မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ညှဉ်းပန်းနှိပ်စက်သူ—ကြီးစွာသောအလင်းမြင်

ညှဉ်းပန်းနှိပ်စက်သူ—ကြီးစွာသောအလင်းမြင်

ညှဉ်းပန်း​နှိပ်စက်​သူ—ကြီးစွာ​သော​အလင်း​မြင်

ရှောလုသည် ယေရှု၏​နောက်လိုက်​များ​ကို အမျက်​ချောင်း​ချောင်း​ထွက်​လျက်​ရှိသည်။ ကျောက်ခဲ​ဖြင့်​ပစ်သတ်​ခံ​ခဲ့​ရသော သတေဖန်​အပါအဝင် သူတို့ကို ယေရုရှလင်​မြို့တွင် နှိပ်စက်​ညှဉ်းပန်း​ခဲ့​ရခြင်း​ကို မကျေနပ်​ဘဲ ယခု သူသည် နှိပ်ကွပ်ခြင်း​ကို​တိုးချဲ့​ရန် ရှာဖွေ​လေ​သည်။ “ရှောလုသည်​ကား၊ သခင်​ဘုရား​၏​တပည့်တော်​တို့​တစ်ဖက်၌ ခြိမ်းခြောက်​၍၊ အသေ​သတ်​ခြင်း​ငှာ ပြင်းစွာ​အသက်ရှူ​သဖြင့်၊ ထို​ဘာသာဝင်​သော ယောက်ျား​မိန်းမတို့ကို​တွေ့လျှင်၊ ချည်နှောင်​၍ ယေရုရှလင်​မြို့​သို့​ပို့ဆောင်​ရမည်​အကြောင်း၊ ဒမာသက်​မြို့၌​ရှိသော တရား​ဇရပ်မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်ပုရောဟိတ်မင်း​ထံ​သို့​ဝင်၍​တောင်း” ခဲ့​သည်။—တမန်​တော် ၉:၁၊ ၂

ရှောလုသည် ဒမာသက်​မြို့​သို့​သွားစဉ် မိမိ​အမိန့်​ရ​အခွင့်​ကို မည်သို့​အထိရောက်ဆုံး​ဆောင်ရွက်​နိုင်​မည်​ကို စေ့စေ့​ဆင်ခြင်​လျက်​နေ​ပေမည်။ သူ့ကို ယဇ်ပုရောဟိတ်မင်း​ပေးအပ်​ခဲ့​သည့် အခွင့်အာဏာ​ကြောင့် အဆိုပါ​မြို့ရှိ ကြီးမားသော​ဂျူး​အသိုင်းအဝိုင်း​၏​ခေါင်းဆောင်​များ​ထံ​မှ အကူအညီ​ရမည်​မှာ ယုံမှားဖွယ်​မရှိ​ချေ။ သူတို့၏​အကူအညီကို ရှောလု​ရ​လို​မည်​ဖြစ်သည်။

