မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကိုယ်သင် မည်သို့ရှုမြင်သနည်း

သင့်ကိုယ်သင် မည်သို့ရှုမြင်သနည်း

သင့်ကိုယ်​သင် မည်သို့​ရှုမြင်​သနည်း

သူသည် မာနကြီး​သူ​တစ်ဦး​ဖြစ်၏။ အစိုးရ​အဖွဲ့​တွင် ရာထူး​ကြီးကြီး​သို့ တိုးမြှင့်​ခံ​ခဲ့​ရပြီး​နောက် လူအားလုံး​၏​မြှောက်ပင့်​ချီးမွမ်း​ခြင်း​ခံရ​၍ အလွန်​ပီတိ​ဖြစ်နေ​သည်။ သို့သော် အခြား​အရာရှိ​တစ်ဦး​မှာ သူ့ကို​ဂါ​ရ​ဝ​မပြုခြင်း​အတွက် အလွန်​စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​သည်။ လက်စားချေ​သည့်​အနေ​နှင့် ဘဝင်မြင့်​သော​ထို​အရာရှိ​သည် အင်ပါယာ​အတွင်းရှိ မိမိကို​ပြစ်မှားသူ​နှင့် သူ၏​လူမျိုးစု​နောက်ခံ​ရှိသူ​အားလုံး​တို့ကို အဆုံးစီရင်​ပစ်​ရန် အကောက်​ကြံ​ခဲ့​၏။ ကိုယ့်​ကိုယ်ကို​အရေးပါ​သည်​ဟု​ယူမှတ်​မှု​၏ အလွန်​ကောက်ကျစ်​သော သဘောထား​ပါ​တကား!

ထို​အကြံသမား​သည် ပါးရှား​ဘုရင်​အာရွှေရု​ထံ အခစားဝင်​ရသော ရာထူး​မြင့်မား​သည့်​အရာရှိ ဟာမန်​ဖြစ်၏။ သူ့​ရန်ငြိုး​ခံ​ရသူ​ကား မည်သူ​နည်း။ ဂျူး​လူမျိုး မော်ဒကဲ​ဖြစ်၏။ ဟာမန်​၏ အမျိုး​ဖြုတ်​သတ်ဖြတ်​ခြင်း​ဆိုင်ရာ တန်ပြန်​မှု​မှာ​တရားလွန်​ဖြစ်သော်လည်း ယင်းက မာနကြီး​ခြင်း​၏ အန္တရာယ်​နှင့် ရင်​လေး​ဖွယ်​ရာ​အကျိုးဆက်များ​ကို သရုပ်​ဖော်ပြ​သည်။ သူ၏​ထောင်လွှား​သော​သဘောထား​က အခြားသူ​တို့အတွက် သေရေးရှင်ရေး​တ​မျှ​အရေးကြီး​သည့်​အခြေအနေ​ကို ဖန်တီး​စေ​ရုံ​မ​က သူ့ကိုလည်း လူ​သူ​ရှေ့​နှိမ့်ချ​ခြင်း​ခံရ​စေ​၍ နောက်ဆုံး​တွင် အသက်ဆုံးရှုံး​စေ​ခဲ့​သည်။—ဧသတာ ၃:၁-၉; ၅:၈-၁၄; ၆:၄-၁၀; ၇:၁-၁၀

စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူတို့ စိတ်​ကြီး​ဝင်နိုင်

‘ကျွန်ုပ်​တို့၏​ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချသော​စိတ်​နှင့်​ကျင့်​နေကြ’ ရန် ကျွန်ုပ်​တို့​ထံ​မှ ယေဟောဝါ​တောင်းဆို​တော်​မူ​၏။ (မိက္ခာ ၆:၈) သမ္မာကျမ်းစာ​တွင် ကိုယ့်​ကိုယ်ကို ကျိုးနွံ​သော​အမြင်​ဖြင့် ဆက်၍​မ​ရှုမြင်ကြ​သူတို့၏​မှတ်တမ်း မြောက်မြားစွာ​ပါရှိ​သည်။ ယင်းကြောင့် သူတို့တွင် ပြဿနာ​များ​ဖြစ်၍ ဝမ်းနည်း​ခဲ့​ကြ​ရသည်။ ဤဥပမာ​အချို့​ကို​သုံးသပ်ကြည့်​ခြင်း​က မျှတသော​အမြင်​ဖြင့်​မတွေး​တော​ခြင်း​၏ မိုက်မဲမှု​နှင့် အန္တရာယ်ကို​သဘောပေါက်​စေ​သည်။

