မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်မျှကာလပတ်လုံး ဆိုးသွမ်းသူရှိဦးမည်နည်း

အဘယ်မျှကာလပတ်လုံး ဆိုးသွမ်းသူရှိဦးမည်နည်း

အဘယ်မျှ​ကာလပတ်လုံး ဆိုးသွမ်းသူ​ရှိ​ဦး​မည်​နည်း

‘အဓမ္မ​လူသည် မိမိ​ထက်​ဖြောင့်မတ်​သော​သူကို​ကိုက်စား​သောအခါ၊ ကိုယ်တော် [ယေဟောဝါ] သည် အဘယ်ကြောင့်​တိတ်ဆိတ်​စွာ​နေ​တော်​မူ​သနည်း။’—ဟဗက္ကုတ် ၁:၁၃

၁။ အဘယ်​အချိန်တွင် မြေကြီး​သည် ယေဟောဝါ​၏​ဘုန်းတော်​ကို​သိကျွမ်းခြင်း​ပညာ​နှင့် လုံးဝ​ပြည့်စုံ​လိမ့်​မည်​နည်း။

ဘုရားသခင်​သည် ဆိုးသွမ်းသူ​များ​ကို တစ်ချိန်ချိန်​တွင်​ဖျက်ဆီး​မည်​လော။ ဖျက်ဆီး​မည်​ဆိုလျှင် အဘယ်မျှ​ကာလ​ထိ​တိုင် ကျွန်ုပ်​တို့​စောင့်​ရမည်​နည်း။ ကမ္ဘာ​တစ်ဝန်း​ရှိ​လူတို့သည် ထိုသို့​သော​မေးခွန်းများကို မေး​ကြသည်။ အဖြေ​များ​ကို အဘယ်​နေရာ၌ ရှာတွေ့နိုင်​မည်​နည်း။ ဘုရားသခင်​ချိန်းချက်​ထားချိန်​နှင့်​ပတ်သက်သော မှုတ်သွင်းခံ​ပရောဖက်ပြု​စကား​များ​၌ ရှာတွေ့နိုင်​ပါ​သည်။ ယေဟောဝါ​သည် လူဆိုး​အားလုံး​ကို မကြာမီ တရား​စီရင်တော်မူ​မည်​ဖြစ်​ကြောင်း ၎င်း​တို့​က​ကျွန်ုပ်​တို့ကို​စိတ်ချ​စေ​၏။ ထို​အချိန်​မှ​သာ “ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့၊ မြေကြီး​သည် ထာဝရ​ဘုရား​၏​ဘုန်းတော်​ကို​သိကျွမ်းခြင်း​ပညာ​နှင့်” လုံးလုံးလျားလျား “ပြည့်စုံ​လိမ့်​မည်။” ဘုရားသခင့်​မြင့်မြတ်​သော​နှုတ်မြွက်​စကားတော်​ရှိ ဟဗက္ကုတ် ၂:၁၄ ၌ ထို​ပရောဖက်ပြုချက်​ကတိတော်​ကို​တွေ့ရှိ​ရ၏။

၂။ ဟဗက္ကုတ်ကျမ်း​တွင် ဘုရားသခင်​၏​အဘယ်​တရား​စီရင်ချက်​သုံးခု​ပါ​သနည်း။

ဘီ.စီ.အီး. ၆၂၈ ခန့်​က​ရေးသားခဲ့​သော ဟဗက္ကုတ်ကျမ်း​၌ ယေဟောဝါ​ဘုရားသခင်​၏ ဆက်တိုက်​အပြစ်စီရင်​ချက်​သုံးခု​ပါ​သည်။ ထို​တရား​စီရင်ချက်​နှစ်ခု​မှာ ပြည့်စုံ​နှင့်​ပြီး​ဖြစ်၏။ ပထမ​ကား ရှေးခေတ်​မှ​ထင်ရာစိုင်း​ယုဒ​လူ​တို့​အပေါ် ယေဟောဝါ​၏​တရား​စီရင်ချက်​ဖြစ်သည်။ ဒုတိယ​ကား အဘယ်နည်း။ နိုင်ထက်စီးနင်း​ပြုလုပ်​သော ဗာဗုလုန်​အပေါ် ဘုရားသခင့်​တရား​စီရင်ချက်​ဖြစ်သည်။ သို့​ဖြစ်၍ ဘုရားသခင်​၏​တတိယ​မြောက်​တရား​စီရင်ချက် ပြည့်စုံ​လိမ့်​မည်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​စ​ရာ အကြောင်း​များစွာ​ရှိသည်။ အမှန်​မှာ၊ များ​မကြာမီ ၎င်း​ပြည့်စုံ​လာဖို့​မျှော်လင့်​နိုင်​သည်။ ဤ​နောက်ဆုံး​ကာလ​ရှိ ရိုးသား​ဖြောင့်မတ်​သူတို့​အတွက် ဘုရားသခင်​သည် လူဆိုး​အားလုံး​ကို ဖျက်ဆီး​လိမ့်​မည်။ သူတို့​မှ နောက်ဆုံး​သူတို့သည် အလျင်အမြန်​ချဉ်းကပ်​လာ​နေသည့် “တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး” စစ်ပွဲ​၌ နောက်ဆုံး​ထွက်သက်​ရှူ​ကြ​ပါ​လိမ့်​မည်။—ဗျာဒိတ် ၁၆:၁၄-၁၆

