မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါနှင့်ရင်းနှီးမှုကို ပြုစုပျိုးထောင်လော့

ယေဟောဝါနှင့်ရင်းနှီးမှုကို ပြုစုပျိုးထောင်လော့

ယေဟောဝါ​နှင့်​ရင်းနှီးမှုကို ပြုစု​ပျိုးထောင်​လော့

“ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်။” (ယာကုပ် ၄:၈) ထို့​အပြင် ဆာလံဆရာ​ဒါဝိဒ်က ဤသို့​စပ်ဆို​သည်– “[“ယေဟောဝါ၊” က​ဘ] ကို​ကြောက်ရွံ့​သော​သူတို့သည် ကိုယ်တော်မြတ်​နှင့် မိတ်သဟာယ​ဖွဲ့​ရသော​အခွင့် . . . ရှိကြ​၏။” (ဆာလံ ၂၅:၁၄) ယေဟောဝါ​ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး ရှိစေ​လို​သည်​မှာ ထင်ရှား​နေပါ​သည်။ သို့​တိုင် ဘုရားသခင်​အား ကိုးကွယ်​သူ၊ ကိုယ်တော်​၏​ဥပဒေသ​များ​ကို လိုက်နာ​နေကြ​သူ​တိုင်း​က ကိုယ်တော်​နှင့်​ရင်းနှီး​သည်​ဟု မခံစား​ကြ​ရ​ချေ။

သင့်​အနေ​နှင့်​ကော။ သင်သည် ဘုရားသခင်​နှင့်​ပုဂ္ဂိုလ်ရေး​အရ ရင်းနှီးသော​ဆက်ဆံ​ရေး ရှိပါ​သလော။ ကိုယ်တော်​ထံ သင်​ချဉ်းကပ်​လို​မည်​မှာ ယုံမှားဖွယ်​မရှိ​ချေ။ ဘုရားသခင်​နှင့် ရင်းနှီးမှု မည်သို့​ရှိ​နိုင်​မည်​နည်း။ ယင်းက ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ သမ္မာ​ကျမ်းစာ​ပါ နယပုံပြင်​ကျမ်း​၏ တတိယ​အခန်းကြီး​က အဖြေ​များ​ပေး​ပါ​သည်။

ချစ်ခင်​ကြင်နာ​မှု​နှင့် သစ္စာတရား​ကို​ထင်ရှားပြ​ခြင်း

ရှေး​ဣသရေလ​လူမျိုး​တို့၏​ဘုရင် ရှောလမုန်​သည် နယပုံပြင်​ကျမ်း​၏​တတိယ​အခန်းကြီး​ကို ဤ​စကား​များ​ဖြင့် အစပျိုး​ထား​သည်– “ငါ့​သား ငါ​ပေး​သော​တရားကို​မမေ့​နှင့်။ ငါ့​ပညတ်​တို့ကို သင်၏​နှလုံး​စောင့်ရှောက်​ပါစေ။ အကြောင်း​မူ​ကား၊ ပညတ်တရား​သည် အသက်တာ​ရှည်​သော ကာလ​နှစ်ပေါင်း​များ​ကိုလည်း​ကောင်း၊ ငြိမ်ဝပ်ခြင်း​ကိုလည်း​ကောင်း တိုးပွား​စေ​လိမ့်​မည်။” (သု. ၃:၁၊ ၂) ဘုရားသခင်​၏​မှုတ်သွင်းမှု​အရ ရှောလမုန်​ရေးသားခဲ့​ခြင်း​ကြောင့် ဖခင်သဖွယ် ဤ​အကြံပေး​ချက်​သည် အမှန်​မှာ ယေဟောဝါ​ဘုရားသခင်​ထံ​မှ​ဖြစ်​ပြီး ကျွန်ုပ်​တို့ကို ဆင့်ဆို​ခဲ့​ခြင်း​ဖြစ်သည်။ သမ္မာကျမ်းစာ​၌ မှတ်တမ်း​တင်ထားသော ဘုရားသခင်​၏​သတိပေး​နှိုးဆော်ချက်​များ—ကိုယ်တော့်​နည်း​ဥပဒေသ​များ၊ သွန်သင်ချက်​များနှင့် ကိုယ်တော့်​ပညတ်တော်​များ—ကို​လိုက်နာ​ရန် ဤ​တွင်​ကျွန်ုပ်​တို့အား ညွှန်ကြား​ထား​သည်။ ယင်း​သို့ ကျွန်ုပ်​တို့​ပြု​မည်​ဆိုလျှင် ကျွန်ုပ်​တို့အား “အသက်တာ​ရှည်​သော ကာလ​နှစ်ပေါင်း​များ​ကိုလည်း​ကောင်း၊ ငြိမ်ဝပ်ခြင်း​ကိုလည်း​ကောင်း တိုးပွား​စေ​လိမ့်​မည်။” မှန်ပါသည်၊ ယခု​ပင် ကျွန်ုပ်​တို့သည် ငြိမ်းချမ်း​သော​အသက်တာကို ပျော်မွေ့နိုင်​ကြ​ပြီး ဆိုးယုတ်သူ​တို့​ကြုံ​ရလေ့​ရှိသည့် အချိန်မတန်​ဘဲ​သေ​ဘေးသင့်​ရခြင်း​ကို ရှောင်တိမ်း​နိုင်​ကြ​၏။ ထို​ထက်​ကား ငြိမ်ဝပ်မှု​ရှိသော​ကမ္ဘာသစ်​တွင်​ရမည့် ထာဝရ​အသက်ကို မျှော်လင့်​နိုင်​ကြသည်။—သု. ၁:၂၄-၃၁; ၂:၂၁၊ ၂၂

