မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား
မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား
“ငါ့သား အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်းမပယ်နှင့်။”—နယပုံပြင် ၁:၈။
ကျွန်ုပ်တို့၏မိဘများ—ဖခင်နှင့်မိခင်—ထံမှ တန်ဖိုးမဖြတ်နိုင်သောအားပေးမှု၊ ထောက်မမှုနှင့် ဆုံးမမှုရရှိနိုင်သည်။ နယပုံပြင်ကျမ်းက မိခင်ထံမှ “ဆုံးမသွန်သင်သောတရားစကား” ရရှိခဲ့သူ ငယ်ရွယ်သည့်ဘုရင်၊ လေမွေလအကြောင်း ဖော်ပြထားသည်။ ထိုစကားများကို နယပုံပြင်အခန်းကြီး ၃၁ တွင်မှတ်တမ်းတင်ထားပြီး ထိုမိခင်၏ ပညာရှိဆုံးမစကားများမှ ကျွန်ုပ်တို့လည်း အကျိုးရရှိနိုင်သည်။—သု. ၃၁:၁။
ဘုရင်တစ်ပါးနှင့်သင့်တော်သော ဆုံးမစကား
လေမွေလ၏မိခင်သည် အလွန်စိတ်ဝင်စားစရာ မေးခွန်းများနှင့် အစပြုသည်– “ငါ့သား အဘယ်သို့နည်း။ ငါဖွားသောသား အဘယ်သို့နည်း။ ငါ၏သစ္စာကတိနှင့်ဆိုင်သောသား အဘယ်သို့နည်း။” သူ၏သုံးကြိမ်တိုင်ထပ်မံတောင်းဆိုချက်က သူ၏စကားကို သားဖြစ်သူအား ဂရုစိုက်နားထောင်စေလိုသည့်ဆန္ဒပြင်းပြကြောင်းဖော်ပြသည်။ (သု. ၃၁:၂) သား၏ဝိညာဉ်ရေးကောင်းဖို့အတွက် သူစိုးရိမ်ကြောင့်ကြခြင်းသည် ယနေ့ ခရစ်ယာန်မိဘများအတွက် ပုံသက်သေကောင်းဖြစ်သည်။
သား၏အကျိုးကိုလိုလားသောမိခင်တစ်ဦးသည် အဆိုရှိသော သေရည်သေရက်၊ မိန်းမငယ်နှင့် တေးဂီတတို့ပါဝင်သည့် အပျော်အပါးလိုက်စားခြင်းထက် အဘယ်အရာကို ပိုပြီးစိုးရိမ်ပူပန်မည်နည်း။ လေမွေလ၏မိခင်သည် လိုရင်းတိုရှင်းဤသို့ဆိုသည်– “သင်၏အစွမ်းသတ္တိကို မိန်းမတို့အား မပေးနှင့်။” တွေ့ကရာလူနှင့် ကာမစပ်ယှက်သည့်အကျင့်သည် “ရှင်ဘုရင်တို့ကို ဖျက်ဆီးတတ်သောအရာ” ဟုသူမှတ်ချက်ချသည်။—သု. ၃၁:၃။
သောက်ကြူးခြင်းကိုလည်း လျစ်လျူမရှုသင့်ပါ။ “အိုလေမွေလ စပျစ်ရည်သောက်သောအမှု . . . သည်ရှင်ဘုရင်၊ မင်းသားတို့နှင့်မတော်မသင့်” ဟုသူသတိပေးသည်။ ရှင်ဘုရင်တစ်ပါးသည် အမြဲမူးယစ်နေမည်ဆိုလျှင် ‘တရားတော်ကိုမမေ့လျော့၍၊ ဆင်းရဲသားအမှုကို တရားသဖြင့်စီရင်ဆုံးဖြတ်’ ရန် ဥပဒေနှင့်အညီ စိတ်ကြည်ကြည်လင်လင်ဖြင့် မည်သို့တရားစီရင်နိုင်မည်နည်း။—သု. ၃၁:၄-၇။
