မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စောင့်နေကြလော့”

“စောင့်နေကြလော့”

“စောင့်နေ​ကြလော့”

“သင်တို့​အရှင်​သည် အဘယ်​အချိန်နာရီ​၌ ရောက်လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့။”—မဿဲ ၂၄:၄၂

၁။ ယေဟောဝါ​၏ ရှေ့မီနောက်မီ​ကျေးကျွန်​များသည် သူတို့​ဆက်ကပ်​အပ်နှံ​အမှုထမ်းခဲ့​သည့် နှစ်ပေါင်း​များစွာ​နှင့်​ပတ်သက်​၍ မည်သို့​ခံစား​ကြ​ရသနည်း။ ဥပမာတစ်ခု​တင်ပြ​ပါ။

ယေဟောဝါ​၏ ရှေ့မီနောက်မီ​ကျေးကျွန်​များစွာ​သည် သူတို့​ငယ်ရွယ်​သည့်​အချိန်တွင် အမှန်တရားကို သင်ယူ​ခဲ့​ကြသည်။ အလွန်​အဖိုးထိုက်သည့်​ပုလဲ​ကို​တွေ့သော​အခါ ၎င်းကို​ဝယ်​ရန် မိမိ​ပိုင်ဆိုင်​သမျှ​ကို​ရော​င်း​ခဲ့​သော​ကုန်သည်​ကဲ့သို့ ထို​စိတ်အား​ထက်သန်​သော ကျမ်းစာ​သင်သားများ​သည် မိမိတို့​ကိုယ်ကို​ငြင်းပယ်​ခဲ့​ကြ​ကာ ယေဟောဝါ​ထံ သူတို့​အသက်တာကို ဆက်ကပ်​အပ်နှံ​ခဲ့​ကြသည်။ (မဿဲ ၁၃:၄၅၊ ၄၆; မာကု ၈:၃၄) ဘုရားသခင့်​ရည်ရွယ်ချက် မြေကြီးပေါ်​တွင်​ပြည့်စုံ​ရန် သူတို့​မျှော်လင့်​ထား​သည်ထက် ပို​စောင့်​ခဲ့​ရသည့်​အတွက် မည်သို့​ခံစား​ခဲ့​ကြ​ရသနည်း။ သူတို့​ဝမ်း​မနည်း​ကြ​ပါ! အနှစ် ၆၀ နီးပါး ဆက်ကပ်​အပ်နှံ​အမှုတော်ထမ်း​ရွက်​ခဲ့​ပြီး​နောက် ဤသို့​ပြော​ခဲ့​သော ညီအစ်ကို အေ. အိတ်ခ်ျ. မက္ကမီလန်​၏​စကား​ကို သူတို့​သဘောတူ​ကြသည်– “ယုံကြည်ခြင်း​မှာ​ဆက်​တည်​နေဖို့ အရင်ကထက်​ပို​ပြီး ကျွန်တော်​စိတ်ပိုင်းဖြတ်​ထား​တယ်။ အဲ့​ဒါက ကျွန်တော်​ကို အသက်ရှင်​ရကျိုးနပ်​စေတယ်။ အဲ့​ဒါ​ကြောင့် အနာဂတ်​ကို ကြောက်စိတ်​မရှိဘဲ​ဆက်​ပြီး​ရင်ဆိုင်ဖို့ ကျွန်တော်​အကူအညီ​ရ​တုန်း​ပဲ။”

၂။ (က) ယေရှုသည် မိမိ​နောက်လိုက်​များ​အား အဘယ်​အခန့်သင့်​ဆုံးမ​စကား​ကို ပေး​ခဲ့​သနည်း။ (ခ) ဤ​ဆောင်းပါး​တွင် အဘယ်​မေးခွန်းများကို သုံးသပ်​မည်​နည်း။

အသင်​ကော အသို့နည်း။ သင်သည် အသက်အရွယ်​မည်မျှ​ပင်​ရှိပါစေ ယေရှု၏​ဤ​စကား​များ​ကို သုံးသပ်ပါ– “သင်တို့​အရှင်​သည် အဘယ်​အချိန်နာရီ​၌ ရောက်လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့။” (မဿဲ ၂၄:၄၂) ဤ​ဖော်ပြချက်​ရိုးရိုးလေး​တွင် လေးနက်​သော​အမှန်တရားပါ​ရှိသည်။ ဤ​စနစ်ဆိုး​ကို​တရား​စီရင်​ရန် သခင်​ကြွလာ​မည့်​နေ့ကို ကျွန်ုပ်​တို့​မသိကြ​ပါ၊ သိ​ရန်​လည်း​မလို​အပ်​ပါ။ သို့သော် သခင်​ကြွလာ​သည့်​အခါ ကျွန်ုပ်​တို့​ဝမ်း​မနည်း​ရလေ​အောင် အသက်ရှင်​နေထိုင်ဖို့ လိုအပ်​သည်။ ယင်း​နှင့်​ပတ်သက်​၍ စောင့်​နေကြ​ရာ​တွင် အကူအညီ​ဖြစ်စေ​မည့် အဘယ်​ပုံ​နမူနာ​များ​ကို ကျမ်းစာ​တွင်​တွေ့ရှိ​ရသနည်း။ ဤ​လိုအပ်ချက်​ကို ယေရှု​မည်သို့​ဖော်ပြ​ခဲ့​သနည်း။ ကျွန်ုပ်​တို့သည် ဤ​ဘုရားတရား​မဲ့​သော​လောက​၏ နောက်ဆုံးသော​နေ့ရက်​များ​တွင် အသက်​ရှင်​နေကြ​ရ​ကြောင်း အဘယ်​သာဓက​ရှိ​သနည်း။