ရှောလမုန်က ဤသို့​ဆက်၍​ဆို​သည်– “[“ချစ်ခင်​ကြင်နာ​မှု၊” က​ဘ] နှင့်​သစ္စာတရား​ကို သင်​နှင့်​မကွာစေ​နှင့်။ ထို​တရား​တို့ကို သင်၏​လည်ပင်း​၌ ဆွဲ​ထား​လော့။ နှလုံး​စာရင်း​၌ ရေးသွင်း​လော့။ ထို​သို့ပြုလျှင်၊ ဘုရားသခင့်​ရှေ့၊ လူ​တို့​ရှေ့မှာ​မျက်နှာ​ရ​၍၊ ကျေးဇူး​ကို​ခံရ​လိမ့်​မည်။”—သု. ၃:၃၊ ၄

“ချစ်ခင်​ကြင်နာ​မှု” အတွက် မူရင်း​ဘာသာ​စကား​၌ ဖော်ပြချက်​အခြား​တစ်မျိုး​မှာ “သစ္စာစောင့်သိ​သော​မေတ္တာ” ဖြစ်​ရာ မသွေမဖည်​သစ္စာ​မြဲ​မှု၊ သွေး​စည်း​မှု၊ သစ္စာစောင့်သိမှု​တို့​ဖြစ်​နိုင်​သည်။ မည်သို့​ပင်​ဖြစ်​လာပါစေ၊ ယေဟောဝါ​နှင့်​ဆက်လက်​တွယ်ကပ်​နေ​ရန် စိတ်​ဆုံးဖြတ်ထား​ကြ​ပါသလော။ ယုံကြည်သူချင်း​တို့​နှင့် ဆက်ဆံ​ရာ​တွင် ချစ်ခင်​ကြင်နာ​မှု​ကို တင်ပြ​နေပါသလော။ သူတို့နှင့်​ရင်းနှီးမှု​ဆက်​ရှိဖို့ ကြိုးပမ်း​နေပါသလော။ သူတို့နှင့် နေ့စဉ်​နေ့တိုင်း​ပေါင်းသင်း​ဆက်ဆံ​ရာ​တွင် ခဲယဉ်း​သော​အခြေအနေ​များ​အောက်​၌​ပင် ‘မေတ္တာ​တရား​အားဖြင့် ပြောဆိုခြင်း’ ကို​ထိန်းသိမ်း​သလော။—သု. ၃၁:၂၆

ချစ်ခင်​ကြင်နာ​မှု​ကြွယ်ဝခြင်း​ကြောင့် ယေဟောဝါ​သည် “အပြစ်လွှတ်​လို​သော​သဘော​နှင့်​ပြည့်စုံ . . . ၏။” (ဆာလံ ၈၆:၅သမ္မာ) အတိတ်​က​အပြစ်​များ​ကို နောင်တ​ယူ၍ ယခု ကျွန်ုပ်​တို့​သွားဖို့​ရာ ဖြောင့်မတ်​သော​လမ်းကို ပြင်ဆင်​နေ​မည်​ဆိုလျှင် ယေဟောဝါ​ထံ​တော်​မှ “ချမ်းအေး​သော​အချိန်ကာလ​သည်​ရောက်လာ” မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။ (တမန်​တော် ၃:၁၉) ကျွန်ုပ်​တို့သည် သူတစ်ပါး​၏​အပြစ်ကို​လွှတ်​ခြင်း​အားဖြင့် ဘုရားသခင်​အား အတု​မယူ​သင့်​ပေ​လော။—မဿဲ ၆:၁၄၊ ၁၅

ယေဟောဝါ​သည် “သစ္စာစောင့်​တော်​မူ​သော ဘုရားသခင်” ဖြစ်​ပြီး ကိုယ်တော်​နှင့်​ရင်းနှီး​လို​သူတို့​ထံ​မှ “သစ္စာတရား” ကို​ကိုယ်တော်​အလိုရှိ​တော်​မူ​သည်။ (ဆာလံ ၃၁:၅) ကျွန်ုပ်​တို့သည် မည်သို့သောလူစား​ဖြစ်​ကြောင်း ဖုံးကွယ်​တတ်ကြ​သည့် “လျှပ်​ပေါ်သော​လူ​တို့” ကဲ့သို့ နှစ်​ဘဝ​စံ—ခရစ်ယာန်​အပေါင်းအဖော်​များ​ရှေ့တွင် တစ်မျိုး​ကျင့်ကြံ​၍ သူတို့၏​မျက်ကွယ်​၌​တစ်​ဖုံ​ကျင့်ကြံ—နေ​မည်​ဆိုလျှင် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​မိတ်ဆွေ​ဖြစ်​လိမ့်​မည်​ဟု မျှော်လင့်​နိုင်​ပါ​မည်​လော။ (ဆာလံ ၂၆:၄) “ခပ်သိမ်း​သော​အရာ​တို့သည် အကွယ်အကာ​မရှိဘဲ” ယေဟောဝါ​၏ “မျက်မှောက်တော်၌​လှန်​ထား​လျက်​ရှိ” ခြင်း​ကြောင့် ထိုသို့​ပြုခြင်း​သည် မည်မျှ​ပင်​မိုက်မဲ​စွ​တကား!—ဟေဗြဲ ၄:၁၃

