မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ခြင်းသည် သင့်ဘဝကိုပြောင်းလဲနိုင်

ယုံကြည်ခြင်းသည် သင့်ဘဝကိုပြောင်းလဲနိုင်

ယုံကြည်ခြင်း​သည် သင့်​ဘဝကို​ပြောင်းလဲ​နိုင်

“ဘုရားသခင်​မပါဘဲ မွန်မြတ်တဲ့​အကျင့်​စရိုက်​တွေ​ရှိ​နိုင်တာ သေချာ​ပါ​တယ်။” ၎င်း​သည် မသိ​ဝါဒီ​တစ်ဦး၏​ထင်မြင်ချက်​ပင် ဖြစ်​ခဲ့​သည်။ သူသည် မြင့်မားသော​ကျင့်ဝတ်​များ​ဖြင့် သားသမီး​များ​ကို မွေးမြူ​ခဲ့​ပြီး သူတို့​အားလုံး​က တစ်ဖန် သူတို့​သားသမီး​များ​ကို ဘုရားသခင်​အား​ယုံကြည်ခြင်း​မရှိဘဲ အလားတူ​မြင့်မားသော​စံနှုန်း​များနှင့် ပြုစု​ပျိုးထောင်​ခဲ့​သည်​ဟု​ဆို​၏။

ယင်းကြောင့် ဘုရားသခင်​အား​ယုံကြည်ခြင်း လုံးဝ​မလို​အပ်​ဟု ဆိုလို​ပါသလော။ ဤ​သူသည် ထိုသို့​ထင်မြင်​ယူဆ​ခဲ့​ကြောင်း ထင်ရှား​သည်။ ဘုရားသခင်​အား​ယုံကြည်ခြင်း​မရှိသူ​တိုင်း​သည် လူဆိုး​မဟုတ်​သည်​မှာ​မှန်​၏။ ဘုရားသခင်​ကို​မသိကြ​သော်လည်း “ကိုယ်​အလိုအလျောက်​တရားတော်​ကို​ကျင့်​သော” “သာသနာ​ပ​လူ​တို့” အကြောင်းကို တမန်​တော်​ပေါလု​ပြော​ခဲ့​သည်။ (ရောမ ၂:၁၄) မသိ​ဝါဒီ​များ​အပါအဝင် လူ​ခပ်သိမ်း​တို့သည် ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် မွေးဖွား​လာ​ခဲ့​ကြသည်။ လူအများသည် အမှားအမှန်​ကို​ပိုင်းခြား​နိုင်သော ပင်ကိုစိတ်​ထည့်​ပေး​ထားသော ဘုရားသခင်​အား မယုံကြည်​ကြသော်လည်း သူတို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ် ညွှန်ကြား​သည့်​အတိုင်း လုပ်ဆောင်ရန်​ကြိုးစား​ကြသည်။

သို့သော် ဘုရားသခင်​အား​ခိုင်ခံ့​စွာ—ကျမ်းစာ​ကို​အခြေပြု​ထား​သည့်—ယုံကြည်ခြင်း​သည် ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ အထိန်းအကွပ်မဲ့​လမ်းညွှန်မှု​ထက် ကောင်းမှု​ကို​ပြုလုပ်​ရန် သာ၍​အစွမ်းထက်​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​အပေါ် အခြေပြု​ထားသော​ယုံကြည်ခြင်း​သည် ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို အသိပေး​ကာ အကောင်း​အဆိုးကို ပိုမို​ပိုင်းခြား​သိမြင်​စေ​သည်။ (ဟေဗြဲ ၅:၁၄) ထို့​ပြင် ဖိစီးမှု​အကြီးအကျယ်​ခံရ​ချိန်​တွင် မြင့်မားသော​စံနှုန်း​များ​ကို ထိန်းသိမ်း​ထား​ရန် ယုံကြည်ခြင်းက​အထောက်အကူ​ပြု​သည်။ ဥပမာ၊ ၂၀ ရာစု​အတွင်း ရည်​မွန်​သူတို့ကို ကြောက်မက်​ဖွယ်​ကြမ်းကြုတ်မှု​များ​ပြု​ကြ​ရန် . . . လွှမ်းမိုးမှုကို နိုင်ငံ​များစွာ​ခံ​ခဲ့​ရ၏။ သို့သော် ဘုရားသခင်​အပေါ် စစ်မှန်သော​ယုံကြည်ခြင်း​ရှိသူ​များသည် အသက်စွန့်​သည့်​တိုင် သူတို့​ခံယူ​ထားသော​မူများ​ကို အလျှော့ပေး​လိုက်လျော​ရန် ငြင်းပယ်​ခဲ့​ကြသည်။ ထို့​ပြင် ကျမ်းစာ​အခြေပြု​ယုံကြည်ခြင်း​သည် လူ​တို့ကို ပြောင်းလဲ​စေနိုင်​၏။ ပျောက်လွင့်​နေ​ပုံ​ရှိသူ​များ​ကို ကယ်ဆယ်​နိုင်​၍ ကြီး​လေး​သော​အပြစ်​များ​ကို ရှောင်ကြဉ်​ရန် ကူညီပေး​နိုင်​သည်။ နမူနာ​အချို့​ကို သုံးသပ်ကြည့်​ပါ။

