မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း

ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း

ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​ဖြစ်သော ဘုရားသခင်​၌ ရွှင်လန်းခြင်း

“ထာဝရ​ဘုရား​၌​ငါ​ဝမ်းမြောက်​၍၊ ငါ့ကို​ကယ်တင်​တော်​မူ​သော​ဘုရားသခင်​ကို​အမှီပြုလျက် ရွှင်လန်း​မည်။”—ဟဗက္ကုတ် ၃:၁၈

၁။ ဘီ.စီ.အီး. ၅၃၉ တွင်​ဗာဗုလုန်​ကျရှုံး​ခြင်း​မတိုင်မီ အဘယ်အရာ​နှင့်​ပတ်သက်သော အဆင်းအာရုံ​တစ်ခု​ကို ဒံယေလ​ရရှိခဲ့​သနည်း။

ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်​ကျရှုံး​ခြင်း​မတိုင်မီ ဆယ်နှစ်​ကျော်​ကျော်​က သက်ကြီးရွယ်အို ပရောဖက်​ဒံယေလ​သည် စိတ်​လှုပ်ရှား​ဖွယ်​ကောင်းသော အဆင်းအာရုံ​တစ်ခု​ကို​တွေ့မြင်​ခဲ့​ရသည်။ ယင်းက ယေဟောဝါ​၏​ရန်သူများ​နှင့် ကိုယ်တော်​၏​ခန့်အပ်​ခံ​ဘုရင် ယေရှု​ခရစ်​တိုက်​မည့် အထွတ်အထိပ်​စစ်ပွဲ​သို့​ဦးတည်​သော ကမ္ဘာ့​ဖြစ်ရပ်​များ​ကို ကြို​ဟောထား​သည်။ ဒံယေလ​၏ တုံ့ပြန်မှု​ကား အသို့နည်း။ သူက​ဤသို့​ဆို​ခဲ့​သည်– “ငါ . . . သည်​မော​၍ . . . မြင်ပြီး​သော​ဗျာဒိတ် . . . ကို ငါ​အံ့သြ [၏]။”—ဒံယေလ ၈:၂၇

၂။ အဆင်းအာရုံ​တွင် အဘယ်​တိုက်ပွဲ​ကို ဒံယေလ​တွေ့မြင်​ခဲ့​ရသနည်း၊ ယင်း​၏ နီးကပ်​ခြင်း​နှင့်​ပတ်သက်​၍ သင်​မည်သို့​ခံစားရ​သနည်း။

ကျွန်ုပ်​တို့​ကော။ ထို​ခေတ်​နှင့်​အလှမ်းဝေး​လှ​သည့်​အချိန်၌ ကျွန်ုပ်​တို့​အသက်ရှင်​နေကြ​သည်! အဆင်းအာရုံ​တွင် ဒံယေလ​မြင်​သော​တိုက်ပွဲ—ဘုရားသခင့်​အာမဂေဒုန်​စစ်ပွဲ—သည် အလွန်​နီးနေပြီ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိလာ​သောအခါ မည်သို့​တုံ့ ပြန်​ကြ​မည်​နည်း။ ဟဗက္ကုတ်​၏​ပရောဖက်ပြုချက်​တွင် ဖော်ပြ​ထားသော ဆိုးယုတ်မှု​မှာ အလွန်​ပျံ့နှံ့​လျက်​ရှိရာ ဘုရားသခင့်​ရန်သူများ​၏​ဖျက်ဆီးခြင်း​သည် မလွဲ​မရှောင်​ဖြစ်​ရမည်ကို သိလာ​သောအခါ မည်သို့​တုံ့ ပြန်​ကြ​သနည်း။ ကျွန်ုပ်​တို့၏​ခံစားချက်​များ​မှာ ဟဗက္ကုတ်​၏​ပရောဖက်ပြု​ကျမ်းစောင်​၏ တတိယ​အခန်းကြီး​၌​ဖော်ပြ​ထားသော သူ၏​ခံစားချက်​နှင့် တစ်ထပ်တည်း​ဖြစ်​နိုင်​ဖွယ်​ရှိသည်။

ဘုရားသခင့်​ကရုဏာတော်​အတွက် ဟဗက္ကုတ်​ဆုတောင်း

၃။ မည်​သူ့​အတွက် ဟဗက္ကုတ်​ဆုတောင်း​ခဲ့​ပြီး သူ၏​စကား​များသည် ကျွန်ုပ်​တို့ကို​မည်သို့​ဖြစ်စေ​မည်​နည်း။

ဟဗက္ကုတ်​အခန်းကြီး ၃ သည်​ဆုတောင်းချက်​တစ်ခု​ဖြစ်၏။ အခန်းငယ် ၁ [က​ဘ] အရ ၎င်းကို ဝမ်းနည်း​ကြေကွဲဖွယ်​သီချင်း၊ ငိုချင်း​များ​ဖြင့်​ဖော်ပြ​ထား​သည်။ ပရောဖက်​၏​ဆုတောင်း​ခန်း​မှာ သူ့​အတွက်​သူ​တောင်းလျှောက်​နေ​ဘိ​သကဲ့သို့​ဖြစ်သည်။ သို့သော် အမှန်​မှာ ဟဗက္ကုတ်​သည် ဘုရားသခင်​ရွေးချယ်သော လူမျိုး​အတွက် ပြောဆို​နေခြင်း​ဖြစ်၏။ ယနေ့ သူ၏​ဆုတောင်းချက်​သည် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​၌​ပါဝင်​နေကြ​သော ဘုရားသခင့်​လူမျိုးတော်​အတွက် အဓိပ္ပာယ်​များစွာ​ရှိသည်။ ၎င်းကို​စိတ်စွဲ​မှတ်​လျက် ဟဗက္ကုတ်​အခန်းကြီး ၃ ကို ဖတ်ရှု​သောအခါ ထိုစကား​များသည် စိတ်ထင့်​စ​ရာ​ဖြစ်သော်လည်း ပျော်ရွှင်မှု​လည်း​ပေး​သည်။ ဟဗက္ကုတ်​၏​ဆုတောင်းချက် သို့​မဟုတ် ငိုချင်း​သည် ကျွန်ုပ်​တို့ကို​ကယ်တင်​တော်​မူ​သည့် ဘုရားသခင်​ယေဟောဝါ​၌​ရွှင်လန်း​ဖို့ ခိုင်လုံ​သော​အကြောင်း​ရှိစေသည်။

