မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇွဲရှိခြင်းဖြင့် အောင်မြင်

ဇွဲရှိခြင်းဖြင့် အောင်မြင်

ဇွဲရှိ​ခြင်း​ဖြင့် အောင်မြင်

ဇွဲရှိ​ခြင်း​မှာ မျက်မှောက်ခေတ်​ကာလ​၌ ရှားပါး​အရည်အသွေး ဖြစ်လာ​ပြီ။ လူအများ​က အောင်မြင်မှု​ဟူသည် ဇွဲရှိ​ခြင်း​ထက် နေရာမှန်တွင် အချိန်​မှန်​ရောက်ရှိ​နေခြင်း​အပေါ် များစွာ​မူတည်​သည်​ဟု ယူမှတ်​ထား​ကြ​၏။ သူတို့ကို မည်သူ​အပြစ်​ဆို​မည်​နည်း။ သင်​အလိုရှိ​ရာ​အားလုံးနီးပါး​ကို အားစိုက်မှု​အနည်းဆုံး၊ ငွေ​အနည်းငယ်​ပိုပေး​လိုက်​ရုံ​ဖြင့် ရရှိနိုင်​သည်​ဟု စိတ်​တွင်​မသိမသာ​စွဲမှတ်​ကျန်ရစ်​စေသည့် ကြော်ငြာ​ဆောင်ပုဒ်​များနှင့် သတင်း​ဖြန့်ချိရေး​တွင် ပြည့်လျက်​ရှိသည်။ ကျောင်းဆင်း​ဘွဲ့​ရသည်​နှင့် နေ့ချင်းညချင်း​အောင်မြင်​သော သန်း​ကြွယ်​လုပ်ငန်းရှင်​လူငယ်များ​အကြောင်း သတင်းစာ​များ​က အဆက်မပြတ်​ထုတ်ဝေ​လျက်​ရှိ၏။

ပင်တိုင်​ဆောင်းပါး​ရှင် လဲ​န်​နာ​ဒ် ပ​စ္စ​က ဤသို့​မြည်တမ်း​သည်– “စိတ်ကူး​ဉာဏ်​ကွ​န့်​မြူး​ခြင်း​ကို စွဲလမ်း​ကြ​သည့် လူ့​အသိုင်းအဝိုင်း​တွင် လွန်​စွာ​လွယ်ကူ​သ​ယောင်​ရှိ၏။ . . . အကွက်​ကို​သိ​နားလည်​မည်၊ အစွမ်းအစ​ရှိ​မည် သို့​မဟုတ် ဘုရားသခင်​ထံ​မှ​မိုးကြိုး​ကို ကြားဖြတ်​ဖမ်းယူ​လိုက်​မည်​ဆိုလျှင် မည်သူ​မဆို ဆောင်ရွက်​နိုင်​ပုံ​ရှိ​နေသည်။”

ဇွဲရှိ​ခြင်း​ဟူသည် အဘယ်နည်း

ဇွဲ​န​ပဲ​ဟူသည် ‘အခက်အခဲ​များ သို့​မဟုတ် ဟန့်တား​မှုများ​ကြား​မှ ရည်ရွယ်ချက်​တစ်ခု၊ အခြေအနေ​တစ်ခု၊ သို့​မဟုတ် လုပ်ငန်း​တစ်ခု​ကို စွဲစွဲမြဲမြဲ၊ ပုံမှန်​ပြုလုပ်​ဆောင်ရွက်ခြင်း’ ဟု​အဓိပ္ပာယ်​ရသည်။ ဆင်းရဲ​အတိ​ကြုံ​ရ​လျက်​ပင် လက်မလျှော့​ဘဲ ဆက်၍​စွဲမြဲ​စွာ စွမ်း​စွမ်း​တ​မံ​လုပ်ကိုင်​ခြင်း​ကို​ဆိုလို​သည်။ ဤ​အရည်အချင်း​၏ အရေးပါမှု​ကို သမ္မာကျမ်းစာ​က အလေးပေး​ဖော်ပြ​သည်။ ဥပမာ၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​၏– ‘ဘုရားသခင့်​နိုင်ငံတော်​ကို ဆက်၍​ရှေ့​ဦး​ရှာ​ကြလော့၊’ ‘တံခါး​ကို ဆက်၍​ခေါက်​ကြလော့၊ ခေါက်​လျှင်​ပွင့်​မည်၊’ ‘စွဲစွဲမြဲမြဲ​ဆုတောင်း​လော့၊’ နှင့် “ကောင်းသော​အရာ​ကို​အမြဲ​ကိုင်စွဲ​ကြလော့။”—မဿဲ ၆:၃၃; လုကာ ၁၁:၉; ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၂၁