လို​ရာ​ခရီး​သို့ ရောက်လု​နီး​လာ​လေ ရှောလု​၏​စိတ်​တက်ကြွ​လာ​လေ​ဖြစ်​မည်။ ယေရုရှလင်​မြို့မှ ဒမာသက်​မြို့​သို့—မိုင်​ပေါင်း ၁၄၀ ခန့်​ရှိ၍ ခု​နစ်​ရက် သို့​မဟုတ် ရှစ်​ရက်​လမ်းလျှောက်​ရသော—ခရီးစဉ်​သည် အလွန်​ပင်ပန်း​သည်။ မွန်းတည့်​ချိန်​ခန့်​တွင် ရှောလု​အနီးအနား​တွင် နေ​ထက်​သာ၍​တောက်ပ​သော​အလင်းရောင်​သည် ရုတ်တရက်​ထွန်းတောက်​လာ​ရာ မြေကြီးပေါ်​သို့ သူ​လဲကျ​သွားလေသည်။ ဟေဗြဲ​ဘာသာ​စကား​ဖြင့် “ရှောလု၊ ရှောလု၊ ငါ့ကို​အဘယ်ကြောင့်​ညှဉ်းဆဲ​သနည်း။ တုတ်ချွန်​ကို​ခြေ​နှင့်​ကျောက်​လျှင်​ခက်လှ​သည်” ဟု​ပြောဆိုသံ​ကို သူ​ကြား​ရသည်။ ရှောလု​က “သခင်၊ ကိုယ်တော်​သည် အဘယ်သူ​နည်း” ဟု​မေးလျှောက်​၏။ “ငါ​ကား၊ သင်​ညှဉ်းဆဲ​သော ယေရှု​ဖြစ်​သတည်း” ဟု​အဖြေ​ပြန်လာ​သည်။ “သို့သော်လည်း၊ ထ၍​မတ်တတ်​နေလော့။ ငါသည်​ယုဒ​အမျိုးသား၊ တစ်ပါး​အမျိုးသား​တို့​လက်​မှ သင့်ကို​ကယ်လွှတ်​၍၊ သင်သည်​ယခု​မြင်ရသော​အကြောင်းအရာ​တို့​နှင့်၊ နောက်​မှ​ငါသည်​သင့်​အား ထင်ရှား​လတ္တံ့​သော​အကြောင်းအရာ​တို့​မှာ၊ အမှုဆောင်​ရွက်​သော​သူ၊ သက်သေခံ​သော​သူ​အရာ​၌ သင့်ကို​ခန့်​ထား​စေခြင်း​ငှာ ငါသည်​သင့်​အား​ထင်ရှား​၏။” ရှောလု​က “သခင်၊ အကျွန်ုပ်သည် အဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း” ဟု​မေး​လေ​သည်။ “ထ​လော့။ ဒမာသက်​မြို့​သို့​သွားလော့။ သင်​ဆောင်ရွက်စရာ​ဖို့ ခွဲခန့်​စီမံ​သမျှ​တို့ကို ထို​မြို့၌​ပြော​လိမ့်​မည်။”—တမန်​တော် ၉:၃-၆; ၂၂:၆-၁၀; ၂၆:၁၃-၁၈

ရှောလု​နှင့်အတူ ခရီး​သွား​သူတို့သည် စကားသံ​ကို​ကြား​ရ​သော်လည်း ပြော​သော​သူကို​မ​တွေ့ခဲ့​ကြ၊ သူ​ပြော​သော​စကား​ကို နားမလည်​ကြ​ချေ။ အလင်းရောင်​၏​တောက်ပ​မှု​ကြောင့် ရှောလု​ထ​လာသော​အခါ မမြင်နိုင်​တော့​သည့်​အတွက် သူ့ကို​တွဲ​သွား​ရသည်။ “သုံးရက်​ပတ်လုံး​မျက်စိ​မမြင်၊ မစား​မ​သောက်​ဘဲ​နေ​လေ​၏။”—တမန်​တော် ၉:၇-၉; ၂၂:၁၁

သုံးရက်တာ​တွေးတော​ဆင်ခြင်မှု

လမ်း​ဖြောင့်​ဟု​အမည်​ရှိသော လမ်း​တွင်​နေထိုင်သူ ယုဒ​က ရှောလု​ကို ဧည့်ဝတ်ပြု​လက်ခံ​ထား​သည်။ * (တမန်​တော် ၉:၁၁) အာရဘီ​ဖြင့် ဒါ့​ဘ် အယ်​လ်-မျူစ်​တ​ကင် ဟု​ခေါ်​သော ဤ​လမ်း​သည် ဒမာသက်​မြို့တွင် အများ​ပြည်သူ​သွားလာ​ရာ လမ်းမကြီး​ဖြစ်​ဆဲ​ပင်။ ယုဒ​၏​အိမ်​တွင် ရှောလု​နေထိုင်​စဉ် သူ၏​စိတ်ထဲ အဘယ်အရာ​များ​ပေါ်ပေါက်​ခဲ့​မည်​ကို စဉ်းစား​ကြည့်​ပါ။ ထို​အတွေ့အကြုံ​က ရှောလု​ကို​မျက်မမြင်​ဖြစ်စေ​ခဲ့​သည်​သာမက ထိတ်လန့်​နေခဲ့​သည်။ ယခု ယင်း​အတွေ့အကြုံ​နှင့်​သက်ဆိုင်ရာ​များ​ကို တွေးတော​စဉ်းစား​ချိန်​ရလေ​ပြီ။