၄။ ဟဗက္ကုတ်​သည် အဘယ်ကြောင့်​ကြောက်ရွံ့​လာ​သနည်း၊ ဘုရားသခင့်​တန်ခိုးတော်​ဖြင့် အဘယ်​အမှုကိုပြု​မည်​အကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သနည်း။

ရှေ့​ဆောင်းပါး​နှစ်ခု​တွင် ကျွန်ုပ်​တို့​သတိပြုမိ​သည့်​အတိုင်း ဟဗက္ကုတ်​ခေတ်တွင် ယုဒ​နိုင်ငံ​၏​အခြေအနေ​သည် အလွန်​ဆိုးရွား​လှ​၏။ သို့သော် ထို​အခြေအနေ​ကို ဘုရားသခင်​ဆက်​ခွင့်ပြု​မည်​မဟုတ်ပါ။ ယေဟောဝါ​သည် အတိတ်​က​အရေးယူ​ခဲ့​သကဲ့သို့ အရေးယူ​တော်​မူ​မည်။ ထို့​ကြောင့် ပရောဖက်​က​ဤသို့​ဟစ်ကြွေး​ခဲ့​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ– “အို​ထာဝရ​ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်​၏​ဗျာဒိတ်တော်​သံ​ကို​ကြား​၍ ကြောက်ရွံ့​ပါ​ပြီ!” အဘယ်အရာကို သူ​ဆိုလို​သနည်း။ ‘ယေဟောဝါ​၏​ဗျာဒိတ်တော်​သံ’ သည် ပင်လယ်နီ၊ တောကန္တာရ​အတွင်း​နှင့် ယေရိခေါမြို့​၌ ဖြစ်ပျက်​ခဲ့​သည့်​အမှု​များ​ကဲ့သို့​သော ဘုရားသခင်​၏​သမိုင်းဝင်​တန်ခိုး​ကြီးမား​သည့်​အပြု​အမူ​များ​ဖြစ်သည်။ ဤ​ဆောင်ရွက်ချက်​များ​ကို ဟဗက္ကုတ်​ကောင်းစွာ​သိထား​ပြီး ယေဟောဝါ​သည် မိမိ၏​တန်ခိုးတော်​ဖြင့် ရန်သူများ​ကို ဖျက်ဆီး​မည်​ဖြစ်​ကြောင်း သူသိ​ထား​ရာ ကြောက်ရွံ့​နေသည်။ ယနေ့ လူတို့၏​ဆိုးယုတ်မှု​များ​ကို ကျွန်ုပ်​တို့​တွေ့သော​အခါ ယေဟောဝါ​သည် ရှေး​အချိန်​က​ကဲ့သို့ ပြုမူ​ဆောင်ရွက်​မည်​အကြောင်း​သိ​ကြသည်။ ယင်းက ကျွန်ုပ်​တို့ကို စိုးရိမ်​စေပါ​သလော။ စိုးရိမ်​စေ​သည်​အမှန်! သို့သော် ဟဗက္ကုတ်​ကဲ့သို့ ဤသို့​ဆုတောင်း​ကြသည်– “ယခု​နှစ်များ​အတွင်း​တွင် အမှုတော်ကို​ပြုပြင်​တော်​မူ​ပါ။ ယခု​နှစ်များ​အတွင်း​တွင် ထင်ရှားစေ​တော်​မူ​ပါ။ အမျက်ထွက်​တော်​မူ​သော်လည်း ကရုဏာ​တရားကို​အောက်မေ့​တော်​မူ​ပါ။” (ဟဗက္ကုတ် ၃:၂) ဘုရားသခင့်​သတ်မှတ်ချိန်​ရောက်​သော် ကိုယ်တော်​သည် “နှစ်များ​အတွင်း” မိမိ၏​အံ့ဖွယ်​တန်ခိုးတော်​ကို ပြသ​ပါစေ။ ထို​အခါ ကိုယ်တော်​သည် မိမိ​အား​ချစ်​မြတ်နိုး​သူများကို ကရုဏာ​ပြသ​ဖို့ အောက်မေ့ပါ​စေ!

ချီတက်​နေသော​ယေဟောဝါ

၅။ ဘုရားသခင်​သည် မည်သို့​အားဖြင့် ‘တေမန်​မြို့မှ​ကြွလာ’ သနည်း၊ ယင်းက အာမဂေဒုန်​နှင့်​စပ်လျဉ်း၍ အဘယ်အရာကို​ဖော်ပြ​သနည်း။

ကရုဏာ​ပြ​ရန် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​ကို ယေဟောဝါ​ကြား​သောအခါ မည်သို့​ဖြစ်​မည်​နည်း။ အဖြေကို ဟဗက္ကုတ် ၃:၃၊ ၄ ၌​တွေ့ရ​သည်။ ပရောဖက်​က ဦးဆုံး ဤသို့​ဆို​သည်– “ဘုရားသခင်​သည် တေမန်​မြို့မှ​လည်းကောင်း၊ သန့်ရှင်းသော​ဘုရားသခင်​သည် ပါ​ရန်​တောင်​မှ​လည်းကောင်း ကြွတော်မူ၏။” ပရောဖက်​မောရှေ​ခေတ်​က တေမန်​မြို့​နှင့် ပါ​ရန်​တောင်​တို့​မှာ တောကန္တာရ​ကို​ဖြတ်၍ ခါ​နာ​န်​ပြည်​သို့​သွား​သည့် ဣသရေလလူ​တို့၏​လမ်းကြောင်း​ပေါ် တည်ရှိ​သည်။ ထို​လူမျိုး​ကြီး​အနေ​နှင့် ခရီး​ကြမ်း​နှင်​လာ​ခဲ့​သော​အချိန်တွင် ယေဟောဝါ​ကိုယ်တော်တိုင်​သည် သူတို့နှင့်​သွားလာ​သည့်​အလား​ရှိ၍ ကိုယ်တော်​ကို အဘယ်အရာကမျှ​မတားဆီး​နိုင်​ခဲ့​ချေ။ မောရှေ​မသေမီ​လေး​၌ သူက​ဤသို့​ဆို​ခဲ့​သည်– “ထာဝရ​ဘုရား​သည် သိနာ​တောင်ပေါ်​က​ကြွတော်မူ​၏။ စိရ​အရပ်မှ​ထို​လူ​တို့အား နေ​ထွက်​တော်​မူ​၏။ ပါ​ရန်​တောင်ပေါ်​က ရောင်ခြည်​ထွန်း​ပ​တော်​မူ​၍၊ သန့်ရှင်းသော​သူ [ကောင်းကင်တမန်​များ] အထောင်အသောင်း​တို့​နှင့်အတူ ကြွတော်မူ [၏]။” (တရားဟောရာ ၃၃:၂) အာမဂေဒုန်​တွင် မိမိ၏​ရန်သူများ​ကို ယေဟောဝါ​ပယ်ရှား​သောအခါ တွန်းလှန်​၍​မရ​သော ကိုယ်တော်​၏​အင်အား​ကို အလားတူ​ဖော်ထုတ်ပြ​ပါ​လိမ့်​မည်။

