ဒံယေလကျမ်းကို ရှင်းလင်းခဲ့ပြီ!
ဒံယေလကျမ်းကို ရှင်းလင်းခဲ့ပြီ!
စည်းဝေးကြီးတက်ရောက်သူများသည် အသစ်ထုတ်ဝေသော စာမျက်နှာ ၃၂၀ ရှိ ဒံယေလပရောဖက်ပြုချက်ကို အာရုံစူးစိုက်လော့! စာအုပ်ကို ကိုယ်ပိုင်ရရှိရန် စိတ်စောခဲ့ကြသည်။ ထိုစာအုပ်ကို သူတို့မည်သို့သဘောထားခဲ့ကြသနည်း။ အချို့ပြောဆိုခဲ့သည့်စကားကို သုံးသပ်ကြည့်ပါ။
“ဆယ်ကျော်သက်အများစုလိုပဲ၊ ရှေးသမိုင်းအကြောင်း လေ့လာတာကို ကျွန်မသိပ်မကြိုက်ဘူး။ ဒါကြောင့် ဒံယေလပရောဖက်ပြုချက်ကို အာရုံစူးစိုက်လော့! စာအုပ်အသစ်ကို ကျွန်မရတဲ့အခါ ဖတ်ချင်စိတ်သိပ်မရှိခဲ့ဘူး၊ ဒါပေမဲ့လည်း ကြိုးစားဖတ်ခဲ့တယ်။ ကျွန်မအထင်မှားလိုက်လေခြင်း! ကျွန်မတွေ့ခဲ့ဖူးသမျှထဲမှာ ဒီစာအုပ်က အကောင်းဆုံးပဲ။ တကယ့်ကိုစိတ်ဝင်စားစရာကောင်းတာပဲ! လွန်ခဲ့တဲ့အနှစ်ထောင်ချီတုန်းက ဖြစ်ပျက်ခဲ့တဲ့မှတ်တမ်းတစ်ခုကို ဖတ်နေရတယ်လို့ ကျွန်မ မခံစားရဘူး။ ကျွန်မကိုယ်ကျွန်မ ဒံယေလနေရာယူပြီး ခံစားကြည့်မိခဲ့တာ ဦးဆုံးအကြိမ်ပဲ။ မိသားစုထဲကနေ ခေါ်ထုတ်သွားခံရပြီး တိုင်းတစ်ပါးကိုပို့၊ တည်ကြည်မှု ထပ်ခါထပ်ခါစမ်းသပ်ခံရတာ ဘယ်လိုနေမယ်ဆိုတာကို ကျွန်မစိတ်ထဲ တကယ်ပဲမြင်ယောင်နိုင်ခဲ့တယ်။ ဒီစာအုပ်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”—အန်ယာ။
“ကျွန်တော့်ကို အကူအညီအများဆုံးပေးတာကတော့ ယေဟောဝါဟာ ကိုယ်တော့်လူမျိုးကိုထိခိုက်တဲ့ကိစ္စရပ်တွေကို လုံးဝထိန်းချုပ်ပေးတဲ့အရှင်ဖြစ်တယ်ဆိုတဲ့ အထင်အရှားပေါ်လွင်တဲ့သတင်းပဲ။ ဒံယေလရဲ့အဆင်းအာရုံတွေ၊ အိပ်မက်တွေနဲ့ သူအဓိပ္ပာယ်ဖွင့်ပေးခဲ့တဲ့ တခြားသူတွေရဲ့အိပ်မက်တွေက ကျွန်တော်တို့ရဲ့ဘုရားသခင်ဟာ ကိုယ်တော်ရည်ရွယ်ထားတာထက် ပိုပြီး ဒါမှမဟုတ် လျော့ပြီး ဘယ်တော့မှဖြစ်ပျက်စေမှာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ အဲ့ဒါက ကျမ်းစာမှာတွေ့ရတဲ့ ဘုရားသခင်ပြုလုပ်ပေးမယ့် ကမ္ဘာသစ်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုသရုပ်ဖော်ချက်တွေအပေါ် ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကို ခိုင်ခံ့စေပါတယ်။”—ချယ်စတာ။