ယုံကြည်ခြင်း​သည် မိသားစု​ဘဝကို ပြောင်းလဲ​စေနိုင်

“သင့်​ယုံကြည်ခြင်း​ကြောင့် မဖြစ်​နိုင်တာ​ကို ဖြစ်စေ​ခဲ့ပြီ။” ဂျွန်​နှင့်​တာ​နီ​ယာ​တို့၏​ကလေး​များ​ကို ထိန်းသိမ်း​စောင့်ရှောက်ခြင်း​နှင့်​ပတ်သက်​၍ ဆုံးဖြတ်ချက်​ချ​သောအခါ အင်္ဂလိပ်​တရားသူကြီး​တစ်ဦး​သည် ထိုသို့​ပြော​ခဲ့​သည်။ ဂျွန်​နှင့်​တာ​နီ​ယာ​တို့သည် အာဏာပိုင်​များ​၏​အရေးစိုက်​မှု​ကို​ခံရ​ချိန်​တွင် သူတို့သည် လက်မ​ထပ်​ထား​သည့်​အပြင် သူတို့၏​အိမ်ထောင်ရေး​သည် အလွန်​ဆိုးရွား​ခဲ့​သည်။ မူးယစ်​ဆေးဝါး​သုံးစွဲ​ပြီး လောင်းကစား​တတ်သော ဂျွန်​သည် သူ၏​အကျင့်ဆိုး​များ​အတွက် ရာဇဝတ်မှု​ကျူးလွန်​ခဲ့​၏။ သူသည် ကလေး​များနှင့်​သူတို့၏​မိခင်​ကို လျစ်လျူရှု​ခဲ့​သည်။ ထို့​ကြောင့် အဘယ် “အံ့ဖွယ်အမှု” ဖြစ်​ခဲ့​သနည်း။

တစ်နေ့​သောအခါ ဂျွန်​သည် သူ၏​တူ​ငယ် ပြောဆို​လိုက်​သည့် ပရဒိသု​အကြောင်း ကြား​ခဲ့​သည်။ သူသည် သိလိုစိတ်​ဖြင့် ကလေး​၏​မိဘများ​ကို မေးခဲ့သည်။ ဤ​မိဘများသည် ယေဟောဝါသက်သေ​များ​ဖြစ်​ကြ​သည့်​အတွက် ဂျွန်​ကို ကျမ်းစာ​မှ ယင်း​အကြောင်း သင်ပေးခဲ့​၏။ တဖြည်းဖြည်း​နှင့် ဂျွန်​နှင့်​တာ​နီ​ယာ​တို့သည် သူတို့၏​ဘဝ​အသက်တာ​များ​ကို ပြောင်းလဲ​စေ​ခဲ့​သည့် ကျမ်းစာ​အခြေပြု​ယုံကြည်ခြင်း တိုးများ​လာ​ခဲ့​သည်။ ထို​အခါ သူတို့သည် တရားဝင်​လက်ထပ်ခဲ့​ကြ​ပြီး သူတို့၏​အကျင့်ဆိုး​များ​ကို စွန့်လွှတ်​ခဲ့​ကြသည်။ သူတို့​အိမ်ထောင်​ကို စစ်ဆေး​ခဲ့​ကြသော အာဏာပိုင်​များသည် မကြာခင်​က​ပင် ဖြစ်​နိုင်​ပုံ​မ​ပေါက်​သည့်​အရာ—သန့်ရှင်း​သပ်ရပ်​သော​အိမ်​တွင် ပျော်ရွှင်သော​မိသားစု၊ ကလေး​များ​ကို ပြုစု​ပျိုးထောင်​ဖို့ လက်သင့်ခံ​နိုင်သော​နေရာ—ကို​တွေ့မြင်​ခဲ့​ကြသည်။ ဤ “အံ့ဖွယ်အမှု” မှာ​ဂျွန်​နှင့်​တာ​နီ​ယာ​တို့၏ တွေ့​ခါ​စ​ယုံကြည်ချက်​ကြောင့်​ဖြစ်သည်ဟု တရားသူကြီး​ဆုံးဖြတ်ချက်​ချ​ခဲ့​ခြင်း​သည် မှန်​၏။