ချစ်ခင်​ကြင်နာ​မှု​နှင့် သစ္စာတရား​သည် ‘ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့၌ မျက်နှာသာ​ရ’ စေသော​ကြောင့် ‘ကျွန်ုပ်​တို့၏​လည်ပင်း​၌ ဆွဲ​ထား​သည့်’ အဖိုး​မ​ဖြတ်​နိုင်သော လည်ဆွဲ​ရတနာ​ကဲ့သို့​တန်ဖိုး​ထား​ရမည်။ ဤ​အရည်အသွေးများ​ကို အပေါ်ယံ​သာ​ဖော်ပြ​ရန်​မဟုတ်ဘဲ ကျွန်ုပ်​တို့​ဥပဓိရုပ်​၏​ပင်ကို​အရည်အသွေး ဖြစ်စေ​ခြင်း​ဖြင့် ‘ကျွန်ုပ်​တို့၏​နှလုံး ကျောက်သား​ပြင်​ပေါ်​တွင်’ ထွင်းထု​ထား​ရန်လို​သည်။

ယေဟောဝါ​အား လုံးလုံးလျားလျား​ကိုးစားခြင်း​ကို ပြုစု​ပျိုးထောင်​လော့

ပညာ​ရှိသော​ရှင်ဘုရင်​က ဤသို့​ဆက်​ပြော​သည်– “ထာဝရ​ဘုရား​၌ စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ့်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​များ​ကို ဖြောင့်​စေတော်မူ​မည်။”—သု. ၃:၅၊ ၆သမ္မာ။

ကျွန်ုပ်​တို့၏​လုံးလုံးလျားလျား​ကိုးစားမှု​ကို ယေဟောဝါ အမှန်ပင်​ရထိုက်​ပေ​သည်။ ဖန်ဆင်း​ရှင်​အနေ​ဖြင့် ကိုယ်တော်​သည် “ခွန်အား​ကြီး” ၍ “တန်ခိုး” ၏​အရင်းအမြစ်​ဖြစ်​တော်​မူ​သည်။ (ဟေရှာယ ၄၀:၂၆၊ ၂၉) ကိုယ်တော်​ရည်ရွယ်​တော်​မူသမျှ​အားလုံး​ကို ဖြစ်မြောက်​စေနိုင်​၏။ ကိုယ်တော့်​နာမတော်​ကိုယ်နှိုက်​က “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဟု​အဓိပ္ပာယ်​ရှိရာ ကတိ​ထား​တော်​မူသမျှ​ကို​ပြည့်စုံစေရန် ကိုယ်တော့်​စွမ်းရည်​ကို ကျွန်ုပ်​တို့အား​ယုံကြည်​စိတ်ချ​စေ​သည်။ “ဘုရားသခင်​သည် မုသာ​မ​သုံးနိုင်” ဟူသော​အချက်​က ကိုယ်တော်​အား သစ္စာတရား​၏​ပြယုဂ်​ဖြစ်စေ​တော်​မူ​၏။ (ဟေဗြဲ ၆:၁၈) ကိုယ်တော်​၏ အထင်ရှားဆုံး​ဂုဏ်ရည်တော်​မှာ မေတ္တာ​ဖြစ်သည်။ (၁ ယောဟန် ၄:၈) ကိုယ်တော်​၏ “လမ်းခရီးတော်​ရှိသမျှ​တို့သည် ဖြောင့်မတ်​၍၊ ခပ်သိမ်း​သော​အမှုတော်​တို့သည် သန့်ရှင်း​ကြ​ပါ​၏။” (ဆာလံ ၁၄၅:၁၇) ဘုရားသခင်​အား ကျွန်ုပ်​တို့​မကိုးစား​နိုင်​လျှင် မည်​သူ့ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​နိုင်​ပါ​မည်​နည်း။ သို့သော်၊ ကိုယ်တော်​အား​ယုံကြည်​ကိုးစားခြင်း​ကို ပြုစု​ပျိုးထောင်​ရန် ကျွန်ုပ်​တို့၏​ကိုယ်ရေးကိုယ်တာ ဘဝ​အသက်တာတွင် သမ္မာကျမ်းစာ​မှ​သိရှိ​လာသမျှ​ကို လက်တွေ့​ကျင့်သုံး​၍ ဖြစ်ပေါ်​လာသော​အကျိုးကျေးဇူး​ကို ဆင်ခြင်​သုံးသပ်ခြင်း​ဖြင့် ‘ယေဟောဝါ​သည် ကောင်းမြတ်​တော်​မူ​ကြောင်းကို မြည်းစမ်း​၍​သိမှတ်’ ရန်လို​သည်။—ဆာလံ ၃၄:၈

