မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ဆိုင်းတော်မူမည်မဟုတ်

ယေဟောဝါသည် ဆိုင်းတော်မူမည်မဟုတ်

ယေဟောဝါ​သည် ဆိုင်း​တော်​မူ​မည်​မဟုတ်

“ထို [အဆင်းအာရုံ] သည် . . . ဆိုင်း​သော်လည်း​မျှော်လင့်​လော့။ နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်။” —ဟဗက္ကုတ် ၂:၃

၁။ ယေဟောဝါ​၏​လူတို့သည် အဘယ်​သို့​စိတ်ပိုင်းဖြတ်​ခဲ့​ကြ​ပြီး ယင်းကြောင့်​အဘယ်​သို့​ပြု​ရန် သူတို့​လှုံ့ဆော်​ခံရ​သနည်း။

“ငါသည် ငါ့​လင့်​စင်ပေါ်​မှာ​ရပ်​လျက် [နေ​မည်]။” ယင်း​ကား ဘုရားသခင့်​ပရောဖက်​ဟဗက္ကုတ်​၏ အဓိဋ္ဌာန်​ဖြစ်၏။ (ဟဗက္ကုတ် ၂:၁) ဤ ၂၀ ရာစု​ရှိ ယေဟောဝါ​၏​လူတို့သည်​လည်း အလားတူ​စိတ်ပိုင်းဖြတ်​မှု​ကို တင်ပြ​ကြသည်။ ထို့​ကြောင့် ၁၉၂၂ ခုနှစ်၊ စက်တင်ဘာ​လ​တွင် ကျင်းပ​ခဲ့​သော မှတ်သားဖွယ်​စည်းဝေးကြီး​တစ်ခု​၌ ဤ​ဖိတ်ခေါ်ချက်​ကို ဇွဲ​န​ပဲ​ဖြင့်​တုံ့ပြန်​ခဲ့​ကြသည်– “ဤ​ကား နေ့ရက်​တကာ​တို့၏​နေ့ရက်​ဖြစ်သည်။ ကြည့်ရှု​လော့၊ ဘုရင်​စိုးစံ​တော်​မူ​လေ​ပြီ! သင်တို့သည် ကိုယ်တော်​၏ လူသိရှင်ကြား​ကိုယ်စားလှယ်​များ​ဖြစ်​ကြ​၏။ ထို့​ကြောင့် ဘုရင်​နှင့် ကိုယ်တော်​၏​နိုင်ငံတော်​ကို ကြေညာ​ကြ၊ ကြေညာ​ကြ၊ ကြေညာ​ကြ။”

၂။ ပထမ​ကမ္ဘာ​စစ်​ပြီး​နောက် တက်ကြွ​လှုပ်ရှား​သော​အခြေအနေ​သို့ ပြန်ရောက်​ရှိလာ​သောအခါ ဘိသိက်ခံ​ခရစ်ယာန်​များသည် အဘယ်​သို့​ကြေညာ​နိုင်​ခဲ့​သနည်း။

ပထမ​ကမ္ဘာ​စစ်​ပြီး​နောက် ယေဟောဝါ​သည် သစ္စာရှိ​ဘိသိက်ခံ​အကြွင်းအကျန်​အား တက်ကြွ​လှုပ်ရှား​သော​အခြေအနေ​ကို ပြန်​ရရှိစေ​ခဲ့​သည်။ ထို​အခါ ဟဗက္ကုတ်​နည်းတူ သူတို့​တစ်ယောက်စီ​သည် ဤသို့​ကြွေးကြော်​နိုင်​ခဲ့​ကြသည်– “ငါသည် . . . ရဲတိုက်​၌​အမြဲ​နေ​လျက်၊ ငါ့​အား အဘယ်​သို့​မိန့်တော်မူ​မည်​ကို . . . ငါ​စောင့်​၍ [“စောင့်ကြည့်၊” က​ဘ] နေ” မည်။ “စောင့်ကြည့်” သည်​နှင့် “စောင့်ကြပ်​သည်” ဟူသော ဟေဗြဲ​စကားလုံး​များသည် ပရောဖက်ပြုချက်​များစွာ​တွင် ထပ်တလဲလဲ​ပါရှိ​၏။

“နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်”

၃။ ကျွန်ုပ်​တို့​အဘယ်ကြောင့်​စောင့်​နေကြ​ရမည်​နည်း။

ဘုရားသခင့်​သတိပေး​ချက်​ကို ယနေ့ ယေဟောဝါသက်သေ​များ ကြေညာ​နေကြ​စဉ် သူတို့သည် ယေရှု၏​ဤ​မဟာ​ပရောဖက်ပြုချက်​မှ နိဂုံး​စကား​များ​ကို​နာခံ​ဖို့ အမြဲ​ပင်​နိုးနိုးကြားကြား​ရှိ​ရမည်– “အိမ်ရှင်​သည်​ည​ဦး​အချိန်၊ သန်း​ခေါင်​အချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံနက်​အချိန်​တို့​တွင် အဘယ်​အချိန်၌​လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့။ သို့​မဟုတ် အမှတ်တမဲ့​လာ၍ သင်တို့ အိပ်ပျော်​သည်ကို​တွေ့​လိမ့်​မည်။ စောင့်နေ​ကြလော့​ဟု သင်တို့အား​ငါ​ဆို​သည်​အတိုင်း၊ ခပ်သိမ်း​သော​သူတို့အား ငါ​ဆို​သည်။” (မာကု ၁၃:၃၅-၃၇) ဟဗက္ကုတ်​နည်းတူ၊ ယေရှု၏​စကား​များနှင့်​အညီ ကျွန်ုပ်​တို့​ဆက်​စောင့်​နေကြ​ရမည်!