အင်္ဂလန်​မှ မိုင်​ထောင်ချီ​ကွာဝေး​သည့် အရှေ့​ဖျား​ဒေသ​မှ ငယ်ရွယ်​သော​ဇနီး​တစ်ဦး​သည် အလွန်​ဝမ်းနည်းဖွယ်​စာရင်း​ဝင်​သူ​တစ်ဦး​ဖြစ်လာ​တော့​မည်။ သူသည် နှစ်စဉ် ကွာရှင်း​ခြင်း​နှင့်​အဆုံးသတ်​ခဲ့​ကြသော သန်း​ချီ​သည့်​အိမ်ထောင်သည်​အဝင်​ဖြစ်​ရန် ကြံစည်​နေခဲ့​သည်။ သူ့မှာ ကလေး​ရှိသော်လည်း ခင်ပွန်း​သည် သူ့​ထက်​များစွာ​အသက်ကြီး​သည်။ ဤ​အကြောင်းပြချက်​ဖြင့် သူ၏​ဆွေမျိုး​များ​က ကွာရှင်း​ရန်​တိုက်တွန်း​ခဲ့​ကြသော​ကြောင့် သူသည် ထို​အတိုင်း​ပြုလုပ်​ရန် အစီအစဉ်များ​စတင်​ဆွဲ​နှင့်​နေပြီ။ သို့သော် သူသည် ယေဟောဝါသက်သေ​တစ်ဦး​နှင့် ကျမ်းစာ​လေ့လာ​နေ​၏။ ၎င်း​အခြေအနေ​ကို ထို​သက်သေခံ​သိ​သောအခါ အိမ်ထောင်မင်္ဂလာ​နှင့်​ပတ်သက်​သည့် ကျမ်းစာ​ပြောဆိုချက်​များ—ဥပမာ၊ အိမ်ထောင်မင်္ဂလာ​သည် ဘုရားသခင်​ထံ​မှ ဆု​ဖြစ်သည့်​အတွက် ပေါ့ပေါ့တန်တန်​သဘောထား​ရမည့်​ကိစ္စ​မဟုတ်​ကြောင်း—ကို​ရှင်းပြ​ခဲ့​သည်။ (မဿဲ ၁၉:၄-၆၊ ၉) ‘ဆွေမျိုးရင်းချာ​တွေ​က ကျွန်မ​တို့​မိသားစုကို​ပြိုကွဲ​စေ​ချင်​တဲ့​အချိန်​မှာ တ​စိမ်း​ဖြစ်​တဲ့​ဒီ​အမျိုးသမီး​ကျ​တော့ ကာကွယ်​ဖို့​ကြိုးစား​နေပါ​လား’ ဟူ၍ ထို​အမျိုးသမီး​ကိုယ်နှိုက်​စဉ်းစား​ခဲ့​သည်။ သူ​ဆည်းပူး​နေ​ခါ​စ​ယုံကြည်ချက်​သည် သူ၏​အိမ်ထောင်မင်္ဂလာ​ကို ထိန်းသိမ်း​ရန် ထောက်ကူ​ပေး​ခဲ့​၏။