ကျွန်ုပ်​တို့သည် ‘သွား​လေ​ရာ​ရာ​၌ ယေဟောဝါ​အား မည်သို့​မျက်မှောက်ပြု’ မည်​နည်း။ မှုတ်သွင်းခံ ဆာလံဆရာ​က ဤသို့​ဆို​သည်– “ပြု​တော်​မူသမျှ​တို့ကို​ဆင်ခြင်​၍ စီရင်တော်မူ​သော​အရာ​တို့ကို မြွက်ဆို​ပါ​မည်။” (ဆာလံ ၇၇:၁၂) ဘုရားသခင်​ကို မမြင်နိုင်​သောကြောင့် ကိုယ်တော်​၏​ကြီးမြတ်သော​ဆောင်ရွက်မှု​များနှင့် လူမျိုးတော်​နှင့်​ပတ်သက်​၍ ကိုယ်တော်​၏​စီရင်ချက်​တို့ကို စဉ်းစား​ဆင်ခြင်ခြင်း​သည် ကိုယ်တော်​နှင့်​ရင်းနှီးမှု ပြုစု​ပျိုးထောင်​ရာ​တွင် အရေးပါ​သည်။

ယေဟောဝါ​အား မျက်မှောက်ပြု​ခြင်း​၌ ဆုတောင်းခြင်း​သည်လည်း အရေးပါသော​နည်းလမ်း​တစ်ရပ်​ဖြစ်၏။ ဘုရင်​ဒါဝိဒ်​သည် ယေဟောဝါ​အား “အစဉ်” ဟစ်ခေါ်​ခဲ့​သည်။ (ဆာလံ ၈၆:၃) ဒါဝိဒ်​သည် တော​အရပ်၌​ထွက်ပြေး​တိမ်းရှောင်​နေရ​စဉ် မကြာခဏ တစ်ညလုံး​ဆုတောင်း​ခဲ့​သည်။ (ဆာလံ ၆၃:၆၊ ၇) ‘ဝိညာဉ်​တော်​အားဖြင့် အခါ​ခပ်သိမ်း တောင်းလျှောက်​ကြလော့’ ဟူ၍​တမန်​တော်​ပေါလု​က တိုက်တွန်း​ခဲ့​သည်။ (ဧဖက် ၆:၁၈သ​မ) ကျွန်ုပ်​တို့ ကြိမ်ဖန်​မည်မျှ ဆုတောင်း​လေ့​ရှိကြ​သနည်း။ ဘုရားသခင်​နှင့် ကိုယ်တိုင်​လှိုက်လှိုက်လှဲလှဲ​ဆက်သွယ်ခြင်း​၌ ပျော်မွေ့​ကြ​ပါသလော။ ခက်ခဲ​သော​အခြေအနေ​များ​ကို ကြုံတွေ့​ကြ​ရသောအခါ ကိုယ်တော့်​မစမှု​ရ​ရန် အသနားခံ​ကြ​ပါသလော။ အရေးကြီးသော​ဆုံးဖြတ်ချက်​များ​မချ​မီ ကိုယ်တော်​၏​ညွှန်ကြားမှု​အတွက် ဆုတောင်း​ကြ​ပါသလော။ ယေဟောဝါ​ထံ ကျွန်ုပ်​တို့​လှိုက်လှိုက်လှဲလှဲ​တောင်း​သည့် ဆုတောင်းချက်​များ​က ကိုယ်တော်​နှင့်​ကျွန်ုပ်​တို့ကို ပို​ရင်းနှီး​ချစ်ခင်​စေ​၏။ ထို့​အပြင် ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​ကို နားညောင်း​၍ ‘ကျွန်ုပ်​တို့၏ လမ်းခရီး​တို့ကို ဖြောင့်​စေတော်မူ​မည်’ ဟူ​သည့်​အာမခံချက်​ရှိသည်။

ကျွန်ုပ်​တို့သည် ယေဟောဝါ​အား အပြည့်အဝ​ယုံကြည်​စိတ်ချ​နိုင်​လျက်​နှင့် လောက​ရှိ အထင်ကရ​ပုဂ္ဂိုလ်​များ၊ သို့​မဟုတ် ‘ကိုယ့်​ဉာဏ်​ကို အမှီပြု​ခြင်း’ မှာ မည်မျှ​မိုက်မဲ​လှ​လေ​ခြင်း! “ဉာဏ်​ကောင်း​သည်​ဟု အထင်အမြင်​မရှိစေ​နှင့်” ဟူ၍​ရှောလမုန်က ဆို​သည်။ ထိုသို့​ပြု​မည့်​အစား သူက​ဤသို့​သတိပေး​သည်– “ထာဝရ​ဘုရား​ကို​ခန့်ညား​၍ ဒုစရိုက်[မကောင်းမှု] ကို​ကြ​ဉ်​ရှောင်​လော့။ သင်၏​ချက်​တိုင်​အဖို့ သန်မာ​ခြင်း၊ အရိုးများ​အဖို့ အားပြည့်​ခြင်း​ဖြစ်​လိမ့်​မည်။” (သု. ၃:၇၊ ၈သ​မ) ဘုရားသခင်​မနှစ်သက်​မည်​ကို​စိုးရွံ့​သော အကျိုး​ဖြစ်ထွန်း​သည့် ကြောက်ရွံ့​မှု​က ကျွန်ုပ်​တို့၏​လုပ်ရပ်များ၊ စဉ်းစား​မှုများ​နှင့် စိတ်​လှုပ်ရှားမှုများ​ကို​ထိန်းချုပ်​သင့်​သည်။ ယင်း​သို့​သော ကြည်ညို​ကြောက်ရွံ့​ခြင်း​က အဆိုးကို​ပြုလုပ်ခြင်း​မှ ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​ပြီး ဝိညာဉ်​ရေး​အရ​ကုသမှု​နှင့် အားသစ်လောင်း​ပေးခြင်း​ကို​ဖြစ်စေ​သည်။

