းလုပ်ငန်းကို မည်သို့လုပ်ဆောင်ရမည်အကြောင်း အတွေ့အကြုံရှိ ယုံကြည်သူချင်းများထံမှ သင်ယူနိုင်ခဲ့ကြသည်။
မကြာမီပင် ဘုရားသခင့်နိုင်ငံတော်သတင်းသည် ယေရုရှလင်မြို့ပြင်မှ ရပ်ဝေးသို့ပျံ့နှံ့သွားခဲ့သည်။ စီ.အီး. ၆၂ နှင့် ၆၄ ကြားတွင် တမန်တော်ပေတရုက မျက်မှောက်ခေတ် တူရကီနိုင်ငံတွင်ရှိသော “ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ကွဲပြားသော” ခရစ်ယာန်များထံသို့ သူ၏ပထမစာကို ရေးပို့ခဲ့သည်။ (၁ ပေတရု ၁:၂) ပါလက်စတိုင်း၊ လက်ဘနွန်၊ ဆီးရီးယား၊ ဆိုက်ပရပ်စ်၊ ဂရိ၊ ကရေတေကျွန်းနှင့် အီတလီတို့တွင်လည်း ယုံကြည်သူများရှိခဲ့သည်။ စီ.အီး. ၆၀-၆၁ ခုနှစ်တွင် ကောလောသဲမြို့သားများထံ ပေါလုရေးသကဲ့သို့ သတင်းကောင်းသည် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျ သတ္တဝါတို့အား ဟောပြော” ခဲ့ပြီ။—ကောလောသဲ ၁:၂၃။
အဖွဲ့အစည်းတစ်ခုနှင့်ပေါင်းသင်းခြင်း၏ ဒုတိယအကျိုးကျေးဇူးတစ်ခုမှာ တစ်ဦးကိုတစ်ဦး ခရစ်ယာန်များပေးနိုင်သည့် အားပေးမှုဖြစ်သည်။ အသင်းတော်နှင့်ပူးပေါင်းရာတွင် ခရစ်ယာန်များသည် အားတက်စေသည့် ဟောပြောချက်များကို ကြားနိုင်၏၊ သန့်ရှင်းသောကျမ်းစာစောင်များကို အတူတကွလေ့လာနိုင်၏၊ ယုံကြည်ခြင်းခိုင်ခံ့စေသည့် တွေ့ကြုံမှုများကိုဝေမျှနိုင်ပြီး ယုံကြည်သူချင်းများနှင့်အတူ အတူတကွဆုတောင်းနိုင်ကြ၏။ (၁ ကောရိန္သုအခန်းကြီး ၁၄) ရင့်ကျက်သောအမျိုးသားများသည် “ဘုရားသခင်၏သိုးတော်စုကိုထိန်း” နိုင်ခဲ့ကြသည်။—၁ ပေတရု ၅:၂။
အသင်းတော်သားများအဖြစ် ခရစ်ယာန်များသည် တစ်ယောက်ကိုတစ်ယောက် သိရှိလာကြပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်လာကြသည်။ အသင်းတော်နှင့်ပေါင်းသင်းခြင်းက ဝန်ထုပ်ဝန်ပိုးဟုခံစားစေမည့်အစား အစောတမန်တော် ၂:၄၂; ၁၄:၂၇; ၁ ကောရိန္သု ၁၄:၂၆; ကောလောသဲ ၄:၁၅၊ ၁၆။
ပိုင်းခရစ်ယာန်များသည် ယင်းမှ အားပေးတည်ဆောက်မှု ခွန်အားရရှိခဲ့ကြသည်။—စည်းလုံးသည့်ကမ္ဘာချီအသင်းတော် သို့မဟုတ် အဖွဲ့အစည်းလိုအပ်ရသည့် အခြားအကြောင်းတစ်ခုမှာ စည်းလုံးမှုမြှင့်တင်ပေးရန်အတွက်ဖြစ်သည်။ ခရစ်ယာန်များသည် “စကားတညီတညွတ်တည်း” ပြောတတ်လာခဲ့ကြသည်။ (၁ ကောရိန္သု ၁:၁၀) ယင်းသည် အရေးကြီးပါသည်။ အသင်းသားများသည် ကွဲပြားခြားနားသည့်ပညာရေးနှင့် လူမှုရေးနောက်ခံများမှသူများဖြစ်ကြသည်။ သူတို့သည် မတူညီသည့်ဘာသာစကားများကိုပြောဆိုကြပြီး ပင်ကိုစရိုက် သိသာထင်ရှားစွာကွဲပြားကြသည်။ (တမန်တော် ၂:၁-၁၁) တစ်ခါတစ်ရံ သဘောရိုးဖြင့် ကွဲလွဲမှုများရှိကြ၏။ သို့ရာတွင် ခရစ်ယာန်များသည် အသင်းတော်အတွင်း ထိုသဘောကွဲလွဲမှုများကိုဖြေရှင်းရန် အကူအညီရရှိခဲ့ကြသည်။—တမန်တော် ၁၅:၁၊ ၂; ဖိလိပ္ပိ ၄:၂၊ ၃။
ဒေသခံအကြီးအကဲများ မဖြေရှင်းနိုင်သည့် အရေးကြီးသောမေးခွန်းများကို ပေါလုကဲ့သို့သော ရင့်ကျက်သည့် နယ်လှည့်ကြီးကြပ်မှူးများအား တင်ပြခဲ့ကြသည်။ အလွန့်အလွန်အရေးကြီးသော အယူဝါဒဆိုင်ရာကိစ္စများကို ယေရုရှလင်မြို့ရှိ ဗဟိုအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြခဲ့ကြသည်။ အုပ်ချုပ်ရေးအဖွဲ့ကို အစပိုင်းတွင် ယေရှုခရစ်တော်၏ တမန်တော်များနှင့်ဖွဲ့စည်းပြီး နောက်ပိုင်းတွင် ယေရုရှလင်အသင်းတော်ရှိ အသက်ကြီးသူများပါဝင်လာရာ တိုးချဲ့လာ၏။ [ခရစ်ယာန်] ဓမ္မအမှုကိုဖွဲ့စည်းရန်၊ လူများကို လုပ်ငန်းတော်အခွင့်ထူးများခန့်အပ်ရန်၊ အယူဝါဒဆိုင်ရာကိစ္စများကို ဆုံးဖြတ်ရန် အုပ်ချုပ်ရေးအဖွဲ့နှင့် ယင်းကိုယ်စားလှယ်များ၏ ဘုရားပေးအခွင့်အာဏာကို အသင်းတော်တစ်ခုစီက အသိအမှတ်ပြုခဲ့ကြသည်။ ကိစ္စတစ်ခုကို အုပ်ချုပ်ရေးအဖွဲ့က ဖြေရှင်းပြီးနောက်တွင် အသင်းတော်များသည် ဆုံးဖြတ်ချက်ကို လက်ခံခဲ့ကြပြီး “ထိုသက်သာခြင်း၏အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။”—တမန်တော် ၁၅:၁၊ ၂၊ ၂၉၊ ၃၀၊ ၃၁။
မှန်ပါသည်၊ ယေဟောဝါသည် ပထမရာစုတွင် အဖွဲ့အစည်းတစ်ခုကို အသုံးပြုတော်မူခဲ့သည်။ ယနေ့ကော။
ယနေ့ ကျွန်ုပ်တို့ အဖွဲ့အစည်းတစ်ခုလိုအပ်
ယနေ့ ယေဟောဝါသက်သေများသည် ပထမရာစုရှိ သူတို့၏အပေါင်းအဖော်များကဲ့သို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန်တာဝန်ကို အလေးအနက်ထားကြသည်။ ဤလုပ်ငန်းကို သူတို့လုပ်ဆောင်သည့် နည်းတစ်နည်းမှာ ကျမ်းစာနှင့် ကျမ်းစာအထောက်အကူပြုစာပေများကို ဝေငှခြင်းဖြစ်ရာ သို့ပြုနိုင်ဖို့ အဖွဲ့အစည်းတစ်ခုရှိရန်လိုအပ်သည်။