မိသားစု​ဘဝ​နှင့်​ပတ်သက်​သည့် ဝမ်းနည်းဖွယ်​စာရင်း​တစ်ခု​မှာ ကိုယ်ဝန်​ဖျက်ချခြင်း​ဖြစ်သည်။ ကုလသမဂ္ဂ​မှတ်တမ်း​တစ်ခု​အရ နှစ်စဉ် မမွေး​သေး​သောက​လေး အနည်းဆုံး ၄၅ သန်း​သည် တမင်​ဖျက်​ချ​ခံ​နေရ​သည်​ဟု ခန့်မှန်း​ခဲ့​သည်။ ဤ​ဖြစ်ရပ်​တစ်ခုစီ​သည် ဝမ်းနည်းဖွယ်​ကောင်း​လှ​၏။ ၎င်း​စာရင်း​ထဲ မပါဝင်ရန် ဖိလစ်ပိုင်​ရှိ​အမျိုးသမီး​တစ်ဦး​ကို ကျမ်းစာ​အသိပညာက ကူညီပေး​ခဲ့​သည်။

ထို​အမျိုးသမီး​သည် ယေဟောဝါသက်သေ​များနှင့်​တွေ့ဆုံ​ခဲ့​၍ ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း * ဘရိုရှာ​နှင့်​ကျမ်းစာ​သင်အံမှု​ကို လက်ခံခဲ့​ပြီး ကျမ်းစာ​စတင်​လေ့လာ​ခဲ့​သည်။ လအနည်းငယ်​အကြာတွင် အဘယ်ကြောင့်​ကျမ်းစာ​သင်အံမှု လက်ခံခဲ့​ရခြင်း​အကြောင်းကို သူ​ရှင်းပြသည်။ သက်သေခံ​များသည် ဤ​အမျိုးသမီး​ထံ ပထမ​ဆုံး​လည်ပတ်​ခဲ့​စဉ်​က သူ့မှာ ကိုယ်ဝန်​ရှိ​နေ၍ သူနှင့်​သူ့​ခင်ပွန်း​တို့​က ကလေး​ကို​ဖျက်​ချရန် ဆုံးဖြတ်ချက်​ချထား​နှင့်​သည်။ သို့ရာတွင် ဘရိုရှာ​၏​စာမျက်နှာ ၂၄ ရှိ​မမွေး​သေး​သောက​လေး​ပုံ​သည် ထို​အမျိုးသမီး​၏​နှလုံးကို ထိမိ​ခဲ့​သည်။ ‘ဘုရားသခင်​သည် အသက်​၏​ပင်ရင်း​အမြစ်’ ဖြစ်သော​ကြောင့် အသက်သည်​မြင့်မြတ်​ကြောင်းကို ကျမ်းစာ​အခြေပြု​တွဲဖက်​ရှင်းပြချက်​က ကိုယ်ဝန်​ဆက်​လွယ်​ထား​ရန် သူ့ကို​တိုက်တွန်း​ခဲ့​သည်။ (ဆာလံ ၃၆:၉) ယခု သူသည် ချစ်စရာ​ကောင်းပြီး ကျန်းမာ​သောက​လေး​၏​အမေ ဖြစ်နေ​ပြီ။