သင့်​အကောင်းဆုံး​ကို ယေဟောဝါ​အား ပေး​လော့

အခြား​အဘယ်​နည်းဖြင့် ဘုရားသခင်​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​နိုင်​မည်​နည်း။ “သင်၏ အဖိုးထိုက်​သော​အရာများ​နှင့် အ​ဦး​သီး​သော​အသီးအနှံ​ရှိသမျှ​တို့​ဖြင့် ယေဟောဝါ​အား ဂုဏ်ပြု​လော့” ဟု​မင်းကြီး​က​ညွှန်ကြား​သည်။ (သု. ၃:၉က​ဘ) ယေဟောဝါ​အား​ဂုဏ်ပြုခြင်း​ဟူသည် ကိုယ်တော်​၏​နာမတော်​ကို လူ​သူ​ရှေ့​ကြေညာ​ခြင်း​တွင်​ပါဝင် ထောက်ပံ့​ပေးခြင်း​ဖြင့် ကိုယ်တော်​အား အလွန်​ကြည်ညို​လေးမြတ်ခြင်း၊ လူသိရှင်ကြား​ချီးမြှောက်​ခြင်း​ဖြစ်သည်။ ယေဟောဝါ​အား ကျွန်ုပ်​တို့​ဂုဏ်တင်​ကြ​ရာ​၌ အသုံးပြုသည့်​အဖိုးထိုက်​သော​အရာများ​မှာ ကျွန်ုပ်​တို့၏​အချိန်၊ စွမ်းရည်၊ ခွန်အား​နှင့် ဥစ္စာ​ဓန​တို့​ဖြစ်သည်။ ၎င်းတို့သည် အ​ဦး​သီး​သော—ကျွန်ုပ်​တို့၏​အကောင်းဆုံး—အသီးများ​ဖြစ်​ရမည်။ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​စွမ်းပကား​ကို အသုံးပြုပုံ​ပြု​နည်း​က “ဘုရားသခင်​၏ နိုင်ငံတော်​နှင့်​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့ ဦးစွာရှာ” ရန် ကျွန်ုပ်​တို့၏​အဓိဋ္ဌာန်​ပြုချက်​ကို ထင်ဟပ်ပြ​သင့်​သည်မဟုတ်​ပေ​လော။—မဿဲ ၆:၃၃

ကျွန်ုပ်​တို့၏​အဖိုးထိုက်​သော​အရာများ​နှင့် ယေဟောဝါ​အား ဂုဏ်တင်​ခြင်း​သည် အကျိုး​မခံစား​ရ​ဘဲ​နေ​မည်​မဟုတ်​ချေ။ ရှောလမုန်က “သို့ပြုလျှင်၊ သင်၏​စပါး​ကျီ​တို့သည် ကြွယ်ဝ​၍ စပျစ်​သီး​နယ်​ရာ​တန်ဆာ​တို့ကို အသစ်​သော​စပျစ်​ရည်​လျှံ​လိမ့်​မည်” ဟု​အာမခံ​သည်။ (သု. ၃:၁၀) ဝိညာဉ်​ရေး​ကြွယ်ဝခြင်း​ကိုယ်နှိုက်​က ရုပ်ပစ္စည်း​ကြွယ်ဝမှု​ကို မဖြစ်စေ​သော်လည်း ယေဟောဝါ​အား​ဂုဏ်တင်​ရန် ကျွန်ုပ်​တို့၏​စွမ်းပကား​များ​ကို ရက်ရက်ရောရော​အသုံးပြုခြင်း​သည် ကောင်းချီး​မင်္ဂလာ​များစွာ ရရှိစေ​သည်။ ဘုရားသခင့်​အလိုတော်ကို ဆောင်ခြင်း​သည် ယေရှု​အတွက် “စားစရာ” ဖြစ်​ခဲ့​၏။ (ယောဟန် ၄:၃၄) အလားတူ ယေဟောဝါ​အား​ဂုဏ်တင်​သည့် ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ ပါဝင်ခြင်း​က အာဟာရ​ဖြစ်စေ​သည်။ ထို​လုပ်ငန်း​၌ ကျွန်ုပ်​တို့​စွဲမြဲ​ပါ​က ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ဆိုင်ရာ​စပါး​ကျီ​တို့သည် ပြည့်လျှံ​နေပါ​လိမ့်​မည်။ စပျစ်​ရည်​အသစ်​ဖြင့်​ပုံဆောင်​ထား​သည့် ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​သည် လျှံ​လျက်​နေ​မည်။