ယေဟောဝါ​၏​ပရောဖက် ယောန​၏ စဉ်းစား​တွေးခေါ်ပုံ​သည် အစွန်းရောက်​လွန်း​သဖြင့် နိနေဝေ​မြို့ရှိ ဆိုးညစ်သော​သူတို့​အပေါ် ယေဟောဝါ​၏​တရား​စီရင်ချက်​အကြောင်း သတိပေး​ရန် ဘုရားသခင်​ပေးအပ်​သည့်​တာဝန်​ကို​ရသောအခါ အခြား​အရပ်သို့​ထွက်ပြေး​ရန် သူ​ကြိုးစား​ခဲ့​၏။ (ယောန ၁:၁-၃) နောက်ပိုင်း​တွင် နိနေဝေ​မြို့သား​များ နောင်တ​ရသည့်​အထိ သူ၏​ဟောပြောခြင်း​လုပ်ငန်း အောင်မြင်​ခဲ့​သောအခါ ယောန​သည် စိတ်​ကောက်​လေ​၏။ သူသည် ပရောဖက်​တစ်ဦး​အနေ​ဖြင့် မိမိ၏​ဂုဏ်​သိက္ခာ​ထိခိုက်​မည်​ကို အလွန်​အာရုံစိုက်ခဲ့​ရာ ထောင်နှင့်ချီ​သော​နိနေဝေ​မြို့သား​တို့၏​အသက်ကို သူ​တန်ဖိုး​မထား​ခဲ့​ချေ။ (ယောန ၄:၁-၃) ကျွန်ုပ်​တို့သည် ကျိုးနွံ​စိတ်​မရှိ ကိုယ့်​ကိုယ်ကို အလွန်​အရေးပါ​သည်​ဟု ယူမှတ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ဝန်းကျင်ရှိ လူ​တို့​နှင့် ဖြစ်ရပ်​များ​ကို မျှတ​စွာ၊ တိကျ​မှန်ကန်​စွာ ဆက်လက်​ရှုမြင်​ရန်​ခက်ခဲ​လာပေမည်။

ယုဒပြည်​၏ မင်းကောင်း​တစ်ပါး​ဖြစ်သော ဩဇိ​ကိုလည်း​သုံးသပ်ကြည့်​ပါ။ သူ၏​အတွေးအခေါ်​စောင်း​သွားသော​အခါ သူသည် မာန​ထောင်လွှား​စွာ​ဖြင့် ယဇ်ပုရောဟိတ်​တာဝန်​အချို့​ကို ပိုင်စိုးပိုင်နင်း​ယူဖို့ ကြိုးစား​ခဲ့​သည်။ သူ့ကိုယ်သူ ထင်​သင့်​သည်ထက်​ထင်​ပြီး လွန်​စွာ​ရောင့်တက်​၍ ပြုမူ​သော​လုပ်ရပ်များ​ကြောင့် ကျန်းမာ​ရေး​ထိခိုက်​၍ ဘုရားသခင့်​မျက်နှာသာတော် ဆုံးရှုံး​ခဲ့​ရလေ​သည်။—၂ ရာဇဝင်ချုပ် ၂၆:၃၊ ၁၆-၂၁

မမျှတသော​တွေးခေါ်မှု​က ယေရှု၏​တမန်​တော်​များ​ကို ကျော့မိ​လု​နီးပါး​ဖြစ်စေ​ခဲ့​၏။ သူတို့သည် မိမိ​ဘုန်း၊ မိမိ​တန်ခိုး​အာဏာကို အာရုံ​စူးစိုက်​လွန်း​လာ​ခဲ့​ကြသည်။ စမ်းသပ်မှု​အကြီးအကျယ်​ခံရသော​အခါ သူတို့သည် ယေရှုကို​စွန့်​၍​ထွက်ပြေး​ခဲ့​ကြ​၏။ (မဿဲ ၁၈:၁; ၂၀:၂၀-၂၈; ၂၆:၅၆; မာကု ၉:၃၃၊ ၃၄; လုကာ ၂၂:၂၄) ကျိုးနွံ​မှု​ကင်းမဲ့​ခြင်း​နှင့် ကိုယ့်​ကိုယ်ကို​အရေးပါ​သည်​ဟု​ယူဆ​ခြင်း​က ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​နှင့် ကိုယ်တော်​၏​အလိုတော်နှင့်​ပတ်သက်သော မိမိတို့၏​အခန်းကဏ္ဍကို မျက်ခြည်ပြတ်​လု​မတတ်​ဖြစ်စေ​ခဲ့​သည်။