၄။ ကျွန်ုပ်​တို့၏​အခြေအနေ​သည် ဘီ.စီ.အီး. ၆၂၈ ခန့်​က ဟဗက္ကုတ်​၏​အခြေအနေ​နှင့် မည်သို့​ဆင်တူ​သနည်း။

ဗာဗုလုန်​သည် ကမ္ဘာ့​အဓိက​အာဏာစက်​ဖြစ်​မလာ​မီ ဘီ.စီ.အီး. ၆၂၈ ခုနှစ်​ခန့်​က​ပင် ဟဗက္ကုတ်​သည် သူ၏​စာစောင်​ကို ရေးသား​ပြီး​ပေမည်။ အယူဖောက်ပြန်​သော ယေရုရှလင်​မြို့​အပေါ် ယေဟောဝါ​၏​တရား​စီရင်ချက်​ကို ထုတ်ပြန်ခဲ့​သည်​မှာ နှစ်ချီ​နေပြီ။ သို့​တိုင် ထို​စီရင်ချက်​ကို ဘယ်​သောအခါ​ဆောင်ရွက်​မည်​ဖြစ်​ကြောင်း ရှင်းလင်းစွာ​မဖော်​ပြ​ထား​ချေ။ ၂၁ နှစ်​သာ​လို​တော့​ကြောင်း​နှင့် ဗာဗုလုန်​သည် ယေဟောဝါ​၏ ပါးကွက်​အာဏာသား​ဖြစ်​မည်​ကို မည်သူ​ယုံ​မည်​နည်း။ အလားတူ ယနေ့ ကျွန်ုပ်​တို့သည် ဤ​အစီအစဉ်​စနစ်​၏​အဆုံးကို သတ်မှတ်​ထား​သည့် ‘နေ့ရက်​နှင့် အချိန်နာရီ’ ကို​မသိကြ​သော်လည်း ယေရှု​က ကျွန်ုပ်​တို့ကို ဤသို့​ကြိုတင်​သတိပေး​ထား​သည်– “သင်တို့သည်​ပြင်ဆင်​လျက်​နေကြ​လော့။ အကြောင်း​မူ​ကား၊ သင်တို့​မထင်မမှတ်​သော​အချိန်နာရီ​၌ လူသား​သည်​ကြွလာ​လိမ့်​မည်။”—မဿဲ ၂၄:၃၆၊ ၄၄

၅။ ဟဗက္ကုတ် ၂:၂၊ ၃ ၌​မှတ်တမ်း​တင်ထားသော ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် မည်သို့​အထူး​အားပေးချက်​ဖြစ်သနည်း။

အကြောင်းကောင်း​ရှိ၍ ဤ​စိတ်​လှုပ်ရှား​ဖွယ်​တာဝန်​ကို ဟဗက္ကုတ်​အား​ယေဟောဝါ အပ်နှင်း​ခဲ့​သည်– “ဖတ်​သော​သူသည် ပြေး​လျက်​ဖတ်​နိုင်အောင်၊ ဗျာဒိတ် . . . ကို သင်ပုန်း​ပေါ်မှာ​အက္ခရာ​တင်၍​ရေးမှတ်​လော့။ ထို [အဆင်းအာရုံ] သည် ချိန်းချက်သော​အချိန်​နှင့်​ဆိုင်၍ အမှု​ကုန်​ရသော​ကာလ​ကို​ဆိုလို​၏။ မုသာ​နှင့်​ကင်းလွတ်​၏။ ဆိုင်း​သော်လည်း​မျှော်လင့်​လော့။ နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်။” (ဟဗက္ကုတ် ၂:၂၊ ၃) ယနေ့ ကမ္ဘာ​တစ်ဝန်း​တွင် ဆိုးယုတ်မှု​နှင့် အကြမ်းဖက်မှု​တို့ တစ်ရှိန်ထိုး​တိုး၍​ဖြစ်နေ​ခြင်း​က ကျွန်ုပ်​တို့သည် “ယေဟောဝါ​၏​ကြောက်မက်​ဖွယ်​သော​နေ့ကြီး” ၏​နှုတ်ခမ်းဝ​တွင်​ရပ်နေ​ကြ​ကြောင်း ညွှန်ပြ​လေ​၏။ (ယောလ ၂:၃၁က​ဘ) ယေဟောဝါ​ကိုယ်တော်တိုင်​၏ ဤ​စိတ်ချ​စေသော​မိန့်တော်မူချက်​က အမှန်ပင်​အားပေးမှု​ဖြစ်စေ​သည်– “နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်!”

၆။ ရောက်လာ​တော့​မည့်​တရား​စီရင်​ရာ​နေ့ကို ကျွန်ုပ်​တို့​မည်သို့​လွတ်မြောက်​နိုင်​မည်​နည်း။

သို့​ဖြစ်၍ ထို​တရား​စီရင်​ရာ​နေ့တွင် ကျွန်ုပ်​တို့ မည်သို့​လွတ်မြောက်​နိုင်​မည်​နည်း။ ယေဟောဝါ​သည် ဖြောင့်မတ်​သူနှင့် မဖြောင့်မတ်​သူ​စပ်ကြား ဤ​ကွာခြား​ချက်​ကို​ဖော်ထုတ်ခြင်း​ဖြင့် အဖြေပေး​ထား​သည်– “စိတ်​မြင့်သော​သူသည် သဘော​မ​ဖြောင့်။ ဖြောင့်မတ်​သော​သူ​မူ​ကား မိမိ​ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်​မည်။” (ဟဗက္ကုတ် ၂:၄) စိတ်​နေ​မြင့်​၍ လောဘ​ကြီးသော အုပ်စိုးရှင်​များနှင့် လူတို့သည် အထူးသဖြင့် ကမ္ဘာ့​စစ်​ကြီး​နှစ်ခု​နှင့် လူမျိုးစု အစုလိုက်​အပြုံလိုက်​သတ်ဖြတ်​ခြင်း​တို့​တွင် အပြစ်မဲ့​သူများစွာ​၏​အသွေး​ဖြင့် မျက်မှောက်ခေတ်​သမိုင်း​စာမျက်နှာ​ကို စွန်းထင်း​စေ​ခဲ့​ကြသည်။ ယင်း​နှင့်​ခြားနား​လျက် ငြိမ်သက်ခြင်း​မြတ်နိုးသူ ဘုရားသခင့်​ဘိသိက်ခံ​ကျေးကျွန်​တို့သည် သစ္စာရှိ​စွာ​မြဲမြံ​တည်ကြည်​ခဲ့​ကြ​၏။ သူတို့သည် “သစ္စာစောင့်​၍​ဖြောင့်မတ်​သော​လူမျိုး” ဖြစ်​ကြ​၏။ ဤ​လူမျိုး​သည် “အခြားသိုး” မှ​သူတို့၏​အပေါင်းပါများ​နှင့်အတူ ဤ​သတိပေး​ချက်​ကို လိုက်နာ​ကြသည်– “ယေဟောဝါ​ကို အစဉ်အမြဲ ယုံကြည်​ကိုးစား​ကြလော့၊ အကြောင်း​မှာ ဂျား​ယေဟောဝါ​သည် ကာလ​အစဉ်အဆက်​ကျောက်ဖြစ်​တော်​မူ​၏။”—ဟေရှာယ ၂၆:၂-၄က​ဘ; ယောဟန် ၁၀:၁၆