ယင်းအစား မင်းကြီးသည် ထိုအကျင့်ဆိုးများနှင့် ကင်းလွတ်ခြင်းအားဖြင့် “တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏အမှုကိုစောင့်” နိုင်လိမ့်မည်ဖြစ်သည်။—သု. ၃၁:၈၊ ၉။
ယနေ့ ခရစ်ယာန်လူငယ်များသည် “ရှင်ဘုရင်များ” မဖြစ်နိုင်ကြသော်လည်း လေမွေလမိခင်၏ ပညာရှိဆုံးမစကားသည် အခန့်သင့်ဖြစ်ရုံမက ပို၍ပင်သင့်လျော်ပေသည်။ အရက်သေစာအလွဲသုံးစားမှု၊ ဆေးရွက်ကြီးသုံးစွဲမှုနှင့် လိင်အကျင့်ယိုယွင်းမှုတို့သည် ယနေ့လူငယ်များကြားတွင် ပျံ့နှံ့လျက်ရှိရာ ခရစ်ယာန်လူငယ်များ၏ မိဘများက သူတို့ကို “တရားစကား” ပေးသောအခါ အာရုံစိုက်ရန် အရေးကြီးသည်။
အရည်အချင်းပြည့်စုံသောဇနီး
မိခင်များသည် လူကြီးအရွယ်ရောက်လာကြသော မိမိတို့သားများ၏ အိမ်ထောင်ဖက်ဖြစ်လာမည့်သူများကို အမှန်စိုးရိမ်ထိုက်ပေသည်။ လေမွေလ၏မိခင်သည် စံထားလောက်သည့်ဇနီးဘက်သို့ အာရုံပြောင်းသည်။ လူငယ်တစ်ဦးသည် ဤအရေးကြီးကိစ္စတွင် အမျိုးသမီးတစ်ဦးကို အရှိအတိုင်းရှုမြင်ခြင်းဖြင့် အကျိုးများစွာရရှိပေမည်။
အခန်းငယ် ၁၀ [ကဘ] တွင် “အရည်အချင်းပြည့်စုံသောဇနီးတစ်ဦး” ကို ကျမ်းစာခေတ်က အတော်အတန် ကြိုးစားအားထုတ်၍သာရနိုင်သော အလွန့် အလွန်အဖိုးထိုက်သည့်ပတ္တမြားနှင့် နှိုင်းထားသည်။ အလားတူပင် အရည်အချင်းပြည့်စုံသောဇနီးတစ်ဦးကို ရှာတွေ့ရန် ကြိုးစားအားထုတ်ဖို့လိုသည်။ လူငယ်တစ်ဦးသည် စိုးရိမ်တကြီးနှင့် မြန်မြန်ဆန်ဆန်အိမ်ထောင်ပြုမည့်အစား အချိန်ယူရွေးချယ်ဖို့ကောင်းသည်။ သို့ပြုလျှင် သူရှာတွေ့သည့် အဖိုးထိုက်လှသည့်သူကို အလွန်တန်ဖိုးထားပေမည်။
အရည်အချင်းပြည့်စုံသောဇနီးနှင့်ပတ်သက်၍ လေမွေလကို ဤသို့ပြောခဲ့သည်– “သူ၏ခင်ပွန်းသည် သူ့ကိုယုံ . . . လိမ့်မည်။” (အခန်းငယ် ၁၁) တစ်နည်းအားဖြင့် ကိစ္စရပ်တိုင်းတွင် သူ၏ဇနီးသည် သူ၏သဘောတူညီချက် ရယူရမည်ဟု မတောင်းဆိုသင့်ပါ။ တန်ဖိုးကြီးသည့်ပစ္စည်းဝယ်ယူခြင်း သို့မဟုတ် သားသမီးများကို ပဲ့ပြင်သွန်သင်ခြင်းကဲ့သို့သော အရေးကြီးသည့်ဆုံးဖြတ်ချက်များမချမီ အိမ်ထောင်ဖက်များသည် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးတိုင်ပင်သင့်သည်မှာ မှန်ပါသည်။ ဤကိစ္စရပ်များတွင် ဆက်သွယ်ရေးကောင်းခြင်းက အချင်းချင်းရင်းနှီးမှုရှိစေသည်။