ကိုယ့်​ကိုယ်ကို​အရေးပါသည့်​သဘောထား​၏ ဆိုးကျိုး​များ

မိမိကိုယ်ကို မျှတ​စွာ​မ​ရှုမြင်​တတ်​ခြင်း​ကား နာကြည်းမှု​ကို​ဖြစ်စေ​နိုင်​သည်၊ အခြားသူ​တို့​နှင့်​ဆက်ဆံ​ရေး​ကို ပျက်စီး​စေနိုင်​သည်။ ဥပမာ၊ အခန်း​တစ်ခန်း​တွင် လူ​နှစ်ယောက်​ထိုင်၍ တစ်ဦး​နှင့်​တစ်ဦး စကား​တိုးတိုး​ပြောဆို​ရယ်မော​နေကြ​သည်ကို တွေ့​လိုက်​ပေမည်။ ကျွန်ုပ်​တို့သည် မိမိကိုယ်ကို​အာရုံစိုက်လွန်း​သူ​တစ်ဦး​ဖြစ်ပါ​က သူတို့ စကား​တီးတိုး​ပြောဆို​ရုံ​နှင့် သူတို့သည် မိမိ​အကြောင်း​ပြော​ပြီး​ရ​ယ်​စ​ရာ​လုပ်​နေကြ​သည်​ဟု မှားယွင်းစွာ​ယူမှတ်​မိ​ပေမည်။ သူတို့၏​အပြု​အမူ​နှင့်​ပတ်သက်​၍ ဖြစ်​နိုင်​ဖွယ်​အခြား​မည်သည့်​ရှင်းလင်းမှု​ကို​မျှ ကျွန်ုပ်​တို့အား စဉ်းစား​ခွင့်​မပြု​ဘဲ ဖြစ်စေ​နိုင်​သည်။ သူတို့သည် အခြား​မည်​သူ့​အကြောင်း​ပြောဆို​စ​ရာ​ရှိ​နိုင်​မည်​နည်း။ ထို့​ကြောင့် စိတ်ထိခိုက်​ပြီး ထို​သူ​နှစ်ဦး​ကို စကားလုံး​ဝ​မပြော​တော့​ရန် ဆုံးဖြတ်​ပေမည်။ ဤနည်းဖြင့် ကျွန်ုပ်​တို့သည် မိမိကိုယ်ကို​အရေးပါ​သည်​ဟု အစွန်းရောက်​ရှုမြင်သည့်​အတွက် နာ​လည်​မှု​လွဲမှားခြင်း​အပြင် မိတ်ဆွေများ၊ မိသားစုဝင်​များ၊ အခြား​သူများ​နှင့် ဆက်ဆံ​ရေး​ပျက်စီးခြင်း​ကို ဖြစ်စေ​နိုင်​သည်။

မိမိတို့​ကိုယ်ကို အလွန်​အရေးထား​သူတို့သည် သူတို့၏​အစွမ်းအစ​များ၊ ပြုမူ​ခဲ့​ရာ​များ၊ ပိုင်ဆိုင်ရာ​များ​အကြောင်း တစ်ချိန်​လုံး​ကြွားဝါ​နေရာ​မှ ကြွားလုံး​ထုတ်​သူများ​ဖြစ်လာ​နိုင်​ပေ​သည်။ သို့​မဟုတ် စကား​လက်ဆုံ​ပြောဆို​ရာ​တွင် မိမိတို့​အကြောင်း​တစ်ခုခု​ကို အမြဲ​ထုတ်ဖော်​ပြောဆို​ပေမည်။ ဤသို့​ပြောဆိုခြင်း​က စစ်မှန်သော​မေတ္တာ​မရှိကြောင်း​ထင်ရှား​ပြီး တကယ်​စိတ်​အနှောင့်အယှက်​ဖြစ်စေ​နိုင်​သည်။ သို့​နှင့် စိတ်​ကြီး​ဝင်​သူများ​သည် မိမိတို့​ကိုယ်ကို အခြားသူ​တို့​နှင့် စိတ်ဝမ်းကွဲ​စေ​လေ့​ရှိသည်။—၁ ကောရိန္သု ၁၃:၄