ယုံကြည်ခြင်း​သည် အထင်အမြင်​သေး​ခံရ​သူများကို ကူညီပေး

အီသီယိုးပီးယား​တွင် ဟောင်းနွမ်း​စွာ​ဝတ်ဆင်​ထားသော အမျိုးသား​နှစ်ဦး​သည် ယေဟောဝါသက်သေ​များ​၏​ဝတ်ပြုရာ​အစည်းအဝေး​ကို တက်ရောက်​ခဲ့​ကြသည်။ အစည်းအဝေး​ပြီး​သောအခါ သက်သေခံ​တစ်ဦး​သည် ဖော်ရွေ​သော​အပြု​အမူ​ဖြင့် သူတို့နှင့်​မိတ်ဆက်​ခဲ့​သည်။ ထို​သူတို့သည် မိမိတို့ကို​ပေးကမ်း​ရန် တောင်းဆို​ခဲ့​ကြသည်။ သက်သေခံ​သည် ပိုက်ဆံ​မပေး​ဘဲ ယင်း​ထက်​ကောင်းသော​အရာ​ကို သူတို့အား​ပေး​ခဲ့​၏။ ‘ရွှေ​ထက်​သာ၍​တန်ဖိုး​ရှိသော’ ဘုရားသခင်​၌​ယုံကြည်ခြင်းကို တိုးပွား​စေရန် သူတို့အား​ပေး​ခဲ့​သည်။ (၁ ပေတရု ၁:၇) တစ်ဦး​မှာ တုံ့ပြန်​ခဲ့​ကာ ကျမ်းစာ​ကို စတင်​လေ့လာ​ခဲ့​၏။ ၎င်း​သည် သူ၏​အသက်တာကို ပြောင်းလဲ​စေ​ခဲ့​သည်။ သူသည် ယုံကြည်ခြင်း​တိုးများ​လာသော​အခါ ဆေးလိပ်​သောက်​ခြင်း၊ အရက်​အလွန်အကျွံ​သောက်​ခြင်း၊ အကျင့်ပျက်​ပြား​ခြင်း​နှင့် ကာ​တ် (စိတ်ကြွဆေး) အသုံးပြုခြင်း​တို့ကို စွန့်လွှတ်​ခဲ့​သည်။ တောင်းစား​မည့်​အစား ကိုယ့်​အား​ကိုယ်​ကိုး​ရမည်ကို​သိရှိ​လာ​ကာ ယခု သန့်ရှင်း​သပ်ရပ်​အကျိုးရှိ​စွာ​နေထိုင်​နေပြီ။

အီတလီ​တွင် ၄၇ နှစ်အရွယ်​ရှိ အမျိုးသား​တစ်ဦး​သည် ထောင်ဒဏ်​ဆယ်နှစ်​ကျ​ခံရ​ပြီး စိတ်ရောဂါ​ကု​ဆေးရုံ​တွင် အချုပ်ခံ​ထားခဲ့​ရသည်။ ထောင်​အားလုံး​တွင်​ဝင်၍ ဝိညာဉ်​ရေး​ထောက်မမှု​ပေး​ခွင့်​ရထား​သော ယေဟောဝါသက်သေ​တစ်ဦး​သည် သူနှင့်​ကျမ်းစာ​သင်အံမှု​ပြုလုပ်​ခဲ့​၏။ ဤ​သူသည် တစ်မုဟုတ်ချင်း​တိုးတက်လာ​ခဲ့​သည်။ ယခု တခြားအကျဉ်းသား​များ​ပင် မိမိတို့၏​အခက်အခဲ​များ​ကို ဖြေရှင်း​ပေး​ရန် သူ့​ထံ​မှ အကြံဉာဏ်​တောင်းယူ​ရသည့်​အထိ ယုံကြည်ခြင်းက သူ၏​ဘဝကို အကြီးအကျယ်​ပြောင်းလဲ​စေ​ခဲ့​သည်။ သူ၏​ကျမ်းစာ​အခြေပြု​ယုံကြည်ခြင်း​ကြောင့် ထောင်​အာဏာပိုင်​များ​၏ အထင်ကြီး​လေးစားမှု​အပြင် ယုံကြည်​စိတ်ချမှု​ကိုလည်း​ခံ​ခဲ့​ရသည်။