၇။ ဟဗက္ကုတ် ၂:၄ ကို​ပေါလု​အသုံးပြုပုံ​နှင့်​အညီ ကျွန်ုပ်​တို့​အဘယ်အရာ​ပြု​ရမည်​နည်း။

တမန်​တော်​ပေါလု​သည် ဟေဗြဲ​ခရစ်ယာန်​များ​ထံ​စာရေး​စဉ် ယေဟောဝါ​၏​လူမျိုးတော်ကို ဤသို့​ပြောကြား​ရာ​၌ ဟဗက္ကုတ် ၂:၄ ကိုကိုး​ကား​သည်– “ဘုရားသခင်​၏​အလိုတော်ကို​ဆောင်​ပြီး​မှ၊ ကတိတော်​အတိုင်း အကျိုးကို​ရမည်​အကြောင်း သည်းခံခြင်း​စိတ်​ရှိ​ရမည်။ အဘယ်ကြောင့်​နည်း​ဟူ​မူ​ကား၊ ‘ကြွလာ​လတ္တံ့​သော​သူသည် မဆိုင်းမလင့်​ဘဲ၊ မကြာမမြင့်မီ​ရောက်တော်မူ​လိမ့်​မည်။ ဖြောင့်မတ်​သော​သူသည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်​မည်။ သို့သော်လည်း ရွေ့​လျော့​လျှင် ငါ့​စိတ်​ဝိညာဉ်​သည် ထို​သူကို အားရ​နှစ်သက်ခြင်း​မရှိ။’ ” (ဟေဗြဲ ၁၀:၃၆-၃၈) ယခု​အချိန်​သည် လျော့ပေါ့​ရမည့်​အချိန် သို့​မဟုတ် စာတန်​လောက​၏​ရုပ်​ဝါဒ၊ အပျော်​ကြူး​သော​လမ်းစဉ်များ​ဖြင့် ကျော့ကွင်း​ထဲ​ကျ​သွား​ရမည့်​အချိန် မဟုတ်​ချေ။ ဤ “မကြာမမြင့်မီ” အချိန်​လွန်သွား​သည်​အထိ ကျွန်ုပ်​တို့​အဘယ်အရာ​ပြု​ရမည်​နည်း။ ပေါလု​ကဲ့သို့​ပင် ယေဟောဝါ​၏​သန့်ရှင်းသော​လူမျိုး​တွင်​ပါဝင်​သည့် ကျွန်ုပ်​တို့သည် ထာဝရ​အသက်​ရခြင်း​အ​လို့​ငှာ ‘ရှေ့၌​ရှိသော​အရာ​တို့ကို လှမ်း​ကမ်း​၍ ပန်း​တုံး​တိုင်​သို့ လိုက်​ပြေးကြ​ရမည်။’ (ဖိလိပ္ပိ ၃:၁၃၊ ၁၄) ထို့​ပြင်​ယေရှု​နည်းတူ ‘ကျွန်ုပ်​တို့​ရှေ့၌​ထား​ရှိသော ဝမ်းမြောက်ခြင်း​အတွက် ခံနိုင်ရည်’ ရှိကြ​ရမည်။—ဟေဗြဲ ၁၂:၂

၈။ ဟဗက္ကုတ် ၂:၅ ၌​ပါ​သော “သူ” ကား​မည်သူ​နည်း၊ သူသည် အဘယ်ကြောင့်​မအောင်မြင်​ဘဲ​နေ​မည်​နည်း။

ဟဗက္ကုတ် ၂:၅ က ယေဟောဝါ​၏​ကျေးကျွန်​များနှင့်​မတူ “မိမိ​လောဘ​ကို မရ​ဏာ​နိုင်ငံ​ကဲ့သို့ ကျယ်​စေ” လျက်​နှင့် မိမိ၏​ပန်း​တုံး​တိုင်​သို့​မ​ရောက်​သည့် “မာန​ထောင်လွှား​သော​သူ” ကို ဖော်ပြ​ထား​သည်။ “မပြေ​နိုင်သော​စိတ်​ရှိ” သည့်​ဤ​သူ​ကား​မည်သူ​နည်း။ ဟဗက္ကုတ်​အချိန်​က ဗာဗုလုန်​နည်းတူ ဤ​ပေါင်းစပ်​ထားသော “သူ” သည် အငမ်းမရ​စွာ​ဖြင့် . . . အာဏာစက်​များ​ဖြင့်​ဖွဲ့စည်းထား​သည်—ဖက်​စစ်၊ နာဇီ၊ ကွန်မြူနစ် သို့​မဟုတ် ဒီမိုကရက်တစ်​ဟု ခေါ်ဆို​ကြ​သူတို့​ပင်​ဖြစ်စေ—နယ်​ချဲ့​ရန် စစ်​များ​ကို​တိုက်ခိုက်သူ​များ​ဖြစ်​ကြသည်။ သူသည် မရ​ဏာ​နိုင်ငံ၊ သင်္ချိုင်း​ကို အပြစ်မဲ့​သူများ​ဖြင့်​လည်း ပြည့်နှက်​စေ​သည်။ သို့သော် စာတန်​လောက​၏ ဤ​စုပေါင်း​ထား​သည့် စဉ်းလဲ​သော “သူ” သည် မိမိ၏​အရေးပါမှု​နှင့်​မိမိ​မူးယစ်​နေပြီး ‘တိုင်းနိုင်ငံ​အပေါင်း​တို့ကို မိမိ​ထံ​သို့​ဆွဲငင်​စုစည်း​ဖို့’ ကြိုးစား​ရာ​တွင် အောင်မြင်မှု​မရချေ။ ယေဟောဝါ​ဘုရားသခင်​သာ​လျှင် လူသား​အားလုံး​ကို စည်းလုံး​စေနိုင်​ပြီး ကိုယ်တော်​သည် ၎င်းကို မေရှိယနိုင်ငံတော်​အားဖြင့် ပြီးမြောက်​အောင်မြင်​စေတော်မူ​လိမ့်​မည်။—မဿဲ ၆:၉၊ ၁၀

ထူးခြားသော​အမင်္ဂလာ​ငါး​ခု​မှ​ပထမ​တစ်ခု

၉၊ ၁၀။ (က) ယေဟောဝါ​သည် ဟဗက္ကုတ်​မှ​တစ်ဆင့် အဘယ်အရာကို​ဆက်​ကြေညာ​သနည်း။ (ခ) မတရား​စီးပွား​ရှာ​ခြင်း​နှင့်​ပတ်သက်​၍ ယနေ့​အဘယ်​အခြေအနေ​ရှိ​သနည်း။