သတိပေး​နမူနာ​တစ်ခု

၃။ ယနေ့ လူအများသည် နောဧ​ခေတ်​ရှိ​လူများ​နှင့် မည်သို့​ဆင်တူ​ကြ​သနည်း။

ယနေ့ လူအများသည် နောဧ​ခေတ်တွင်​အသက်ရှင်ခဲ့​ကြ​သည့် ယောက်ျား​မိန်းမ​များနှင့် နည်း​အမျိုးမျိုးဖြင့် ဆင်တူ​ကြ​ပါ​သည်။ ထို​အချိန်​က ကမ္ဘာ​မြေကြီး​သည် အကြမ်းဖက်မှု​နှင့် ပြည့်​နေခဲ့​ပြီး လူတို့၏​စိတ်​အကြံအစည်​များသည် “အစဉ်မပြတ် ဆိုးညစ်ခြင်း​သက်​သက်ရှိ” ခဲ့​သည်။ (ကမ္ဘာဦး ၆:၅) အများစု​သည် နေ့စဉ်​ဘဝ လုပ်ငန်းဆောင်တာ​များနှင့် လုံးပန်း​နေခဲ့​ကြသည်။ သို့သော် ယေဟောဝါ​သည် ရေလွှမ်းမိုး​ဘေးမ​ကျရောက်​စေ​မီ လူသားများ​နောင်တ​ရ​ရန် အခွင့်အရေး​ပေး​ခဲ့​သည်။ ကိုယ်တော်​သည် နောဧ​ကို​ဟောပြောရန်​တာဝန်​ပေး​ခဲ့​ပြီး နောဧ​သည် “ဖြောင့်မတ်ခြင်း​တရားကို​ဟော​သော” သူ​အဖြစ် အနှစ် ၄၀ သို့​မဟုတ် ၅၀ သို့​မဟုတ် ထို​ထက်​ကြာမြင့်စွာ အမှုဆောင်ခြင်း​အားဖြင့် နာခံမှု​ပြ​ခဲ့​၏။ (၂ ပေတရု ၂:၅) သို့ရာတွင် လူများ​သည် နောဧ​၏​သတိပေး​ချက်​ကို လျစ်လျူရှု​ခဲ့​ကြသည်။ သူတို့သည် စောင့်မ​နေခဲ့​ကြ​ပါ။ ထို့​ကြောင့် နောက်ဆုံး​တွင် နောဧ​နှင့် သူ၏​မိသားစု​သာ ယေဟောဝါ​၏​တရား​စီရင်ခြင်း​မှ လွတ်မြောက်​ခဲ့​သည်။—မဿဲ ၂၄:၃၇-၃၉

၄။ နောဧ​၏​ဓမ္မ​အမှုသည် အဘယ်​သဘောဖြင့် အောင်မြင်​သည်​ဟု​ဆိုနိုင်​သနည်း၊ သင့်​ဟောပြောခြင်း​လုပ်ငန်း​နှင့်​ပတ်သက်​၍​လည်း မည်သို့​ထပ်တူ​ပြော​နိုင်​သနည်း။

နောဧ​၏​ဓမ္မ​အမှုသည် အောင်မြင်​ခဲ့​ပါသလော။ တုံ့ပြန်​သူ​လူနည်းစု​ကို​ကြည့်​ပြီး အကဲမဖြတ်​ပါ​နှင့်။ နောဧ​၏​ဟောပြောခြင်း​လုပ်ငန်း​သည် တုံ့ပြန်မှု​မရှိသည့်​တိုင် ယင်း​၏​ရည်ရွယ်ချက် အမှန်ပင်​အောင်မြင်​ခဲ့​ပါ​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ လူများ​သည် ယေဟောဝါ​ကို​ဝတ်ပြု​မည် ဝတ်မပြု​မည်​ကို​ရွေးချယ်​ရန် လုံလောက်​သည့်​အခွင့်အရေး​ပေး​ခဲ့​သည်။ သင်​ဟောပြောနေ​သည့် ရပ်ကွက်တွင်​ကော မည်သို့​နည်း။ အပြုသဘော​ပါ​တုံ့ပြန်မှု​နည်း​သည့်​တိုင် သင်သည် အောင်မြင်မှု​ရရှိ​နေပါ​သည်။ အဘယ်ကြောင့်​နည်း။ ဟောပြောခြင်း​အားဖြင့် သင်သည် ဘုရားသခင့်​သတိပေး​ချက်​ကို ကြေညာ​နေပြီး မိမိ၏​နောက်လိုက်​များ​ကို ယေရှု​ပေး​ခဲ့​သည့်​တာဝန်​ကို ပြည့်စုံစေခြင်း​တို့​ကြောင့်​ဖြစ်သည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀

ဘုရားသခင့်​ပရောဖက်​များ​ကို လျစ်လျူရှု​ခြင်း

၅။ (က) ဟဗက္ကုတ်​အချိန်​က ယုဒ​နိုင်ငံ​တွင် အဘယ်​အခြေအနေ​များ ဖြစ်ပျက်​နေပြီး သူ၏​ပရောဖက်ပြုချက်​သတင်းတရားကို လူများ​မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ (ခ) ယုဒ​လူများ​သည် ယေဟောဝါ​၏​ပရောဖက်​များ​ကို မည်​ကဲ့သို့​ဆန့်ကျင်,ရန်လို​ခဲ့​ကြ​သနည်း။

ရေလွှမ်းမိုး​ဘေး​ပြီး​၍ ရာစုနှစ်များစွာ​ကြာပြီးနောက် ယုဒ​နိုင်ငံ​သည် ဆိုးရွား​သည့်​အခြေအနေ​များ​ကို ကြုံတွေ့​ခဲ့​ရသည်။ ရုပ်ပုံ​ကိုးကွယ်​မှု၊ မတရားမှု၊ နိုင်ထက်စီးနင်း​ပြုမူမှု​နှင့် လူသတ်မှု​များ​ပင် သာမန်​အရာများ​ဖြစ်​ခဲ့​သည်။ သူတို့​နောင်တ​မရပါ​က ခါလဒဲ သို့​မဟုတ် ဗာဗုလုန်​လူမျိုး​တို့၏​လက်ချက်​ဖြင့် ဘေးဆိုးကြီး​ကျရောက်​လိမ့်​မည်​ဖြစ်​ကြောင်း လူများ​အား​သတိပေး​ရန် ယေဟောဝါ​သည် ဟဗက္ကုတ်​ကို ပေါ်ထွန်း​စေ​ခဲ့​သည်။ (ဟဗက္ကုတ် ၁:၅-၇) သို့သော် လူများ​သည် နားထောင်​ရန် ငြင်းဆို​ခဲ့​ကြသည်။ သူတို့က ဤသို့​တုံ့ပြန်​ခဲ့​ပေမည်– ‘လွန်ခဲ့တဲ့​အနှစ်​တစ်​ရာ​ကျော်​တုန်း​က ပရောဖက်​ဟေရှာယ​လည်း ဒီလိုပဲ​သတိပေး​ခဲ့​တာ​ပဲ၊ ဒါပေမဲ့ အခုထိ​ဘာမှလည်း​မဖြစ်​လာ​ပါ​ဘူး!’ (ဟေရှာယ ၃၉:၆၊ ၇) ယုဒ​နိုင်ငံ​၏​အစိုးရ​အရာရှိများ​သည် သတင်းတရားကို လျစ်လျူရှု​ရုံ​သာမက တမန်​များ​ကို ဆန့်ကျင်,ရန်လို​ခဲ့​ကြသည်။ တစ်ခါ​က ပရောဖက်​ယေရမိကို​သတ်​ရန် ကြိုးစား​ခဲ့​ကြသည်၊ အဟိကံ,သာ​ကြား​မဝင်​ခဲ့​လျှင် သူတို့​အောင်မြင်​သွားပေ​မည်။ နောက်ထပ်​ပရောဖက်ပြုချက်​သတင်း​ကြောင့် အမျက်ထွက်​ပြီး ယောယကိမ်​မင်းကြီး​သည် ပရောဖက်​ဥရိယ​ကို သတ်ခဲ့​လေ​သည်။—ယေရမိ ၂၆:၂၁-၂၄