မကြာသေးမီ​က သတင်းစာ​များသည် အာဖရိက​မှ ပြည်တွင်းစစ်​များ​အကြောင်းကို ဖော်ပြ​ခဲ့​သည်။ အထူးသဖြင့် တုန်လှုပ်​ချောက်ချား​စ​ရာ​မှာ စစ်သား​များ​ဖြစ်​ရန် လေ့ကျင့်ပေး​ခံ​ခဲ့​ရသော လူငယ်များ​အကြောင်း​ဖြစ်သည်။ ထို​ကလေး​များသည် သူတို့​တိုက်ခိုက်​ပေး​နေသည့်​အဖွဲ့ကို​သာ သစ္စာ​ရှိကြောင်း​တင်ပြ​ရန် သူတို့​ဆွေမျိုး​များ​အား လူ​မ​ဆန်​စွာ​ပြုမူ​ဆက်ဆံ​ရန် မူးယစ်​ဆေး​ကျွေးခြင်း၊ ရက်စက်​ကြမ်းကြုတ်​စွာ​ပြုခြင်း၊ အဓမ္မ​စေခိုင်း​ခြင်း​ခံရ​ကြ​၏။ ကျမ်းစာ​အခြေပြု​ယုံကြည်ခြင်း​သည် ဤသို့​သော​လူငယ်များ​၏​အသက်တာကို ပြောင်းလဲ​စေနိုင်​သည့်​အထိ ထက်သန်​ပါသလော။ အနည်းဆုံး​အဖြစ်အပျက်​နှစ်ခု​က ထိုသို့​ဖြစ်စေ​နိုင်​ကြောင်း​တင်ပြ​သည်။

လိုင်ဘေးရီးယား​၌ အဲလက်စ်​သည် ချာ့ခ်ျ​တွင် ဘုန်းကြီး​အကူ​လုပ်ခဲ့သည်။ သို့သော် သူသည် အသက် ၁၃ နှစ်​၌ စစ်​အုပ်စု​တစ်စု​ထဲ​ဝင်​ခဲ့​ပြီး နာမည်​ကျော်​ကလေး​စစ်သား​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ တိုက်ပွဲ​တွင် ရဲစွမ်းသတ္တိ​ရှိ​ရန် သူသည် မှော်အတတ်​ပညာ​ဘက်​သို့ ဦးလှည့်​ခဲ့​သည်။ အဲလက်စ်​သည် သူ၏​အပေါင်းအဖော်​များစွာ အသတ်ခံခဲ့ရ​သည်ကို တွေ့မြင်​ခဲ့​သော်လည်း သူသည် အသက်ရှင်​ကျန်​နေ​၏။ ၁၉၉၇ ခုနှစ်​တွင် သူသည် ယေဟောဝါသက်သေ​များနှင့် တွေ့​ဆုံခဲ့​ပြီး သူတို့သည် သူ့ကို အထင်မသေး​ကြ​ကြောင်း​သိရှိ​၏။ ယင်းအစား၊ သူတို့သည် အကြမ်းဖက်မှု​နှင့်​ပတ်သက်​၍ ကျမ်းစာ​၏​ပြောဆိုချက်​များ​ကို သိရှိ​ရန် ကူညီပေး​ခဲ့​သည်။ အဲလက်စ်​သည် စစ်​မှ​ထွက်​ခဲ့​၏။ သူ၏​ယုံကြည်ခြင်း​တိုးများ​လာသော​အခါ “ဒုစရိုက် [မကောင်းမှု] ကို​လွှဲရှောင်​၍ သုစရိုက် [ကောင်းမှု] ကို​ပြု​စေ။ သူတစ်ပါး​နှင့် အသင့်အတင့်​နေခြင်း​ကို​ရှာ၍ မီအောင်လိုက်​စေ” ဟူသော ကျမ်းစာ​ပညတ်​ကို လိုက်လျှောက်​ခဲ့​သည်။—၁ ပေတရု ၃:၁၁