ယေဟောဝါသက်သေ​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် လူထုရှေ့​ဓမ္မ​အမှုဆောင်ရာတွင် လှောင်ပြောင်​ကဲ့ရဲ့၊ အငြင်း​ပယ်​ခံ​ကြ​ရ​ပေမည်။ ဤ​ဆန့်ကျင်မှု​သည် အမှန်​အားဖြင့် ကျွန်ုပ်​တို့ကို​မဟုတ်ဘဲ ကျွန်ုပ်​တို့​ပေး​သော​သတင်း​၏​ရင်းမြစ်​ဖြစ်သူ ယေဟောဝါ​ကို​ဆန့်ကျင်ခြင်း​ဖြစ်​ကြောင်း သတိရ​ရန်လို​သည်။ သို့သော် ကျွန်ုပ်​တို့၏​အရေးပါမှု​ကို တလွဲ​ရှုမြင်ခြင်းက ရင်​လေး​ဖွယ်​ဆိုးကျိုး​များ​ကို ဖြစ်စေ​နိုင်​သည်။ လွန်ခဲ့သော​နှစ်​အနည်းငယ်​က ညီအစ်ကို​တစ်ဦး​သည် အိမ်ရှင်​တစ်ဦး၏​ပြစ်တင်​ပြောဆို​သော​စကား​ကို ဗွေယူ​ပြီး ဆိုးဆိုးရွားရွား​ပြန်​ပြောဆို​ခဲ့​သည်။ (ဧဖက် ၄:၂၉) ထို့နောက် အဆိုပါ​ညီအစ်ကို​သည် တစ်အိမ်​မှ​တစ်အိမ်​ခရစ်ယာန်​ဓမ္မ​အမှု​တွင် လုံးဝ​မပါဝင်တော့​ချေ။ မှန်ပါသည်၊ မာန်​မာန​က ဟောပြောခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့ကို အမျက်ထွက်​စေနိုင်​သည်။ ထိုသို့ မည်သည့်​အခါ​မျှ​မဖြစ်စေ​ရန် ကြိုးစား​ကြပါစို့။ ယင်းအစား ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်ခွင့်​ရခြင်း​အတွက် လျော်​ကန်​သော​ကျေးဇူး​တင်​လေးမြတ်စိတ်​ကို ဆက်​ထိန်းထား​နိုင်​ရန် ယေဟောဝါ​၏​အကူအညီကို နှိမ့်ချစွာ​တောင်းဆို​ကြပါစို့။—၂ ကောရိန္သု ၄:၁၊ ၇; ၁၀:၄၊ ၅

ကိုယ့်​ကိုယ်ကို အရေးပါ​သည်​ဟု​သဘောထား​ခြင်း​က အလွန်​လိုအပ်သော​ဆုံးမမှု​ကို မခံယူ​နိုင်​ရန် အတားအဆီး​ဖြစ်စေ​နိုင်၏။ လွန်​ခဲ့​သည့်​နှစ်​အနည်းငယ်​က အမေရိက​အလယ်ပိုင်း​နိုင်ငံ​တစ်နိုင်ငံ​တွင် ခရစ်ယာန်​အသင်းတော်​ရှိ သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​၌ ဆယ်ကျော်သက်​လူငယ်လေး​တစ်ဦး​သည် ဟောပြောချက်​ပေး​ခဲ့​ရ၏။ ကျောင်း​ကြီးကြပ်မှူး​က သူအား သွန်သင်ချက်​အချို့​ကို တဲ့တိုး​ပေး​ခဲ့​ရာ စိတ်ဆိုး​သွားသော​လူငယ်​သည် သူ၏​ကျမ်းစာ​ကို ကြမ်းပြင်​ပေါ်​ပစ်ချ​လိုက်ပြီး မည်သည့်​အခါ​မျှ​ပြန်​မလာ​တော့​ဟူသော ရည်ရွယ်ချက်​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှ ခြေ​ဆော​င့်၍​ထွက်သွား​ခဲ့​သည်။ သို့သော် ရက်​အနည်းငယ်​အကြာတွင် သူသည် မိမိ၏​မာန်စွယ်​ကို​ချိုးနှိမ်​လျက် ကျောင်း​ကြီးကြပ်မှူး​နှင့် ပြန်လည်​သင့်မြတ်​အောင်​ကြိုးစား​ခဲ့​ပြီး သူ၏​အကြံဉာဏ်​ကို နှိမ့်ချစွာ​လက်ခံ​ယူ​ခဲ့​သည်။ အချိန်တန်သော် ထို​လူငယ်​သည် ခရစ်ယာန်​တစ်ဦး​အဖြစ် ရင့်ကျက်​လာ​ခဲ့​သည်။