၆။ ယေဟောဝါ​သည် ဟဗက္ကုတ်​ကို မည်သို့​ခွန်အား​ပေး​ခဲ့​သနည်း။

ဟဗက္ကုတ်​၏​သတင်း​သည် ထပ်တူ​ရဲရင့်​ခဲ့​ပြီး အနှစ် ၇၀ ပျက်စီး​နေ​မည့်​ယုဒ​နိုင်ငံ​အကြောင်း ဘုရားသခင်​၏​မှုတ်သွင်းခြင်း​အားဖြင့် ကြို​ဟောခဲ့​ရသော ယေရမိ​၏​သတင်း​ကဲ့သို့ လူ​ကြိုက်​မများ​ခဲ့​ပါ။ (ယေရမိ ၂၅:၈-၁၁) ထို့​ကြောင့် စိတ်ပျက်​စွာ​ဖြင့် ဟဗက္ကုတ်​ဤသို့​ပြော​ခဲ့​ခြင်း​ကို ကျွန်ုပ်​တို့​နားလည်​နိုင်​ပါ​သည်– “အို​ထာဝရ​ဘုရား ကိုယ်တော်​သည် ကြား​တော်​မ​မူ​ဘဲ အဘယ်မျှ​ကာလပတ်လုံး အကျွန်ုပ်​အော်ဟစ်​ရ​ပါ​မည်​နည်း။ ကယ်တင်​တော်​မ​မူ​ဘဲ အကျွန်ုပ်သည် အဓမ္မအမှု​ကို​ခံ​၍ ရှေ့တော်၌ အဘယ်မျှ​ကာလပတ်လုံး အော်ဟစ်​ရ​ပါ​မည်​နည်း။” (ဟဗက္ကုတ် ၁:၂) ယေဟောဝါ​သည် ဟဗက္ကုတ်​ကို ယုံကြည်ခြင်း​ခိုင်ခံ့​စေသည့် ဤ​စကား​များ​ဖြင့် ကြင်နာ​စွာ​အဖြေပေး​ခဲ့​သည်– “ထို [အဆင်းအာရုံ] သည် ချိန်းချက်သော​အချိန်​နှင့်​ဆိုင်၍ အမှု​ကုန်​ရသော​ကာလ​ကို​ဆိုလို​၏။ မုသာ​နှင့်​ကင်းလွတ်​၏။ ဆိုင်း​သော်လည်း မျှော်လင့်​လော့။ နောက်​မကျ​ဘဲ​ဧကန်​အမှန်​ရောက်​လိမ့်​မည်။” (ဟဗက္ကုတ် ၂:၃) ထို့​ကြောင့် မတရားမှု​နှင့် နိုင်​လို​မင်း​ထက်​ပြု​မှု​တို့ကို​အဆုံးတိုင်​စေ​မည့် “ချိန်းချက်သော​အချိန်” ယေဟောဝါ​တွင်​ရှိသည်။ ကြန့်ကြာ​နေ​ပုံ​ပေါက်​သည့်​တိုင် ဟဗက္ကုတ်​သည် စိတ်ဓာတ်​မကျ​ခဲ့​သကဲ့သို့ အရှိန်​လည်း​မ​လျော့​ခဲ့​ပါ။ ယင်းအစား သူသည် “မျှော်လင့်” လျက်​နေပြီး အရေးတကြီး​သဘောထားမျိုး​နှင့် နေ့စဉ်​အသက်ရှင်နေ​ထိုင်​ခဲ့​သည်။ ယေဟောဝါ​၏​နေ့​သည် နောက်ကျ​မည်​မဟုတ်!

၇။ စီ.အီး. ပထမ​ရာစု​တွင် ယေရုရှလင်​မြို့ကို ထပ်၍​ဖျက်ဆီး​ရန် အဘယ်ကြောင့်​လျာထား​ခံ​ခဲ့​ရသနည်း။

ဟဗက္ကုတ်​ကို ယေဟောဝါ​မိန့်မြွက်​ခဲ့​ပြီး အနှစ် ၂၀ ခန့်အကြာ​တွင် ယုဒ​နိုင်ငံ​၏​မြို့တော် ယေရုရှလင်​မြို့​သည် ဖျက်ဆီး​ခံ​ခဲ့​ရသည်။ နောက်ပိုင်း​တွင် ယင်းကို​ပြန်​တည်ဆောက်​ခဲ့​ပြီး ဟဗက္ကုတ်​ကို အကြီးအကျယ်​စိတ်ဓာတ်ကျ​စေ​ခဲ့​သည့် မကောင်းမှု​များစွာကို ပြုပြင်​ခဲ့​ကြသည်။ သို့ရာတွင် ယင်း​တွင်​နေထိုင်ကြ​သော​သူများ​၏ သစ္စာမဲ့မှု​ကြောင့် စီ.အီး. ပထမ​ရာစု​တွင် ထို​မြို့တော်​ဖျက်ဆီး​ခံရ​ရန် ထပ်မံ​လျာထား​ခံ​ခဲ့​ရသည်။ ယေဟောဝါ​သည် ဖြောင့်မတ်​သော​သူများ​ကယ်တင်​ခံရ​ရန် သနား​ကြင်နာ​စွာ​ဖြင့် အစီအစဉ်​ပြုလုပ်​ခဲ့​သည်။ ဤ​အကြိမ်​တွင် သတင်း​ဟောပြောရန် ရိုးရိုး​ပရောဖက်မ​ဟုတ် ယေရှု​ခရစ်​ကို​ပင် အသုံးပြု​ခဲ့​သည်။ စီ.အီး. ၃၃ တွင် ယေရှုသည် မိမိ၏​နောက်လိုက်​များ​ကို ဤသို့​ပြော​ခဲ့​သည်– “ယေရုရှလင်​မြို့ကို ဗိုလ်ခြေများ​ဝန်းရံ​လျက်​ရှိသည်​ကို သင်တို့​မြင်​သောအခါ ထို​မြို့​သည် ပျက်စီးခြင်း​သို့​ရောက်လု​သည်ကို သိမှတ်​ကြလော့။ ထို​အခါ ယုဒပြည်​၌​ရှိသောသူ​တို့သည် တောင်ပေါ်​သို့​ပြေးကြ​စေ။”—လုကာ ၂၁:၂၀၊ ၂၁

၈။ (က) ယေရှု​သေဆုံး​ပြီး​နောက် အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ ခရစ်ယာန်​အချို့​သည် အဘယ်​သို့​ဖြစ်​ခဲ့​မည်​နည်း။ (ခ) ယေရုရှလင်​နှင့်​ပတ်သက်​သည့် ယေရှု၏​ပရောဖက်ပြုချက်​စကား​များသည် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