၃။ ကျွန်ုပ်​တို့​ခေတ်​ရှိ လူဆိုး​တို့​အပေါ် အဘယ်အရာ​မုချ​ကျရောက်​လာ​မည်​နည်း။

ဘုရားသခင့်​နေ့ကြီး​စစ်ပွဲ​သည် နီး​သည်ထက်​နီး​လာ​လေ​ပြီ။ ထို့​ပြင် ကျွန်ုပ်​တို့​ခေတ်​ရှိ​လူဆိုး​တို့​အပေါ် ဘုရားသခင်​တရား​စီရင်ခြင်း​သည် ယုဒ​နှင့် ဗာဗုလုန်​နိုင်ငံ​အပေါ် ယေဟောဝါ​၏​တရား​စီရင်ချက် ပြည့်စုံခြင်း​တ​မျှ သေချာ​သည်။ သို့သော် ယခု ကျွန်ုပ်​တို့သည် ဟဗက္ကုတ်​အချိန်​က ယုဒပြည်​၌​ရှိ​နေသည်​ဟု ယူမှတ်​လိုက်ပါ။ ထို​ပြည်​တွင် အဘယ်အရာ​ဖြစ်ပျက်​နေသနည်း။

မငြိမ်မသက်​ဖြစ်နေ​သော​နိုင်ငံ

၄။ အဘယ်​ထိတ်လန့်ဖွယ်​သတင်းကို ဟဗက္ကုတ်​ကြား​ရသနည်း။

ယေဟောဝါ​၏​ပရောဖက် ဟဗက္ကုတ်​သည် ညနေခင်း​တွင် သူ၏​အိမ်ခေါင်မိုး​ပြား​ပေါ်​ထိုင်​လျက် လေညင်း​ခံ​နေသည်​ဟု​မြင်ယောင်​ကြည့်​ပါ။ သူ့​နံဘေး​၌ တူရိယာ​တစ်ခု​ရှိသည်။ (ဟဗက္ကုတ် ၁:၁; ၃:၁၉က​ဘ) သို့သော် ထိတ်လန့်ဖွယ်​သတင်းကို ဟဗက္ကုတ်​ကြား​ရ၏။ ယုဒ​ရှင်ဘုရင်​ယောယကိမ်​သည် ဥရိယ​ကို​သတ်​၍ ထို​ပရောဖက်​၏​အလောင်းကို ဆင်းရဲသား​တို့၏​သင်္ချိုင်း​၌ ပစ်ထား​လေ​၏။ (ယေရမိ ၂၆:၂၃) ဥရိယ​သည် ယေဟောဝါ​ကို​ဆက်၍​မကိုးစား​ဘဲ ကြောက်ရွံ့ ပြီး အီဂျစ်​ပြည်​သို့​ထွက်ပြေး​ခဲ့​သည်​မှာ မှန်ပါသည်။ သို့​တိုင် ယောယကိမ်​၏​အကြမ်းဖက်မှု​သည် ယေဟောဝါ​၏​ဂုဏ်တော်​ကို မြှင့်တင်​လို​သည့်​ဆန္ဒ​၏ လှုံ့ဆော်မှု​ကြောင့် လုံးဝ​မဟုတ်​ကြောင်း ဟဗက္ကုတ်​သိ​သည်။ ရှင်ဘုရင်​သည် မြင့်မြတ်​သော​ဥပဒေ​ကို လုံးဝ​ပမာဏ​မပြု၊ ယေဟောဝါ​အား​ဝတ်ပြု​သည့် ပရောဖက်​ယေရမိ​နှင့် အခြား​သူတို့ကို​မုန်းတီးခြင်းက ၎င်းကို​ထင်ရှားစေ​သည်။