ကျိုးနွံ​မှုမရှိ​ခြင်း​နှင့် ကျွန်ုပ်​တို့​ကိုယ်ကို အလွန်​အရေးပါ​သည်​ဟု​ယူမှတ်ခြင်း​က ဘုရားသခင်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ပျက်စီး​စေနိုင်​သည်။ နယပုံပြင် ၁၆:၅ က ဤသို့​သတိပေး​သည်– “မာန​ကြီးသော​သူအပေါင်း​တို့ကို ထာဝရ​ဘုရား​စက်ဆုပ်​ရွံရှာ​တော်​မူ​၏။”

ကျွန်ုပ်​တို့​ကိုယ်ကို မျှတ​စွာ​ရှုမြင်ခြင်း

ကျွန်ုပ်​တို့​ကိုယ်ကို အလွန်​အရေးပါ​သည်​ဟု မယူဆ​သင့်​သည်​မှာ ထင်ရှား​ပေ​သည်။ ယင်းကြောင့် ကျွန်ုပ်​တို့​ပြုမူ​ပြောဆို​ရာ​အပေါ် အလေးထား​မှုမရှိ​သင့်​ဟု ဆိုလို​နေခြင်း​မဟုတ်​သည်​ကား မှန်​ပါ​၏။ ဦးစီး​ကြီးကြပ်မှူး​များ၊ ဓမ္မ​အမှုထမ်းများ—အမှန်​မှာ အသင်းတော်​ရှိသူ​အားလုံး—၌ အလေးအနက်​သဘောထား​ရှိ​သင့်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (၁ တိမောသေ ၃:၄၊ ၈; တိတု ၂:၂) သို့​ဖြစ်၍ ခရစ်ယာန်​များသည် ကိုယ့်​ကိုယ်ကို ကျိုးနွံ၊ မျှတ​၍ အလေးအနက်​သဘောထား​ဖြင့် အမြဲ​ရှုမြင်​တတ်​ရန် မည်သို့​ကြိုးစား​အားထုတ်​မည်​နည်း။

မိမိတို့​ကိုယ်ကို မျှတ​စွာ​ရှုမြင်​တတ်​သူများစွာ​၏ အားပေးမှု​ဖြစ်စေ​သည့် ပုံ​ဥပမာ​တို့ကို သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ အထူး​ကောင်းမွန်သော​ပုံသက်သေ​မှာ ယေရှု​ခရစ်​၏​နှိမ့်ချမှု​ဖြစ်၏။ ဘုရားသခင့်​သားတော်​သည် မိမိ​ခမည်းတော်​၏​အလိုတော်ကို​ဆောင်ရန်​နှင့် လူသား​တို့ ကယ်တင်ခြင်း​ရရှိရန် ဘုန်း​ရှိသော​ကောင်းကင်​အရပ်​ကို စိတ်လို​ကိုယ်​လျောက်​စွန့်လွှတ်​၍ မြေကြီးပေါ်​တွင် နိမ့်ကျသော​လူသား​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ ကိုယ်တော်​သည် ရိုင်း​ပျ​စွာ​ဆက်ဆံခံရ​ခြင်း၊ ကြမ်းတမ်း​စွာ​ပြုမူ​ခံရ​ခြင်း​နှင့် အရှက်တကွဲ​သေဆုံး​ခဲ့​ရခြင်း​တို့ကို ခံရ​သော်​ငြား​လည်း ချုပ်တည်း​မှု​ရှိပြီး ကိုယ်တော်​၏​ဂုဏ်​ကျက်သရေ​ကို ထိန်းသိမ်း​ထားခဲ့​သည်။ (မဿဲ ၂၀:၂၈; ဖိလိပ္ပိ ၂:၅-၈; ၁ ပေတရု ၂:၂၃၊ ၂၄) ထိုသို့ ယေရှု မည်သို့​ပြု​နိုင်​တော်​မူ​ခဲ့​သနည်း။ ကိုယ်တော်​သည် မိမိကိုယ်ကို ယေဟောဝါ​အပေါ် အကြွင်းမဲ့​ပုံအပ်​ထားပြီး ဘုရားသခင့်​အလိုတော်ကို​ဆောင်ရန် စိတ်ပိုင်းဖြတ်​ထား​တော်​မူ​ခဲ့​၏။ ယေရှုသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လုံ့လ​ဝီရိယ​ရှိ​ရှိ​လေ့လာ​ပြီး စိတ်​ထက်သန်​စွာ​ဆုတောင်း၍ ဓမ္မ​အမှု​တွင် အားသွန်ခွန်စိုက်​ပါဝင်​ခဲ့​သည်။ (မဿဲ ၄:၁-၁၀; ၂၆:၃၆-၄၄; လုကာ ၈:၁; ယောဟန် ၄:၃၄; ၈:၂၈; ဟေဗြဲ ၅:၇) ယေရှု၏​ပုံသက်သေ​ကို​အတုယူ​ခြင်း​က ကိုယ့်​ကိုယ်ကို အမြဲ​မျှတ​စွာ​ရှုမြင်​ရန် အကူအညီ​ဖြစ်စေ​နိုင်​သည်။—၁ ပေတရု ၂:၂၁

