မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြချိန်ဝယ်

လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြချိန်ဝယ်

လူ​ခပ်သိမ်း​တို့ တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​ကြ​ချိန်​ဝယ်

ယေရှု​ခရစ်​က မိမိ၏​တောင်ပေါ်​တရားတော်​တွင် လူ​ခပ်သိမ်း​တို့ တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​ကြ​ချိန်​ရောက်​လိမ့်​မည်​ဟု ညွှန်ပြ​ခဲ့​၏။ မိန့်တော်မူချက်​ကို​စတင်​ရာ​၌ ယေရှုသည် ဆာလံ​အခန်းကြီး ၃၇ ကိုကိုး​ကား​၍ ဤသို့​မိန့်ဆို​သည်– “စိတ်​နူးညံ့​သိမ်မွေ့​သော​သူတို့သည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ပြည်တော်​ကို အမွေခံ​ရ​ကြ​လတ္တံ့။” ဆာလံကျမ်း​စောင်​က​လည်း အဆိုပါ​အံ့ချီးဖွယ်​အခြေအနေ မည်သို့​အကောင်အထည်​ပေါ်လာ​မည်​ကို ဤသို့​ဖော်ပြ​သည်– “ပြစ်မှား​သော​သူတို့သည် ပယ်ရှင်း​ခြင်း​ကို​ခံရ​ကြလိမ့်မည်။ ထာဝရ​ဘုရား​ကို​မျှော်လင့်​သော​သူတို့မူကား၊ ပြည်တော်​ကို​အမွေခံ​ရ​ကြလိမ့်မည်။”—မဿဲ ၅:၅; ဆာလံ ၃၇:၉

ကမ္ဘာ​မြေကြီး​မှ မတရားမှု​ပြုသူ​အားလုံး ပယ်ရှားခြင်း​ခံရ​ပြီး တစ်ဦး​ကို​တစ်ဦး​ချစ်ခင်​သူတို့​သာ ကျန်ရစ်​မည်​ဆို​ခြင်း​က အံ့သြဖွယ်ကောင်း​လောက်​သော ပြောင်းလဲမှု​ကြီး​ပါ​တကား! တစ်ချိန်​တွင် ယင်းသည် မည်သို့​ဖြစ်လာ​နိုင်​မည်​နည်း။ မည်သို့​ဖြစ်လာ​မည်​ကို ယေရှု​က “[ဘုရားသခင်] နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော” ဟူ၍​တောင်ပေါ်​တရားတော်​တွင် ဆုတောင်း​ရန် ကျွန်ုပ်​တို့ကို​သင်ကြား​ရာ​၌ ဆက်​မိန့်တော်မူသည်။ (မဿဲ ၆:၁၀) ဘုရားသခင့်​အလိုတော် မည်သည့်​နေရာ၌​ပြည့်စုံ​လာ​မည်​ကို သတိပြုပါ။ ကောင်းကင်ဘုံ​၌​သာ​မဟုတ်။ “အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီးပေါ်​၌​ပြည့်စုံ​ပါစေ​ဟု ကျွန်ုပ်​တို့​ဆုတောင်း​ကြသည်” ဟူ၍​ခရစ်ယာန်​ရာစုနှစ်​ပါ ဆောင်းပါး​တစ်ပုဒ်​က အလေးပေး​ဖော်ပြ​၏။

သို့​ဖြစ်၍ ကျွန်ုပ်​တို့​ဆုတောင်း​ရန် ယေရှု​သင်ပေးခဲ့​သော ဘုရားသခင့်​နိုင်ငံတော်​ကား အဘယ်နည်း။ ထင်ရှား​နေသည်​မှာ ယင်းသည် ကောင်းကင်​မှ​အုပ်ချုပ်​မည့် တကယ့်​အစိုးရ​တစ်ခု​ဖြစ်၏။ သို့​ဖြစ်၍ “ကောင်းကင်​နိုင်ငံတော်” ဟု ယင်းကို ခေါ်ဆို​ခြင်း​ဖြစ်သည်။ (မဿဲ ၁၀:၇) ဤ​နိုင်ငံတော် သို့​မဟုတ် အစိုးရ​၏ အုပ်စိုးရှင်​အဖြစ်​ခန့်အပ်​ခံရ​သူ​မှာ ဘုရားသခင့်​သားတော်၊ ယေရှု​ခရစ်​ပင်​ဖြစ်သည်။