ဇွဲရှိ​ခြင်း​၏ အရေးပါသော​ကဏ္ဍ​တစ်ရပ်​မှာ ရှောင်လွှဲ​၍​မရနိုင်​သော​ဟန့်တား​မှုများ​ကို ကိုင်တွယ်​ဖြေရှင်းခြင်း​ဖြစ်သည်။ နယပုံပြင် ၂၄:၁၆ က​ဤသို့​ဖော်ပြ​သည်– “ဖြောင့်မတ်​သော​သူသည် ခု​နစ်​ကြိမ်လဲ​သော်လည်း ထ​ပြန်​လိမ့်​မည်။” အခက်အခဲ သို့​မဟုတ် ကျရှုံး​မှု​ကို​ကြုံတွေ့​ရသောအခါ ‘ရပ်ဆိုင်း​လိုက်​မည့်’ အစား ဇွဲရှိ​သော​သူသည် ‘ပြန်​ထ၍၊’ ‘ဆက်လက်’ ကြိုးစား​ပြန်​သည်။

သို့သော် လူအများသည် မိမိတို့​ကြုံတွေ့​မည့် အခက်အခဲ​များနှင့် ကျရှုံး​မှုများ​အတွက် အသင့်ပြင်​ဆင်​ထားခြင်း​မရှိကြ​ချေ။ ဇွဲရှိ​ခြင်း​ကို ဘယ်​သောအခါ​က​မျှ မွေးမြူ​ခဲ့​သည်မဟုတ်​သဖြင့် လွယ်လွယ်ကူကူ​ပင် သူတို့​လက်လျှော့​လိုက်​ကြသည်။ “လူ​တော်​တော်​များများ​သည် ကျရှုံး​မှု​ကို မိမိကိုယ်ကို ဖျက်ဆီး​သည့်​နည်းဖြင့် တန်ပြန်​တတ်ကြ​သည်” ဟု စာရေး​ဆရာ မော်​လီ ကဲ​လက်​ဟန်​က​ဆို​သည်။ “သူတို့သည် မိမိကိုယ်ကို သနားစိတ်​ဝင်​ကာ၊ လူတိုင်းကို အပြစ်​တင်၍ အလွန်​စိတ်​နာကြည်း​ပြီး . . . အားလျှော့​လိုက်​ကြသည်။”

ယင်းသည် ဝမ်းနည်းစရာပင်။ “တုန်လှုပ်​ချောက်ချား​ဖွယ်​အတွေ့အကြုံကို သည်းခံ​ရခြင်း​အကြောင်း​ရှိကြောင်း၊ ဆင်းရဲ​အတိ​ကြုံရခြင်း​၌ တန်ဖိုး​ရှိကြောင်းကို ကျွန်ုပ်​တို့​မေ့ထား​ကြသည်” ဟု ပ​စ္စ​က ညွှန်ပြ​သည်။ အဘယ်​တန်ဖိုး​နည်း။ သူက ဤသို့​ကောက်ချက်​ချ​သည်– “ကျရှုံး​မှု​မှာ သေစေ​တတ်​သည်မဟုတ်၊ ရှုံးနိမ့်​ခြင်း​သည် ထာဝစဉ်​မဟုတ်​ကြောင်း သိရှိ​လာ​၏။ ပိုမို​ရင့်ကျက်​လာ​စေ​သည်။ အသင့်​ဖြစ်လာ​စေ​သည်။” သမ္မာကျမ်းစာ​က ဤသို့​ရိုးရှင်း​စွာ​ဖော်ပြ​သည်– “ကြိုး​စား၍​လုပ်​လေ​ရာ​ရာ​၌ ကျေးဇူးရှိ​၏။”—သု. ၁၄:၂၃