ရှောလုမင်း​၏​သား ယောနသန်​၏​ပုံသက်သေ​ကောင်း​ကိုလည်း သုံးသပ်ကြည့်​ပါ။ သူ့​ဖခင်​၏​မနာခံမှုကြောင့် ယောနသန်​သည် ရှောလု​၏​မင်းရိုက်ရာ​ကို​ဆက်ခံ​ခွင့် ဆုံးရှုံး​ခဲ့​ရ၏။ (၁ ဓမ္မ​ရာဇဝင် ၁၅:၁၀-၂၉) ယောနသန်​သည် သူ၏​ဆုံးရှုံးမှု​ကြောင့် စိတ်​နာကြည်း​ခဲ့​ပါသလော။ သူ့အစား​အုပ်စိုး​ရမည့် လူငယ်​ဒါဝိဒ်​အပေါ် မနာလို​စိတ်​ရှိခဲ့​သလော။ ယောနသန်​သည် သာ၍​အသက်ကြီး​ပြီး ဒါဝိဒ်​ထက်​ပို​၍​အတွေ့အကြုံ​များ​ခဲ့​မည်​ဖြစ်​နိုင်​သော်လည်း ကျိုးနွံ​နှိမ့်ချစွာ​ဖြင့် ယေဟောဝါ၏​အစီအစဉ်ကို​လိုက်နာ​ခဲ့​ပြီး ဒါဝိဒ်​ကို သစ္စာရှိ​ရှိ​ကူညီပေး​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၃:၁၆-၁၈) ဘုရားသခင့်​အလိုတော်ကို ရှင်းရှင်းလင်းလင်း​သိရှိနားလည်​ခြင်း​နှင့် ၎င်းကို စိတ်လို​ကိုယ်​လျောက်​လက်ခံ​လို​ခြင်း​က ‘ကျွန်ုပ်​တို့​ကိုယ်ကို ထင်​သင့်​သည်​အတိုင်း​ထက် လွန်​၍​မထင်​ရန်’ ကူညီပေး​ပေ​လိမ့်​မည်။—ရောမ ၁၂:၃