နှိပ်စက်​ညှဉ်းပန်း​သူသည် မဖြစ်​နိုင်ရာ​အဖြစ် သူ​ပ​ထုတ်​ထားသော​အရာ​ကို ရင်ဆိုင်​နေရ​၏။ နှက်တိုင်​တင်​ခံ​ခဲ့​ရသော သခင်​ယေရှု​ခရစ်—အမြင့်ဆုံး​ဂျူး​အာဏာပိုင်​တို့​က ပြစ်တင်​ရှုတ်ချ​၍ ‘လူတို့၏​မထီမဲ့မြင်​ပြုခြင်း​ခံရ​ပြီး အ​ယု​တ်​ဆုံး​သူ​အဖြစ် အ​ပယ် ခံ​ခဲ့​ရသူ’—သည် အသက်ရှင်နေ​သည်။ ထို​အရှင်​သည် “အဘယ်သူမျှ​မ​ချဉ်းကပ်​နိုင်သော အလင်း​ထဲ​၌” ဘုရားသခင်​၏​လက်ယာတော်​ဘက်တွင်​ပင်​လျှင် ရပ်​လျက်​နေသည်​တကား! ယေရှုသည် မေရှိယ​အမှန်​ဖြစ်သည်။ သတေဖန်​နှင့် သူ့​အပေါင်းပါ​တို့ မှန်​ကြ​ပေ​သည်။ (ဟေရှာယ ၅၃:၃; တမန်​တော် ၇:၅၆; ၁ တိမောသေ ၆:၁၆) ယေရှုသည် သူ့ကိုယ်သူ ရှောလု​နှိပ်စက်​ခဲ့​သူတို့နှင့် တစ်တန်း​စား​တည်း​အဖြစ်​ဖော်ပြ​ခဲ့​ရာ ရှောလုသည် လုံးဝ​မှား​နေသည်​တကား! သက်သေ​သာဓက​ရှိ​လျက်​ကယ် ရှောလုသည် “တုတ်ချွန်​ကို​ခြေ​နှင့်” မည်သို့ “ကျောက်” နိုင်​ပါ​မည်​နည်း။ ခေါင်းမာ​သော​နွား​သိုး​တစ်ကောင်​ပင်​လျှင် တုတ်ချွန်​နှင့်​ထိုး​ခံရ​ခြင်း​ဖြင့် သခင်​အလိုရှိ​ရာ​အရပ်သို့ နောက်ဆုံး​ရောက်သွား​ရသည်။ ထို့​ကြောင့် ယေရှု၏​တိုက်တွန်းချက်​များ​ကို ငြင်းဆန်​ခြင်း​ဖြင့် ရှောလုသည် မိမိကိုယ်ကို နာကျင်စေ​ပါ​လိမ့်​မည်။