နှစ်များ​ကုန်လွန်​လေ​သော် ယေရုရှလင်​မြို့ရှိ ခရစ်ယာန်​အချို့​သည် ယေရှု၏​ပရောဖက်ပြုချက် အဘယ်​အချိန်၌​ပြည့်စုံ​မည်​ကို သိချင်​နေကြ​ပေမည်။ အမှန်​မှာ၊ သူတို့​ထဲ​မှ​အချို့​သည် များစွာ​အနစ်နာခံ​စွန့်လွှတ်​ခဲ့​ကြ​မည်​မှာ ယုံမှားဖွယ်​မရှိ​ချေ။ သူတို့သည် စောင့်​နေကြ​ရန်​ဆုံးဖြတ်​ခဲ့​သောကြောင့် ဆွဲဆောင်မှု​ရှိသော စီးပွား​များ​ကို ငြင်းပယ်​ခဲ့​ကြ​ပေမည်။ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ သူတို့သည် ပင်ပန်း​နွမ်းလျ​လာ​ခဲ့​ကြ​သလော။ မိမိတို့သည် အချိန်ဖြုန်း​နေ​ရုံ​ဖြစ်​ပြီး ယေရှု၏​ပရောဖက်ပြုချက်​မှာ မိမိတို့​အချိန်​နှင့်​မဆိုင် အနာဂတ်​လူမျိုးဆက်​တစ်ခု​နှင့်​သက်ဆိုင်​သည်​ဟု ကောက်ချက်​ချ​ခဲ့​ကြ​ပါသလော။ စီ.အီး. ၆၆ ၌​ရောမ​စစ်တပ်​သည် ယေရုရှလင်​မြို့ကို​ဝန်းရံ​သည့်​အချိန်တွင် ယေရှု၏​ပရောဖက်ပြုချက် စတင်​ပြည့်စုံ​ခဲ့​သည်။ စောင့်​နေကြ​သူများ​သည် နိမိတ်​အဖြစ်​အသိအမှတ်ပြု​ခဲ့​ကြ​ပြီး မြို့ထဲ​မှ​ထွက်ပြေး​ကြ​ရာ ယေရုရှလင်​ပျက်စီးခြင်း​ဘေး​မှ အသက်ချမ်းသာ​ရခဲ့​ကြသည်။

သတိ​ဝီရိယ​နှင့်​စောင့်​နေကြ​ရန်လို​ကြောင်း ပုံ​ဥပမာ​တင်ပြခြင်း

၉၊ ၁၀။ (က) မင်္ဂလာဆောင်​ပွဲ​မှ​ပြန်လာ​သည့်​သခင်​ကို စောင့်နေ​ကြသော​ကျွန်​များ​အကြောင်း ယေရှု၏​ပုံ​ဥပမာ​ကို အကျဉ်းချုပ် မည်သို့​ဖော်ပြ​မည်​နည်း။ (ခ) သခင်​ကို​စောင့်နေ​ရခြင်း​သည် ကျွန်​များ​အတွက် အဘယ်ကြောင့်​ခက်ခဲ​နိုင်​သနည်း။ (ဂ) စိတ်ရှည်ခြင်း​က ကျွန်​များ​အတွက် အဘယ်ကြောင့်​အကျိုးရှိ​ခဲ့​သနည်း။

သတိ​ဝီရိယ​နှင့်​စောင့်နေ​ရန်လို​ကြောင်း အလေးပေး​ဖော်ပြ​ရာ​၌ ယေရှုသည် မိမိ၏​တပည့်တော်​များ​အား မင်္ဂလာဆောင်​ပွဲ​မှ​ပြန်လာ​သည့်​သခင်​ကို စောင့်နေ​ကြသော​ကျွန်​များနှင့် နှိုင်းယှဉ်ခဲ့​သည်။ သခင်သည် ည​အချိန်တွင်​ပြန်ရောက်​မည်​ကို သိထားကြ​သော်လည်း အဘယ်​အချိန်တွင်​နည်း။ ည​တစ်ချက်​တီး​အချိန်အတွင်း​လော။ နှစ်ချက်​တီး​အချိန်တွင်​လော။ သုံးချက်​တီး​အချိန်တွင်​လော။ သူတို့​မသိ​ခဲ့​ကြ​ပါ။ ယေရှု​ဤသို့​ပြော​ခဲ့​သည်– “နှစ်ချက်​တီး​အချိန် [“ဒုတိယ​ပိုင်း​ကင်း​ချိန်၊” က​ဘ] ဖြစ်စေ၊ သုံးချက်​တီး​အချိန် [“တတိယ​ပိုင်း​ကင်း​ချိန်၊” က​ဘ] ဖြစ်စေ၊ သခင်သည်​လာ၍ ထိုသို့​တွေ့လျှင် ထို​ကျွန်​တို့သည် မင်္ဂလာ​ရှိကြ​၏။” (လုကာ ၁၂:၃၅-၃၈) ထို​ကျွန်​များ​၏ စောင့်မျှော်​နေကြ​ပုံ​ကို မြင်ယောင်​ကြည့်​ပါ။ အသံ​ကြား​တိုင်း၊ ဖျတ်​က​နဲ​အရိပ်​မြင်​လိုက်​တိုင်း ‘ငါ​တို့​သခင်​များလား’ ဟု​သူတို့​မျှော်လင့်ချက် အမှန်​တိုးလာ​ပေမည်။

၁၀ သခင်သည် ည​ကိုး​နာရီ​မှ သန်း​ခေါင်​အချိန်အထိ​ကြာ​သော ဒုတိယ​ပိုင်း​ကင်း​ချိန်​အတွင်း ရောက်​ခဲ့​မည်​ဆိုပါ​က မည်သို့​နည်း။ နံနက်​စောစော​ကတည်းက ပင်ပင်ပန်းပန်း​အလုပ်လုပ်​ခဲ့​ရသူ​များ​အပါအဝင် ကျွန်​အားလုံး​သည် ကြိုဆို​ရန် အဆင်သင့်​ဖြစ်နေ​မည်​လော သို့​မဟုတ် အချို့ အိပ်ပျော်​နေ​မည်​လော။ အကယ်၍ သခင်သည် ညသန်းခေါင်​မှ မနက်​သုံးနာရီ​အထိ​ဖြစ်သော တတိယ​ပိုင်း​ကင်း​ချိန်​အတွင်း ပြန်ရောက်​လာ​မည်​ဆိုလျှင်​ကော။ သခင်၏​ကြန့်ကြာ​နေ​ပုံ​ကြောင့် ကျွန်​အချို့​သည် စိတ်ဓာတ်ကျ​ပြီး မကျေမနပ်​ပင်​ဖြစ်လာ​ကြ​မည်​လော။ * သခင်​ရောက်လာ​သည့်​အချိန်တွင် စောင့်​နေကြ​သူများကို​သာ ပျော်ရွှင်​ကြ​၏​ဟု ကြေညာ​ခံရ​ကြ​မည်​ဖြစ်သည်။ သူတို့​အတွက် နယပုံပြင် ၁၃:၁၂ တွင်​ပါ​သည့် ဤ​စကား​များသည် အမှန်ပင်​သက်ဆိုင်​ခဲ့​ပေမည်– “မျှော်လင့်​သော​အရာ​သည် ဖင့်နွှဲ​လျှင်၊ စိတ်နှလုံး​ကို​ပူပန်​စေ​တတ်၏။ အလို​ပြည့်စုံသော​အခါ​မူ​ကား အသက်​ပင်​ဖြစ်၏။”