၆။ ပိုင်းခြား​သိမြင်​တတ်သော​ခရစ်ယာန်​များသည် ဘုရားသခင့်​ဘုန်းတော်​အပြင် အဘယ်အရာကို​တွေ့မြင်​ကြ​သနည်း။

ဟဗက္ကုတ်​က ဤသို့​ဖော်ပြ​သေး​သည်– “[ယေဟောဝါ​၏] ဘုန်းတော်သည် မိုးကောင်းကင်ကို​ဖုံးအုပ်​လျက်၊ မြေကြီး​သည်​ဂုဏ်​အသရေတော်​နှင့်​ပြည့်စုံ​လျက်​ရှိ၏။ အဆင်း​အရောင်​တော်​သည် နေရောင်​ကဲ့သို့​ဖြစ်၏။” ရင်သပ်​ရှုမောဖွယ်​ရာ​ပါ​တကား! လူသည် ယေဟောဝါ​ဘုရားသခင်​ကို​မြင်လျှင် အမှန်တကယ်​ပင်​အသက်ရှင်​မည်​မဟုတ်။ (ထွက်မြောက်ရာ ၃၃:၂၀) သို့သော် ဘုရားသခင်​၏​သစ္စာရှိ​ကျေးကျွန်​များ​မူ​ကား ကိုယ်တော်​၏​ဘုန်း​အာနုဘော် တန်ခိုးတော်​ကို တွေးတော​ကြသောအခါ သူတို့၏​ဉာဏ်​မျက်စိသည် စူးရှ​လေ​သည်။ (ဧဖက် ၁:၁၈) ထို့နောက် ပိုင်းခြား​သိမြင်​တတ်သော ခရစ်ယာန်​များသည် ယေဟောဝါ​၏​ဘုန်းတော်​အပြင် အခြား​အရာ​ကို​မြင်ကြ​၏။ ဟဗက္ကုတ် ၃:၄ ၌ ဤသို့​အဆုံးသတ်​ထား​သည်– “လက်တော်​မှ​ရောင်ခြည်​သည်​ထွက်၍၊ ဘုန်း​အာနုဘော် [တန်ခိုး] တော်​ကို​ကွယ်ကာ​လေ​၏။” မှန်​ပါ​၏၊ ယေဟောဝါ​သည် ခွန်အား​နှင့်​တန်ခိုးတော်​ညာလက်ရုံး​ကို​အသုံးပြု၍ အရေးယူ​ဆောင်ရွက်ရန် အသင့်ရှိ​သည်ကို​ကျွန်ုပ်​တို့​တွေ့မြင်​ကြ​၏။

၇။ ဘုရားသခင့်​အောင်ပွဲခံ​ချီတက်မှု​သည် ကိုယ်တော်​ကို​ပုန်ကန်​သူတို့​အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ဘုရားသခင်​၏​အောင်ပွဲခံ​ချီတက်ခြင်း​က ပုန်ကန်​သူများ ပျက်စီး​ရဖို့​အကြောင်း​သာ​ရှိသည်။ ဟဗက္ကုတ် ၃:၅ က​ဤသို့​ဆို​သည်– “ရှေ့တော်၌ ကာလ​နာ​ဘေးသည်​သွား​၍၊ ပူလောင်ခြင်း​ဘေးသည် ခြေတော်​ကို​ခြံရံ​လျက်​ရှိ၏။” ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်​တွင် ကတိထားရာပြည်​၏​နယ်နိမိတ်​သို့ ဣသရေလ​လူမျိုး​ရောက်​ခါနီး​၌ လူအများသည် မတရားမေထုန်​ပြု​ကြ၊ ရုပ်ပုံ​ကိုးကွယ်​ကြ ခြင်း​ဖြင့် ပုန်ကန်​ခဲ့​ကြ​၏။ ရလဒ်​မှာ လူပေါင်း ၂၀,၀၀၀ ကျော်​တို့သည် ဘုရားသခင့်​ထံ​တော်​မှ​ကျရောက်​သော​ဘေး​ကြောင့် သေဆုံး​ခဲ့​ကြ​၏။ (တောလည်ရာ ၂၅:၁-၉) မဝေးတော့​သည့်အနာဂတ်​တွင် ယေဟောဝါ​သည် “တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး . . . စစ်” သို့​ချီတက်​တော်​မူ​သောအခါ ကိုယ်တော်​ကို ပုန်ကန်​သူတို့သည် မိမိတို့၏​အပြစ်​အတွက် အလားတူ​ခံစား​ကြ​ရ​လိမ့်​မည်။ အချို့​မှာ ပကတိ​ကပ်ဘေး​ကြောင့်​ပင် သေဆုံး​ကုန်​ကြ​ရမည်။—ဗျာဒိတ် ၁၆:၁၄-၁၆