ယေရှုသည် မေရှိယ​ဖြစ်နေ​ရာ သူ့ကို​ယေဟောဝါ ရှုတ်ချခဲ့​မည်​မဟုတ်​ချေ။ သို့​တိုင်၊ ယေဟောဝါ​သည် ကိုယ်တော်​အား အရှက်တကွဲ​အဖြစ်​ဆုံး​နည်းဖြင့် အသေခံ​စေ​ခဲ့​ပြီး “သစ်တိုင်​၌​ဆွဲ​ထားခြင်း​ကို​ခံရ​သော​သူသည် ကျိန်ခြင်း​ကို​ခံရ​သော​သူ​ဖြစ်၏” ဟူသော​ပညတ်တော်​၏​စီရင်ချက်​ကို​ခံစေ​ခဲ့​သည်။ (တရားဟောရာ ၂၁:၂၃) ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ် ချိတ်ဆွဲ​ခံရ​စဉ်​ပင် ယေရှု​သေဆုံး​ခဲ့​သည်။ ကိုယ်တော်​သည် အပြစ်​စိုး​စဉ်း​မျှ​မရှိသော​ကြောင့် မိမိ၏​အပြစ်​ကြောင့်​မဟုတ်ဘဲ လူသား​အားလုံး​၏​အပြစ်​အတွက် ကျိန်ခြင်း​ကို​ခံ​ခဲ့​ရသည်။ နောက်ပိုင်း​တွင် ရှောလု​က ဤသို့​ရှင်းပြ​ခဲ့​သည်– “ပညတ်တရား​၏​အကျင့်ကို အမှီပြု​သော​သူ​ရှိသမျှ​တို့သည် အ​ကျိန်​နှင့်​စပ်ဆိုင်​ကြ​၏။ အကြောင်း​မူ​ကား၊ ‘ပညတ္တိကျမ်း​စာ​၌​ပါ​သမျှ​သော​စကား​တို့ကို အမြဲ​မကျင့်​သော​သူ​တိုင်း ကျိန်တော်မူခြင်း​ကို​ခံစေ​သတည်း’ ဟု​ကျမ်းစာ​လာ​၏။ . . . ထို​ကြောင့် ဘုရားသခင့်​ရှေ့တော်၌ ပညတ်တရား​အားဖြင့် အဘယ်သူမျှ​ဖြောင့်မတ်​ရာ​သို့​မ​ရောက်​နိုင်​ဟု ထင်ရှား​လျက်​ရှိ၏။ ‘သစ်တိုင်​၌​ဆွဲ​ထားခြင်း​ကို​ခံရ​သော​သူ​တိုင်း ကျိန်ခြင်း​ကို​ခံရ​သော​သူ​ဖြစ်သည်’ ဟု ကျမ်းစာ​လာ​သည်​နှင့်​အညီ၊ ခရစ်တော်​သည် ငါ​တို့အတွက်​ကြောင့် ကျိန်ခြင်း​ကို​ခံရ​သော​သူ​ဖြစ်၍၊ ငါ​တို့ကို ပညတ်တရား​၏​ကျိန်ခြင်း​မှ ရွေးနုတ်​တော်​မူ​ပြီ။”—ဂလာတိ ၃:၁၀-၁၃

ယေရှု၏​ယဇ်​သကာ​တွင် ရွေးနုတ်​နိုင်သော​တန်ဖိုး​ရှိသည်။ အဆိုပါ​ယဇ်​သကာ​ကို လက်ခံခြင်း​အားဖြင့် ယေဟောဝါ​သည် ပုံဆောင်​အားဖြင့် ပညတ်တရား​နှင့် ၎င်း​၏​ကျိန်ခြင်း​ကို သစ်တိုင်ပေါ်​ရိုက်​ထား​လိုက်​သည်။ ဤ​အချက်​ကို​သဘောပေါက်​လာ​ရာ ရှောလုသည် “ယုဒ​အမျိုးသား​ထိမိ​၍​လဲစရာ​အကြောင်း​ဖြစ်” သော​ညှဉ်းဆဲ​ရာ​နှက်တိုင်​ကို “ဘုရားသခင်​၏​ပညာတော်” အဖြစ်​တန်ဖိုး​ထား​နိုင်​ခဲ့​၏။ (၁ ကောရိန္သု ၁:၁၈-၂၅; ကောလောသဲ ၂:၁၄) သို့​ဖြစ်၍ ကယ်တင်ခြင်း​သည် ပညတ်တော်​ကို​ကျင့်​ခြင်း​အားဖြင့်​မဟုတ်ဘဲ ရှောလု​ကဲ့သို့​သော​အပြစ်သား​များ​အပေါ် မခံစားထိုက်​သည့် ဘုရားသခင့်​ကရုဏာတော်​သက်ရောက်ခြင်း​အားဖြင့်​ဖြစ်​လျှင် ပညတ်တော်​အောက်​မရှိသူ​တို့​လည်း ကယ်တင်ခြင်း​ရ​ခွင့်​ရှိ၏။ သို့​ဖြစ်၍ ရှောလု​ကို တစ်ပါး​အမျိုးသားများ​ထံ ယေရှု​စေလွှတ်ခဲ့​ခြင်း​ဖြစ်သည်။—ဧဖက် ၃:၃-၇