မှန်ပါသည်၊ ဟန့်တား​မှုကြုံ​ရပြီး​နောက် ပြန်​စ​ဖို့​ရန် အမြဲ​ပင်​လွယ်ကူ​မည်​မဟုတ်​ချေ။ ရံဖန်ရံခါ ဟန့်တား​မှု​တို့ကို​အနိုင်ယူ​ရန် ကျွန်ုပ်​တို့၏​ကြိုးပမ်း​အားထုတ်မှု​မှန်သမျှကို ဆီးတား​ပုံ​ရှိသည့် စိန်ခေါ်ချက်​များနှင့် ရင်ဆိုင်​ကောင်း​ရင်ဆိုင်​ရကြပေမည်။ ထို​အခါ​ပန်းတိုင်​သို့​နီး​လာပုံ​ရှိ​မည့်​အစား ဝေး​သည်ထက်​ဝေး​သွား​နေ​ပုံ​ရှိ​မည်။ ဖိစီး​လွှမ်းမိုး​ခံရ​သည်၊ စွမ်းဆောင်မှု​မရှိ​ဟု​ခံစား​ရပြီး စိတ်ပျက်​အားလျော့​ကာ စိတ်ဓာတ်​ပင်​ကျ​ပေမည်။ (သု. ၂၄:၁၀) သို့​တိုင် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​အားပေး​သည်– “ငါ​တို့သည် အား​မ​လျော့၊ စိတ်မပျက်​ဘဲ ကောင်းသော​အကျင့်ကို​ကျင့်​ကြ​ကုန်​အံ့။ ထိုသို့​တည်ကြည်​၍​ကျင့်​လျှင် အချိန်တန်​သော​ကာလ​၌ အသီးအနှံ​ကို​ရိတ်​ရ​ကြလိမ့်မည်။”—ဂလာတိ ၆:၉

အဘယ်အရာက​ဇွဲရှိ​စေနိုင်​မည်​နည်း

မိမိ​ရွေးချယ်​ထားသော​လမ်းစဉ်တွင် ဇွဲရှိ​ရန်​ဦးဆုံး​ပြု​ရမည့်​ခြေလှမ်း​မှာ အကျိုးနပ်​၍ မီနိုင်​သော​ပန်းတိုင်​များ​ထားခြင်း​ဖြစ်သည်။ ယင်းကို တမန်​တော်​ပေါလု အမှန်ပင်​နားလည်ခဲ့​၏။ ကောရိန္သု​မြို့သား​များ​ကို သူက​ဤသို့​ပြော​ခဲ့​သည်– “ငါ​ပြေး​သောအခါ အမှတ်တမဲ့​ပြေး​သည်မဟုတ်။ လက်​ပွေ့​သတ်​သောအခါ အာကာသ​ကောင်းကင်​ကို​သာ ထိုး​၍​သတ်​သည်မဟုတ်။” မိမိ၏​ကြိုးပမ်း​အားထုတ်မှု​များ​ကို အောင်မြင်​စေ​လိုလျှင် ပြိုင်ပွဲဝင် အပြေးသမား​တစ်ဦး​သည် မိမိ၏​စိတ်အား ပန်းဝင်​မျဉ်း​ကို ဖြတ်ကျော်​ရန် အာရုံ​စူးစိုက်​ထား​ရသည့်​နည်းတူ သူ့​အနေ​ဖြင့် ထင်ရှား​ပြတ်သား​သော​ပန်းတိုင်​များ ထား​ဖို့​လိုအပ်​မည်​ဖြစ်​ကြောင်း ပေါလု​သိရှိ​ခဲ့​သည်။ သူက “မြေ​တ​လင်း​၌​ပြိုင်​၍​ပြေးကြ​သော သူအပေါင်း​တို့သည် ပြိုင်​၍​ပြေးကြ​သော်လည်း၊ တစ်ယောက်တည်း​သာ​လျှင်​ဆု​ကို​ရသည်​ဟု သင်တို့​မသိကြ​သလော။ ဆု​ကို​ရမည်​အကြောင်း​ပြေး​ကြလော့” ဟု​သူတို့ကို​တိုက်တွန်း​နှိုးဆော်​ခဲ့​၏။ (၁ ကောရိန္သု ၉:၂၄၊ ၂၆) မည်သို့​ပြု​နိုင်​ကြ​မည်​နည်း။