ထို​အတောအတွင်း ကလေး​စစ်သား​ဟောင်း ဆ​မ်​မ​ဆ​မ်​သည် ယခု အဲလက်စ်​နေထိုင်​သော​မြို့​သို့​ရောက်လာ​ခဲ့​သည်။ သူသည် ခရစ်ယာန်​ဓမ္မတေး​အဖွဲ့ဝင်​ဖြစ်​ခဲ့​သော်လည်း ၁၉၉၃ ခုနှစ်​တွင် စစ်သား​ဖြစ်လာ​ကာ မူးယစ်​ဆေး​အလွဲသုံးခြင်း၊ နတ်​ဝိဇ္ဇာ​အတတ်​လိုက်စားခြင်း​နှင့် အကျင့်​ယိုယွင်းမှု​တို့ကို ပြုလုပ်​ခဲ့​၏။ ၁၉၉၇ ခုနှစ်​တွင် သူသည် စစ်တပ်​မှ​အထုတ်​ခံ​ခဲ့​ရ၏။ သူသည် မွန်​ရိုး​ဗီး​ယား​သို့​သွား​၍ အထူး​လုံခြုံရေး​တပ်​ထဲ​ဝင်ရန် စီစဉ်​နေချိန်​တွင် သူငယ်ချင်း​တစ်ဦး​က ဆ​မ်​မ​ဆ​မ်​ကို ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​သင်အံမှု​ပြုလုပ်​ရန် တိုက်တွန်း​ခဲ့​သည်။ ရလဒ်​ကား၊ သူသည် ကျမ်းစာ​အခြေပြု​ယုံကြည်ခြင်း တိုးများ​လာ​ခဲ့​သည်။ ယင်းကြောင့် သူ၏​စစ်မက်​လမ်းစဉ်​ကို စွန့်ပစ်​ရန် သတ္တိ​ရှိလာ​ခဲ့​သည်။ ယခု အဲလက်စ်​နှင့်​ဆ​မ်​မ​ဆ​မ်​နှစ်ဦးစလုံး​တို့သည် ကိုယ်ကျင့်တရား​ကောင်းသော အေးဆေး​ငြိမ်သက်​သည့်​အသက်တာဖြင့် နေထိုင်​လျက်​ရှိကြသည်။ . . . အသက်တာ​များ​ကို ကျမ်းစာ​အခြေပြု​ယုံကြည်ခြင်း​မှ​လွဲ​၍ အဘယ်အရာက ပြောင်းလဲ​စေနိုင်​မည်​နည်း။

ယုံကြည်ခြင်း​အစစ်အမှန်

၎င်းတို့သည် ကျမ်းစာ​အခြေပြု စစ်မှန်သော​ယုံကြည်ခြင်း​၏​တန်ခိုး​ကို ပေါ်လွင်​ထင်ရှား​စေရန် ဖော်ပြ​နိုင်သော ဥပမာ​များစွာ​အထဲ​မှ အချို့​မျှ​သာ​ဖြစ်သည်။ မှန်ပါသည်၊ ဘုရားသခင်​အား​ယုံကြည်ပါ​သည်​ဟု ဆို​ရုံ​မျှ​ဆို​ကြ​သူ​တိုင်း​သည် ကျမ်းစာ​၏​မြင့်မားသော​စံနှုန်း​များနှင့်​အညီ နေထိုင်ကြ​သည်မဟုတ်​ပါ။ ဘုရားမဲ့​ဝါဒီ​အချို့​သည် အမည်ခံ​ခရစ်ယာန်​အချို့​ထက်​ပင် ပို​၍​ကောင်းစွာ​အသက်ရှင်နေ​ထိုင်​ကြ​ပေမည်။ ထိုသို့​ဖြစ်​ရခြင်း​မှာ ကျမ်းစာ​အခြေပြု​ယုံကြည်ခြင်း​သည် ဘုရားသခင်​အား​ယုံကြည်ပါ​သည်​ဟု ဆို​ရုံ​ထက်မက​ပါဝင်သော​ကြောင့်​ဖြစ်သည်။

ယုံကြည်ခြင်း​သည် “မျှော်လင့်​သော​အရာ​တို့ကို မျက်မှောက်ပြု​ခြင်း​ဖြစ်၏။ မမြင်​သေး​သော​အရာ​တို့ကို သိမှတ်​စွဲလမ်းခြင်း​အကြောင်း​ဖြစ်၏” ဟူ၍ တမန်​တော်​ပေါလု​ဆို​ခဲ့​သည်။ (ဟေဗြဲ ၁၁:၁) ထို့​ကြောင့် ယုံကြည်ခြင်း​တွင် မချေပ​နိုင်သော သာဓက​အပေါ်​အခြေပြု​သည့် မမြင်​ရ​သေး​သော​အရာများ​၌​အခိုင်အမာ​စိတ်ချ​ယုံကြည်ခြင်း​ပါဝင်​၏။ အထူးသဖြင့် ဘုရားသခင်​တည်ရှိ​သည်၊ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို စိတ်ဝင်စား​သည်၊ ကိုယ်တော်​၏​အလိုတော်​ဆောင်ရွက်​သူများကို ကောင်းချီး​ပေး​မည်​အကြောင်း သံသယ​လုံးဝ​မရှိခြင်း ပါဝင်​သည်။ တမန်​တော်​က “ဘုရားသခင့်​အထံတော်​သို့ ချဉ်းကပ်​သော​သူသည် ဘုရားသခင်​ရှိ​တော်​မူ​သည်ကို​လည်းကောင်း၊ ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို​လည်းကောင်း ယုံကြည်​ရမည်” ဟူ၍လည်း​ပြော​ခဲ့​သည်။—ဟေဗြဲ ၁၁:၆