ယေဟောဝါ​သည် မိမိ၏​သစ္စာရှိ​ဝတ်ပြု​ကိုးကွယ်​သူတို့ နေထိုင်ဖို့ ကမ္ဘာ​မြေကြီးကို အသင့်ပြင်​ဆင်​ရာ​တွင် အရေးယူ​ဆောင်ရွက်​ရမည့် ဆက်တိုက်​စီရင်ချက်​ဖြစ်သော အမင်္ဂလာ​ငါး​ခု​ကို မိမိ၏​ပရောဖက်​ဟဗက္ကုတ်​အားဖြင့် ကြေညာ​စေ​သည်။ ထိုသို့​သော နှလုံး​ရိုး​ဖြောင့်​သူတို့သည် ယေဟောဝါ​တင်ပြ​တော်​မူ​သည့် “ပုံစကား” ကို​မြွက်ဆို​ကြသည်။ ဟဗက္ကုတ် ၂:၆ ၌​ဤသို့​ဖတ်​ရသည်– “ကိုယ်​မပိုင်​သော​ဥစ္စာ​ကို​ဆည်းပူး​သော​သူသည် အမင်္ဂလာ​ရှိ၏။ အဘယ်မျှ​ကာလပတ်လုံး ကိုယ်​အပေါ်မှာ​ကြွေး​များ​ကို တင်​စေပါ​လိမ့်​မည်​နည်း!”

၁၀ ဤ​တွင် မတရား​စီးပွား​ရှာ​ခြင်း​ကို အလေးအနက်​ဖော်ပြ​သည်။ ကျွန်ုပ်​တို့​ဝန်းကျင်​လောကတွင် ကြွယ်ဝသူ​တို့​မှာ ကြွယ်ဝ​သည်ထက်​ကြွယ်ဝ​ပြီး ဆင်းရဲသူ​တို့​မှာ ပို​၍​ဆင်းရဲ​နေကြ၏။ မူးယစ်​ဆေးဝါး​ရောင်းဝယ်​သူတို့နှင့် လူလိမ်​တို့သည် ငွေကြေး​အမြောက်အမြား​ကို စုပုံ​၍​ရရှိ​နေစဉ် လက်​လုပ်​လက်စား​များ​မှာ​မူ ငတ်မွတ်​နေကြ​သည်။ ကမ္ဘာ့​လူဦးရေ​၏ လေး​ပုံ​တစ်​ပုံ​သည် ဆင်းရဲ​သည်​ဟူ၍ သတ်မှတ်​ထား​သည့်​အဆင့်​အောက်တွင် နေထိုင်ကြ​ရသည်​ဟု​ဆို​၏။ နိုင်ငံ​များစွာ​တွင် လူနေမှု​အခြေအနေ​များ​မှာ ထိတ်လန့်​တုန်လှုပ်​ဖွယ်​ဖြစ်သည်။ ကမ္ဘာ​ပေါ်​တွင် ဖြောင့်မတ်ခြင်း​ရှိစေ​လို​သူတို့​ကား ဤသို့​ကြွေးကြော်​ကြသည်– ဤ​ဒုစရိုက်​မကောင်းမှု​များ “အဘယ်မျှ​ကာလပတ်လုံး” တိုးများ​နေပြီ​တကား! သို့​တိုင် အဆုံးနီး​လိုက်​လေ​ခြင်း! အဆိုပါ​အဆင်းအာရုံ​သည် အမှန်ပင် “နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်။”

၁၁။ လူ့​အသွေးသွန်းခြင်း​နှင့်​ပတ်သက်​၍ ဟဗက္ကုတ်​အဘယ်​သို့​ဆို​သနည်း၊ ယနေ့ မြေကြီးပေါ်​တွင် ကြီးမားသော​သွေးပြစ်​ရှိသည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၁ ဆိုးယုတ်သူ​ကို ပရောဖက်​က ဤသို့​ပြော​သည်– “သင်သည် များစွာသော​လူမျိုး​တို့ကို​လုယူ​သောကြောင့်၊ ကျန်ကြွင်း​သော​လူမျိုးအပေါင်း​တို့သည် သင့်ကို​လုယူ​ကြလိမ့်မည်။ လူ​အသက်ကို သတ်​သော​အပြစ်၊ ပြည်သူ​မြို့သား​အပေါင်း​တို့ကို ညှဉ်းဆဲ​သော​အပြစ်​ကြောင့်​ပြု​ကြလိမ့်မည်။” (ဟဗက္ကုတ် ၂:၈) ယနေ့ ကမ္ဘာ​ပေါ်​တွင် သွေး​သွန်း​ခြင်း​အပြစ် တကယ်​ပင်​ကြီးမား​လှ​သည်​တကား! ယေရှု​က ဤသို့​ရိုးရိုးရှင်းရှင်း​ဖော်ပြ​သည်– “ဓားကို​ကိုင်​သော​သူ​ရှိသမျှ​တို့သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့​ရောက်​ကြလိမ့်မည်။” (မဿဲ ၂၆:၅၂) သို့​တိုင် ဤ​နှစ်​ဆယ်ရာစု​တစ်ခု​တည်း​၌​ပင် သွေး​သွန်း​ခြင်း​အပြစ်ပြု​သော​နိုင်ငံ​များနှင့် လူမျိုးစု​အုပ်စု​များသည် သန်း​တစ်​ရာ​ကျော်​မ​က​သော လူသားများ​ကို ရက်စက်​စွာ​အစုလိုက်​အပြုံလိုက် သတ်ဖြတ်​ခဲ့ပြီ။ ဤသို့​သော အစုလိုက်​အပြုံလိုက်​သတ်ဖြတ်​ပွဲ​များ​တွင် ပါဝင်သူ​တို့ အမင်္ဂလာ​ရှိကြသည်​တကား!