ရှောလုသည် သူ​ဘာသာ​ပြောင်း​လာချိန်​၌ ယင်း​အကြောင်း မည်မျှ​နားလည်ခဲ့​သည်ကို ကျွန်ုပ်​တို့​မသိနိုင်​ချေ။ ယေရှုသည် တစ်ပါး​အမျိုးသားများ​ထံ သူ၏​သာသနာပြု​လုပ်ငန်း​အကြောင်း တစ်ကြိမ်​ထက်မက ထပ်မံ​မိန့်မြွက်​ပေ​ဦး​မည်။ ထို့​ပြင် ရှောလုသည် ဝိညာဉ်​တော်​မှုတ်သွင်းခံ​ရခြင်း​အားဖြင့် နှစ်​အတန်ကြာ​ကုန်လွန်​လေ​သော် ဤ​အကြောင်းအရာ​အားလုံး​ကို ရေးသားခဲ့​ရ၏။ (တမန်​တော် ၂၂:၁၇-၂၁; ဂလာတိ ၁:၁၅-၁၈; ၂:၁၊ ၂) သို့ရာတွင် ရှောလု​၏​သခင်​အသစ်​ထံ​မှ ထပ်ဆင့်​ညွှန်ကြားချက်​များ​မရ​မီ ရက်​အနည်းငယ်​စောင့်​ခဲ့​ရသည်။

အာနနိ​ရောက်လာ​ခြင်း

ယေရှုသည် ရှောလု​ထံ​ထင်ရှား​ပြီး​နောက် အာနနိ​ထံ​၌​လည်း ထင်ရှား​ခဲ့​ပြီး သူ့ကို ဤသို့​မိန့်တော်မူသည်– “သင်သည်​ထ၍ လမ်း​ဖြောင့်​အမည်​ရှိသော​လမ်း​သို့​သွားလော့။ ရှောလု​အမည်​ရှိသော တာရှု​မြို့သား​ကို ယုဒ​၏​အိမ်​၌​ရှာဖွေ​လော့။ အကြောင်း​မူ​ကား၊ ထို​သူသည်​ဆုတောင်း​လျက်​နေ​၏။ မိမိ​မျက်စိ​ကို​မြင်​ပြန်​စေခြင်း​ငှာ အာနနိ​အမည်​ရှိသောသူ​သည်​ဝင်၍၊ မိမိ​အပေါ်​၌​လက်တင်​သည်ကို ဗျာဒိတ်တော်​အားဖြင့်​မြင်​လေ​ပြီ။”—တမန်​တော် ၉:၁၁၊ ၁၂

အာနနိ​သည် ရှောလု​ကို​သိ​သည်​ဖြစ်၍ ယေရှု​မြွက်​တော်​မူ​သော​စကား​ကြောင့် အံ့သြ​ခဲ့​ခြင်း​သည် နားလည်​နိုင်​ဖွယ်​ဖြစ်၏။ သူက ဤသို့​ပြန်လျှောက်​သည်– “သခင်​ဘုရား၊ ထို​သူသည်​ယေရုရှလင်​မြို့၌ ကိုယ်တော်​၏​သန့်ရှင်းသူ​တို့ကို အဘယ်မျှ​လောက်​ပင်​ညှဉ်းဆဲ​သည်ကို လူများ​ပြော​၍ အကျွန်ုပ်​ကြား​ရ​ပါ​ပြီ။ ဤ​အရပ်၌​လည်း ကိုယ်တော်​ကို [ဆုတောင်း] သူ​ရှိသမျှ​တို့ကို ချည်နှောင်​ရမည်​အခွင့်​ကို ယဇ်ပုရောဟိတ်​အကြီး​တို့​ထံ​၌ ရ​ပါ​သည်။” သို့သော် ယေရှု​က အာနနိ​ကို ဤသို့​မိန့်တော်မူသည်– “ထို​သူ​ကား တစ်ပါး​အမျိုးသား​တို့​နှင့် ရှင်ဘုရင်​တို့​ထံ​သို့​လည်းကောင်း၊ ဣသရေလ​အမျိုးသား​တို့​ရှိရာသို့​လည်းကောင်း ငါ​၏​နာမကို​ပို့ဆောင်​စေခြင်း​ငှာ ငါ​ရွေးကောက်​သောတန်​ဆာ​ဖြစ်၏။”—တမန်​တော် ၉:၁၃-၁၅