၅။ ယုဒပြည်​တွင် အဘယ်​ဝိညာဉ်​ရေး​အခြေအနေ​ရှိပြီး ယင်းကို ဟဗက္ကုတ်​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

အနီးအနား​ရှိ​အိမ်ခေါင်မိုး​များ​မှ နံ့သာပေါင်း​မီးခိုး​များ​ထွက်​နေသည်​ကို ဟဗက္ကုတ်​တွေ့ရ​သည်။ ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​သူများ​အဖြစ် ပြည်သူ​တို့​က ဤ​နံ့သာပေါင်း​ကို မီးရှို့​နေကြ​ခြင်း​မဟုတ်ပါ။ သူတို့သည် ယုဒ​နိုင်ငံ​၏​မင်းဆိုး ယောယကိမ်​က​မ​က​ထ​ပြုသော မှားယွင်း​သည့်​ဘာသာရေး​ထုံးစံ​များ​ကို​ကျင့်​နေခြင်း​ဖြစ်သည်။ တကယ်​ရှက်ဖွယ်​ပါ​တကား! ဟဗက္ကုတ်​သည် မျက်ရည်ဝဲ​လာ၍ ဤသို့​အသနားခံ​ခဲ့​သည်– “အို​ထာဝရ​ဘုရား၊ ကိုယ်တော်​သည်​နားညောင်း​တော်​မ​မူ​ဘဲ၊ အဘယ်မျှ​ကာလပတ်လုံး အကျွန်ုပ်​အော်ဟစ်​ရ​ပါ​မည်​နည်း။ ကယ်တင်​တော်​မ​မူ​ဘဲ၊ ကြမ်းကြုတ်မှု​ဟူ၍၊ ရှေ့တော်၌​အဘယ်မျှ​ကာလပတ်လုံး ဟစ်ခေါ်​ရ​ပါ​မည်​နည်း။ မတရားမှုကို အကျွန်ုပ်​အား​အဘယ်ကြောင့်​ပြတော်မူ​ပါ​သနည်း။ . . . ဆင်းရဲခြင်း​ကို အဘယ်ကြောင့်​မြင်​စေတော်မူ​ပါ​သနည်း။ လုယက်​ခြင်း၊ ကြမ်းကြုတ်ခြင်း​အမှုသည် အကျွန်ုပ်​ရှေ့မှာ​ရှိ​လျက်၊ ငြင်းခုံခြင်း​နှင့် ရန်​တွေ့​ခြင်း​လည်း​ဖြစ်တတ်​ပါ​၏။ သို့​ဖြစ်၍ တရားသည် အကျိုးမရှိ​ဖြစ်​လျက်၊ တရား​သဖြင့်​စီရင်​ဆုံးဖြတ်ခြင်း​မရှိပါ။ ဆိုးသော​သူတို့သည် ဖြောင့်မတ်​သော​သူကို​ဝိုင်း​သောကြောင့်၊ တရား​စီရင်​ဆုံးဖြတ်ခြင်း​သည် ကောက်ကျစ်​ပါ​၏။”—ဟဗက္ကုတ် ၁:၂-၄သမ္မာ။

၆။ ယုဒပြည်​တွင် တရား​ဥပဒေ​နှင့် တရား​မျှတမှု​တို့သည် မည်သို့​ဖြစ်​ခဲ့​သနည်း။

မှန်ပါသည်၊ လုယက်​ခြင်း​နှင့် ကြမ်းကြုတ်ခြင်း​အမှုမှာ အနှံ့အပြား​ဖြစ်နေ​၏။ ဟဗက္ကုတ်​ကြည့်​လေ​ရာ​ရာ​၌ ပြဿနာ၊ ငြင်းခုံခြင်း၊ ရန်​တွေ့​ခြင်း​တို့ကို တွေ့ရ​သည်။ ‘တရား​လျော့​ပြီး’ အချည်းနှီး​ဖြစ်လာ​လေ​ပြီ။ တရား​မျှတခြင်း​ကော။ အောင်မြင်စွာ ‘ဘယ်​အခါ​မျှ စီရင်​ဆုံးဖြတ်ခြင်း​မရှိပါ’ တကား! ဘယ်​အခါ​မျှ ဩဇာ​လွှမ်းမိုးခြင်း​မရှိ။ ယင်းအစား “ဆိုးသော​သူတို့သည် ဖြောင့်မတ်​သော​သူတို့ကို​ဝိုင်း” ထား​ကြ​ရာ အပြစ်မဲ့​သူတို့ကို ကာကွယ်​ဖို့​ရည်ရွယ်​ထားသော တရားဝင်​စံနှုန်း​များ​ကို အချည်းနှီး​ဖြစ်စေ​ကြသည်။ အမှန်ပင် “မတရား​သဖြင့် စီရင်​ဆုံးဖြတ်​ကြ​ပါ​၏။” တရား​မျှတမှုကို အလွဲသုံး​ခဲ့​ကြပြီ။ တကယ်​ဆိုးရွား​လှ​သည့်​အခြေအနေ​များ​ပါ​တကား!