၈။ ဟဗက္ကုတ် ၃:၆ အရ ဘုရားသခင့်​ရန်သူများ​အတွက် အဘယ်အရာ​သိုထား​သနည်း။

ပရောဖက်​က ကွင်းကွင်းကွက်ကွက်​ဖော်ပြ​ထား​သည့် ဗိုလ်ခြေ​တို့၏​အရှင် ယေဟောဝါ​၏ အရေးယူ​ဆောင်ရွက်မှု​အကြောင်းကို ယခု​နားထောင်ပါ။ ဟဗက္ကုတ် ၃:၆ တွင်​ဤသို့​ဖတ်​ရသည်– “ရပ်၍​မြေကြီးကို​တိုင်း​တော်​မူ​၏။ ကြည့်ရှု​၍ လူမျိုး​တို့ကို​တုန်လှုပ်​စေတော်မူ​၏။ အစဉ်အမြဲ​တည်​သော​တောင်​တို့သည် ကျိုးပဲ့​၍၊ ထာဝရ​ကုန်း​ရိုး​တို့သည် ညွတ်​ကြ​၏။ ထာဝရ​လမ်း​တို့ကို [“ရှေး​ကတည်းက၊” က​ဘ] ကြွတော်မူ​၏။” ဦးဆုံး​အနေ​နှင့် ယေဟောဝါ​သည် “ရပ်” လျက် စစ်​မြေပြင်​ကို ကြည့်ရှု​သော စစ်သူကြီး​တစ်ဦး​ကဲ့သို့ စစ်ဆေး​တော်​မူ​၏။ ကိုယ်တော့်​ရန်သူများ​မှာ ကြောက်​၍​တုန်လှုပ်​ကြ​၏။ မိမိတို့၏​ပြိုင်ဘက်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သူတို့​သိလာ​သောအခါ တုန်လှုပ်​၍ လှုပ်လှုပ်ရှားရှား​ဖြစ်​ကြ​ကုန်သည်။ “မြေကြီး​ပေါ်မှာ လူအပေါင်း​တို့သည်​ငိုကြွေး​မြည်တမ်း​ကြ” မည့်​အချိန်ကို ယေရှု​ကြို​ဟောခဲ့​၏။ (မဿဲ ၂၄:၃၀) ယေဟောဝါ​၏​တစ်ဖက်​တွင် အဘယ်သူမျှ​ရပ်တည်​နိုင်​မည်​မဟုတ်​ကြောင်း သူတို့​အသိအမှတ်ပြု​ချိန်​သည် အလွန်​နောက်ကျ​လိမ့်​မည်။ လူ့​အဖွဲ့အစည်း​များ—“အစဉ်အမြဲ​တည်​သော​တောင်​တို့” နှင့် “ထာဝရ​ကုန်း​ရိုး​တို့” ကဲ့သို့​တည်မြဲ​နေ​ဟန်​ရှိသော​အဖွဲ့အစည်း​များ​ပင်—သည် တစ်စစီ​ပြိုကွဲ​သွား​ကြ​မည်။ ထို​အခါ ရှေး​အချိန်​က ကိုယ်တော်​လုပ်ဆောင်ခဲ့​သည့်​နည်းတူ ဘုရားသခင်​သည် “ထာဝရ​လမ်း​တို့ကို​ကြွတော်မူ” မည်။

၉၊ ၁၀။ ဟဗက္ကုတ် ၃:၇-၁၁ အားဖြင့် ကျွန်ုပ်​တို့သည် အဘယ်အရာကို​သတိပေး​ခံရ​သနည်း။

ယေဟောဝါ​သည် မိမိ၏​ရန်သူများ​ကို “အမျက်ထွက်​တော်​မူ” ၏။ ကိုယ်တော်​၏​စစ်ပွဲ​ကြီး​တွင် အဘယ်​လက်နက်များ​ကို အသုံးပြု​တော်​မူ​မည်​နည်း။ ၎င်း​တို့​အကြောင်း ပရောဖက်​ဖော်ပြ​သည်ကို နားဆင်​ပါ– “ကိုယ်တော်​သည်​အမျိုးအနွယ်​တော်​တို့​၌ ထား​တော်​မူ​သော​သစ္စာ​ကတိ​ရှိသည်​အတိုင်း လေးလက်​နက်​တော်​ကို​ထုတ်ပြ​တော်​မူ​၏။ မြေကြီး​၌​မြစ်​တို့ကို​ပေါက်​စေတော်မူ​၏။ တောင်​တို့သည် ကိုယ်တော်​ကို​မြင်​၍​တုန်လှုပ်​ကြ​ပါ​၏။ လျှံ​သော​ရေ​သည် လွှမ်းမိုး​ပါ​၏။ ပင်လယ်​သည် အော်ဟစ်​၍​လက်ကို​ချီ​ပါ​၏။ နေ​နှင့်​လ​သည် မိမိတို့​နေရာ၌​ရပ်၍​နေပါ​၏။ သူတို့​အလင်း​၌​မြား​တော်​တို့သည်​သွား​၍ သူတို့​ရောင်ခြည်​၌​လှံ​တော်​သည်လည်း လျှပ်စစ်​ပြ​က်​ပါ​၏။”—ဟဗက္ကုတ် ၃:၇-၁၁

၁၀ ယေဟောဝါ​သည် ယောရှု​ခေတ်တွင် နေ​နှင့်​လ​ကို ရပ်တန့်​စေ​၍ အလွန်​အံ့သြဖွယ်​နည်းဖြင့် တန်ခိုးတော်​ကို​ပြသ​ခဲ့​သည်။ (ယောရှု ၁၀:၁၂-၁၄) ယေဟောဝါ​သည် အာမဂေဒုန်​တွင် ထပ်တူ​တန်ခိုးတော်​ကို အသုံးပြု​မည်​ဖြစ်​ကြောင်း ဟဗက္ကုတ်​၏​ပရောဖက်ပြုချက်​က ကျွန်ုပ်​တို့ကို သတိ​ရစေသည်။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် ယေဟောဝါ​သည် ဖာရော​၏​စစ်တပ်​ကို ဖျက်ဆီး​ရန် ပင်လယ်နီ​ကို​အသုံးပြု​ခဲ့​သောအခါ ကမ္ဘာ့​ရေ​လွှာ​ထု​ကို ကိုယ်တော်​ထိန်းချုပ်​နိုင်​ကြောင်း ပြသ​ခဲ့​သည်။ နောင်​အနှစ်​လေးဆယ်​အကြာတွင် ကတိထားရာပြည်​ထဲ​သို့ ဣသရေလလူ​တို့​အောင်ပွဲချီ​၍​ဝင်ရောက်​သောအခါ ယော်ဒန်​မြစ်​သည်​ရေ​ကြီး​နေ​သော်လည်း ယင်းက​အတားအဆီး​လုံးဝ​မဖြစ်ခဲ့​ပေ။ (ယောရှု ၃:၁၅-၁၇) ပရောဖက်မ ဒေဗောရ​အချိန်တွင် မိုး​သည်းထန်​စွာ​ရွာ​၍ ဣသရေလ​တို့၏​ရန်သူ သိသရ​၏​စစ်ရထား​များသည် ရေ​ထဲ​ပါသွား​သည်။ (တရားသူကြီး ၅:၂၁) အာမဂေဒုန်​တွင် ထပ်တူ​အင်အားစု​များ​ဖြစ်သည့် ရေလွှမ်းမိုးခြင်း၊ မိုး​သည်းထန်​စွာ​ရွာ​ခြင်း​နှင့် ကမ္ဘာ့​ရေ​လွှာ​ထု​ကို ယေဟောဝါ​အသုံးပြု​တော်​မူ​မည်။ မိုးသက်မုန်တိုင်း​နှင့် မိုးကြိုး​တို့ကို​လည်း လှံတံ သို့​မဟုတ် မြား​အပြည့်​ရှိသော မြား​အိမ်ကို​ကိုင်ထား​သကဲ့သို့ ကိုယ်တော်​ကိုင်ထား​တော်​မူ​သည်။