စိတ်ချ​ရန် မှာကြား​ခံရ​ပြီး​နောက် အာနနိ​သည် ယေရှု​ပေး​သော​လိပ်စာ​သို့ သွားခဲ့​၏။ ရှောလု​ကို​တွေ့​ရှိ၍ နှုတ်ဆက်​ကာ သူ့​အပေါ်​သို့ အာနနိ​လက်တင်​လိုက်​သည်။ “ထို​ခဏ​၌ ရှောလု​၏​မျက်စိ​မှ ငါး​ကြေး​ကွာကျ​သကဲ့သို့​ဖြစ်၍၊ မျက်စိ​မြင်​ပြန်” သည်​ဟု​မှတ်တမ်းက​ဖော်ပြ​သည်။ ယခု ရှောလုသည် နားထောင်​ရန်​အသင့်ရှိ​လေ​သည်။ ယေရှု၏​စကား​ကို ရှောလု​နားလည်ခဲ့​မည့်​ပုံ​ရှိသကဲ့သို့ အာနနိ​၏​စကား​က ဤသို့​ထောက်ခံ​သည်– “သင်သည်​မြင်​လေ​သမျှ၊ ကြား​လေ​သမျှ​တို့ကို လူအပေါင်း​တို့အား​ပြော​၍ သခင်​ဘုရား​၏​သက်သေခံ​ဖြစ်​ရမည်​အကြောင်း၊ သင်သည်​ဘုရားသခင်​၏​အလိုတော်ကို သိစေ​ခြင်း​ငှာ​လည်းကောင်း၊ ဖြောင့်မတ်​တော်​မူ​သော​သူကို​မြင်​၍ နှုတ်​တော်​ထွက်​ကို​ကြားစေ​ခြင်း​ငှာ​လည်းကောင်း၊ ငါ​တို့​ဘိုးဘေး​များ​၏​ဘုရားသခင်​သည် သင့်ကို​ခန့်​ထား​တော်​မူ​၏။ ယခု​လည်း သင်သည်​အဘယ်ကြောင့်​ဆိုင်း​လင့်​၍​နေသနည်း။ ထ​လော့။ သခင်​ဘုရား​ကို [ဆုတောင်း] လျက် ဗတ္တိဇံ​ကို​ခံ​၍၊ သင်၏​အပြစ်​များ​ကို​ဆေးကြော​လော့။” ရလဒ်​ကား​အဘယ်နည်း။ ရှောလုသည် “ထ၍​ဗတ္တိဇံ​ကို​ခံ​ပြီး​လျှင်၊ အစာ​အာဟာရကို​သုံးဆောင်​၍ အားဖြည့်​လေ​၏။”—တမန်​တော် ၉:၁၇-၁၉; ၂၂:၁၂-၁၆

သူ၏​လုပ်ငန်း​ဆောင်ရွက်​ပြီး​နောက်​တွင် သစ္စာရှိ​အာနနိ​သည် လျင်မြန်​စွာ​ပေါ်လာ​သည့်​နည်းတူ လျင်မြန်​စွာ​ကွယ်ပျောက်​သွား​ကာ သူ့​အကြောင်း​ထပ်မံ မသိ​ရတော့​ချေ။ သို့သော် ရှောလုသည် သူ့​အကြောင်းကြား​သမျှ​သော​သူတို့ကို အံ့အားသင့်​စေ​ခဲ့​သည်​တကား!။ ယေရှု၏​တပည့်​များ​ကို​ဖမ်းဆီး​ရန် ဒမာသက်​မြို့​သို့​ရောက်လာ​သော ယခင်​က​နှိပ်စက်​ညှဉ်းပန်း​ခဲ့​သူသည် တရား​ဇရပ်​များ​တွင် စတင်​ဟောပြောလျက် ယေရှုသည် ခရစ်တော်​ဖြစ်​ကြောင်းကို​သက်သေထူ​လေ​သည်။—တမန်​တော် ၉:၂၀-၂၂