မာရိထံမှ ယေရှု​မမွေးဖွား​မီ ကြာမြင့်​ပြီး​ကတည်းက ယေဟောဝါ​၏​ပရောဖက် ဟေရှာယ​က အံ့ဖွယ်​ဖြစ်ရပ်​အပြင် နောက်ဆက်တွဲ​လိုက်ပါ​လာ​ရာ​နှင့်​စပ်လျဉ်း၍ ဤသို့​တင်ကူး​ဟောပြောခဲ့​သည်– “ငါ​တို့​အဖို့​သူငယ်​ကို​ဖွားမြင်​၏။ ငါ​တို့အား သားကို​သနားတော်မူ​၏။ ထို​သူသည် အုပ်စိုးခြင်း​အာဏာ​ရှိ​လိမ့်​မည်။ နာမတော်​မူ​ကား၊ အံ့သြဖွယ်၊ တိုင်ပင်​ဘက်၊ တန်ခိုး​ကြီးသော​ဘုရားသခင်၊ ထာဝရ​အဘ၊ ငြိမ်သက်ခြင်း​အရှင်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို​ခံ​တော်​မူ​လိမ့်​မည်။ . . . အာဏာတော်​တိုးတက်ခြင်း​နှင့်​ငြိမ်သက်​တော်​မူ​ခြင်း​သည် နိစ္စ​အမြဲ​ရှိ​လိမ့်​မည်။” (ဟေရှာယ ၉:၆၊ ၇) ယေရှု​သေဆုံး​၍ ရှင်ပြန်ထမြောက်​ပြီး​နောက် ကိုယ်တော်​သည် ကောင်းကင်ဘုံ​တွင် မိမိ၏​ခမည်းတော်​နှင့်အတူ​ထိုင်​နေ​တော်​မူ​ပြီး ဘုရင်​အဖြစ် စတင်​အုပ်စိုး​ရန်​အမိန့်တော်ကို စောင့်မျှော်​နေ​လေ​၏။—ဆာလံ ၁၁၀:၁၊ ၂; ဟေဗြဲ ၁၀:၁၂၊ ၁၃; ဗျာဒိတ် ၁၁:၁၅

ထို​အချိန်တန်လျှင် အဆုံး​၌ မုန်းတီးမှု​နှင့်​ပြည့်နှက်​နေသော ဤ​လောကကြီး ဘာ​ဖြစ်သွား​မည်​နည်း။ အဆိုပါ​မေးခွန်း​ကို သမ္မာကျမ်းစာ​က မည်သို့​အဖြေပေး​ကြောင်း သတိပြုပါ။ ဘုရားသခင့်​ပရောဖက် ဒံယေလ​က ဤသို့​တင်ကူး​ဟောပြော​သည်– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော​နိုင်ငံ​တစ်ခု​ကို ထို​မင်းကြီး​များ​လက်ထက်​၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့​မရောက်ရ​ဘဲ၊ အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​ရှိသမျှကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။”—ဒံယေလ ၂:၄၄-၄၅

ရှင်း​နေသည်​မှာ ဤ​ကျမ်း​ဆိုင်ရာ ပရောဖက်ပြုချက်​က လူ့​အရေးကိစ္စ​များ​၌ ကြီးမားသော​ပြောင်းလဲမှု​တစ်ရပ် ရှေ့တွင်​ဖြစ်​မည်​ကို ညွှန်ပြ​၏။ ဘုရားသခင့်​အုပ်ချုပ်မှု​ကို ခေါင်းမာ​မာ​ဖြင့် လက်အောက်ခံ​ဖို့​ငြင်းဆန်သူ​တို့​အပါအဝင် ဤ​အစီအစဉ်​စနစ်​တစ်ခုလုံး ကမ္ဘာ​မြေကြီး​မှ​ပယ်ရှားခြင်း​ခံရ​ပေမည်! ယင်း​တွင် အဘယ်အရာ​အစားထိုး​မည်​ကို သုံးသပ်ကြည့်​ပါ။