အရည်အချင်းပြည့်စုံသောဇနီးတစ်ဦးမှာ ပြုလုပ်စရာများစွာ အမှန်ရှိသည်။ အခန်းငယ် ၁၃ မှ ၂၇ တွင် မည်သည့်ခေတ်၌မဆိုရှိသည့် ဇနီးသည်များ မိမိတို့၏မိသားစုအကျိုးအတွက် အသုံးချနိုင်သည့် ဆုံးမစကားများနှင့်မူများပါရှိသည်။ ဥပမာ၊ အဝတ်အစားနှင့် ပရိဘောဂအသုံးအဆောင်များ စရိတ်မြင့်လာခြင်းကြောင့် အရည်အချင်းပြည့်စုံသောဇနီးသည် သူ၏မိသားစု သက်သောင့်သက်သာ ဝတ်စားနိုင်ဖို့နှင့် ကြည့်ပျော်ရှုပျော်ရှိဖို့ ခြိုးခြံချွေတာ ချုပ်လုပ်တတ်ရန် သင်ယူပေမည်။ (အခန်းငယ် ၁၃၊ ၁၉၊ ၂၁၊ ၂၂) မိသားစုစားစရိတ်လျော့ဖို့ တတ်နိုင်သ၍စိုက်ပျိုးပြီး သတိရှိရှိဝယ်ခြမ်းမည်။—အခန်းငယ် ၁၄၊ ၁၆။
ထိုအမျိုးသမီးသည် “ပျင်းရိခြင်းအစာကိုမစားတတ်” သည်မှာထင်ရှား၏။ အလုပ်ကြိုးစားလုပ်ပြီး မိသားစု၏လုပ်ဆောင်မှုများကို အရည်အချင်းရှိစွာ ညှိနှိုင်းဆောင်ရွက်ပေးသည်။ (အခန်းငယ် ၂၇) သူသည် “မိမိခါးကို ခွန်အားနှင့်စည်း” သည်၊ ဆိုလိုသည်မှာ ကာယခွန်အားအသုံးပြုရန် အသင့်ပြင်ဆင်၏။ (အခန်းငယ် ၁၇) တစ်နေ့တာအလုပ်စတင်ရန် နေမထွက်မီထပြီး ညဉ့်နက်သည်အထိ လုံ့လဝီရိယရှိစွာ အလုပ်လုပ်လေသည်။ သူ၏အလုပ်ကို အလင်းပေးသည့်မီးခွက်သည် အမြဲလင်းနေဘိသကဲ့သို့ဖြစ်သည်။—အခန်းငယ် ၁၅၊ ၁၈။
ထိုထက်မက အရည်အချင်းပြည့်စုံသောဇနီးသည် ဝိညာဉ်ရေးလူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကိုကြောက်ရွံ့ပြီး ကိုယ်တော်ကို အလွန်ရိုသေကိုင်းရှိုင်း၊ ကြည်ညိုလေးမြတ်စွာဖြင့် ကိုးကွယ်သည်။ (အခန်းငယ် ၃၀) အလားတူလုပ်ဆောင်ရန် သားသမီးများကို လေ့ကျင့်သွန်သင်ပေးခြင်းဖြင့် သူ၏ခင်ပွန်းကို အထောက်အကူပေးသည်။ အခန်းငယ် ၂၆ က ကလေးများကို “ပညာစကား” ဖြင့်သွန်သင်ပေးပြီး “မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏” ဟုဆိုထားသည်။
အရည်အချင်းပြည့်စုံသောခင်ပွန်း
အရည်အချင်းပြည့်စုံသောဇနီးတစ်ဦးကို ဆွဲဆောင်နိုင်ရန် လေမွေလသည် အရည်အချင်းပြည့်စုံသောခင်ပွန်းတစ်ဦး၏ တာဝန်များကိုဆောင်ရွက်ရန်လိုသည်။ လေမွေလ၏မိခင်သည် ထိုတာဝန်အချို့ကို သတိရစေသည်။