၁၁။ ဆုတောင်းခြင်း​သည် ကျွန်ုပ်​တို့အား စောင့်နေ​နိုင်​ကြ​ရန် မည်သို့​ကူညီပေး​သနည်း။

၁၁ နောက်ကျ​နေ​ပုံ​ပေါက်​သည့် အချိန်အတွင်း ယေရှု၏​နောက်လိုက်​များ​ကို ဆက်​စောင့်နေ​စေရန် အဘယ်အရာက​အကူအညီ ဖြစ်​မည်​နည်း။ ယေရှု​အဖမ်း​မခံရမီ​အချိန်​လေး​တွင် ဂေသရှေမန်​ဥယျာဉ်​၌ မိမိ၏​တမန်​တော်​သုံးပါး​ကို ကိုယ်တော်​က​ဤသို့​ပြော​ခဲ့​သည်– “စုံစမ်း​နှောင့်ယှက်ခြင်း​နှင့်​ကင်းလွတ်​မည်​အကြောင်း ဆုတောင်း​လျက် စောင့်နေ​ကြလော့။” (မဿဲ ၂၆:၄၁) ထို​အချိန်​က​ရှိခဲ့​သူ ပေတရု​သည် နှစ်​အတန်ကြာ​ပြီး​နောက် ခရစ်ယာန်​ချင်း​များ​အား ထပ်တူ​မှာကြား​ခဲ့​သည်။ သူက​ဤသို့​ရေးသားခဲ့​သည်– “ခပ်သိမ်း​သော​အမှုအရာ​တို့သည် အဆုံး​သို့​ရောက်လု​သည်​ဖြစ်သော​ကြောင့် . . . သတိ​ရှိကြလော့။ ဆုတောင်းခြင်း​အ​လို့​ငှာ စောင့်နေ​ကြလော့။” (၁ ပေတရု ၄:၇) စိတ်အား​ထက်သန်​စွာ​ဆုတောင်းခြင်း​သည် ကျွန်ုပ်​တို့၏ ခရစ်ယာန်​ပုံမှန်​လုပ်ရိုးလုပ်စဉ်​တစ်ခု ဖြစ်​သင့်​သည်​မှာ ရှင်းနေပါသည်။ ကျွန်ုပ်​တို့​စောင့်နေ​နိုင်​ကြ​ရန် အကူအညီ​ပေးဖို့ ယေဟောဝါ​အား အစဉ်မပြတ်​တောင်းဆို​ရန် အမှန်ပင်​လိုအပ်​သည်။—ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၁၇

၁၂။ ထင်ကြေး​ပေး​မှန်းဆ​ခြင်း​နှင့် စောင့်မျှော်​နေခြင်း​တို့၏ ခြားနား​မှု​ကား​အဘယ်နည်း။

၁၂ ပေတရု​က ဤ​ကဲ့သို့​ပြော​ခဲ့​သည်ကို​လည်း သတိပြုပါ– “ခပ်သိမ်း​သော​အမှုအရာ​တို့သည် အဆုံး​သို့​ရောက်လု” ပြီ။ မည်မျှ​နီးကပ်​နေသနည်း။ နေ့ရက်​နာရီ​အတိအကျ​ကို လူသားများ လုံးဝ​မ​ထောက်ပြ​နိုင်​ပါ။ (မဿဲ ၂၄:၃၆) သို့သော် ကျမ်းစာ​က​အားမပေး​သော ထင်ကြေး​ပေး​မှန်းဆ​ခြင်း​နှင့် ကျမ်းစာ​က​အားပေးထား​သည့် အဆုံးကို​ဆက်​မျှော်လင့်​နေခြင်း​အမှုသည် ကွဲပြား​ခြားနား​၏။ (၂ တိမောသေ ၄:၃၊ ၄; တိတု ၃:၉ နှိုင်းယှဉ်။) အဆုံးကို​ဆက်​မျှော်လင့်​နေနိုင်​သည့် နည်း​တစ်နည်း​ကား အဘယ်နည်း။ အဆုံးနီးပြီ​ဟူသော သာဓက​ကို အာရုံ​စူးစိုက်​နေခြင်း​ဖြစ်သည်။ ထို့​ကြောင့် ဤ​ဘုရားတရား​မဲ့​လောက​၏ နောက်ဆုံး​နေ့ရက်​များ​တွင် အသက်​ရှင်​နေကြ​ရ​ကြောင်း​တင်ပြ​သည့် သာဓက​ခြောက်​ခု​ကို ပြန်လည်​သုံးသပ်ကြည့်​ကြ​စို့။

စိတ်ချ​စေသော​သာဓက​ခြောက်​ခု

၁၃။ ၂ တိမောသေ​အခန်းကြီး ၃ တွင်​မှတ်တမ်း​တင်ထား​သည့် ပေါလု​၏​ပရောဖက်ပြုချက်​က ကျွန်ုပ်​တို့သည် ‘နောက်ဆုံး​နေ့ရက်​များ’ တွင်​အသက်​ရှင်​နေကြ​ရ​ကြောင်း မည်သို့​ယုံကြည်​စိတ်ချ​စေ​သနည်း။

၁၃ ပထမ၊ ‘နောက်ဆုံး​နေ့ရက်​များ’ နှင့်​ပတ်သက်သော တမန်​တော်​ပေါလု​၏​ပရောဖက်ပြုချက် ပြည့်စုံ​နေသည်​ကို ကျွန်ုပ်​တို့ အထင်အရှား​တွေ့မြင်​ကြ​ရသည်။ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “နောင်​ကာလ​သည် ခဲယဉ်း​သော​ကာလ​ဖြစ်​မည်​ဟု သိမှတ်​လော့။ အဘယ်​သို့​နည်း​ဟူ​မူ​ကား လူတို့သည် ကိုယ်ကို​ကိုယ်​ချစ်သော​သူ၊ ငွေ​ကို​တပ်မက်သော​သူ၊ ဝါကြွား​သော​သူ၊ ထောင်လွှား​စော်ကား​သော​သူ၊ သူ့​အသရေ​ကို​ရှုတ်ချ​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ ကျေးဇူး​မရှိသော​သူ၊ သန့်ရှင်းခြင်း​မရှိသော​သူ၊ ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း​သော​သူ၊ ရန်ငြိုး​ဖွဲ့​သော​သူ၊ ချောစား​တတ်သော​သူ၊ ကိုယ်​ဣန္ဒြေ​ကို​မချုပ်တည်း​နိုင်သော​သူ၊ ပြင်းထန်သော​သူ၊ သူတော်ကောင်း​ကို​မုန်း​သော​သူ၊ သစ္စာ​ကို​ဖျက်​တတ်သော​သူ၊ သတိပေး​ခြင်း​ကို​မခံ​သော​သူ၊ မာန်​မာန​နှင့်​ယစ်​မူး​သော​သူ၊ ဘုရားသခင်​ကို​နှစ်သက်​သည်ထက် ကာ​မ​ဂုဏ်​ခံစားခြင်း​ကို သာ၍​နှစ်သက်သော​သူ၊ ဘုရားဝတ်​၌​မွေ့လျော်ယောင်ဆောင်​၍ မွေ့လျော်ခြင်း​တန်ခိုး​ကို ငြင်းပယ်​သော​သူ​ဖြစ်​ကြလိမ့်မည်။ ထို​သူတို့ကို​ရှောင်​လော့။ ဆိုးညစ်သော​သူ၊ လှည့်ဖြား​သော​သူတို့မူကား သူတစ်ပါးကို​လည်းကောင်း၊ ကိုယ်ကို​လည်းကောင်း​လှည့်ဖြား​၍ ဆိုးညစ်ခြင်း​၌ တရွေ့ရွေ့​တိုးပွား​ကြလိမ့်မည်။” (၂ တိမောသေ ၃:၁-၅၊ ၁၃) ကျွန်ုပ်​တို့​အချိန်တွင် ဤ​ပရောဖက်ပြုချက်​ပြည့်စုံ​နေသည်​ကို တွေ့မြင်​ရသည်​မဟုတ်ပေ​လော။ ဤ​အချက်များ​ကို လျစ်လျူရှု​သူများ​သာ ယင်းကို​ငြင်းပယ်​နိုင်​ကြ​မည်! *