“ဒံယေလကို အသက်ဝင်အောင်ဖော်ပြထားတာ ကျွန်မတကယ်ကြိုက်တယ်။ သူရဲ့စိုးရိမ်ပူပန်မှုတွေကို ပေါ်လွင်အောင်ဖော်ပြထားပုံကြောင့် သူနဲ့ပိုအကျွမ်းဝင်လာသလိုပဲ။ သူ့ကို ယေဟောဝါ ဘာကြောင့်ဒီလောက်နှစ်သက်ရတယ်ဆိုတာကို ပိုသဘောပေါက်လာခဲ့တယ်။ စမ်းသပ်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေခံခဲ့ရပေမဲ့ သူ့အတွက်သူ မစိုးရိမ်ခဲ့ဘူး။ သူအဓိကစိုးရိမ်တာက ယေဟောဝါနဲ့ ကိုယ်တော်ရဲ့တင့်တယ်တဲ့နာမတော်အတွက်ပဲ။ ဒီအချက်တွေကို ပေါ်လွင်စေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”—ဂျွိုင်။
“ဒါကို ကျွန်တော်တို့စောင့်မျှော်ခဲ့တာ! ဒံယေလကျမ်းဟာ ကျွန်တော်တို့တစ်ဦးစီနဲ့ ဘယ်လောက်ထိတောင် တကယ်သက်ဆိုင်တယ်ဆိုတာကို တစ်ခါမှမဖော်ပြခဲ့သေးဘူး။ အဲဒီစာအုပ်အသစ်ကိုရခဲ့တဲ့ညနေခင်းမှာ အတော်များများ ဖတ်ပြီးတာနဲ့ ခဏရပ်နားပြီး ယေဟောဝါကို ဆုတောင်းကျေးဇူးတင်လိုက်တယ်။”—မာ့ခ်။
“ကျွန်မတို့ရဲ့ကလေးတွေအပေါ် ဒီစာအုပ်က ဘယ်လောက်ထိထိမိမိအကျိုးသက်ရောက်မယ်ဆိုတာကို မမျှော်ထားခဲ့ဘူး။ သူတို့က ငါးနှစ်နဲ့ သုံးနှစ်ပဲရှိသေးတယ်။ . . . ဒံယေလ၊ ဟာနနိ၊ မိရှေလနဲ့ အာဇရိတို့ရဲ့ပုံပြင်တွေဟာ ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ်ထဲက သူတို့အနှစ်သက်ဆုံးပုံပြင်ထဲမှာ အမြဲပါခဲ့ပေမဲ့ ဒံယေလပရောဖက်ပြုချက်စာအုပ်မှာ သရုပ်ဖော်ထားပုံဟာ ကျွန်မတို့မမျှော်လင့်ခဲ့တဲ့နည်းနဲ့ သူတို့ကိုအကျိုးသက်ရောက်ခဲ့တယ်။ အသက်ငယ်ကြပေမဲ့ ဒီဖြောင့်မတ်တဲ့လူငယ်လေးတွေနဲ့ သူတို့သဘောတိုက်ဆိုင်နိုင်ကြတယ်။ ကျွန်မတို့ရဲ့ကလေးတွေအတွက် တကယ်ကောင်းတဲ့ စံနမူနာရှင်တွေပဲ! တကယ့်ကိုကောင်းတဲ့ကိရိယာ ရထားတာပဲ! ကျေးဇူးအများကြီးတင်ပါတယ်ရှင်!”—ဘက်သယ်လ်။
“ဟေဗြဲလူငယ်လေးတွေ ယုံကြည်ခြင်းစမ်းသပ်ခံခဲ့ရတဲ့အချိန်မှာ သူတို့နဲ့အတူ ကျွန်မလည်းရှိနေသလိုပဲ; အဲ့ဒါကြောင့် ကျွန်မရဲ့ယုံကြည်ခြင်းကို စစ်ဆေးဖို့ အားပေးခံခဲ့ရတယ်။ “သင်သဘောပေါက်ခဲ့ရာကား အဘယ်နည်း” ခေါင်းစဉ်ပါတဲ့ ပြန်လည်စစ်ဆေးခြင်းအကွက်က အခန်းမှာပါတဲ့အကြောင်းကို နှလုံးထဲထိမိစွဲမှတ်သွားစေတယ်။ ပြောင်မြောက်လှတဲ့လက်ရာနောက်တစ်ခုအတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်။”—လေးဒီယာ။