၇။ ဟဗက္ကုတ်​သည် အဘယ်အရာကို​ပြုလုပ်​ရန် စိတ်ပိုင်းဖြတ်​ထား​သနည်း။

ဟဗက္ကုတ်​သည် ခေတ္တ​ရပ်တန့်​၍ အခြေအနေ​ကို ပြန်ပြောင်းသုံးသပ်ကြည့်​သည်။ သူ​စိတ်​လျှော့​လိုက်​မည်​လော။ လုံးဝ​မလျှော့​ပါ! ဤ​သစ္စာစောင့်သိ​သူသည် ဘုရားသခင့်​သစ္စာရှိ​ကျေးကျွန်​များ​ခံရ​သော နှိပ်စက်​ညှဉ်းပန်းမှု​မှန်သမျှကို ပြန်​သုံးသပ်​ပြီး​နောက် ယေဟောဝါ​၏​ပရောဖက်​အဖြစ် ဆက်၍​မြဲမြံ​တည်ကြည်​ရန် သူ၏​စိတ်ပိုင်းဖြတ်​ချက်​ကို ပြန်၍​အားသစ်လောင်း​စေ​ခဲ့​သည်။ ဟဗက္ကုတ်​သည် ဘုရားသခင့်​သတင်းကို—သေရ​မည်​ဆိုလျှင်​ပင်—ဆက်၍​ကြေညာ​ပါ​မည်။

မယုံနိုင်​စ​ရာ “အမှု” တစ်ခု​ကို ယေဟောဝါ​ဆောင်ရွက်

၈၊ ၉။ ယေဟောဝါ​သည် အဘယ်​မယုံနိုင်​စ​ရာ “အမှု” ကို​ဆောင်ရွက်​နေသနည်း။

အဆင်းအာရုံ​တွင် ဘုရားသခင်​အား​ရှုတ်ချ​သည့် မှားယွင်းသော​ဘာသာရေး​သမားများ​ကို ဟဗက္ကုတ်​တွေ့ရ​သည်။ သူတို့ကို ယေဟောဝါ​မည်သို့​မိန့်ဆို​ကြောင်း​နားထောင်ပါ– “သစ္စာပျက်​သော​သူတို့၊ ကြည့်ရှု​ဆင်ခြင်​၍​အလွန်​မှိုင်တွေ​ကြလော့။” ဘုရားသခင်​သည် ဆိုးယုတ်သူ​များ​ကို အဘယ်ကြောင့်​ဤသို့​မိန့်ဆို​ရ​ကြောင်း ဟဗက္ကုတ်​သိကောင်း​သိ​လို​ပေမည်။ ထို့နောက် ယေဟောဝါ​က “သင်တို့အား​သူတစ်ပါး​ပြညွှန်​သော်လည်း သင်တို့​မယုံ​သော​အမှုကို သင်တို့​လက်ထက်​ကာလ​၌​ငါ​ပြု​၏” ဟု​မိန့်ဆို​သည်ကို ဟဗက္ကုတ်​ကြား​၏။ (ဟဗက္ကုတ် ၁:၅) အမှန်​မှာ သူတို့​မယုံနိုင်​သော​ဤ​အမှုကို ယေဟောဝါ​ကိုယ်တော်တိုင် ဆောင်ရွက်​နေသည်။ သို့သော် ၎င်း​အမှု​ကား အဘယ်နည်း။