ဒုတိယ​အမင်္ဂလာ

၁၂။ ဟဗက္ကုတ်​မှတ်တမ်း​တင်ထားသော ဒုတိယ​အမင်္ဂလာ​ကား​အဘယ်နည်း၊ မရိုးမသား​စီးပွား​ရှာ​ခြင်း​သည် အကျိုးရှိ​မည်​မဟုတ်​ကြောင်း အဘယ်ကြောင့်​သေချာ​နိုင်​သနည်း။

၁၂ ဟဗက္ကုတ် ၂:၉-၁၁ ၌​မှတ်တမ်း​တင်ထားသော ဒုတိယ​အမင်္ဂလာ​မှာ “မိမိ​အသိုက်​ကို မြင့်သော​အရပ်၌​တင်၍ ဘေးဒဏ်​လက်​မှ မိမိ​လွတ်​စေခြင်း​ငှာ၊ မကောင်းသော​အဓမ္မ​စီးပွား​ကို မိမိ​အမျိုး​အဖို့​ရှာ​သော​သူ” တို့​အပေါ်​ကျရောက်​မည်​ဖြစ်သည်! မရိုးမသား​စီးပွား​ရှာ​ခြင်း​သည် ဆာလံဆရာ​ဤသို့​ရှင်းလင်းစွာ​ဖော်ပြ​ထား​သကဲ့သို့ အကျိုးရှိ​မည်​မဟုတ်– “သူတစ်ပါး​သည် ဥစ္စာ​ကြွယ်ဝ​၍၊ အိမ်​၏​ဂုဏ်​အသရေ​တိုးပွား​သောအခါ သင်သည်​မစိုးရိမ်​နှင့်။ ထို​သူသည်​သေ​သောအခါ၊ အဘယ်​ဥစ္စာ​မျှ​မပါ​ရ။ သူ၏​ဂုဏ်​အသရေ​သည် သူ့​နောက်သို့​မဆင်းသက်​ရ။” (ဆာလံ ၄၉:၁၆၊ ၁၇) သို့​ဖြစ်၍ ပေါလု​၏ ဤ​ပညာရှိ​အကြံပြုချက်ကို ကျွန်ုပ်​တို့​သတိပြု​ထိုက်​ပေ​သည်– “ဤ​ဘဝ​၌ ငွေ​ရ​တတ်သော​သူတို့သည် မာန်​မာန​စိတ်​နှင့်​ကင်းလွတ်​၍၊ မ​မြဲ​သော​စည်းစိမ်​ကို​မကိုးစား​ဘဲ၊ ငါ​တို့​ခံစား​ဖို့​ရာ​အလုံးစုံ​တို့ကို ကြွယ်ဝ​စွာ​ပေးသနား​တော်​မူ​သော၊ အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို ကိုးစား​ရမည်​အကြောင်း” ပညတ်​ထား​လော့။—၁ တိမောသေ ၆:၁၇

၁၃။ ဘုရားသခင်​၏​သတိပေး​ချက်​ကို အဘယ်ကြောင့်​ဆက်​ကြေညာ​သင့်​သနည်း။

၁၃ ယနေ့ ဘုရားသခင့်​တရား​စီရင်ချက်​သတင်း​များ​ကို ကြွေးကြော်​ရန် အလွန်​အရေးကြီး​ပါ​သည်​တကား! လူအုပ်​များ​က ယေရှု​အား “ထာဝရ​ဘုရား​၏​အခွင့်​နှင့် ကြွလာ​တော်​မူ​သော​ရှင်ဘုရင်” အဖြစ်​ကြိုဆို​ခြင်း​ကို ဖာရိရှဲ​များ​က ကန့်ကွက်​ကြသောအခါ ကိုယ်တော်​က “ငါ​ဆိုသည်ကား၊ ဤ​သူတို့သည် တိတ်ဆိတ်​စွာ​နေလျှင် ကျောက်ခဲ​တို့သည် ချက်ချင်း​ကြွေးကြော်​ကြလိမ့်မည်” ဟု​မိန့်တော်မူ​ခဲ့​သည်။ (လုကာ ၁၉:၃၈-၄၀) ထို​နည်းတူ ယနေ့ ဘုရားသခင့်​လူတို့သည် လောကတွင်​ရှိသော ဆိုးသွမ်းမှု​ကို​မဖော်​ထုတ်​ပါ​က “ကျောက်​တစ်လုံး​သည်​ကျောက်​ထ​ရံ​ထဲ​က ဟစ်ခေါ်” ပါ​လိမ့်​မည်။ (ဟဗက္ကုတ် ၂:၁၁) ထို့​ကြောင့် ရဲစွမ်းသတ္တိ​ဖြင့် ဘုရားသခင့်​သတိပေး​ချက်​ကို ဆက်၍​ကြေညာ​ကြပါစို့!

တတိယ​အမင်္ဂလာ​နှင့် သွေးပြစ်​ကိစ္စ

၁၄။ အဘယ်​သွေးပြစ်​အတွက် ကမ္ဘာ့​ဘာသာ​တရား​တို့ တာဝန်​မကင်း​ဖြစ်သနည်း။

၁၄ ဟဗက္ကုတ်​ကြေညာ​ခဲ့​သည့် တတိယ​အမင်္ဂလာ​သည် သွေးပြစ်​ကိစ္စ​နှင့်​ပတ်သက်​သည်။ ဟဗက္ကုတ် ၂:၁၂ က​ဤသို့​ဆို​သည်– “လူ​အသက်ကို​သတ်​သော​အပြစ်​နှင့် ရွာကို​တည်​သော​သူ၊ အဓမ္မအမှု​နှင့် မြို့ကို​ခိုင်ခံ့​စေသော​သူသည် အမင်္ဂလာ​ရှိ၏။” ဤ​အစီအစဉ်​စနစ်​တွင် မဖြောင့်မတ်​မှု​နှင့်​သွေးသွန်းမှု​မှာ ဒွန်တွဲ​လျက်​ရှိသည်။ သမိုင်း​တွင် စက်ဆုပ်ဖွယ်​အကောင်းဆုံး အစုလိုက်​အပြုံလိုက်​သတ်ဖြတ်မှု​များ​အတွက် ကမ္ဘာ့​ဘာသာ​တရား​တို့ တာဝန်​မကင်း​ပါ။ ခရစ်ယာန်​အခေါ်ခံသူ​တို့​နှင့် မွတ်​စ​လင်​တို့ ဆိုင်ပြိုင်​တိုက်ခိုက်​ကြသော ခရူးဆိတ်စစ်​ပွဲ​များ; စပိန်​နှင့် လက်တင်အမေရိက​ရှိ ကက်သလစ်​တို့၏ ဘာသာရေး​စစ်ကြော​မေးမြန်းခန်း​များ; ပရိုတက်စတင့်​နှင့် ကက်သလစ်​စပ်ကြား အနှစ်​သုံး​ဆယ်​ကြာ ဥရောပ​စစ်ပွဲ; နှင့် အားလုံး​အနက် သွေးသွန်းမှု​အများဆုံး​ဖြစ်သည့် ကျွန်ုပ်​တို့​ရာစုနှစ်​တွင် ခရစ်ယာန်​နိုင်ငံ​များ​မှ စတင်​ဖြစ်ပွား​ခဲ့​သော ကမ္ဘာ​စစ်​ကြီး​နှစ်ခုစလုံး​တို့​ဖြစ်သည်။