၁၁။ ယေဟောဝါ​သည် မိမိ၏​ကြီးမားသော​တန်ခိုးတော်​ကို အပြည့်အဝ​အသုံးပြု​သောအခါ အဘယ်​သို့​ဖြစ်​မည်​နည်း။

၁၁ ယေဟောဝါ​သည် မိမိ၏​ကြီးမားသော​တန်ခိုးတော်​ကို အပြည့်အဝ​အသုံးပြု​သောအခါ အမှန်ပင်​အံ့သြ​ထိတ်လန့်​ကြ​ရလိမ့်​မည်။ ဟဗက္ကုတ်​၏​စကား​အရ ည​သည်​နေ့​ဖြစ်သွား​ပြီး နေ့​သည်​နေ​၏​အတောက်ပဆုံး​အလင်းရောင်​ထက် ထွန်းတောက်​လာ​မည်​ဖြစ်၏။ အာမဂေဒုန်​နှင့်​ပတ်သက်သော မှုတ်သွင်းခံ ဤ​ပရောဖက်ပြုချက်​သည် ပကတိ​ဖြစ်စေ သို့​မဟုတ် ပုံဆောင်ချက်​ဖြစ်စေ သေချာ​သည်​မှာ အဘယ်​ရန်သူ​မျှ လွတ်မြောက်ခွင့်​မရှိဘဲ ယေဟောဝါ အောင်နိုင်​မည်​ဖြစ်သည်။

ဘုရားသခင့်​လူမျိုးတော်​အတွက် စိတ်ချ​ရသော​ကယ်တင်ခြင်း!

၁၂။ ဘုရားသခင်​သည် မိမိ၏​ရန်သူများ​ကို အဘယ်​သို့​ပြု​မည်​နည်း၊ သို့သော် မည်သူ​ကယ်တင်​ခံရ​မည်​နည်း။

၁၂ ယေဟောဝါ​၏​ရန်သူများ​ကို​ဖျက်ဆီး​ရာ​တွင် ကိုယ်တော်​၏​အရေးယူ​လုပ်ဆောင်မှုကို ပရောဖက်​က ဆက်​ဖော်ပြ​သည်။ ဟဗက္ကုတ် ၃:၁၂ တွင် ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “အမျက်တော်​ထွက်​လျက် တစ်ပြည်လုံး​ချီ​သွား​၍၊ ဒေါသ​စိတ်​နှင့် လူအမျိုးမျိုး​တို့ကို​နင်းနယ်​တော်​မူ​၏။” သို့သော် ယေဟောဝါ​သည် အရမ်းကာရော​ဖျက်ဆီး​ပစ်​မည်​မဟုတ်ပါ။ လူ​အချို့ ကယ်တင်​ခံရ​လိမ့်​မည်။ “ကိုယ်တော်​၏​လူ​တို့ကို​ကယ်တင်ခြင်း၊ ကိုယ်တော်​ပေး​တော်​မူ​၍​ဘိသိက်ခံ​သော​သူတို့ကို ကယ်တင်ခြင်း​အလို​ငှာ​ထွက်ကြွ​တော်​မူ​၏” ဟု​ဟဗက္ကုတ် ၃:၁၃ က​ဆို​သည်။ ယေဟောဝါ​သည် မိမိ၏​သစ္စာရှိ​ကျေးကျွန်​များ​ကို အမှန်ပင်​ကယ်တင်​လိမ့်​မည်။ ထို​အခါ မဟာ​ဗာဗုလုန်​ကို ဖျက်ဆီးခြင်း​သည် လုံးဝ​ပြီးဆုံး​သွား​လိမ့်​မည်။ သို့သော် ယနေ့ နိုင်ငံ​များသည် စင်ကြယ်​သော​ဝတ်ပြုရေးကို ဖယ်ရှားပစ်​ဖို့ ကြိုးပမ်း​နေကြ​သည်။ မကြာမီ ဘုရားသခင့်​ကျေးကျွန်​များသည် မာဂေါဂ​ပြည်သား ဂေါဂ​မင်း​အင်အားစု​၏ တိုက်ခိုက်မှု​ကို ခံရ​ကြလိမ့်မည်။ (ယေဇကျေလ ၃၈:၁–၃၉:၁၃; ဗျာဒိတ် ၁၇:၁-၅၊ ၁၆-၁၈) စာတန်​၏​အဆိုပါ​တိုက်ခိုက်မှု အောင်မြင်​မည်​လော။ အောင်မြင်​မည်​မဟုတ်ပါ! ထို​အခါ ယေဟောဝါ​သည် မိမိ၏​ရန်သူများ​ကို ဒေါသတကြီး​နင်းနယ်​လျက် ကောက်​နယ်​တ​လင်း​တွင် စပါး​နယ်​သကဲ့သို့ သူတို့ကို ခြေတော်​ရင်း​၌​နင်းချေ​ပစ်​လိမ့်​မည်။ သို့ရာတွင် မိမိ​အား စိတ်​ဝိညာဉ်​နှင့်​အမှန်တရားဖြင့် ကိုးကွယ်​သူများကို ကိုယ်တော်​ကာကွယ်​ပေး​လိမ့်​မည်။—ယောဟန် ၄:၂၄