ယေရှု​က ကျိုးနွံ​ခြင်း​နှင့် နှိမ့်ချ​ခြင်း​၏​တန်ဖိုး​ကို သင်ကြား​ပေး​တော်​မူ​ခဲ့​သည်။ တပည့်တော်​များသည် မင်္ဂလာပွဲ​တစ်ခု​၌​ရှိသည့်​အခါ သူတို့သည် “မြင့်မြတ်​သော​နေရာ” ကို​မယူ​သင့်​ကြောင်း၊ အကြောင်း​မှာ သာ၍​ကျော်ကြား​သော​သူ​တစ်ဦး​ရောက်လာ​လျှင် သူတို့သည် နိမ့်​သော​နေရာသို့​ဆင်း​ရ​၍ နှိမ့်ချ​ခြင်း​ကို​ခံရ​ပေမည်​ဟူ၍ ပုံ​ဥပမာ​ဖြင့် ကိုယ်တော်​သွန်သင်​ခဲ့​သည်။ အဆိုပါ​သင်ခန်းစာ​ကို ရှင်းလင်းစွာ​သဘောပေါက်​စေရန် ယေရှု​က ဤသို့​ထပ်ဆင့်​ခဲ့​သည်– “ကိုယ်ကို​ကိုယ်​ချီးမြှောက်​သော​သူ​မည်​သည်​ကား နှိမ့်ချ​ခြင်း​သို့​ရောက်​လတ္တံ့။ ကိုယ်ကို​ကိုယ်​နှိမ့်ချသော​သူ​မည်​သည်​ကား ချီးမြှောက်​ခြင်း​သို့​ရောက်​လတ္တံ့။” (လုကာ ၁၄:၇-၁၁) ယေရှု၏​ဆုံးမ​စကား​ကို နာယူ​ကာ ‘စိတ်​နှိမ့်ချ​ခြင်း​ကို ယူတင်​ဝတ်ဆောင်​ကြ​ခြင်း’ သည် ပညာရှိရာ​ကျ​ပေ​သည်။—ကောလောသဲ ၃:၁၂; ၁ ကောရိန္သု ၁:၃၁

မျှတ​စွာ​ရှုမြင်ခြင်း​၏ ကောင်းချီး​များ

ကျိုးနွံ​၍ နှိမ့်ချ​သည့်​သဘောထား​ရှိ​ခြင်း​က ယေဟောဝါ​၏​ကျေးကျွန်​များ​ကို သူတို့၏​ဓမ္မ​အမှု၌ စစ်မှန်သော​ရွှင်လန်းမှု​ရှိစေ​၏။ အကြီးအကဲ​များသည် နှိမ့်ချစွာ​ဖြင့် ‘သိုးများ​ကို သနား​ညှာတာ​စွာ​ဆက်ဆံ’ သောအခါ ချဉ်းကပ်​ရ​သာ၍​လွယ်ကူ​သူများ​ဖြစ်​ပေမည်။ (တမန်​တော် ၂၀:၂၈၊ ၂၉) ထို​အခါ အသင်းတော်​ရှိသူ​အားလုံး​က သူတို့နှင့်​လွတ်လွတ်လပ်လပ်​စကားပြော​ဆို၊ အကူအညီ​တောင်းခံ​နိုင်​ကြ​ပေမည်။ ထို​အခါ အသင်းတော်၌ နွေးထွေး​သော​မေတ္တာ​နှင့် ယုံကြည်​ကိုးစားမှု​စိတ်ဓာတ်​ဖြင့် ရင်းနှီး​ခင်မင်​ကြ​ပေမည်။

ကိုယ့်​ကိုယ်ကို အလွန်​အရေးပါ​သည်​ဟု သဘော​မထား​ခြင်း​က မိတ်ဆွေကောင်း​များ​ရရှိစေ​နိုင်၏။ ကျိုးနွံ​နှိမ့်ချ​ခြင်း​က ပြုမူ​ဆောင်ရွက်မှု​များ သို့​မဟုတ် ရုပ်ပစ္စည်း​များ​တွင် အခြားသူ​တို့​ထက် ထင်ပေါ်​ဖို့​ကြိုးစား​ခြင်း​နှင့် အပြိုင်အဆိုင်​စိတ်ဓာတ်​မရှိ​လာ​စေရန် ကူညီပေး​လိမ့်​မည်။ ဤ​ဘုရားသခင့်​ရေးရာ​အရည်အချင်းများ​က ကျွန်ုပ်​တို့ကို ကိုယ်ချင်းစာ​နာ​စိတ်​ပို​ရှိစေ​မည်​ဖြစ်​ရာ အကူအညီ​လိုအပ်​နေသူတို့​ကို နှစ်သိမ့်​ပေး​ရန်၊ ထောက်ပံ့​ရန် ပို​၍​အသင့်ရှိ​စေ​သည်။ (ဖိလိပ္ပိ ၂:၃၊ ၄) လူတို့သည် မေတ္တာ​နှင့် ကြင်နာ​မှု​ပြ​ခံ​ကြ​ရသောအခါ များသောအားဖြင့် ကောင်းစွာ​တုံ့ပြန်​တတ်ကြ​၏။ ယင်း​သို့​သော ကိုယ်ကျိုးမဖက်​သည့် ဆက်ဆံမှု​က ခိုင်မြဲ​သော​မိတ်ဆွေဖွဲ့​ခြင်း​တို့အတွက် အခြေခံ​အုတ်မြစ် ဖြစ်လာ​သည်မဟုတ်​ပေ​လော။ မိမိကိုယ်ကို အလွန်​အရေးပါ​သည်​ဟု​မယူမှတ်​ဘဲ ကျိုးနွံ​စိတ်​ရှိ​ခြင်း​၏ အကျိုးကျေးဇူး​ကောင်း​ပါ​တကား။—ရောမ ၁၂:၁၀