၎င်း​ယုံကြည်ခြင်း​မျိုး​သည် ဤ​ဆောင်းပါး​တွင်​ဖော်ပြ​ခဲ့​သော ဂျွန်၊ တာ​နီ​ယာ​နှင့် အခြားသူများ​၏ အသက်တာ​များ​ကို ပြောင်းလဲ​စေ​ခဲ့​၏။ ဆုံးဖြတ်ချက်​များ​ချဖို့​လမ်းညွှန်မှု​ရရှိရန်​အတွက် ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ကို သူတို့အား အပြည့်အဝ​ယုံကြည်​စိတ်ချ​စေ​ခဲ့​သည်။ အဆင်ပြေ​သော်လည်း လမ်းမှား​ဖြစ်နေ​သည့်​လမ်းစဉ်​ကို မလိုက်​မိ​စေရန် ခေတ္တ​အနစ်နာခံ​ဖို့ ယင်းက သူတို့ကို​ထောက်ကူ​ပေး​ခဲ့​သည်။ တွေ့ကြုံမှု​အသီးသီး​သည် ကွဲပြား​ခြားနား​ကြသော်လည်း တစ်​ပုံစံ​တည်း​စတင်​ခဲ့​သည်။ ယေဟောဝါသက်သေ​တစ်ဦး​သည် ထို​သူတို့နှင့်​ကျမ်းစာ​သင်အံမှု​ပြုလုပ်​ခဲ့​ကြ​ရာ ကျမ်းစာ​ဆို​သည်​အတိုင်း ‘ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၍ တန်ခိုး​နှင့်​ပြုပြင်​၏’ ဟူ​သည့်​အချက် မှန်ကန်ကြောင်း​ကို သူတို့​တွေ့ရှိ​လာ​ခဲ့​ကြသည်။ (ဟေဗြဲ ၄:၁၂) ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​တန်ခိုး​က သူတို့​တစ်ဦးစီ၏​အသက်တာကို သာ၍​ကောင်း​သွားစေရန် ခိုင်ခံ့​သော​ယုံကြည်ခြင်းကို သူတို့တွင်​တည်ဆောက်​ပေး​ခဲ့​၏။

ယေဟောဝါသက်သေ​တို့သည် နိုင်ငံ​ပေါင်း​နှင့်​ကျွန်း​များ ၂၃၀ ကျော်​တွင် တက်ကြွ​စွာ​အမှုဆောင်​လျက်​ရှိကြသည်။ ကျမ်းစာ​သင်အံမှု​ပြုလုပ်​ရန် သင့်​အား​သူတို့​ဖိတ်ခေါ်ပါ​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မူ​ကား ကျမ်းစာ​အခြေပြု​ယုံကြည်ခြင်း​သည် သင့်​အသက်တာကို​လည်း အကြီးအကျယ်​တိုးတက်​ကောင်းမွန်​လာ​စေနိုင်​ကြောင်း သူတို့​စိတ်ချ​ယုံကြည်​သောကြောင့်​ဖြစ်ပါ​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 10 ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း၊ မြန်မာ​မှ​ထုတ်ဝေ​သည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကျမ်းစာ​အခြေပြု ယုံကြည်ခြင်း​သည် အသက်တာ​များ​ကို သာ၍​ကောင်း​စေ

[Picture Credit Line on page 2]

Title card of Biblia nieś​wieska by Szymon Budny, 1572