“ပညာသတိ​ရှိသောသူ​မူ​ကား၊ မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏” ဟု နယပုံပြင် ၁၄:၁၅ က​ဆို​သည်။ ကျွန်ုပ်​တို့၏​အကြံအစည်​များ​ကို အခါ​အား​လျော်​စွာ ပြန်လည်​အကဲဖြတ်ခြင်း၊ ကျွန်ုပ်​တို့​မည်သည့်​နေရာသို့​ဦးတည်​နေ၍ ပြုပြင်​ညှိနှိုင်း​မှုများ လို၊ မလို​မေးမြန်းခြင်း​သည် ပညာရှိရာ​ကျ​၏။ ကျွန်ုပ်​တို့သည် အဘယ်အရာ​ပြီးမြောက်​လို​၍ အဘယ်ကြောင့်​ထိုသို့​ဖြစ်စေ​လို​ကြောင်းကို စိတ်ထဲ​တွင် အထင်အရှား​သိရှိ​ရန် အရေးကြီး​လှ​သည်။ ကျွန်ုပ်​တို့၏​စိတ်​တွင် ရောက်​လို​သော​ပန်းတိုင်​ကို မျက်ခြည်မပြတ်​စေ​လျှင် လက်မြှောက်​အရှုံးပေး​လို​သည့်​ဆန္ဒ လျော့နည်း​ပေ​လိမ့်​မည်။ သင် “သွား​လေ​ရာ​ရာ​၌ တည်ကြည်​ခြင်း​ရှိစေ” ရန် “သင်၏​မျက်စိသည် ရှေ့ရှု​ကြည့်” ပါ​ဟု မှုတ်သွင်းခံ​နယပုံပြင်​ကျမ်း​က တိုက်တွန်း​၏။—သု. ၄:၂၅၊ ၂၆

သင်၏​ပန်းတိုင်​များ​ကို ခွဲခြား​သိမြင်ပြီး​ပြီ​ဖြစ်​ရာ ထပ်ဆင့်​ပြုလုပ်​ရမည့်​အဆင့်​မှာ ပန်းတိုင်​ရောက်​ရန် မည်သို့​ကြိုးစား​မည်​ကို ဆန်းစစ်ခြင်း​ဖြစ်သည်။ ယေရှု​က ဤသို့​မေးမြန်း​တော်​မူ​ခဲ့​သည်– “သင်တို့တွင်​တစ်ယောက်​သော​သူသည် တိုက်​ကို​တည်​မည်​ဟု​အကြံ​ရှိလျှင်၊ ထို​တိုက်​ပြီး​အောင် ငွေ​လောက်​မည်​မလောက်​မည်​ကို​သိခြင်း​ငှာ၊ ရှေ့​ဦးစွာ​ထိုင်၍ ကုန်ကျ​စရိတ်​ကို​မချင့်တွက်​ဘဲ​နေ​မည်​လော။” (လုကာ ၁၄:၂၈) ဤ​မူ​နှင့်​အညီ စိတ်​ပညာရှင်​တစ်ဦး​က ဤသို့​ဆို​သည်– “အောင်မြင်မှု​ရရှိ​သူတို့နှင့်​ပတ်သက်​၍ ကျွန်ုပ်​သတိပြုမိ​သည့်​အရာတစ်ခု​မှာ သူတို့၏​အသက်တာ​၌ အကြောင်း​နှင့် အကျိုး​၏​ဆက်နွှယ်​ချက်​ကို ရှင်းရှင်းလင်းလင်း​နားလည်​သဘောပေါက်ခြင်း​ပင်​ဖြစ်သည်။ အောင်မြင်သူ​တို့သည် တစ်စုံတစ်ရာ​ကို သူတို့​အလိုရှိ​မည်​ဆိုလျှင် ယင်းကို​ရရှိရန်​အတွက် လိုအပ်​သည့်​အရာ​မှန်သမျှကို ပြုလုပ်​ရမည်​ဖြစ်​ကြောင်း နားလည်​ထား​ကြ​၏။” ကျွန်ုပ်​တို့​အလိုရှိရာကို​ရရှိရန် ပြုလုပ်​ရမည့်​အမှု​အားလုံး​ကို ရှင်းရှင်းလင်းလင်း​သဘောပေါက်​ထားခြင်း​က ဆက်၍​အာရုံ​စူးစိုက်​နေ​စေဖို့ အကူအညီ​ရ​ပေ​လိမ့်​မည်။ သို့ပြုလျှင် ကျွန်ုပ်​တို့သည် ဟန့်တား​ခံရ​ပါ​က ပြန်လည်​ဖွဲ့စည်း​ရန်​အတွက် သာ၍​လည်း​လွယ်ကူ​စေ​ပေ​လိမ့်​မည်။ ယင်း​သို့​သော​ဆန်းစစ်မှု​က အော်​ဗီလ်​နှင့် ဝီလ်ဗာ​ရိုက်​တို့၏​အောင်မြင်မှု​အတွက် အခြေခံ​ဖြစ်​ခဲ့​သည်။