၁၅။ တိုင်းနိုင်ငံ​များသည် ချာ့ခ်ျ​၏​ထောက်ခံမှု သို့​မဟုတ် ခွင့်ပြု​ချက်​ဖြင့် အဘယ်အရာကို​ဆက်​ပြုလုပ်​ကြ​သနည်း။ (ခ) ယူအဲန်​သည် ဤ​လောက​၏​စစ်​လက်နက်​တပ်ဆင်​ခြင်း​ကို ရပ်စဲ​စေနိုင်​သလော။

၁၅ ဒုတိယ​ကမ္ဘာ​စစ်​၏ အဆိုးရွားဆုံး​ကြန်အင်​လက္ခဏာ​တစ်ခု​မှာ ဥရောပ​ရှိ သန်းပေါင်း​များစွာသော​ဂျူး​များနှင့် အခြား​အပြစ်မဲ့​သူတို့ကို ဝါးမျို​ခဲ့​သည့် နာဇီ​တို့၏​မီးလောင်​တိုက်​သွင်း​ခြင်း​ပင်​ဖြစ်သည်။ ပြင်သစ်​ကက်သလစ်​အာဏာပိုင်​အဖွဲ့​သည် ထောင်​နှင့်​သောင်း​နှင့်​ချီ​သော​သူတို့အား နာဇီ​တို့၏​လူသတ်​ခန်း​များ​သို့ ပို့ဆောင်​ခြင်း​ကို မတားဆီး​ခဲ့​ကြောင်း မကြာသေးမီ​ကမှ ဝန်ခံ​သည်။ သို့​တိုင် တိုင်းနိုင်ငံ​များသည် ချာ့ခ်ျ​၏​ထောက်ခံမှု သို့​မဟုတ် ခွင့်ပြု​ချက်​ဖြင့် သွေး​သွန်း​ဖို့ ဆက်လက်​ပြင်ဆင်​နေကြ​သည်။ မကြာသေးမီ​က ရုရှား​သြ​သ​ဒေါ​က်​ချာ့ခ်ျ​နှင့်​ပတ်သက်​၍ (အပြည်ပြည်ဆိုင်ရာ​ထုတ်ဝေ​သော) တိုင်းမ်​မဂ္ဂဇင်း​မှ ဤသို့​ဖော်ပြ​သည်– “ပြန်ရှင်​သန်​လာသော​ချာ့ခ်ျ​သည် တစ်ချိန်က​လုံးဝ​မတွေး​မိ​သည့် နယ်ပယ်​ဖြစ်သော ရုရှား​နိုင်ငံ​၏​စစ်​ယန္တရား​အပေါ်လည်း အတော်အတန်​သြဇာလွှမ်း​မိုး​လာ​လေ​ပြီ။ . . . ဂျက်​တိုက်​လေယာဉ်များ​နှင့် စစ်​တန်းလျား​များ​ကို ကောင်းချီး​ပေးခြင်း​သည် လုပ်ရိုးလုပ်စဉ်​မျှ​ဖြစ်လာ​ပြီ။ . . . ။” နိုဝင်ဘာ​လ​တွင် မော်​စ​ကို​မြို့​၏ ဒန်​နီ​လော့​ဖ်​စ​ကီး​ဘုန်းတော်ကြီး​ကျောင်း​ရှိ ရုရှား​ဂိုဏ်းအုပ်​ဘုန်းတော်ကြီး​ကျောင်း​ဌာ​နီ​တွင် ရုရှား​အော်​သို​ဒေါ​က်​ချာ့ခ်ျ​သည် ရုရှား​၏​အဏုမြူ​လက်နက်​တိုက်​ကို ကောင်းချီး​ပေး​သည့်​အထိ​ပြု​သည်။” ဤ​လောကသည် ရက်စက်​ကြမ်းကြုတ်​သော စစ်​လက်နက်များ ပြန်​တပ်ဆင်​ခြင်း​ကို ကုလသမဂ္ဂ​က ရပ်စဲ​နိုင်​မည်​လော။ ဝေးလေစွ! နို​ဘဲလ်​ငြိမ်းချမ်းရေး​ဆု​ရှင်​တစ်ဦး​က အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့​၏ ဂါးဒီးယန်း သတင်းစာ​တွင် ဤသို့​ဝေဖန်​ခဲ့​သည်– “အမှန်ပင် စိတ်​ချောက်ချား​စေ​သည်​မှာ ယူအဲန်​လုံခြုံရေး​ကောင်စီ​၏ အမြဲတမ်း​အဖွဲ့ဝင် ငါး​နိုင်ငံ​သည် ကမ္ဘာ့​လက်နက်များ အဓိက​ထောက်ပံ့​ပေး​သည့်​နိုင်ငံ​များ​ဖြစ်နေ​ခြင်း​တည်း။”

၁၆။ ယေဟောဝါ​သည် စစ်​ဖြစ်​ဖို့​နှိုးဆော်​သော​နိုင်ငံ​များ​ကို အဘယ်​သို့​ပြု​မည်​နည်း။

၁၆ ယေဟောဝါ​သည် စစ်​ဖြစ်​ဖို့​နှိုးဆော်​သော​နိုင်ငံ​များ​ကို အပြစ်ဒဏ်​စီရင်​လိမ့်​မည်​လော။ ဟဗက္ကုတ် ၂:၁၃ က​ဤသို့​ဖော်ပြ​သည်– “လူများ​တို့သည် မီး​ထဲမှာ​လုပ်ဆောင်​၍၊ အမျိုးမျိုး​တို့သည် အချည်းနှီး​သော​အမှု၌ ပင်ပန်း​စေခြင်း​ငှာ၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] စီရင် တော်​မူ​ပြီ။” ‘ဗိုလ်ခြေများ​၏​အရှင်​ယေဟောဝါ’ ဖြစ်​သတည်း! မှန်ပါသည်၊ စစ်​ဆင်နွှဲ​လို​သူများ​နှင့် တိုင်းနိုင်ငံ​များ​ကို​အချည်းနှီး​ဖြစ်စေ​ရန် ယေဟောဝါ​အသုံးပြု​တော်​မူ​မည့် ကောင်းကင်​ဗိုလ်ခြေများ ကိုယ်တော်၌​ရှိ​တော်​မူ​၏။

၁၇။ အကြမ်းဖက်​တိုင်းနိုင်ငံ​များ​မှ​အုပ်စု​များ​ကို ယေဟောဝါ​တရား​စီရင်​ပြီး​နောက် မြေကြီးပေါ်​တွင် ကိုယ်တော်​အား​သိကျွမ်းခြင်း​ပညာ​သည် အဘယ်​အတိုင်းအတာ​အထိ ပြည့်စုံ​မည်​နည်း။