တစ်နေ့တာ​အတွက်​အစာ အလုံအလောက်​ရှိဖို့ ယေဟောဝါ​ကို​မျှော်ကိုး​အားထား​၍ ဆုတောင်း​ကြသည်​မဟုတ်ပေ​လော။ (မဿဲ ၆:၁၁) အမှန်​မှာ၊ ကျွန်ုပ်​တို့​ပိုင်ဆိုင်​သမျှ​သည် ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော်​ထံ​တော်​မှ​ဖြစ်သည်။ ကိုယ်တော်​အား ချီးမွမ်း​ဂုဏ်တင်စရာ​ဖြစ်​ရန် ကျွန်ုပ်​တို့၏​အဖိုးထိုက်​သော​အရာများ​ကို အသုံးပြုပါ​က ယေဟောဝါ​သည် ကောင်းချီး​များ ထပ်ဆင့်​သွန်းလောင်း​တော်​မူ​မည်​ဖြစ်သည်။—၁ ကောရိန္သု ၄:၇

ယေဟောဝါ​၏​ဆုံးမ​ပဲ့ပြင်​ခြင်း​ကို ကြိုဆို​လက်ခံခြင်း

ယေဟောဝါ​နှင့်​ရင်းနှီးမှု​ရရှိ​ရေး​၌ ဆုံးမ​ပဲ့ပြင်​ခြင်း​၏ အရေးပါမှု​ကို​သတိပြု​ကာ ဣသရေလ​ရှင်ဘုရင်​သည်​ကျွန်ုပ်​တို့ကို ဤသို့​အကြံပြု​သည်– “ငါ့​သား၊ ထာဝရ​ဘုရား​ဆုံးမ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မနေ​နှင့်။ ပဲ့ပြင်​တော်​မူ​သောအခါ စိတ်မပျက်​စေ​နှင့်။ ထာဝရ​ဘုရား​သည် ချစ်တော်မူ​သော​သူကို ဆုံးမ​တော်​မူ​၏။ နှစ်သက်​တော်​မူ​သော​သားကို ရိုက်ပုတ်​တော်​မူ​၏။”—သု. ၃:၁၁၊ ၁၂သမ္မာ။

သို့သော် ဆုံးမ​ပဲ့ပြင်​ခြင်း​ကို လက်ခံရ​လွယ်ကူ​မည်​မဟုတ်​ချေ။ “ဆုံးမခြင်း​မည်​သည်​ကား၊ ခံရ​စဉ်​အခါ ဝမ်းမြောက်စရာ​မထင်၊ ဝမ်းနည်းစရာ​ထင်​တတ်၏” ဟူ၍ တမန်​တော်​ပေါလု​က​ရေးသားခဲ့​သည်။ “သို့သော်လည်း၊ ဆုံးမခြင်း​ကို​ခံရ​သော​သူတို့သည်၊ နောက်​မှ​ငြိမ်သက်ခြင်း​နှင့်​စပ်ဆိုင်​သော ဖြောင့်မတ်ခြင်း​အကျိုးကို ခံရ​ကြ​၏။” (ဟေဗြဲ ၁၂:၁၁) ဘုရားသခင်​နှင့်​ကျွန်ုပ်​တို့ ရင်းနှီး​လာဖို့​ရန် လေ့ကျင့်ပေး​ရာ​တွင် ဆုံးမခြင်း​နှင့် ပဲ့ပြင်​မှု​သည် မရှိမဖြစ်​လိုအပ်​သည်။ ယေဟောဝါ​၏​ဆုံးမခြင်း​ကို မိဘများ​ထံ​မှ​ဖြစ်စေ၊ ခရစ်ယာန်​အသင်းတော်​မှ​တစ်ဆင့်​ဖြစ်စေ၊ ကိုယ်ပိုင်​လေ့လာမှု​ပြု​စဉ် ကျမ်းချက်​များ​ကို တွေးတော​ဆင်ခြင်ခြင်း​အားဖြင့်​ဖြစ်စေ ရရှိ​ခြင်း​သည် ကျွန်ုပ်​တို့ကို​ကိုယ်တော်​မေတ္တာပြ​ခြင်း​ဖြစ်သည်။ ယင်းကို ဝမ်းသာစွာ​လက်ခံခြင်း​သည် ပညာရှိရာ​ကျ​၏။

ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​ကို စွဲကိုင်​ထား​လော့

ထို့နောက် ရှောလမုန်က ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ပြုစု​ပျိုးထောင်​ရာ​၌ ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​၏​အရေးပါပုံကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ သူက ဤသို့​ပြောကြား​သည်– “ဉာဏ်ပညာ​ကို​ရှာ၍​ရသော​သူသည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား၊ ပညာ​ကုန်သွယ်​ခြင်း​သည် ငွေ​ကုန်သွယ်​ခြင်း​ထက် သာ၍​ကောင်း​၏။ ပညာ​ကုန်သွယ်​၍​ရသော​အမြတ်​လည်း ရွှေ​စင်​ထက်​သာ၍​ကောင်း​၏။ . . . ပညာ​ကို​ကိုင်ဆွဲ​သော​သူသည် အသက်​ပင်ကို​ရပြီ။ လက်မလွတ်​သော​သူသည်​မင်္ဂလာ​ရှိ၏။”သု. ၃:၁၃-၁၈

