မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နယ်သာလန်နိုင်ငံရှိ လူအမျိုးမျိုးတို့ကို ကူညီပေးခြင်း

နယ်သာလန်နိုင်ငံရှိ လူအမျိုးမျိုးတို့ကို ကူညီပေးခြင်း

ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ​မှတ်တမ်း

နယ်သာလန်​နိုင်ငံ​ရှိ လူအမျိုးမျိုး​တို့ကို ကူညီ​ပေးခြင်း

အာဗြဟံ​သည် အံ့မခန်းဖွယ်​ယုံကြည်ခြင်း​ရှိသူ​တစ်ဦး ဖြစ်သည်။ “ခေါ်တော်မူ​သောအခါ” အာဗြဟံ​သည် ဘုရားသခင့်​စကား​ကို​နာခံ​၍ “ဘယ်​အရပ်သို့​သွား​သည်ကို ကိုယ်တိုင်​မသိဘဲ​လျက် . . . ထွက်သွား​လေ​၏” ဟု​တမန်​တော်​ပေါလု​က​ဆို​သည်။ မိသားစု​တစ်စုလုံး ပြောင်းရွှေ့​သွား​ကြ​ပြီး​နောက် သူ​သေ​သည်​အထိ “ဧည့်သည်​နေ​သကဲ့သို့၊ ကတိတော်​နှင့်​စပ်ဆိုင်​သော​ပြည်​၌” အနှစ်​တစ်​ရာ​နေထိုင်ခဲ့​၏။—ဟေဗြဲ ၁၁:၈၊ ၉

အလားတူ​ပင် ယနေ့လည်း သာ၍​လိုအပ်​သည့်​နေရာ၌ အမှုတော်​ဆောင်ရန် စိန်ခေါ်ချက်​ကို ယေဟောဝါသက်သေ​များစွာ​သည် လက်ခံခဲ့​ကြ​ပြီး အခြား​နိုင်ငံ​တစ်နိုင်ငံ​သို့ ရွှေ့​ပြောင်း​နေထိုင်ခဲ့​ကြသည်။ အခြားသူ​တို့​မှာ​မူ ဘာသာ​ခြား​စကား​ကို​သင်ယူ​ခဲ့​ကြ​ပြီး သူတို့၏​နိုင်ငံ​သို့ ဝင်ရောက်​နေထိုင်​လာ​ကြသော တိုင်းတစ်ပါးသား​များ​ကို သက်သေ​ခံနိုင်​ခဲ့​ကြသည်။ အောက်ပါ​ဥပမာ​များ​က ဖော်ပြ​သကဲ့သို့ ဤ​မွန်မြတ်သော​စိတ်ဓာတ်​က ပြည်သူ ၁၅ သန်း​တွင် တိုင်းတစ်ပါး​မှ​လာရောက်သူ တစ်သန်း​ရှိသော နယ်သာလန်​နိုင်ငံ​၌ “အလွန်​ကြီးစွာ​သော​တံခါး” ကို​ပွင့်​စေ​ခဲ့​သည်။—၁ ကောရိန္သု ၁၆:၉

□ ယခင်​က​ကွန်​ဖူး​နည်းပြ​ဖြစ်သူ ဘာ​ရမ်​သည် အရှေ့အလယ်ပိုင်း​နိုင်ငံ​တစ်နိုင်ငံ​မှ ပြောင်းရွှေ့​လာ​ခဲ့​သည်။ ကျမ်းစာ​တစ်အုပ်​နှင့် ကင်းမျှော်စင်​စာပေ​အချို့​ကို သူ​လက်ခံရ​ရှိခဲ့​သည်။ တစ်လ​အတွင်း ဘာ​ရမ်​သည် အမှန်တရားကို​တွေ့ ရှိခဲ့​ပြီး​ဖြစ်​ကြောင်း သိလာ​ခဲ့​သည်။ သူနှင့် သူ့​ဇနီးသည် ကျမ်းစာ​သင်အံမှု​ကို​စတင်​လိုက်​သော်လည်း အခက်အခဲ​တစ်ရပ်​မှာ သူတို့ကို​ကျမ်းစာ​သင်ပေး​သူသည် သူတို့၏​ဘာသာ​စကား​ကို မပြော​ဆို​တတ်​ခြင်း​ပင်​ဖြစ်သည်။ သူတို့သည် အမူအယာ​ဖြင့်​ဆက်သွယ်​ခဲ့​ကြ​ပြီး၊ “ခြေ​ဟန်​လက်​ဟန်​များ” နှင့်​ပြောဆို​ခဲ့​ကြ​ရ​ကြောင်း ပြန်​ပြောပြ​သည်။ အချိန်တန်သော် ဘာ​ရမ်​နှင့် သူ့​ဇနီးသည် သူတို့၏​ဘာသာ​စကားပြော​ဆို​သော အသင်းတော်​တစ်ခု​ကို​တွေ့ ရှိခဲ့​ကြ​ပြီး လျင်မြန်​စွာ​တိုးတက်လာ​ခဲ့​သည်။ ယခု ဘာ​ရမ်​သည် နှစ်ခြင်း​ခံ​ပြီး​သော​သက်သေခံ​တစ်ဦး ဖြစ်​လေ​ပြီ။