ခရစ်ယာန်စာပေများကို အသေအချာပြင်ဆင်၊ တိကျမှုရှိမရှိစစ်ဆေး၊ ပုံနှိပ်ထုတ်ဝေပြီး အသင်းတော်များထံသို့ပို့ပေးရသည်။ တစ်ဖန် ခရစ်ယာန်တစ်ဦးစီသည် စေတနာ့ဝန်ထမ်းကာ ထိုစာပေများကိုဖတ်လိုသူတို့ထံ ယူဆောင်သွားကြရသည်။ ဤနည်းဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းသည် သန်းချီသူတို့ထံ ရောက်ရှိခဲ့ပြီ။ သတင်းကောင်းကြေညာသူများသည် ရပ်ကွက်တစ်ပိုင်းကို ထပ်ခါတလဲလုပ်ကိုင်၍ အခြားတစ်ပိုင်းကို လျစ်လျူရှုထားခြင်းမဖြစ်ရလေအောင် မိမိတို့၏ဟောပြောခြင်းလုပ်ငန်းကို အစီအစဉ်တကျလုပ်ဆောင်ဖို့ ကြိုးစားကြသည်။ သို့ပြုလုပ်ရန် အဖွဲ့အစည်းလိုအပ်သည်။
“ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ” သောကြောင့် ကျမ်းစာနှင့် ကျမ်းစာစာပေများကို ဘာသာပြန်ရသည်။ (တမန်တော် ၁၀:၃၄) လောလောဆယ်တွင် ဤမဂ္ဂဇင်းကို ဘာသာစကား ၁၃၂ ဘာသာဖြင့်ရရှိနိုင်ပြီး ယင်း၏တွဲဖက်နိုးလော့!ကို ဘာသာစကားပေါင်း ၈၃ ဘာသာ ဖြင့်ထုတ်ဝေပါသည်။ သို့ပြုလုပ်ရန် ကမ္ဘာတစ်ဝန်းတွင် ကောင်းစွာဖွဲ့စည်းထားသည့် ဘာသာပြန်အဖွဲ့များလိုအပ်သည်။
အသင်းသားများသည် ခရစ်ယာန်အစည်းအဝေးများနှင့် အစည်းအဝေးကြီးများကိုတက်ရောက်သည့်အခါ အားပေးမှုရရှိကြသည်။ ထိုနေရာတွင် သူတို့သည် လှုံ့ဆော်မှုပေးသည့် ကျမ်းစာဟောပြောချက်များကိုကြားနာခွင့်၊ အတူတကွလေ့လာခွင့်၊ တည်ဆောက်မှုပေးသော တွေ့ကြုံမှုများကို ဝေမျှခွင့်ရပြီး ဝတ်ပြုကိုးကွယ်သူချင်းတို့နှင့် အတူတကွဆုတောင်းခွင့်ရရှိကြသည်။ ထို့ပြင် ပထမရာစုရှိ သူတို့၏ညီအစ်ကိုများကဲ့သို့ မေတ္တာပြည့်ဝသည့် နယ်လှည့်ကြီးကြပ်မှူးများ၏ လည်ပတ်မှုများကြောင့် ယုံကြည်ခြင်းခိုင်ခံ့လာကြသည်။ ထို့ကြောင့် ယနေ့ခရစ်ယာန်များသည် “သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါး” လက်အောက်တွင်ရှိနေသည်။—ယောဟန် ၁၀:၁၆၊ ကဘ။
ယေဟောဝါသက်သေများသည် သူတို့၏အစောပိုင်းအပေါင်းအဖော်များကဲ့သို့ပင် အမှန်မစုံလင်ကြပါ။ သို့တိုင် သူတို့သည် အတူတကွစည်းလုံးစွာလုပ်ဆောင်ကြသည်။ ရလဒ်အနေနှင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းတွင် ပြီးမြောက်အောင်မြင်လျက်ရှိသည်။—တမန်တော် ၁၅:၃၆-၄၀; ဧဖက် ၄:၁၃။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယနေ့ခရစ်ယာန်များသည် “သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါး” လက်အောက်တွင်ရှိ