၁၄။ ဗျာဒိတ် ၁၂:၉ ပါ​စာတန်​နှင့်​ပတ်သက်သော​စကား​များသည် ယနေ့ မည်သို့​ပြည့်စုံ​လျက်​ရှိ​သနည်း၊ မကြာမီ သူ​မည်သို့​ဖြစ်​မည်​နည်း။

၁၄ ဒုတိယ၊ ဗျာဒိတ် ၁၂:၉ ပါ​ပရောဖက်ပြုချက်​ပြည့်စုံမှု​ဖြစ်သည့် စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကို ကောင်းကင်​မှ​နှင်ချ​ခြင်း​၏ အကျိုးဆက်များ​ကို ကျွန်ုပ်​တို့​တွေ့မြင်​ရ​ကြသည်။ ထို​တွင်​ဤသို့​ဖတ်​ရသည်– “လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား​၍ . . . စာတန်​အမည်​ရှိသော ရှေး​မြွေ​ဟောင်း​တည်း​ဟူသော နဂါး​ကြီး​ကိုလည်း​ကောင်း၊ သူနှင့်​အတူ သူ၏​တမန်​များ​ကိုလည်း​ကောင်း မြေကြီး​သို့​ချ​လိုက်​ကြ​၏။” ယင်းက မြေကြီး​အတွက် အမင်္ဂလာ​ကြီး​ဖြစ်​ခဲ့​ပါ​သည်။ အထူးသဖြင့် ၁၉၁၄ ကတည်းက လူသားများ​အတွက် အမှန်တကယ်​ပင် အမင်္ဂလာ​ပို​များ​လာ​ခဲ့ပြီ။ သို့သော် စာတန်​သည် မြေကြီးပေါ်​သို့​ပစ်ချ​ခံရ​သည့်​အခါ “မိမိ​ကာလ​တစ်ခဏ​သာ​ရှိသည်​ကို” သိကြောင်း ဗျာဒိတ်ကျမ်း​ပါ​ပရောဖက်ပြုချက်​က ဆက်​ဖော်ပြ​သည်။ (ဗျာဒိတ် ၁၂:၁၂) ဤ​ကာလ​အတွင်း စာတန်​သည် ခရစ်တော်​၏​ဘိသိက်ခံ​နောက်လိုက်​များ​ကို တိုက်ခိုက်​လေ​သည်။ (ဗျာဒိတ် ၁၂:၁၇) ကျွန်ုပ်​တို့​အချိန်တွင် သူ၏​တိုက်ခိုက်မှု​၏​အကျိုးဆက်များ​ကို အမှန်​တွေ့​နေကြ​ရပြီ။ * သို့ရာတွင် မကြာမီ စာတန်​သည် “လူအမျိုးမျိုး​တို့ကို​မ​လှည့်ဖြား” စေရန် အနက်​ဆုံးသော​တွင်း​ထဲ​တွင် ချုပ်နှောင်​ခြင်း​ခံရ​မည်​ဖြစ်သည်။—ဗျာဒိတ် ၂၀:၁-၃

၁၅။ ကျွန်ုပ်​တို့သည် ဆုံးခန်း​ကာလ​တွင်​အသက်​ရှင်​နေကြ​ရ​ကြောင်း ဗျာဒိတ် ၁၇:၉-၁၁ က​မည်သို့​အထင်အရှား​ဖော်ပြ​သနည်း။

၁၅ တတိယ၊ ဗျာဒိတ် ၁၇:၉-၁၁ တွင်​မှတ်တမ်း​တင်ထားသော ပရောဖက်ပြုချက်​တွင်​ပါ​သည့် ရှစ်ပါးမြောက်၊ နောက်ဆုံး “ဘုရင်” အချိန်တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ရသည်။ ဤ​တွင် တမန်​တော်​ယောဟန်​သည် ကမ္ဘာ့​အာဏာစက် ခု​နစ်​ခု​ကို​ကိုယ်စား​ပြုသော ဘုရင်​ခု​နစ်​ပါး—အီဂျစ်၊ အာရှုရိ၊ ဗာဗုလုန်၊ မီဒို​ပါးရှား၊ ဂရိ၊ ရောမ​နှင့် အင်္ဂလိပ်-အမေရိကန်​ပူးတွဲ​အာဏာစက်​ကို ဖော်ပြ​ထား​သည်။ “ခု​နစ်​ပါး​အဝင်” ဖြစ်သော “ရှစ်ပါးမြောက်​သော​ရှင်ဘုရင်” ကိုလည်း​သူ​တွေ့မြင်​ခဲ့​သည်။ ဤ​ရှစ်ပါးမြောက်​ဘုရင်—အဆင်းအာရုံ​တွင် ယောဟန်​မြင်​သည့် နောက်ဆုံး​ဘုရင်—သည်​ယူအဲန်​ကို ကိုယ်စား​ပြု​သည်။ ဤ​ရှစ်ပါးမြောက်​ဘုရင်​သည် “ဖျက်ဆီးခြင်း​သို့ ရောက်​ရ​လိမ့်​မည်” ဟု​ယောဟန်​ပြော​ပြီး​နာ​က် မည်သည့်​ဘုရင်​အကြောင်းကို​မျှ မဖော်​ပြ​တော့​ချေ။ *

၁၆။ နေဗုခဒ်နေဇာ​မင်းကြီး​၏ အိပ်မက်​ပါ​ရုပ်တု​ပြည့်စုံချက်​ဆိုင်ရာ​ဖြစ်ရပ်မှန်များ​က ကျွန်ုပ်​တို့သည် နောက်ဆုံး​နေ့ရက်​များ​တွင် အသက်​ရှင်​နေကြ​ကြောင်း မည်သို့​ညွှန်ပြ​သနည်း။