□ ဒတ်ခ်ျ​လူမျိုး ရှေ့ဆောင်​မောင်နှံစုံ​သည် ကုန်​ပ​ဒေ​သာ​ဆိုင်​တစ်ဆိုင်​အရှေ့​တွင် ရပ်နေ​သော​အင်ဒိုနီးရှား​အမျိုးသား​တစ်ဦး​ကို ချဉ်းကပ်​ခဲ့​ကြသည်။ အဆိုပါ ဇနီး​မောင်နှံ​က ထို​သူ၏​ဘာသာ​စကား​ဖြင့် စကား​ပြောဆို​လိုက်​ကြသောအခါ သူသည်​နှစ်သက်​သဘောကျ​စွာ​ဖြင့် အံ့အားသင့်​ခဲ့​၏။ သူ၏​အိမ်​သို့ လည်ပတ်ကြ​ဖို့ ချက်ချင်း​ပင်​စီစဉ်​ခဲ့​ကြသည်။ သူသည် ရုရှား​နိုင်ငံ​တွင် အနှစ် ၂၀ ကျော်​နေထိုင်ခဲ့​ပြီး ထို​အတောအတွင်း မီးယပ်​ဘက်​ဆိုင်ရာ ဆရာဝန်​ကြီး​တစ်ဦး​ဖြစ်လာ​ခဲ့​ကြောင်း သိခဲ့​ကြ​ရ၏။ သူ့ကိုယ်သူ ဘုရားမဲ့​ဝါဒီ​တစ်ဦး​ဟု ဆို​ခဲ့​သော်လည်း သူသည် ကလေး​မီးဖွား​ပေး​ချိန်​တိုင်း​တွင် “လူ့​ကိုယ်ခန္ဓာ​မှာ စုံလင်​လှ​ပါ​တကား! အံ့အားသင့်​စ​ရာ​ပါ​ပဲ!” ဟူ၍​မအံ့သြ​ဘဲ​မနေနိုင်​ခဲ့​ကြောင်းကို ဝန်ခံခဲ့​သည်။ သမ္မာကျမ်းစာ​ကို လေ့လာ​ရန် သဘောတူညီ​လိုက်ပြီး လူသား​တစ်ရပ်လုံး​ကို ဂရုစိုက်​တော်​မူ​သည့် ဖန်ဆင်း​ရှင်​တစ်ပါး​ရှိကြောင်းကို မကြာမီတွင် သူ​ယုံကြည်​လက်ခံ​လာ​ခဲ့​သည်။ (၁ ပေတရု ၅:၆၊ ၇) ယခု သူသည် နှစ်ခြင်း​ယူပြီး​သော ညီအစ်ကို​တစ်ဦး​ဖြစ်နေ​ပြီး အမ်စတာဒမ်​မြို့ရှိ အင်ဒိုနီးရှား​ဘာသာ​စကားပြော အသင်းတော်တွင် အမှုဆောင်​လျက်​ရှိသည်။

□ ကမ္ဘာ​တစ်ခွင်​ရှိ အကြီးဆုံး​ဆိပ်ကမ်း​မြို့​တစ်မြို့​ဖြစ်သော ရော့​တာ​ဒမ်​မြို့တွင် ရှေ့ဆောင်​အုပ်စု​တစ်စု​သည် ကုန်တင်​ကုန်​ချ​ဆိပ်ကမ်း​သို့ နေ့စဉ်​ရောက်လာ​သည့် ဘာသာ​စကား​အမျိုးမျိုး​ပြောသူ​တို့ကို ကျွမ်းကျင်​စွာ​ဟောပြော​တတ်လာ​ကြသည်။ ဤ​စိတ်အား​ထက်သန်​သော​အုပ်စု​မှ တက်တက်ကြွကြွ​ဟောပြောသူ​တို့​ကြောင့် သင်္ဘော​က​ပ္ပ​တိ​န်​တစ်ဦး၊ ရေကြောင်း​ဆိုင်ရာ​အရာရှိ​တစ်ဦး၊ ယခင်​က​သက်​တော်​စောင့်​တစ်ဦး အပါအဝင် သင်္ဘောသား​များစွာ​သည် အမှန်တရားကို​လက်ခံခဲ့​ကြပြီ။ ယခု သူတို့​သည်လည်း ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ကမ္ဘာ​တစ်ဝန်း​ပျံ့နှံ့​စေရန် ကူညီပေး​နေကြပြီ။—မဿဲ ၂၄:၁၄

ကမ္ဘာ့​အခြား​ဒေသ​အသီးသီး​၌​ကဲ့သို့​ပင် နယ်သာလန်​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များသည် “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့အား” ထာဝရ​သတင်းကောင်းကို ကြေညာ​ရာ​၌ သူတို့၏​အပိုင်းကဏ္ဍ​ကို လုပ်ဆောင်ကြ​ရန် စိတ်ပိုင်းဖြတ်​ထား​ကြသည်။—ဗျာဒိတ် ၁၄:၆