၁၃။ ဟဗက္ကုတ် ၃:၁၃ သည်​မည်သို့​ပြည့်စုံ​လာ​မည်​နည်း။

၁၃ ဆိုးယုတ်သူ​များ​ကို အကုန်အစင်​ချေမှုန်း​ခြင်း​အကြောင်း ဤသို့​ကြို​ဟောထား​သည်– “အဓမ္မ​လူ​၏​အိမ်​၌ ဦးခေါင်း​ကို​နှိပ်စက်​၍၊ မူလအမြစ်​ကို လည်ပင်း​တိုင်အောင်​ပယ်ရှင်း​တော်​မူ​၏။” (ဟဗက္ကုတ် ၃:၁၃) ဤ “အိမ်” ကား စာတန်​၏​လွှမ်းမိုးမှု​အောက် ဖွံ့ ဖြိုး​လာသော ဆိုးသွမ်း​သည့်​အစီအစဉ်​စနစ်​ဖြစ်၏။ ယင်းသည် အစိတ်စိတ်အမြွှာမြွှာ​ကွဲ​ပျက်​ရ​လိမ့်​မည်။ “ဦးခေါင်း” သို့​မဟုတ် ဘုရားတရား​မဲ့​ခေါင်းဆောင်​များသည် နင်းချေ​ခံရ​လိမ့်​မည်။ အဆောက်အဦ​တစ်ခုလုံး​သည် အုတ်မြစ်​အထိ ဖြိုဖျက်​ခြင်း​ခံရ​လိမ့်​မည်။ ဆက်​တည်ရှိ​လိမ့်​မည်​မဟုတ်ပေ။ အလွန်​စိတ်သက်သာ​စ​ရာ​ပါ​တကား!

၁၄-၁၆။ ဟဗက္ကုတ် ၃:၁၄၊ ၁၅ အရ ယေဟောဝါ​၏​လူမျိုးတော်​နှင့် သူတို့၏​ရန်သူများ​သည် အဘယ်​သို့​ဖြစ်​မည်​နည်း။

၁၄ အာမဂေဒုန်စစ်​မြေပြင်​တွင် ယေဟောဝါ​၏ “ဘိသိက်ခံ” ကို​ဖျက်ဆီး​ဖို့ ကြိုးစား​သူများ​သည် စိတ်ရှုပ်​ထွေး​ကုန်​ကြလိမ့်မည်။ ဟဗက္ကုတ် ၃:၁၄၊ ၁၅ အရ ပရောဖက်​က ယေဟောဝါ​အား​ဤသို့​ဆို​သည်– “ဗိုလ်မင်း​တို့၏​ဦးခေါင်း​ကို မြား​တော်​တို့​နှင့် ထုတ်ခြင်း​ခပ်​ထိုး​တော်​မူ​၏။ ထို​သူတို့သည် အကျွန်ုပ်​တို့ကို​လွင့်​စေခြင်း​ငှာ လေပြင်း​မုန်တိုင်း​ကဲ့သို့​တိုက်​ကြ​ပါ​၏။ ဆင်းရဲသား​တို့ကို အမှတ်တမဲ့​ကိုက်စား​မည့်​အကြံ​ရှိသကဲ့သို့ ဝမ်းမြောက်​ကြ​ပါ​၏။ ကိုယ်တော်​သည် မြင်း​တော်​များ​ကို​စီး​၍၊ ရေ​ဟု​န်း​ဟု​န်း​မြည်​သော​ပင်လယ်​အလယ်​သို့​ချီ​သွား​တော်​မူ​၏။”

၁၅ ဟဗက္ကုတ်​က “ဗိုလ်မင်း​တို့ . . . သည် အကျွန်ုပ်​တို့ကို​လွင့်​စေခြင်း​ငှာ လေပြင်း​မုန်တိုင်း​ကဲ့သို့​တိုက်​ကြ​ပါ​၏” ဟု​ဆို​ရာ​ဝယ် ပရောဖက်​သည် ယေဟောဝါ​၏​ဘိသိက်ခံ​ကျေးကျွန်​များ​အတွက် ပြောနေခြင်း​ဖြစ်သည်။ ချောင်းမြောင်း​၍​စောင့်နေ​သော လမ်း​ဓားပြ​များ​ကဲ့သို့ တိုင်းနိုင်ငံ​များသည် ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​သူများကို​ဖျက်ဆီး​ဖို့ တစ်ဟုန်ထိုး​ရောက်လာ​ကြ​မည်။ ဘုရားသခင်​နှင့် ကိုယ်တော့်​လူမျိုးတော်​၏​ရန်သူ​တို့သည် မိမိတို့​အောင်မြင်​မည်​ဟု ယုံကြည်​ထား​ကြသော​ကြောင့် “ဝမ်းမြောက်​ကြ” လိမ့်​မည်။ သစ္စာရှိ​ခရစ်ယာန်​များ​မူ “ဆင်းရဲသား” များ​ကဲ့သို့ အားနည်းဟန်​ရှိ​မည်။ သို့သော် ဘုရားတရား​မဲ့​တပ်​များ​က သူတို့ကို​တိုက်ခိုက်​သည့်​အခါ ယေဟောဝါ​သည် ထို​သူတို့၏​လက်နက်များ​ဖြင့် အချင်းချင်း​ပြန်​တိုက်​စေမည်။ သူတို့သည် မိမိတို့၏​လက်နက်များ၊ သို့​မဟုတ် “မြား​တော်” များ​ကို မိမိတို့​စစ်သည်​အချင်းချင်း​တိုက်ခိုက်​ရန် အသုံးပြု​ကြလိမ့်မည်။

၁၆ သို့သော် ထို့​ထက်မက​ရှိသေး​သည်။ ယေဟောဝါ​သည် ရန်သူများ​ကို​အပြီး​ဖျက်ဆီး​ရန် လူ​ထက်​အင်အားကြီး​မား​သော နာမ်ဝိညာဉ်​တပ်သား​များ​ကို အသုံးပြု​လိမ့်​မည်။ ယေရှု​ခရစ်​လက်အောက်​ရှိ ကောင်းကင်​ဗိုလ်ခြေ “မြင်း​တော်” အလုံးအရင်း​ဖြင့် ကိုယ်တော်​သည် လူသား​ရန်သူများ​ဖြစ်သည့် “ပင်လယ်” နှင့် “ရေ​ဟု​န်း​ဟု​န်း​မြည်​သော ပင်လယ်​အလယ်​သို့” အောင်မြင်​လျက် ချီတက်​ကြ​မည်။ (ဗျာဒိတ် ၁၉:၁၁-၂၁) ထို့နောက် လူဆိုး​သည် မြေကြီးပေါ်​မှ ပယ်ရှင်း​ခြင်း​ခံရ​လိမ့်​မည်။ မြင့်မြတ်​သောတန်​ခိုး​တော်​နှင့် တရား​မျှတခြင်း​၏ တန်ခိုး​ပါ​သော​သရုပ်ဖော်​ချက်​ပါ​တကား!

ယေဟောဝါ​၏​နေ့​ရောက်လု​ပြီ!