“တစ်ပါး​အမျိုးသား​တို့​နှင့်​ဆိုင်သော တမန်​တော်”

ဒမာသက်​သို့​သွားရာလမ်း​၌ ရှောလု​၏​အတွေ့အကြုံ​သည် ထို​နှိပ်စက်​ညှဉ်းပန်း​သူအား သူ့​လမ်းစဉ်​ကို​ရပ်တန့်​စေ​ခဲ့​သည်။ မေရှိယ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သိမြင်​လာ​သည့်​အတွက် ရှောလုသည် ဟေဗြဲ​ကျမ်းစောင်​များ​မှ ခံယူ​ချက်​များနှင့် ပရောဖက်ပြုချက်​များစွာ​တို့​မှာ ယေရှု​နှင့်​ပတ်သက်​ကြောင်း တင်ပြ​နိုင်​လေ​သည်။ ယေရှုသည် ရှောလု​ထံ​ထင်ရှား​ပြီး​နောက် ‘သူ့ကို​ကိုင်​ဖမ်း​တော်​မူ’ ၍ ရှောလု​၏​ဘဝ​အသက်တာကို တစ်မျိုး​တစ်​ဖုံ​ပြောင်း​ပစ်လိုက်​စေသည့် “တစ်ပါး​အမျိုးသား​တို့​နှင့်​ဆိုင်သော​တမန်​တော်” အဖြစ်​တာဝန်​အပ်နှင်း​ခဲ့​ခြင်း​က သူ၏​ဘဝကို အကြီးအကျယ်​ပြောင်းလဲ​စေ​ခဲ့​သည်။ (ဖိလိပ္ပိ ၃:၁၂; ရောမ ၁၁:၁၄) ယခု သူသည် တမန်​တော်​ပေါလု​အဖြစ် မိမိ၏​မြေကြီး​အသက်တာ​ကုန်​သည့်​အထိ သူ့ကိုယ်သူ​သာမက ခရစ်ယာန်​သမိုင်းကြောင်း​၏​လမ်းစဉ်​ကို​ပါ ပုံသွင်း​လွှမ်းမိုးခွင့်​ရရှိခဲ့သည်။

နှစ်​အတန်ကြာ​ပြီး​နောက် ပေါလု​၏​တမန်​တော်​ဖြစ်ခွင့်​နှင့်​ပတ်သက်​၍ အငြင်းအခုံ​ဖြစ်​ခဲ့​ကြသောအခါ ဒမာသက်​မြို့​သို့​သွားရာလမ်း​ခရီး​၌ သူ၏​တွေ့ကြုံမှု​ကို ကိုးကား​၍ မိမိ၏​အခွင့်အရေး​ကို သူ​ဤသို့​ကာကွယ်​ပြောဆို​ခဲ့​သည်– ငါသည် “တမန်​တော်​ဖြစ်သည်​မဟုတ်လော။ ငါ​တို့​သခင်​ယေရှု​ခရစ်​ကို မြင်ရ​ပြီ​မဟုတ်လော။” ထို့နောက် အခြားသူ​တို့​ထံ​၌ ရှင်ပြန်ထမြောက်​ခဲ့​သော​ယေရှု ထင်ရှား​ခဲ့​ခြင်း​ကို​ဖော်ပြ​ပြီး​နောက် ရှောလု (ပေါလု) က​ဤသို့​ဆို​သည်– “နောက်ဆုံး​၌ အချိန်​မတော်မတန်​ဖွား​သော​သူ​ကဲ့သို့​ဖြစ်သော ငါ​ပင် မြင်ရ​၏။” (၁ ကောရိန္သု ၉:၁; ၁၅:၈) ရှောလုသည် ယေရှု၏​ကောင်းကင်​ဘုန်း​တန်ခိုး အဆင်းအာရုံ​ကို​ရခဲ့​ခြင်း​ကြောင့် နာမ်ဝိညာဉ်​အသက်တာ​သို့ အချိန်မတန်​မီ​မွေးဖွားခြင်း သို့​မဟုတ် ရှင်ပြန်ထမြောက်ခြင်း​အခွင့် ပေးသနား​ခံရ​ဘိ​သကဲ့သို့​ဖြစ်သည်။