ထို့​ကြောင့် ဟန့်တား​မှုများ​ဖြစ်ပေါ်​လာ​သည့်​အခါ ၎င်းတို့ကို သင်ယူစရာ​အတွေ့အကြုံ​တစ်ခု​အဖြစ် အပြုသဘောပါပါ အတတ်နိုင်ဆုံး​ရှုမြင်ပါ။ အခြေအနေ​ကို ဆန်းစစ်​ကြည့်​ပါ၊ မည်သည့်​နေရာတွင်​မှားသွား​ကြောင်းကို ပိုင်းခြား​ဝေဖန်​ပါ၊ ထို့နောက် အမှား​ပြင်​ပါ သို့​မဟုတ် အားနည်းချက်ကို ဖျောက်ဖျက်​ပါ။ “အကြံ​ရှိသောသူ​သည် သူတစ်ပါး​နှင့်​တိုင်ပင်​လျှင်၊ အကြံ​ထမြောက်​တတ်၏” ဟု​ဆို​ထားသော​ကြောင့် အခြားသူ​တို့​နှင့် ဆွေးနွေး​ပြောဆိုခြင်း​က အထောက်အကူ​ပေး​သည်။ (သု. ၂၀:၁၈) အသင်​ကြိုးစား​အားထုတ်​လေ သာ၍​တတ်မြောက်​ကျွမ်းကျင်​လာ​လေ​ဖြစ်​ပြီး အဆုံး​တွင် အောင်မြင်မှု​ရရှိ​လေ​အောင် ပံ့ပိုး​ခံရ​သည်။

ဇွဲရှိ​ခြင်း​၌ မရှိမဖြစ်​လိုအပ်သော တတိယ​ရှုထောင့်​မှာ တစ်သမတ်တည်း​လုပ်ဆောင်မှု​ဖြစ်သည်။ တမန်​တော်​ပေါလု​က ကျွန်ုပ်​တို့ကို ဤသို့​နှိုးဆော်​တိုက်တွန်း​သည်– “ငါ​တို့​မီ​ပြီး​ခဲ့​သမျှ​အတိုင်း တစ်နည်း​တည်း​လိုက်လျှောက်​ကြ​ကုန်​အံ့။” (ဖိလိပ္ပိ ၃:၁၆က​ဘ) ပညာပေး​သူ​တစ်ဦး​က “အစွန်း​မ​ရောက် တစ်သမတ်တည်း​ကြာမြင့်စွာ​ပြုလုပ်​သွားခြင်းက အရေးပါ​အရာရောက်​သော​အကျိုးဆက်များ​ကို ဖြစ်ထွန်း​စေ​၏” ဟု​ဖော်ပြ​သည်။ ၎င်း​သည် လူသိ​များသော​အီ​စွတ်​ပုံပြင်​မှ လိပ်​နှင့်​ယုန်​အကြောင်း​တွင် ကောင်းစွာ​ပေါ်လွင်​သည်။ ယုန်​ထက် သာ၍​များစွာ​နှေးကွေး​သော်လည်း လိပ်​သည် အပြေး​ပြိုင်ပွဲ​တွင်​အနိုင်​ရသွား​သည်။ အဘယ်ကြောင့်​နည်း။ လိပ်​သည် ပုံမှန်၊ နည်း​စနစ်ကျ​ကျ​သွားခဲ့​ခြင်း​ကြောင့်​ဖြစ်သည်။ သူသည် သဘာဝ​ကျ​ကျ​မိမိ​ဆက်လက်​သွား​နိုင်​သည့် အရှိန်ကို​ရွေးချယ်​ပြီး ထို့နောက်​တွင် ပန်းဝင်​မျဉ်း​ကို​ရောက်​သည့်​အထိ မစွန့်ခွာ​ဘဲ​စွဲမြဲ​စွာ​ပြေး​ခဲ့​သည်။ စည်းစနစ်ကျ​န​ပြီး ပုံမှန်​ပြုလုပ်​တတ်​သူသည် တစ်သမတ်တည်း​တိုးတက်​သွား​သည့်​အတွက် လှုံ့ဆော်မှု​ခံစား​နေရ​ကာ ပြိုင်ပွဲ​မှ​ထွက်​ဖို့ သို့​မဟုတ် ဖြုတ်​ခံရ​ဖို့ အကြောင်း​နည်း​သည်။ သင့်​ပန်းတိုင်​သို့ ရောက်​မည့်​အကြောင်း ‘ပြေး​လော့။’