အရည်အချင်းပြည့်စုံသောခင်ပွန်းတစ်ဦးသည် “ပြည်သားအသက်ကြီးသူတို့” ရှေ့နာမည်ကောင်းရထားသူဖြစ်သည်။ (သု. ၃၁:၂၃) ဆိုလိုသည်မှာ သူသည် အရည်အချင်းရှိသူ၊ ရိုးဖြောင့်သူ၊ ယုံကြည်စိတ်ချရသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်လိမ့်မည်။ (ထွက်မြောက်ရာ ၁၈:၂၁; တရားဟောရာ ၁၆:၁၈-၂၀) ထို့ကြောင့် သူသည် မြို့၏အမှုရေးရာများကို စီစဉ်ညွှန်ကြားရန် အထင်ကရပုဂ္ဂိုလ်များ စုဝေးကြသည့် “မြို့တံခါးတို့၌ . . . ထင်ရှားသောသူ” ဖြစ်ပေမည်။ ဘုရားသခင်ကို ကြောက်ရွံ့သူအဖြစ် “ထင်ရှား” ရန်သူသည် အကျိုးသင့်အကြောင်းသင့်သဘောရှိသူဖြစ်ရပြီး ခရိုင် သို့မဟုတ် ပြည်နယ်ဖြစ်နိုင်သည့် “ပြည်” ၏အသက်ကြီးသူများနှင့်အတူ တညီတညွတ်တည်း လုပ်ဆောင်လိမ့်မည်ဖြစ်သည်။
ဇနီးလောင်းကို တန်ဖိုးထားလေးမြတ်ကြောင်းတင်ပြခြင်း၏ အရေးကြီးမှုကို လေမွေလ၏မိခင်က သူ၏သားအားသတိပေးခြင်းမှာ မိမိ၏ကိုယ်ပိုင်အတွေ့အကြုံမှ ပြောပြခြင်းဖြစ်မည်မှာ သေချာပါသည်။ သူ့အတွက် ပိုပြီးချစ်မြတ်နိုးရမည့်သူ ကမ္ဘာပေါ်တွင်မရှိပါ။ ထို့ကြောင့် အားလုံး၏အရှေ့တွင် ဤသို့ပြောသည့်အခါ သူ၏ခံစားချက်ကို စိတ်ကူးကြည့်ပါ– “လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာပြုကြပြီ။ သို့ရာတွင် သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ။”—သု. ၃၁:၂၉။
လေမွေလသည် သူ့မိခင်၏ပညာရှိဆုံးမစကားများကို တန်ဖိုးထားလေးမြတ်ခဲ့သည်မှာ ထင်ရှားသည်။ ဥပမာ၊ အခန်းငယ် ၁ [ကဘ] တွင်သူ့မိခင်၏စကားများကို သူ့ကိုယ်ပိုင်စကားအလား ရည်ညွှန်းကြောင်း ကျွန်ုပ်တို့မှတ်သားရသည်။ ထို့ကြောင့် သူသည် “ဆုံးမသွန်သင်” မှုကိုနှလုံးသွင်းခဲ့ပြီး အကြံပေးချက်မှ အကျိုးရရှိခဲ့သည်။ ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ထိုမူများကိုလိုက်လျှောက်ကျင့်သုံးခြင်းအားဖြင့် ကျွန်ုပ်တို့လည်း ဤ “တရားစကား” မှအကျိုးရရှိနိုင်ကြပါစေ။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
အရည်အချင်းပြည့်စုံသောဇနီးသည်“ပျင်းရိခြင်းအစာ”ကိုမစားပါ