ကိုယ့်​ကိုယ်ကို မျှတ​စွာ​ရှုမြင်ခြင်းက အကယ်၍ သူတစ်ပါးကို​စိတ်ထိခိုက်​စေ​ခဲ့​မိ​မည်​ဆိုလျှင် မိမိ​အမှား​ကို​ဝန်ခံ​ရန် လွယ်ကူ​စေ​သည်။ (မဿဲ ၅:၂၃၊ ၂၄) ယင်းက ဆက်ဆံ​ရေး သာ၍​ကောင်း​စေပြီး ပြန်၍​သင့်မြတ်​စေ​ကာ အပြန်အလှန်​လေးမြတ်မှု​ရှိစေ​၏။ ခရစ်ယာန်​အကြီးအကဲ​များ​အစ​ရှိသော ကြီးကြပ်​ရသူ​တို့သည် နှိမ့်ချ​ကျိုးနွံ​မှု​ရှိ​မည်​ဆိုလျှင် အခြားသူ​တို့အတွက် ကောင်းမှု​ပြု​ရန် အခွင့်အလမ်း​သာ၍​ရှိသည်။ (သု. ၃:၂၇; မဿဲ ၁၁:၂၉) နှိမ့်ချမှု​ရှိသူ​တစ်ဦး​သည် မိမိ​အား ပြစ်မှား​သူကို ခွင့်လွှတ်​ရန် လွယ်ကူ​၏။ (မဿဲ ၆:၁၂-၁၅) သူသည် မထီလေးစား​ပြုမူ​ခံရ​မှုများ​အတွက် လွန်ကဲ​စွာ​တုံ့ပြန်​မည်​မဟုတ်ဘဲ အခြား​အဘယ်​နည်းဖြင့်​မျှ ပြင်​၍​မရနိုင်​သည့်​အရေးကိစ္စ​များ​ကို ယေဟောဝါ​ပြုပြင်ပေး​မည်​ဖြစ်​ကြောင်း သူ​ယုံကြည်​ကိုးစား​ပေ​လိမ့်​မည်။—ဆာလံ ၃၇:၅; သု. ၃:၅၊ ၆

ကျွန်ုပ်​တို့​ကိုယ်ကို ကျိုးနွံ​နှိမ့်ချစွာ​ရှုမြင်ခြင်း​၏ အကြီးမြတ်ဆုံး​သော​ကောင်းချီး​မှာ​မူ ယေဟောဝါ​၏​မျက်နှာသာတော်​နှင့် နှစ်သက်မှု​ရရှိ​ခြင်း​ပင်​ဖြစ်၏။ “ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့အား ကျေးဇူးပြု​တော်​မူ​၏။” (၁ ပေတရု ၅:၅) ကျွန်ုပ်​တို့​ကိုယ်ကို​ထင်​သင့်​သည်ထက် ထင်​ခြင်း​ကျော့ကွင်း​ထဲ ဘယ်တော့​မျှ မကျ​ပါစေ​နှင့်။ ယင်းအစား ယေဟောဝါ​စီစဉ်​တော်​မူသမျှ​တွင် ကျွန်ုပ်​တို့၏​နေရာကို နှိမ့်ချစွာ​သိမှတ်​ထား​ကြပါစို့။ ‘ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချသော​စိတ်​နှင့်​ကျင့်​နေကြ’ ရန် ကိုယ်တော်​၏​တောင်းဆိုချက်​နှင့်​အညီ​ရှိသူ​အားလုံး​အတွက် ကြီးမြတ်သော​ကောင်းချီး​များ သိုထား​ပါ​သည်။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယောနသန်​သည် ဒါဝိဒ်​ကို နှိမ့်ချစွာ​ကူညီပေး​ခဲ့