အကျိုးနပ်​သော​ပန်းတိုင်​များ ရွေးချယ်ခြင်း

မှန်ပါသည်၊ တန်ဖိုး​ရှိသော​ဇွဲ​ဖြစ်စေ​ရန် ကျွန်ုပ်​တို့​မှာ အကျိုးနပ်​သော​ပန်းတိုင်​များ​ရှိဖို့ လိုအပ်​သည်။ လူများစွာ​သည် ပျော်ရွှင်မှု​မပေး​သော​အရာများ​အတွက် ကြိုးပမ်း​နေတတ်​ကြသည်။ သို့သော် သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “လွှတ်​ခြင်း​နှင်​ဆိုင်၍ စုံလင်သော​တရား၌​စေ့စေ့​ကြည့်ရှု​၍ တည်ကြည်သော​သူ​မူ​ကား . . . မိမိ​ကျင့်​သော​အကျင့်​၌ [“ပျော်ရွှင်၊” က​ဘ] ၏။” (ယာကုပ် ၁:၂၅) သမ္မာကျမ်းစာ​၌​ဖော်ပြ​ထား​သည့် ဘုရားသခင်​၏​နည်း​ဥပဒေသကို နားလည်​ရန်​လေ့လာခြင်း​သည် အလွန်​အကျိုးနပ်​သော​ပန်းတိုင်​တစ်ခု​ဖြစ်သည်။ အဘယ်ကြောင့်​နည်း။ ထူးခြား​ရသည့်​အကြောင်းရင်း​မှာ ဘုရားသခင်​၏​နည်း​ဥပဒေသ​သည် စုံလင်၊ ဖြောင့်မတ်​သော​ကိုယ်တော်​၏​စံနှုန်း​များ​ပေါ်​တွင် အခြေခံ​ထားသော​ကြောင့်​ဖြစ်သည်။ ဖန်ဆင်း​ရှင်​အနေ​ဖြင့် မိမိ၏​ဖန်ဆင်း​ရာ​များ​အတွက် အကောင်းဆုံး​အရာ​ကို ကိုယ်တော်​သိရှိ​တော်​မူ​၏။ သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ဘုရားသခင့်​သွန်သင်ချက်​များ​ကို လေ့လာခြင်း​နှင့် ကျွန်ုပ်​တို့၏​အသက်တာတွင် ယင်း​တို့ကို​လိုက်နာ​ကျင့်သုံး​ခြင်း​၌ စွဲမြဲ​နေ​မည်​ဆိုလျှင် ယင်း​သို့​သော​စွဲမြဲမှု​က ကျွန်ုပ်​တို့ကို အမှန်ပင်​ပျော်ရွှင်​စေပါ​လိမ့်​မည်။ နယပုံပြင် ၃:၅၊ ၆ က “ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ . . . သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်” ဟု​ကတိပြု​သည်။