ယေဟောဝါ​၏ အံ့ချီးဖွယ်​ဖန်ဆင်း​ခြင်း​လက်ရာတော်​များ​၌ ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​ကို ဖော်ပြ​ထားခြင်း​အကြောင်း ကျွန်ုပ်​တို့ကို သတိပေး​သည့်​အနေ​နှင့် ဘုရင်​က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​သည် ပညာတော်​အားဖြင့် မြေကြီးကို​တည်​၍၊ ဉာဏ်တော်​အားဖြင့် မိုးကောင်းကင်ကို​ပြင်ဆင်​တော်​မူ​၏။ . . . ငါ့​သား၊ ပညာ​ရတနာ​နှင့်[ကောင်းသော]သတိ​ကို သင့်​မျက်မှောက်​မှ​မကွာစေ​ဘဲ၊ အစဉ်​စောင့်ရှောက်​လော့။ သို့ပြုလျှင်၊ ထို​ရတနာ​တို့သည် သင်၏​ဝိညာဉ်​၌​အသက်၊ သင်၏​လည်ပင်း​၌ ဂုဏ်​အသရေ​ဖြစ်​လိမ့်​မည်။”—သု. ၃:၁၉-၂၂

ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​မှာ ဘုရားသခင့်​ရေးရာ​အရည်အသွေးများ​ဖြစ်သည်။ ယင်း​တို့ကို ပြုစု​ပျိုးထောင်​ရမည်​သာမက ဝီရိယ​ရှိ​ရှိ​ကျမ်းစာ​လေ့လာခြင်း​ကို မည်သည့်​အခါ​မျှ​မလျှော့ပေါ့​စေခြင်း​နှင့် သင်ယူခဲ့ရာ​ကို​ကျင့်သုံး​ခြင်း​အားဖြင့် စွဲကိုင်​ထား​ရန်​လည်း​လို​သည်။ သို့ပြုလျှင် “သင်သည် ခရီး​သွား​ရာ​၌​ဘေးမ​ရှိ။ ခြေမ​တိုက်မိ​ဘဲ​သွား​လိမ့်​မည်” ဟု​ရှောလမုန်က ဆက်​ပြော​သည်။ သူက ဤသို့​ထပ်ဆင့်​သည်– “အိပ်​သောအခါ ကြောက်စရာ​မရှိ။ ကောင်းမွန်​စွာ​အိပ်ပျော်​ရ​လိမ့်​မည်။”သု. ၃:၂၃၊ ၂၄

မှန်ပါသည်၊ စာတန်​၏​ဆိုးညစ်သော​လောက​အပေါ် “လျင်မြန်​စွာ​သော​ပျက်စီးခြင်း” ကျ​ရာ​က်​မည့် သူခိုး​ကဲ့သို့​ချဉ်းကပ်​လာသော​နေ့ရက်​ကို ကျွန်ုပ်​တို့​စောင့်စား​နေစဉ် လုံခြုံစွာ​လျှောက်လှမ်း​ပြီး စိတ်​ငြိမ်သက်​စွာ အိပ်စက်​နိုင်​ကြ​မည်။ (၁ သက်သာလောနိတ် ၅:၂၊ ၃; ၁ ယောဟန် ၅:၁၉) ရောက်​အံ့​ဆဲ​ဆဲ​ရှိ ကြီးစွာ​သော​ဆင်းရဲခြင်း​အတွင်း​၌​ပင် ကျွန်ုပ်​တို့​မှာ​ဤ​အာမခံချက်​ရှိသည်– “လျင်မြန်​သော​ဘေး​နှင့် လူဆိုး​တွေ့​တတ်သော ပျက်စီး​ရာ​ဘေး​ကို ကြောက်စရာ​မရှိ​ရ။ အကြောင်း​မူ​ကား၊ ထာဝရ​ဘုရား​သည် သင်​ယုံကြည်​ကိုးစားရာ​ဖြစ်၍၊ သင်၏​ခြေ​ကို​မ​ကျော့မိ​စေခြင်း​ငှာ စောင့်မ​တော်​မူ​လိမ့်​မည်။”—သု. ၃:၂၅၊ ၂၆; မဿဲ ၂၄:၂၁

ကောင်းမှု​ပြု​လော့

“ကျေးဇူး​ကို​ခံ​သင့်​သော​သူတို့အား ကျေးဇူးပြု​ရသော​အခွင့်​ရှိလျှင် မပြု​ဘဲ​မနေ​နှင့်” ဟု​ရှောလမုန်က ဆုံးမ​သည်။ (သု. ၃:၂၇) သူတစ်ပါးကို​ကောင်းမှု​ပြုခြင်း​တွင် သူတို့၏​အကျိုးအတွက် ကျွန်ုပ်​တို့၏​စွမ်းပကား​ကို အသွင်အမျိုးမျိုး​ဖြင့် ရက်ရက်ရောရော​အသုံးပြုခြင်း ပါဝင်​သည်။ သို့သော် ‘အမှု​ကုန်​ရသည့်’ ဤ​ကာလ​အတွင်း စစ်မှန်သော​ဘုရားသခင်​နှင့် အခြား​သူတို့ကို ရင်းနှီး​သည့်​ဆက်ဆံ​ရေး​ရရှိစေရန် ကူညီ​ပေးခြင်း​သည် သူတို့​အတွက် ကျွန်ုပ်​တို့​ပြုလုပ်​ပေး​နိုင်သော အကောင်းဆုံး​အကျိုး​မဟုတ်ပေ​လော။ (ဒံယေလ ၁၂:၄) သို့​ဖြစ်၍ ဤ​နေ့ရက်​များသည် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ဇွဲရှိ​ကြောင်း​တင်ပြ​ရန်​အချိန်​ဖြစ်သည်။—မဿဲ ၂၈:၁၉၊ ၂၀