၁၇။ (က) ဟဗက္ကုတ်​၏​စကား​များ​ပြည့်စုံ​မည်​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​စိတ်ချ​နိုင်​သနည်း။ (ခ) ယေဟောဝါ​၏​နေ့ကြီး​ကို စောင့်ဆိုင်း​ကြ​စဉ် ကျွန်ုပ်​တို့သည် ဟဗက္ကုတ်​နှင့်​မည်သို့​တူ​နိုင်​သနည်း။

၁၇ ဟဗက္ကုတ်​၏​စကား​များ မကြာမီ​ပြည့်စုံ​မည်​ကို ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ပါ​သည်။ နှောင့်နှေး​မည်​မဟုတ်ပါ။ ဤ​တင်ကြို​သိရှိချက်​ကို သင်​မည်သို့​တုံ့ ပြန်​မည်​နည်း။ ဟဗက္ကုတ်​သည် မှုတ်သွင်းခံ​ရ​၍ ရေးသားခဲ့​ကြောင်း​သတိရပါ။ ယေဟောဝါ​သည် အရေး​ယူဆောင်​ရွက်​လိမ့်​မည်၊ ထို​အခါ ကမ္ဘာ​မြေကြီးပေါ်​တွင် အကြီးအကျယ်​ပျက်စီး​လိမ့်​မည်။ ပရောဖက်​က​ဤသို့​ရေးသားခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ– “ဗျာဒိတ်တော်​သံ​ကို ငါ​ကြား​သောအခါ ရင်​၌​လှုပ်ရှားခြင်း၊ မေး​ခိုင်​ခြင်း၊ အရိုး​ဆွေးမြေ့​ခြင်း၊ တစ်ကိုယ်လုံး​တုန်လှုပ်ခြင်း​ရှိ၏။ အကြောင်း​မူ​ကား၊ အမှုရောက်​သော​နေ့၊ လုပ်ကြံ​သော​သူသည် ငါ​၏​လူမျိုး​ကို​တိုက်​လာသော​နေ့​တိုင်အောင် ငါသည် နေရစ်​မည်။” (ဟဗက္ကုတ် ၃:၁၆) ဟဗက္ကုတ်​အလွန်​စိတ်​လှုပ်ရှား​ခဲ့​မည်​ကို နားလည်​နိုင်​ပါ​သည်။ သို့သော် သူ့​ယုံကြည်ခြင်း​ပျက်ပြား​ခဲ့​သလော။ လုံးဝ​မပျက်​ပြား​ခဲ့​ပါ! သူသည် ယေဟောဝါ​၏​နေ့ကြီး​ကို​စောင့်​ဖို့ တလိုတလား​ရှိခဲ့​သည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ကျွန်ုပ်​တို့၏​သဘောထား​သည်လည်း အလားတူ​မဟုတ်ပေ​လော။ ဧကန်​အမှန်ပင်! ဟဗက္ကုတ်​၏​ပရောဖက်ပြုချက်​သည် ပြည့်စုံ​လိမ့်​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​လုံးဝ​ယုံကြည်​ကြသည်။ သို့သော် မပြည့်စုံ​မချင်း ကျွန်ုပ်​တို့​စိတ်ရှည်ရှည်​နှင့်​စောင့်ဆိုင်း​ကြ​မည်။

၁၈။ အခက်အခဲ​များ​ကြုံ​ရမည်ကို ဟဗက္ကုတ်​မျှော်လင့်​ခဲ့​သော်လည်း သူ၏​သဘောထား​ကား အဘယ်နည်း။

၁၈ စစ်မှု​သည် နောက်ဆုံး​အနိုင်​ရသူ​များ​အတွက်​ပင် အစဉ်​အခက်အခဲ​ဖြစ်စေ​သည်။ စား​နပ်​ရိက္ခာ​လျော့ပါး​မည်။ ပစ္စည်းဥစ္စာ​ဆုံးရှုံး​မည်။ နေထိုင်မှု​အဆင့်အတန်း ကျ​သွားပေ​မည်။ ထိုသို့​ဖြစ်​ခဲ့​လျှင် ကျွန်ုပ်​တို့​မည်သို့​တုံ့ ပြန်​ကြ​မည်​နည်း။ ဟဗက္ကုတ်​က ဤသို့​ပြော​ခဲ့​ရာ သူ့မှာ​အတုယူ​စ​ရာ​သဘောထား​ရှိသည်– “သင်္ဘောသဖန်း​ပင်မ​ပွင့်​ရ၊ စပျစ်​ပင်မ​သီး​ရ၊ သံလွင်ပင်​၏​ကျေးဇူးတော်​ကို​မျှော်လင့်​၍​မခံရ၊ လယ်​တို့သည်​အသီးအနှံ​ကို​မပေး​ရ၊ သိုးခြံ​၌​သိုး​ကုန်​၍ တင်းကုပ်​၌​နွား​မရှိ​ရ။ သို့သော်လည်း၊ ထာဝရ​ဘုရား​၌​ငါ​ဝမ်းမြောက်​၍၊ ငါ့ကို​ကယ်တင်​တော်​မူ​သော​ဘုရားသခင်​ကို​အမှီပြုလျက် ရွှင်လန်း​မည်။” (ဟဗက္ကုတ် ၃:၁၇၊ ၁၈) ဟဗက္ကုတ်​သည် ငတ်မွတ်​ခြင်း​ဖြစ်​ကောင်း​ဖြစ်​မည့် အခက်အခဲ​များ​ကို ကြုံ​ရ​ကောင်း​ကြုံ​ရမည်ကို လက်တွေ့ကျကျ​မျှော်လင့်​ခဲ့​သည်။ သို့သော် သူ့ကို​ကယ်တင်​သော ယေဟောဝါ​၌​ရွှင်လန်းခြင်း​ကို တစ်ခါမျှ​မပျောက်ဆုံး​စေ​ခဲ့​ပါ။

၁၉။ ခရစ်ယာန်​အများ​သည် အဘယ်​အခက်အခဲ​များ​ကြုံ​ရ​ကြ​သနည်း၊ သို့သော် ကျွန်ုပ်​တို့​ဘဝတွင် ယေဟောဝါ​အား​ဦးစား​ထား​မည်​ဆိုလျှင် အဘယ်အရာကို​စိတ်ချ​နိုင်​သနည်း။