ထပ်ဆင့်၍ ယေရှု​က ဘုရားသခင်​နှင့် ယေရှု​နှင့်​ပတ်သက်သော အသိပညာကို​ဆည်းပူးခြင်း​က “ထာဝရ​အသက်” ပင်​ဖြစ်သည်ဟု မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၁၇:၃) ကျွန်ုပ်​တို့သည် ဤ​အစီအစဉ်​စနစ်​၏ ‘နောက်ဆုံး​ကာလ’ တွင် အသက်​ရှင်​နေကြ​ရ​ကြောင်း သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​က ဖော်ပြ​သည်။ (၂ တိမောသေ ၃:၁-၅; မဿဲ ၂၄:၃-၁၃) မကြာမီ ဘုရားသခင့်​ဖြောင့်မတ်​သော​နိုင်ငံတော်​အစိုးရ​သည် မြေကြီးသား​အပေါင်း​ကို​အုပ်ချုပ်​ပိုင်ထိုက်​ကြောင်း တင်ပြ​ပေ​လိမ့်​မည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၁၀) ဤ​အစိုးရ​သည် မဖြစ်​ဖူး​သော ငြိမ်းချမ်း​သာယာ၊ ကြွယ်ဝခြင်း​နှင့် နာခံမှု​ရှိ​လူသား​အပေါင်း​၏​စည်းစိမ်​ကို ဆောင်ကြဉ်း​ပေး​ပေ​လိမ့်​မည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဗျာဒိတ် ၂၁:၄) တမန်​တော် ၁၀:၃၄ က “ဘုရားသခင်​သည် လူ​မျက်နှာကို​မှတ်​တော်​မ​မူ” ဟု​ဆို​သည်။ မှန်ပါသည်၊ ထို​အကျိုးကျေးဇူးများ​ကို လူတိုင်း​ခံစား​ရဖို့ ဖိတ်ခေါ်​ခံရ​လျက်​ရှိ၏။

သမ္မာကျမ်းစာ​သည် ဉာဏ်ပညာ​နှင့် အဓိပ္ပာယ်​အပြည့်အဝ​ပါ​သော ရှေးဟောင်း​စာအုပ်​တစ်အုပ်​ဖြစ်သည်။ ယင်းကို​နားလည်​ရန် အချိန်​နှင့် ကြိုးစား​အားထုတ်မှု​လို​သည်။ သို့သော် ဘုရားသခင့်​အကူအညီ​ဖြင့်—ယင်း​၏​အသိပညာကို ကျွန်ုပ်​တို့​စွဲမြဲ​စွာ​ရှာဖွေ​မည်​ဆိုလျှင် ယင်းသည် ကျွန်ုပ်​တို့​အကျွမ်းဝင်​မည့်​စာအုပ်​တစ်အုပ်​ဖြစ်လာ​လိမ့်​မည်။ (သု. ၂:၄၊ ၅; ယာကုပ် ၁:၅) ကျွန်ုပ်​တို့​သိရှိလာရာ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​သည် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​မည်​ကား အမှန်ပင်။ ကျွန်ုပ်​တို့​တွေးခေါ်ပုံ သို့​မဟုတ် ပြုမူ​ကျင့်ကြံ​ပုံ​ကို ပြုပြင်​ညှိနှိုင်း​ရန် လို​ကောင်း​လို​ပေမည်။ ရင်းနှီး​ကျွမ်းဝင်​သော​မိတ်ဆွေများ သို့​မဟုတ် မိသားစု​မှ​သူများ​ပင် ကျွန်ုပ်​တို့ သမ္မာကျမ်းစာ​လေ့လာ​နေခြင်း​ကို ဆန့်ကျင်​ပေမည်။ သို့​ဖြစ်၍ မဆုတ်မနစ်​ဇွဲရှိ​ခြင်း​မှာ မရှိမဖြစ်​လိုအပ်​သည်။ တမန်​တော်​ပေါလု​က ဘုရားသခင်​သည် “ကောင်းသော​အကျင့်ကို​အမြဲ​ကျင့်” သော​သူတို့ကို ထာဝရ​အသက်ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ကို သတိပေး​သည်။ (ရောမ ၂:၇) ဤ​ပန်းတိုင်​ကို သင်​ရောက်​နိုင်​ရန် ယေဟောဝါသက်သေ​များ​က ကူညီ​ပေးဖို့​အသင့်ရှိ​သည်။

သင်သည် ဘုရားသခင့်​အကြောင်း​နှင့် ကိုယ်တော်​၏​အလိုတော်ကို ဇွဲရှိ​ရှိ​သင်ယူပြီး သိရှိ​သမျှ​ကို စွဲစွဲမြဲမြဲ​လက်တွေ့​ကျင့်သုံး​မည်​ဆိုလျှင် အောင်မြင်မှု​တွေ့ရှိ​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ပါ​လေ။—ဆာလံ ၁:၁-၃

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

သင်သည် ဘုရားသခင့်​အကြောင်း​နှင့် ကိုယ်တော်​၏​အလိုတော်ကို ဇွဲရှိ​ရှိ​သင်ယူ​မည်​ဆိုလျှင် အောင်မြင်မှု​တွေ့ ရှိ​လိမ့်​မည်

[Picture Credit Line on page 4]

Culver Pictures