ရှောလုသည် မိမိ၏​အခွင့်ထူး​ကို အသိအမှတ်ပြု​ကာ ယင်း​နှင့်​အညီ ထိုက်တန်​အောင်​နေ​ရန် ကြိုးစား​ခဲ့​သည်။ “ငါသည် အထက်​က ဘုရားသခင်​၏​အသင်းတော်ကို ညှဉ်းဆဲ​သောကြောင့်၊ အညံ့​ဆုံးသော​တမန်​တော်​ဖြစ်၏။ တမန်​တော်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​မခံထိုက်” ဟု​သူ​ရေးသားခဲ့​သည်။ “သို့သော်လည်း . . . ငါ​ခံရ​သော [ဘုရားသခင်​၏] ကျေးဇူးတော်​ကိုလည်း အကျိုးမဲ့​ခံရ​သည်မဟုတ်။ အခြားသော​တမန်​တော်​အပေါင်း​တို့​ထက် ငါသည် သာ၍​ကြိုးစား​ခြင်း​ကို​ပြု​၏။”—၁ ကောရိန္သု ၁၅:၉၊ ၁၀

ဘုရားသခင့်​မျက်နှာသာတော်​ခံစားရ​ရန် ရှောလု​ကဲ့သို့​ပင် ကြာမြင့်စွာ​သော​အချိန်​ကတည်းက ခံယူ​ထား​သည့် ဘာသာရေး​ရှုမြင်ချက်များ​ကို ပြုပြင်​ရန်လို​ကြောင်း သင်​သိလာ​သည့်​အချိန်​အခါ​ကို သင်​သတိရ​ကောင်း​ရ​ပေမည်။ အမှန်တရားကို ဆုပ်ကိုင်​မိ​စေရန် သင့်ကို ယေဟောဝါ​ကူညီပေး​ခဲ့​သည့်​အတွက် အလွန်​ပင်​ကျေးဇူး​တင်​ခဲ့​မည်​ကား ဧကန်​အမှန်ပင်။ အလင်း​ကို ရှောလု​တွေ့မြင်​ကာ မိမိသည် အဘယ်အရာ​ပေးဆက်​ရန်လို​အပ်​ကြောင်း သိလာ​သောအခါ နှောင့်နှေးခြင်း​မရှိခဲ့​ချေ။ သူ​လုပ်ဆောင်​စ​ရာ​ကို သေ​သည်​တိုင် ဇွဲ​လုံ့လ​ဖြင့်​ဆက်​လုပ်ဆောင်ခဲ့​သည်။ ယနေ့ ယေဟောဝါ​၏​မျက်နှာသာတော်​ရ​လို​သူအား​လုံး​အတွက် အထူး​ကောင်းမွန်သော ပုံသက်သေ​တစ်ရပ်​ပါ​တကား!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 7 ကျမ်း​ပညာရှင်​တစ်ဦး​က ယုဒ​သည် ဒေသခံ​ဂျူး​အသိုင်းအဝိုင်း​တွင် ခေါင်းဆောင်​တစ်ဦး သို့​မဟုတ် ဂျူး​တည်းခိုခန်း​ပိုင်ရှင်​တစ်ဦး​ဖြစ်​နိုင်​သည်​ဟု ယူမှတ်​သည်။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

မျက်မှောက်ခေတ်​ဒမာသက်​မြို့ရှိ လမ်း​ဖြောင့်​အမည်​ရှိ​လမ်း

[Credit Line]

Photo by ROLOC Color Slides