၁၉ ယနေ့ ယေဟောဝါ​သည် ဆိုးယုတ်သူ​များ​ကို​မတိုက်ခိုက်​မီ​ပင် လူအများသည် အကြီးအကျယ်​ဆင်းရဲခံ​ရ​ကြသည်။ ယေရှု​က စစ်၊ ငတ်မွတ်​ခေါင်းပါး​ခြင်း၊ မြေငလျင်​နှင့် ရောဂါ​တို့သည် တော်ဝင်​တန်ခိုးတော်​ဖြင့် ‘ကိုယ်တော်​ရောက်ရှိခြင်း​၏ နိမိတ်’ တွင်​ပါဝင်​သည့်​အရာများ​ဖြစ်​ကြောင်း တင်ကူး​ဟော​ကြား​ခဲ့​သည်။ (မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၁၀၊ ၁၁) ယုံကြည်သူချင်း​များစွာတို့သည် ယေရှု​မိန့်တော်မူ​ခဲ့​သည့်​စကား​များ ဆိုးဆိုးရွားရွား​ပြည့်စုံသော​ဒေသ​များ​၌ နေထိုင်ကြ​ရ​ရာ ယင်းကြောင့် အကြီးအကျယ်​အခက်အခဲ​ကြုံနေ​ကြ​ရသည်။ အခြား​ခရစ်ယာန်​များသည် အနာဂတ်​တွင် ထပ်တူ​အခက်အခဲ​မျိုး​ကြုံ​ကြ​ရနိုင်​သည်။ ကျွန်ုပ်​တို့​များစွာ​အတွက် အဆုံး​မတိုင်မီ “သင်္ဘောသဖန်း​ပင် မ​ပွင့်” ဘဲ​ဖြစ်​နိုင်​သည်။ သို့သော် ဤ​အရာများ​အဘယ်ကြောင့်​ဖြစ်​ရ​ကြောင်း ကျွန်ုပ်​တို့​သိထားကြ​ပြီး ယင်းက ကျွန်ုပ်​တို့ကို​ခွန်အား​ပေး​သည်။ ထို့​အပြင် ကျွန်ုပ်​တို့​မှာ​ထောက်မ​ကူညီ​မှု​ရှိသည်။ ယေရှု​က ဤသို့​ကတိပြု​ခဲ့​သည်– “ဘုရားသခင်​၏ နိုင်ငံတော်​နှင့်​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့ ဦးစွာရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့။” (မဿဲ ၆:၃၃) ယင်းက ကျွန်ုပ်​တို့​သက်သောင့်သက်သာ​ရှိ​ရမည်ဟု အာမခံ​နေခြင်း​မဟုတ်ဘဲ ကျွန်ုပ်​တို့​ဘဝတွင် ယေဟောဝါ​ကို ဦးစား​ထား​မည်​ဆိုလျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို​ကြည့်ရှု​စောင်မ​တော်​မူ​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​စေ​သည်။—ဆာလံ ၃၇:၂၅

၂၀။ ယာယီ​အခက်အခဲ​များ​ကြား​မှ အဘယ်အရာ​ပြု​ရန် ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​သင့်​သနည်း။

၂၀ မည်သည့်​အခက်အခဲ​မျိုးကို​မဆို ယာယီ​ကြုံတွေ့​ရဦး​တော့ ယေဟောဝါ​၏​ကယ်တင်​နိုင်စွမ်း​ကို ယုံကြည်​စိတ်ချ​လျက်​နေ​ပေမည်။ အာဖရိက၊ အရှေ့​ဥရောပ​နှင့် အခြား​ဒေသ​များ​တွင်ရှိသော ကျွန်ုပ်​တို့၏​ညီအစ်ကို၊ ညီအစ်မ​များသည် အခက်အခဲ​များစွာကို အတိုင်း​ထက်​အလွန်​ရင်ဆိုင်​နေကြ​ရ​သော်​ငြား ဆက်၍ ‘ယေဟောဝါ​ကို အမှီပြု၍​ရွှင်လန်း’ လျက်​ရှိကြသည်။ ကျွန်ုပ်​တို့​လည်း သူတို့​နည်းတူ အမြဲ​ပြု​ကြ​စို့​လေ။ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ “အစွမ်း​သတ္တိ” ၏​ရင်းမြစ်​ဖြစ်​ကြောင်း​သတိရ​ကြ​ပါ။ (ဟဗက္ကုတ် ၃:၁၉) ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို​ဘယ်​သောအခါ​မျှ စိတ်ပျက်​စေမည်​မဟုတ်ပါ။ အာမဂေဒုန်​သည် ရောက်လာ​ဖို့​သေချာ​နေပြီး ဘုရားသခင်​ကတိထားရာ​ကမ္ဘာသစ်​သည် မုချ​လိုက်ပါ​လာ​မည်။ (၂ ပေတရု ၃:၁၃) ထို​အခါ “ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့၊ မြေကြီး​သည် ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​ဘုန်းတော်​ကို သိကျွမ်းခြင်း​ပညာ​နှင့် ပြည့်စုံ​လိမ့်​မည်။” (ဟဗက္ကုတ် ၂:၁၄) ထို​အားရ​ဝမ်းသာစရာ​အချိန်​မရောက်မချင်း ဟဗက္ကုတ်​၏​ပုံသက်သေ​ကောင်း​ကို လိုက်လျှောက်​ကြပါစို့။ ‘ကျွန်ုပ်​တို့ကို ကယ်တင်​တော်​မူ​သော ဘုရားသခင်​ကို အမှီပြုလျက်​အစဉ်သဖြင့်​ရွှင်လန်း’ ကြ​စို့​လေ။

သင်​မှတ်မိ​သလော

● ဟဗက္ကုတ်​၏​ဆုတောင်းချက်​သည် ကျွန်ုပ်​တို့ကို မည်သို့​ဖြစ်စေ​မည်​နည်း။

● ယေဟောဝါ​သည် အဘယ်ကြောင့်​ချီတက်​တော်​မူ​သနည်း။

● ဟဗက္ကုတ်​၏​ပရောဖက်ပြုချက်​က ကယ်တင်ခြင်း​အကြောင်း အဘယ်​သို့​ဆို​သနည်း။

● ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​နေ့ကြီး​ကို အဘယ်​သဘောထားမျိုး​ဖြင့် စောင့်မျှော်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် အာမဂေဒုန်​တွင် ဆိုးသွမ်းသူ​တို့​တစ်ဖက်၌ အဘယ်​အင်အားစု​များ​အသုံးပြု​မည်​ကို သင်​သိပါသလော