ပညာရှိ​ဘုရင်​က ရှောင်​ရမည့်​အကျင့်​အချို့​ကိုလည်း ဤသို့​ဖော်ပြ​သည်– “အိမ်နီးချင်း​ကို​ပေး​စ​ရာ​ရှိ​လျက်​ပင်၊ ‘သွားတော့။ တစ်ဖန်​လာ​ဦး​တော့၊ နက်ဖြန်​မှ​ငါ​ပေး​မည်’ ဟု​မပြော​နှင့်။ စိုးရိမ်ခြင်း​မရှိဘဲ သင့်​အနားမှာ​နေသော​အိမ်နီးချင်း​၌ မကောင်းသော​အကြံ​ကို​မ​ကြံ​နှင့်။ သင်၌​အပြစ်​မပြု​သော​သူကို အကြောင်း​မရှိဘဲ​ရန်​မ​တွေ့​နှင့်။ ညှဉ်းဆဲ​တတ်သော​သူ၏​စည်းစိမ်​ကို မတောင့်တ​နှင့်။ သူ​လိုက်​သော​လမ်း​တစ်စုံတစ်ခု​ကို​မျှ အလို​မရှိ​နှင့်။”သု. ၃:၂၈-၃၁

မိမိ​ညွှန်ကြားချက်​၏ အကျဉ်းချုပ်​အကြောင်းရင်းကို ရှောလမုန်က ဤသို့​ဖော်ပြ​သည်– “အကြောင်း​မူ​ကား၊ ထာဝရ​ဘုရား​သည် သဘော​ကောက်​သော​သူတို့ကို စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ ဖြောင့်မတ်​သော​သူတို့မူကား၊ ကိုယ်တော်​နှင့်​မိတ်သဟာယ​ဖွဲ့​ရသော​အခွင့်​ရှိကြ​၏။ မတရားသော​သူ၏​နေရာ​သည် ထာဝရ​ဘုရား​ကျိန်တော်မူခြင်း​ကို​တွေ့​တတ်၏။ တရားသော​သူ၏​နေရာကို​ကား ကောင်းချီး​ပေး​တော်​မူ​၏။ အကယ်စင်စစ် ကဲ့ရဲ့​တတ်သော​သူတို့ကို ကဲ့ရဲ့​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့အား​ကား၊ ကျေးဇူးပြု​တော်​မူ​၏။ ပညာရှိ​သော​သူတို့သည် ဘုန်း​အသရေ​ကို​အမွေခံ​ရ​၍၊ မိုက်​သော​သူတို့မူကား၊ အရှက်ကွဲခြင်း​ကို​ထမ်း​သွား​ရ​ကြလိမ့်မည်။”သု. ၃:၃၂-၃၅

ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့်​ရင်းနှီး​လိုလျှင် မ​ရိုး​မ​ဖြောင့်၊ မကောင်းသော​အကြံအစည်​များ​ကို မကြံစည်​ရ။ (သု. ၆:၁၆-၁၉) ယေဟောဝါ​၏​မျက်မှောက်​၌ ဖြောင့်မတ်​မှန်ကန်သော​အမှုကို ပြုလုပ်​မှ​သာ​လျှင် ကိုယ်တော်​၏​မျက်နှာသာတော်​နှင့် ကောင်းချီး​ရမည်​ဖြစ်သည်။ ဘုရားသခင့်​ရေးရာ​ဉာဏ်ပညာ​နှင့်​အညီ ကျွန်ုပ်​တို့​လုပ်ဆောင်​နေကြောင်း အခြားသူ​တို့​တွေ့မြင်​ကြသောအခါ မထင်မမှတ်​ဘဲ ဂုဏ်တင်​ခံရ​လိမ့်​မည်။ ထို့​ကြောင့် ဤ​ဆိုးယုတ်​၍ အကြမ်းဖက်​နေသော​လောက​၏ မ​ရိုး​ဖြောင့်သော​နည်းလမ်းများ​ကို ကျွန်ုပ်​တို့​ငြင်းပယ်​ကြ​စို့။ ဖြောင့်မှန်​သော​လမ်းစဉ်​ကို​လိုက်လျှောက်​၍ ယေဟောဝါ​နှင့်​ရင်းနှီးမှုကို အမှန်တကယ်​ပြုစု​ပျိုးထောင်​ကြ​စို့​လေ!

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

“သင်၏ အဖိုးထိုက်​သော​အရာများ​နှင့် . . . ယေဟောဝါ​အား ဂုဏ်ပြု​လော့”