၁၇ ဤ​အကြမ်းဖက်​တိုင်းနိုင်ငံ​များ​မှ​အုပ်စု​များ​ကို ယေဟောဝါ​တရား​စီရင်​ပြီး​နောက် မည်သို့​ဖြစ်​မည်​နည်း။ ဟဗက္ကုတ် ၂:၁၄ က​ဤသို့​ဖြေဆို​သည်– “ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့၊ မြေကြီး​သည် ထာဝရ​ဘုရား​၏​ဘုန်းတော်​ကို သိကျွမ်းခြင်း​ပညာ​နှင့်​ပြည့်စုံ​လိမ့်​မည်။” တကယ်​ထူးမြတ်​သော​အလားအလာ ပါ​တကား! အာမဂေဒုန်​၌ ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​သည် ထာဝစဉ် သင်္ကာ​ယန​ကင်းရှင်း​ပါ​လိမ့်​မည်။ (ဗျာဒိတ် ၁၆:၁၅) ကိုယ်တော်​သည် ကျွန်ုပ်​တို့​နေထိုင်ရာ ဤ​ကမ္ဘာ​ဖြစ်သည့် ‘ကိုယ်တော့်​ခြေတင်ရာ​အရပ်​ကို ဘုန်းပွင့်​စေ’ လိမ့်​မည်​ဖြစ်​ကြောင်း အာမခံ​ထား​သည်။ (ဟေရှာယ ၆၀:၁၃) လူသား​အားလုံး ဘုရားသခင်​နှစ်သက်ရာ ဘဝ​လမ်းစဉ်​ကို သင်ကြား​ခံ​ကြ​ရမည်​ဖြစ်​ရာ ပင်လယ်​မြစ်ဝှမ်း​များ​ကို သမုဒ္ဒရာ​ရေပြင်​ဖုံးလွှမ်း​သကဲ့သို့ ယေဟောဝါ​၏​မြင့်မြတ်​သော​ရည်ရွယ်တော်မူချက်​များ​ကို​သိကျွမ်းခြင်း​ပညာ​သည် ပြည့်စုံ​လိမ့်​မည်။

စတုတ္ထ​နှင့်​ပဉ္စမ​အမင်္ဂလာ​များ

၁၈။ ဟဗက္ကုတ်​မှ​တစ်ဆင့်​ကြေညာ​သော စတုတ္ထ​အမင်္ဂလာ​ကား​အဘယ်နည်း၊ မျက်မှောက်ခေတ်​လောက​၏ ကိုယ်ကျင့်တရား​၌ မည်သို့​ထင်ရှား​သနည်း။

၁၈ စတုတ္ထ​အမင်္ဂလာ​ကို ဟဗက္ကုတ် ၂:၁၅ တွင် ဤ​စကား​များ​ဖြင့် ဖော်ပြ​ထား​သည်– “မိမိ​အိမ်နီးချင်း​၌ အဝတ်အချည်းစည်း​ရှိ​ခြင်း​ကို​မြင်​လို​၍၊ သူ့ကို​ယစ်​မူး​စေခြင်း​ငှာ သေ​ရည်​သေ​ရက်ကို​လောင်း​၍ သောက်​စေသော​သူသည် အမင်္ဂလာ​ရှိ၏။” ယင်းက မျက်မှောက်ခေတ် အကျင့်ပျက် ထင်ရာစိုင်း​သော​အခြေအနေ​ကို ဖော်ပြ​သည်။ ဘာသာရေး​အုပ်စု​များ​က​ပင် ထောက်ခံ​အားပေး​သော ၎င်း​၏​အကျင့်​ယိုယွင်းခြင်း​သည် သာ၍​ပင်​ယုတ်ညံ့​လာ​လေ​ပြီ။ အေအိုင်ဒီအက်စ်​နှင့် လိင်ဆိုင်ရာ​အခြား​ရောဂါ​များ​ဖြစ်သော ကပ်ရောဂါ​အမျိုးမျိုး​သည် ကမ္ဘာ​နှင့်​အ​ဝန်း ထကြွ​သောင်းကျန်း​နေသည်။ “ယေဟောဝါ​၏​ဘုန်းတော်” ကို​ရောင်ပြန်ဟပ်​မည့်​အစား ယခု​ခေတ် ငါ​သာ​ပဓာန​လူမျိုးဆက်​သည် သာ၍​ယုတ်ညံ့​ကျဆင်း​လာ​ရာ ဘုရားသခင်​၏​အပြစ်ဒဏ်​စီရင်ခြင်း​ကို​ခံရ​ဖို့သာ​ရှိသည်။ အပြစ်ကြီး​လေး​သော​ဤ​လောကသည် “အသရေ​အစား အရှက်​နှင့်​ပြည့်ဝ” နေသော​ကြောင့် ယေဟောဝါ​အလိုတော်​ရှိသည်​အတိုင်း ကိုယ်တော်​၏​အမျက်​ဒေါသ​ခွက်ဖလား​ကို သောက်သုံး​အံ့​ဆဲ​ဆဲ​ရှိသည်။ ‘အသရေ​ပေါ်​တွင် အရှက်​လွှမ်းမိုး​လိမ့်​မည်။’—ဟဗက္ကုတ် ၂:၁၆သ​မ။

၁၉။ ဟဗက္ကုတ်​ကြေညာ​သော ပဉ္စမ​မြောက်​အမင်္ဂလာ​၏​နိဒါန်း​သည် အဘယ်အရာ​နှင့်​သက်ဆိုင်​သနည်း၊ ထိုစကား​များသည် ယနေ့ အဘယ်ကြောင့်​အဓိပ္ပာယ်​ရှိ​သနည်း။