၁၆ စတုတ္ထ၊ ကျွန်ုပ်​တို့သည် နေဗုခဒ်နေဇာ​မင်းကြီး​အိပ်မက်​ထဲ​မှ ရုပ်တုကြီး​၏​ခြေထောက်​ကို​ပုံဆောင်​သော အချိန်ကာလ​ပိုင်း​တွင် အသက်ရှင်နေ​ရ​ကြသည်။ ပရောဖက်​ဒံယေလ​သည် လူ​ပုံသဏ္ဌာန်​ရှိသော အလွန်​ကြီးမား​သည့် ဤ​လျှို့ဝှက်​ဆန်းကြယ်သော ရုပ်တုကြီး​အိပ်မက်​ကို အဓိပ္ပာယ်​ဖွင့်ပေး​ခဲ့​သည်။ (ဒံယေလ ၂:၃၆-၄၃) ရုပ်တု​တွင်ရှိသော သတ္တု​လေးမျိုး​သည် ဦးခေါင်း (ဗာဗုလုန်​အင်ပါယာ) မှ​စ၍ ခြေ​နှင့်​ခြေချောင်း​များ (ယနေ့​အုပ်စိုး​နေသည့်​အစိုးရ​များ) အထိ ကမ္ဘာ့​အာဏာစက်​အမျိုးမျိုးကို ကိုယ်စား​ပြု​သည်။ ထို​ရုပ်တု​တွင် တင်စား​ဖော်ပြ​ထားသော ကမ္ဘာ့​အာဏာစက်​အားလုံး​သည် ပေါ်လာ​ခဲ့​ကြပြီ။ ယခု​ကျွန်ုပ်​တို့သည် ရုပ်တုကြီး​၏​ခြေထောက်​က​ပုံဆောင်​သော ကာလ​အပိုင်းအခြား​တွင် အသက်ရှင်နေ​ရ​ကြသည်။ အခြား​အာဏာစက်​များ ပေါ်လာ​ရန်​ရှိကြောင်း ဖော်ပြ​မထား​ပါ။ *

၁၇။ ဆုံးခန်း​ကာလ​တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ကြောင်း ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​က နောက်ထပ်​သာဓက မည်သို့​ဖြစ်သနည်း။

၁၇ ပဉ္စမ၊ ယေရှု​မိန့်တော်မူ​ခဲ့​သော ဤ​အစီအစဉ်​စနစ် အဆုံး​မရောက်မီ​အချိန်တွင်​ဖြစ်​ရမည့် ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း ပြီးမြောက်​အောင်မြင်​လျက်​ရှိသည်​ကို ကျွန်ုပ်​တို့​တွေ့ရ​သည်။ ယေရှု​က​ဤသို့​ဖော်ပြ​ခဲ့​သည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို လောကီ​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ယနေ့ ဤ​ပရောဖက်ပြုချက်​သည် မဖြစ်ခဲ့​ဖူး​သော​အတိုင်းအတာ​တစ်ခု​အထိ ပြည့်စုံ​နေပါ​သည်။ မ​ရောက်ရှိ​ရ​သေး​သည့် ရပ်ကွက်​တချို့ ရှိနေဆဲ​ဖြစ်သည်​မှာ မှန်ပါသည်၊ ယေဟောဝါ​သတ်မှတ်​ထားချိန်​တွင် အကြီးအကျယ်​လှုပ်ရှား​ဆောင်ရွက်​နိုင်​ရန် အလွန်​ကြီးစွာ​သော​တံခါး​ပွင့်​လာပေမည်။ (၁ ကောရိန္သု ၁၆:၉) သို့သော် ကမ္ဘာ​ပေါ်​ရှိသူ​တိုင်း သက်သေခံချက်​ကို တစ်ဦးစီ​မရရှိ​မချင်း ယေဟောဝါ​စောင့်ဆိုင်း​နေ​လိမ့်​မည်​ဟု ကျမ်းစာ​က​မဆို​ပါ။ ယင်းအစား သတင်းကောင်းကို ယေဟောဝါ​ကျေနပ်​သည်​အထိ ဟောပြော​ရမည်​ဖြစ်သည်။ ထို့နောက် အဆုံးတိုင်​မည်။—မဿဲ ၁၀:၂၃ နှိုင်းယှဉ်။

၁၈။ ကြီးစွာ​သော​ဆင်းရဲခြင်း စတင်​သည့်​အခါ ဘိသိက်ခံ​အချို့​နှင့်​ပတ်သက်​၍ အဘယ်အရာ​အမှန်​ဖြစ်​မည်​နည်း၊ ယင်းကို မည်သို့​ပိုင်းဖြတ်​နိုင်​သနည်း။

၁၈ ဆဋ္ဌမ၊ ယေရှု​ခရစ်​၏ ဘိသိက်ခံ​တပည့်စစ်​များ​၏ အရေအတွက်​သည် လျော့နည်းလာ​သော်လည်း ကြီးစွာ​သော​ဆင်းရဲခြင်း​စတင်​သည့်​အခါ မြေကြီးပေါ်​တွင် အချို့​ရှိနေဆဲ​ဖြစ်​ပေ​လိမ့်​မည်။ အကြွင်းအကျန်​အတန်းအစား​အများစု​သည် အသက်​အတော်အတန်​ကြီး​နေပြီ​ဖြစ်​ကာ ဘိသိက်ခံ​အမှန်​ဖြစ်သူ​များ​၏​အရေအတွက်​သည် နှစ်ကာလ​တစ်လျှောက် တဖြည်းဖြည်း​လျော့နည်းလာ​ခဲ့​ပေ​ပြီ။ သို့​တိုင် ကြီးစွာ​သော​ဆင်းရဲခြင်း​ကို ရည်ညွှန်း​ကာ ယေရှု​က​ဤသို့​ဖော်ပြ​ခဲ့​သည်– “ထို​ကာလ​တာ​ရှည်​လျှင် အဘယ်သူမျှ​မလွတ်​နိုင်ရာ။ ရွေးချယ်သော​သူတို့​အဖို့​အ​လို့​ငှာ ထို​ကာလ​သည်​တို​လိမ့်​မည်။” (မဿဲ ၂၄:၂၁၊ ၂၂) ထို့​ကြောင့် ခရစ်တော်​၏ “ရွေးချယ်သော​သူ” တချို့​သည် ကြီးစွာ​သော​ဆင်းရဲခြင်း​စတင်​သည့်​အခါ မြေကြီးပေါ်​တွင် ရှိနေကြ​ဦး​မည်​မှာ​ထင်ရှား​သည်။ *

ရှေ့တွင် အဘယ်အရာ​ရှိ​သနည်း

၁၉၊ ၂၀။ နိုးနိုးကြားကြား​နေ၍ သတိ​နှင့်​ဆက်​စောင့်နေ​ရန် ယခု​အချိန်​သည် ယခင်​က​ထက် အဘယ်ကြောင့်​ပို​၍​အရေးကြီး​သနည်း။