ဖြောင့်မတ်​သော​ကမ္ဘာသစ်​ရှိ အသက်တာ

ကမ္ဘာ​လောက​ဟောင်း ကုန်ဆုံး​သွားသော​အခါ ကပ်ကျော်​သူများ​ရှိ​ပေမည်။ သမ္မာကျမ်းစာ​က ဤသို့​ရှင်းပြသည်– “လောက​နှင့်​လော[က]တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ နိစ္စ​ထာဝရ​တည်​၏။” (၁ ယောဟန် ၂:၁၇) မှန်သည်၊ နောဧ​နှင့် သူ့​မိသားစု​သည် သူတို့​ခေတ် ကမ္ဘာ​ကုန်​ချိန်​တွင် အသက်ရှင်​လျက်​ကပ်ကျော်​ခဲ့​သကဲ့သို့ ဘုရားသခင်​အလိုတော်​ဆောင်​သူများ​သည် ကမ္ဘာသစ်​အတွင်း​သို့ ကပ်ကျော်​ကြ​ပေ​လိမ့်​မည်။ တမန်​တော်​ပေတရု​က ဤသို့​ရေးသား​သည်– “ဖြောင့်မတ်ခြင်း​တရား​တည်ရာ မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်​ကို ငါ​တို့သည် [ဘုရားသခင်​၏] ကတိတော်​နှင့်​အညီ မျှော်လင့်​ကြ​၏။”—၂ ပေတရု ၃:၅-၇၊ ၁၁-၁၃

တစ်ခု​တည်း​သော​အစိုးရ​ဖြစ်သည့် ဘုရားသခင့်​နိုင်ငံတော်​ဆောင်ရွက်​ချိန်​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ဤသို့​ကတိပြု​သည်– “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ဖြောင့်မတ်​သော​သူတို့သည် သန့်ရှင်း​စင်ကြယ်သော ကမ္ဘာ​မြေ​တွင် အသက်တာကို​စံစား​ကြ​ရ​ပေ​လိမ့်​မည်။ မည်မျှ​ဝမ်းမြောက်​ဖွယ်​ရာ အချိန်​ပါ​တကား!

ကိုယ်တော်​အား ဝတ်ပြု​ကိုးကွယ်​သူတို့၏​အကျိုး​အလို​ငှာ ယင်း​အံ့ဖွယ်ရာ​နှင့်​ပတ်သက်​သည့် ကျွန်ုပ်​တို့​ဖန်ဆင်း​ရှင်​၏​ကတိတော်​များ​က သင့်​နှလုံးကို​နွေးထွေး​စေ​သည် မဟုတ်ပေ​လော။ အမှန်​မှာ ပထမ​လူ​မောင်နှံ​ကို ဖန်ဆင်း​၍ သူတို့အား မြေကြီး​ပရဒိသု​တွင်​နေရာချ​ပေး​သောအခါ ယင်းသည် ဘုရားသခင့်​ရည်ရွယ်တော်မူချက်​ပါ​တကား! သူတို့အား ဘုရားသခင် မိန့်တော်မူရာ​ကို သတိပြုပါ– “အချင်း​တို့​များပြား​စွာ​မွေးဖွား​ကြလော့။ မြေကြီးကို​ပြည့်စေ​၍​နိုင်​ကြလော့။ ပင်လယ်​ငါး​တို့ကို​လည်းကောင်း၊ မိုးကောင်းကင်​ငှက်​တို့ကို​လည်းကောင်း၊ အသက်ရှင်​၍​မြေပေါ်မှာ​လှုပ်ရှား​တတ်သော တိရစ္ဆာန်​အပေါင်း​တို့ကို​လည်းကောင်း အုပ်စိုး​ကြလော့။”—ကမ္ဘာဦး ၁:၂၇၊ ၂၈

အာဒံ​နှင့် ဧဝ​တို့သည် ကလေး​များ​ရ​ရှိလာ​ကြ​ပြီး သူတို့ ကြီးပြင်း​လာသော​အခါ မြေကြီး​ပရဒိသု​ကို ပြုပြင်​ထိန်းသိမ်း​ခြင်း​ဆိုင်ရာ နှစ်လိုဖွယ်​လုပ်ငန်း​၌ ပါဝင်​ကြ​ပေမည်။ လူ့​မိသားစုကြီး​မား​လာ​သည်​နှင့်​အမျှ ဧဒင်ဥယျာဉ်​နယ်နိမိတ်​များ​တိုးချဲ့​ရခြင်း​မှ​ရသည့် ရွှင်လန်းမှု​ကို စဉ်းစား​ကြည့်​လိုက်ပါ​လေ! ရှင်းနေပါသည်၊ ဘုရားသခင့်​ရည်ရွယ်တော်မူချက်​သည် မြေတစ်ပြင်လုံး ပရဒိသု​ဘုံ​ဖြစ်လာ​ရန်​တည်း။ အဆိုပါ​ရည်ရွယ်ချက်မှာ တစ်နေ့​တစ်ချိန်​တွင် ပြည့်စုံ​ပါ​မည်​လော။ ယင်း​နှင့်​ပတ်သက်​၍ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင်​ပါရှိ​ရာ ပြည့်စုံ​လိမ့်​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်​တကား! ကိုယ်တော် ဤသို့​ကတိပြု​တော်​မူ​၏– “ငါသည် နှုတ်ထွက်​အတိုင်း . . . စီရင်​မည်။”—ဟေရှာယ ၄၆:၁၁; ၅၅:၁၁