၁၉ ပဉ္စမ​မြောက်​အမင်္ဂလာ​၏​နိဒါန်းက သွန်း​ထု​ထားသော​ရုပ်ပုံများ​ကို ဝတ်မပြု​ရ​ဟု တင်းကျပ်​စွာ​သတိပေး​ထား​၏။ ယေဟောဝါ​သည် ဤ​တန်ခိုး​ပါ​သော​စကား​များ​ကို ပရောဖက်​အား​ကြွေးကြော်​စေ​သည်– “သစ်သား​အား၊ နိုး​တော်​မူ​ပါ​ဟူ၍လည်း​ကောင်း၊ စကား​အ​သော​ကျောက်​အား ထ​တော်​မူ​ပါ​ဟူ၍လည်း​ကောင်း​ဆို​သော​သူသည် အမင်္ဂလာ​ရှိ၏။ ထို​အရာ​သည် သွန်သင်​လိမ့်​မည်​လော။ ရွှေငွေ​နှင့်​မွမ်းမံ​လျက်​ရှိ၏။ အတွင်း​၌​အသက်​အလျှင်း​မရှိပါ​တကား။” (ဟဗက္ကုတ် ၂:၁၉) ယနေ့​တိုင် ခရစ်ယာန်ဘောင်​နှင့် သာသနာ​ပ​ဘောင်​ဟု​ခေါ်​ကြ​သည့်​အုပ်စု နှစ်စု​စ​လုံး​သည် မိမိတို့၏​လက်​ဝါ​ကားတိုင်​များ၊ မာရိ​ရုပ်ပုံများ၊ ရုပ်ပုံများ​အပြင် လူ​နှင့် သားရဲ​၏​ပုံတူ​များ​ကို ဦးညွှတ်​ကြသည်။ ယေဟောဝါ အပြစ်ဒဏ်​စီရင်​သည့်​အခါ ၎င်းတို့၏​ဝတ်ပြု​ကိုးကွယ်​သူတို့ကို ကယ်တင်​ရန် မည်သူမျှ​နိုးထ​လာနိုင်​လိမ့်​မည်​မဟုတ်​ချေ။ ချီးမွမ်း​ခြင်း​နှင့်​ပြည့်စုံ​သည့် ထာဝရ​ဘုရားသခင်​ယေဟောဝါ၊ ကိုယ်တော်​၏​သက်ရှိ​သတ္တဝါများ​၏ ဘုန်း​အသရေ​တို့​နှင့်​နှိုင်းယှဉ်​ကြည့်​လျှင် သူတို့၏​ရွှေငွေ​ဖြင့်​မွမ်းမံ​ထားသော​အရာ​တို့သည် အဓိပ္ပာယ်မဲ့​အသေကောင်​များ​ဖြစ်​ကြသည်။ ကိုယ်တော်​၏​ပြိုင်ဘက်​မရှိသော​နာမတော်​ကို ထာဝစဉ်​ချီးမွမ်း​နိုင်​ကြ​ပါစေ!

၂၀။ ကျွန်ုပ်​တို့သည် အဘယ်​ဗိမာန်တော်​အစီအစဉ်​တွင် ပျော်ရွှင်စွာ​အမှုထမ်းခွင့်​ရထား​ကြ​သနည်း။

၂၀ မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ဘုရားသခင်၊ ယေဟောဝါ​သည် ချီးမွမ်း​ထောမနာ​ရှိရှိသမျှကို ခံထိုက်​ပေ​၏။ ကိုယ်တော့်​အား​အလွန် ကြည်ညို​လေးမြတ်​စွာ​ဖြင့် ရုပ်ပုံ​မကိုးကွယ်​ရ​ဟူသော အတင်းအကျပ်​သတိပေး​ထား​ချက်​ကို ကျွန်ုပ်​တို့​လိုက်နာ​ကြ​စို့။ သို့သော် နားစွင့်​ပါ! ယေဟောဝါ​သည် မိန့်မှာ​နေဆဲ​ရှိ၏– “ထာဝရ​ဘုရား​မူ​ကား၊ သန့်ရှင်းသော​ဗိမာန်တော်၌​ရှိ​တော်​မူ​၏။ မြေကြီးသား​အပေါင်း​တို့၊ ရှေ့တော်၌​ငြိမ်​ဝပ်​စွာ​နေကြ​လော့။” (ဟဗက္ကုတ် ၂:၂၀) ထို​ပရောဖက်​သည် ယေရုရှလင်​ဗိမာန်တော်ကို ရည်စူး​ပြောဆို​နေကြောင်း သံသယဖြစ်ဖွယ်​မရှိ​ချေ။ သို့သော် ယနေ့ ကျွန်ုပ်​တို့သည် သခင်​ယေရှု​ခရစ်​အား ယဇ်ပုရောဟိတ်​မင်းကြီး​အဖြစ် ခန့်အပ်​ထား​သည့် သာ၍​ကြီးကျယ်​ခမ်းနား​သော ဝိညာဉ်​ရေး​ဗိမာန်​အစီအစဉ်​တွင် ဝတ်ပြု​ကိုးကွယ်​ခွင့်​ရရှိ​ထား​ကြသည်။ ကျွန်ုပ်​တို့သည် ဤ​ဗိမာန်တော်​၏​မြေကြီးဆိုင်ရာ​တံတိုင်း​တော်​အတွင်း စည်းဝေး​ကြ၊ အမှုတော်ထမ်း​ဆောင်​ကြ​နှင့် ဆုတောင်း​ကြ​ကာ ယေဟောဝါ​၏ ဘုန်း​တန်ခိုး​ကြီးမားသော​နာမတော်​နှင့်​ထိုက်တန်​စွာ ကိုယ်တော်​အား ဂုဏ်တင်​လေးစား​ကြသည်။ ကျွန်ုပ်​တို့၏​မေတ္တာရှင်​ကောင်းကင်​ခမည်းတော်​အား လှိုက်လှိုက်လှဲလှဲ​ဝတ်ပြု​ကိုးကွယ်​ရခြင်း​မှ တကယ့်​ပျော်ရွှင်မှု​ရရှိ​ကြသည်​တကား!

သင်​မှတ်မိ​သလော

● “နောက်​မကျ​ဘဲ​ဧကန်​အမှန်​ရောက်​လိမ့်​မည်” ဟူသော​ယေဟောဝါ​၏​စကားတော်​ကို သင်​မည်သို့​ရှုမြင်​သနည်း။

● ဟဗက္ကုတ်​မှ​တစ်ဆင့်​ကြေညာ​ခဲ့​သော အမင်္ဂလာ​တို့၏ မျက်မှောက်ခေတ်​အဓိပ္ပာယ်​ကား အဘယ်နည်း။

● ယေဟောဝါ​၏​သတိပေး​ချက်​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​ဆက်​ကြေညာ​သင့်​သနည်း။

● အဘယ်​ဗိမာန်တော်​တံတိုင်း​အတွင်း အမှုထမ်း​ရသည့်​အခွင့်ထူး​ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ဆိုင်း​တော်​မူ​မည် မဟုတ်​ကြောင်းကို ဟဗက္ကုတ်​နည်းတူ ဘုရားသခင်​၏​မျက်မှောက်ခေတ်​ကျေးကျွန်​များ​သိထားကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​၏ ဝိညာဉ်​ရေး​ဗိမာန်တော် တံတိုင်း​အတွင်း ဝတ်ပြု​နေရ​သည့်​အခွင့်ထူး​ကို သင်​လေးမြတ်ပါ​သလော

[Picture Credit Line on page 16]

U.S. Army photo