၁၉ ကျွန်ုပ်​တို့အတွက် အဘယ်​အနာဂတ်​ရှိ​သနည်း။ စိတ်​လှုပ်ရှား​ဖွယ်​ကောင်း​သည့်​အချိန် လာ​ရဦး​မည်​ဖြစ်သည်။ ပေါလု​က “သူခိုး​သည် ည​ဉ့်​အခါ​လာ​သကဲ့သို့၊ သခင်​ဘုရား​၏​နေ့ရက်​သည်​လာ​လိမ့်​မည်” ဟု​သတိပေး​ခဲ့​သည်။ လောက​ပညာတတ်​များ​ကို​ရည်ညွှန်း​ကာ ဤသို့​ဆက်​ပြော​ခဲ့​သည်– “‘ငြိမ်ဝပ်ခြင်း​ရှိ၏၊ ဘေးအန္တရာယ်​နှင့်​ကင်းလွတ်​၏’ ဟု​ဆို​စဉ်​တွင် . . . သူတို့​အပေါ်​၌ လျင်မြန်​စွာ​သော​ပျက်စီးခြင်း​ရောက်​၍ လွတ်ခြင်း​အခွင့်​မရှိကြ။” ထို့​ကြောင့် စာရှုသူ​များ​ကို ပေါလု​ဤသို့​တိုက်တွန်း​ထား​သည်– “အခြားသော​သူတို့သည် အိပ်ပျော်​သကဲ့သို့ ငါ​တို့သည် အိပ်မပျော်​ဘဲ . . . သတိ​ရှိ၍ စောင့်​ကြ​ကုန်​အံ့။” (၁ သက်သာလောနိတ် ၅:၂၊ ၃၊) မှန်ပါသည်၊ ငြိမ်းချမ်းရေး​နှင့် လုံခြုံရေး​ရဖို့ လူ့​အဖွဲ့အစည်း​များ​ကို​မျှော်ကိုး​ကြ​သူများ​သည် အဖြစ်မှန်​ကို လျစ်လျူရှု​ကြသည်။ ထို​ကဲ့သို့​သော​သူများ​သည် အိပ်ပျော်​နေကြ၏!

၂၀ ဤ​အစီအစဉ်​စနစ်​၏ ဖျက်ဆီးခြင်း​သည် ထူးခြား​စွာ ရုတ်တရက်​ဖြစ်ပေါ်​လာ​မည်။ ထို့​ကြောင့် ယေဟောဝါ​၏​နေ့ရက်​ကို မျှော်လင့်​လျက်​နေပါ။ ဘုရားသခင်​ကိုယ်တော်တိုင်​က ဟဗက္ကုတ်​ကို ဤသို့​ပြော​ခဲ့​သည်– “နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်”! အမှန်ပင်၊ သတိ​နှင့်​ဆက်​စောင့်နေ​ရန် ဤ​အချိန်​ထက်​ပို​၍​အရေးကြီး​သည့်​အချိန် တစ်ခါမျှ​မရှိခဲ့​ချေ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 10 သခင်သည် သူ၏​ကျွန်​များနှင့် အချိန်းအချက်​မ​လုပ်ခဲ့​ပါ။ ထို့​ကြောင့် သူ၏​သွားလာခြင်း​ကို တင်ပြ​ရန်​မလို​သကဲ့သို့ နောက်ကျ​နေ​ပုံ​ပေါက်​သည့်​အတွက် ကျွန်​များ​ကို ရှင်းပြ​ရန်​လည်း မလို​ချေ။

^ အပိုဒ်၊ 13 ဤ​ပရောဖက်ပြုချက်​နှင့်​ပတ်သက်​သည့် အသေးစိတ်​ဆွေးနွေးချက်​အတွက် ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း၊ မြန်မာ​မှ​ထုတ်ဝေ​သော ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ်​၏ အခန်း ၁၁ ရှု။

^ အပိုဒ်၊ 14 ထပ်ဆင့်​အချက်အလက်​များ​အတွက် ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း နယူးယောက်​မြို့မှ ထုတ်ဝေ​သော ဗျာဒိတ်ကျမ်း—ယင်း​၏​မဟာ​အထွတ်အထိပ်​နီးပြီ! စာအုပ်​စာမျက်နှာ ၁၈၀-၆ ရှု။

^ အပိုဒ်၊ 16 ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း၊ နယူးယောက်​မှ​ထုတ်ဝေ​သော ဒံယေလ​ပရောဖက်ပြုချက်​ကို အာရုံ​စူးစိုက်​လော့! စာအုပ်​အခန်း ၄ ရှု။

^ အပိုဒ်၊ 18 သိုး​နှင့်​ဆိတ်​ပုံ​ဥပမာ​အရ ကြီးစွာ​သော​ဆင်းရဲခြင်း​အချိန်အတွင်း လူသား​သည် ဘုန်း​အာနုဘော်​တော်​နှင့် ရောက်ရှိ​မည်​ဖြစ်​ပြီး တရား​စီရင်​ရန်​ထိုင်​မည်​ဖြစ်သည်။ ခရစ်တော်​၏​ဘိသိက်ခံ​ညီတော်​များ​အား သူတို့၏​ထောက်မ​ကူညီ​မှု​အပေါ်​အခြေခံ​ပြီး ကိုယ်တော်​သည် လူ​တို့ကို​တရား​စီရင်​မည်​ဖြစ်သည်။ တရား​စီရင်​သည့်​အချိန်တွင် ခရစ်တော်​၏​ညီတော်​အားလုံး​သည် ကမ္ဘာ့​ဇာတ်ခုံ​မှ ကြာမြင့်စွာ​က​ပင် ထွက်ခွာ​သွား​နှင့်​ခဲ့​ပြီး​ဖြစ်​လျှင် ဤ​စံနှုန်း​ဖြင့်​တရား​စီရင်ခြင်း​သည် အဓိပ္ပာယ်​မရှိ​ဖြစ်​မည်။—မဿဲ ၂၅:၃၁-၄၆

သင်​မှတ်မိ​သလော

● စောင့်​နေကြ​ရန် အဘယ်​ကျမ်းစာ​နမူနာ​များသည် ကျွန်ုပ်​တို့ကို အကူအညီ​ဖြစ်စေ​နိုင်​သနည်း။

● သတိ​ဝီရိယ​နှင့်​စောင့်နေ​ရန်လို​အပ်​ကြောင်းကို ယေရှု​မည်သို့​သရုပ်ဖော်​ခဲ့​သနည်း။

● ကျွန်ုပ်​တို့သည် နောက်ဆုံး​နေ့ရက်​များ​တွင် အသက်​ရှင်​နေကြ​ကြောင်း အဘယ်​သာဓက​ခြောက်​ခု​က သက်သေထူ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အေ. အိတ်ခ်ျ. မက္ကမီလန်​သည် အနှစ်​ခြောက်​ဆယ်​နီးပါး​တိုင် ယေဟောဝါ​အမှုတော်ကို သစ္စာရှိ​စွာ​ထမ်း​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှုသည် မိမိ​နောက်လိုက်​များ​ကို စောင့်​နေကြ​သည့်​ကျွန်​များနှင့် နှိုင်းယှဉ်ခဲ့