ဤ​စာမျက်နှာ​များ​တွင် ရုပ်လုံးဖော်​ပြ​ထား​သည့်​အတိုင်း မြေကြီး​ပရဒိသု​တွင် သင် ထာဝစဉ်​အသက်ရှင်​ခံစား​လို​သလော။ ထို​နေရာတွင် လူတိုင်း​ထာဝစဉ်​နေထိုင်ဖို့ ခွင့်ပြု​လိမ့်​မည်​မဟုတ်​ကြောင်း မျှော်လင့်​နိုင်​သည်။ တောင်းဆိုချက်​များ​ရှိ​လေ​သည်။ ယင်း​တို့​ကား အဘယ်နည်း။

ထာဝစဉ်​အသက်ရှင်ဖို့​ရာ အရည်အချင်း​ပြည့်မီခြင်း

ဦးဆုံး​အနေ​နှင့် ကျွန်ုပ်​တို့​ပြုလုပ်​ရန် ဘုရားသခင် သွန်သင်ပေး​သည့်​အတိုင်း ဘုရားသခင့်​ကမ္ဘာသစ်​တွင် နေထိုင်သူ​တို့သည် တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​ဖို့​သင်ယူ​ရမည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သင်တို့သည်​အချင်းချင်းချစ်​စေခြင်း​ငှာ၊ ဘုရားသခင်​ဆုံးမ​သွန်သင်​တော်​မူ . . .၏။” (၁ သက်သာလောနိတ် ၄:၉) ယင်းကို ကျွန်ုပ်​တို့အား ဘုရားသခင် မည်သို့​အားဖြင့် သွန်သင်ပေး​တော်​မူ​သနည်း။

အထူးသဖြင့် ကိုယ်တော်​မှုတ်သွင်း​တော်​မူ​သော ဘုရားသခင့်​စကားတော်၊ သမ္မာကျမ်းစာ​အားဖြင့်​ဖြစ်သည်။ ဆိုလိုသည်မှာ ထာ​စဉ်​အသက်ရှင်ဖို့ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​၌​ပါရှိ​သော ဘုရားသခင်​၏​သွန်သင်ချက်​များ​ကို လက်ခံရ​မည်။ အရှေ့တိုင်း​မှ ကျမ်းစာ​ကျောင်းသား​တစ်ဦး​က ဤသို့​ဆို​သည်– “သမ္မာကျမ်းစာ​မှာ​ကတိပြု​ထား​သလို လူအားလုံး တစ်ယောက်​နဲ့​တစ်ယောက်​ချစ်ခင်မှု သင်ယူ​ကြ​မယ့်​အချိန်ကို ကျွန်တော်​စောင့်မျှော်​နေပါတယ်။”

မိမိ၏​ခမည်းတော်​ထံ ဆုတောင်းရာ​တွင် ယေရှု​က အခြေခံကျ​သော​လိုအပ်ချက်​တစ်ခု​ကို ဖော်ပြ​သည်။ ကိုယ်တော် ဤသို့​ဆို​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) စာမျက်နှာ ၃၂ မျက်နှာ​ရှိသော ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း ဘရိုရှာ​က ဤ​အသိပညာကို​ရရှိ​စေဖို့ ကျွန်ုပ်​တို့အား ကူညီပေး​လိမ့်​မည်။ သင်​အနေ​ဖြင့် ထို​ဘရိုရှာ​ကို​ရလိုလျှင် ကင်းမျှော်စင် ၉၄ခ၊ အင်း​ယား​လမ်း၊ ရန်ကုန်​မြို့ သို့​မဟုတ် စာမျက်နှာ ၃၀ တွင်​ဖော်ပြ​ထားသော သင့်လျော်​သည့်​လိပ်စာ​ဖြင့်​မှာ​ယူပါ။