ဟဗက္ကုတ် ၁:၆-၁၁ ၌​မှတ်တမ်း​တင်ထားသော ဘုရားသခင်​၏​ထပ်ဆင့်​စကားတော်​ကို ဟဗက္ကုတ်​စေ့စေ့​နားထောင်​သည်။ ဤ​ကား ယေဟောဝါ​၏​သတင်း​စကား​ဖြစ်​ပြီး ယင်း​၏​ပြည့်စုံချက်​ကို မည်သည့်​ဗာဗုလုန်​ဘုရား၊ မည်သည့်​ရုပ်ပုံ​မျှ မ​ဟန့်တား​နိုင်​ပါ– “ပြင်းထန်​လျင်မြန်​သော​ခါလဒဲ​အမျိုး​ကို ငါ​နှိုးဆော်​၏။ ကိုယ်​မပိုင်​သော​နေရာ​အရပ်​တို့ကို သိမ်းယူ​ခြင်း​ငှာ မြေတစ်ပြင်လုံး၌​ချီ​သွား​ကြလိမ့်မည်။ အလွန်​ကြောက်မက်​ဖွယ်​သော​သူ​ဖြစ်၍ ကိုယ်​အလိုအလျောက်​တရား​စီရင်​ဆုံးဖြတ်​ကြ​၏။ သူတို့၏​မြင်း​သည် ကျားသစ်​ထက်​လျင်မြန်​၏။ ည​၌​လည်​သောတော​ခွေး​ထက်​ကြမ်းတမ်း​၏။ မြင်းစီးသူရဲ​တို့သည် အဝေးက​လာ၍​ခုန်​ကြလိမ့်မည်။ အကောင်​ကို​ကိုက်စား​ခြင်း​ငှာ လျင်မြန်​သော​ရွှေ​လင်း​တ​ကဲ့သို့​ပျံ​လာ​ကြလိမ့်မည်။ ထို​သူအပေါင်း​တို့သည်​ညှဉ်းဆဲခြင်း​ငှာ​လာ​ကြ​၏။ ရှေ့သို့​သာ​မျက်နှာ​ပြုသော​အလုံးအရင်း​ဖြစ်၍၊ ဖမ်းမိ​သော​သူတို့ကို သဲလုံး​နှင့်​အမျှ​စုဝေး​စေ​ကြလိမ့်မည်။ ရှင်ဘုရင်​တို့ကို​အားမနာ၊ မင်း​များ​တို့ကို​ပြက်ရယ်ပြု​ကြလိမ့်မည်။ ရဲတိုက်​ရှိသမျှ​တို့ကို​ကဲ့ရဲ့​လျက်၊ မြေမှုန့်​ကို​ပုံ​ထား​၍​တိုက်ယူ​ကြလိမ့်မည်။ ထို့နောက်၊ သူတို့သည် သဘော​ပြောင်းလဲ​လျက် [“လေပွေ​ကဲ့သို့​အ​သော့​ကူးသွား၊” သ​မ] လွန်ကျူး​၍ အပြစ်​ခံရ​ကြလိမ့်မည်။ မိမိတို့​တန်ခိုး​သည် မိမိတို့​ဘုရား​ဖြစ်​လေ​သည်​တကား။”

၁၀။ အဘယ်သူ​သည် ယေဟောဝါ​၏​နှိုးဆော်​မှု​ကို ခံရ​ကြ​သနည်း။

၁၀ အကြီး​မြင့်​ဆုံး​အရှင်​ထံ​မှ ပရောဖက်ပြု​သတိပေး​ချက်​ပါ​တကား! ယေဟောဝါ​သည် ဗာဗုလုန်​လူရိုင်း၊ ခါလဒဲ​အမျိုး​ကို​နှိုးဆော်​လိုက်​သည်။ ယင်း​တို့သည် “မြေတစ်ပြင်လုံး” သို့​ချီတက်​သွားရာတွင် နယ်မြေ​မြောက်မြားစွာ​ကို သိမ်းပိုက်​လိမ့်​မည်။ တကယ်​ထိတ်လန့်စရာ​ပါ​တကား! ခါလဒဲ​လူအုပ်သည် “အလွန်​ကြောက်မက်​ဖွယ်၊” ထိတ်လန့်ဖွယ်​ဖြစ်သည်။ သူတို့သည် တင်းကျပ်သော​ကိုယ်ပိုင်​ဥပဒေ​များ​ကို ထုတ်ဆင့်​ထား​ကြသည်။ “ကိုယ်​အလိုအလျောက် တရား​စီရင်​ဆုံးဖြတ်​ကြ​၏။”

၁၁။ ယုဒ​နိုင်ငံ​ကို​တိုက်ခိုက်​ဖို့ ဗာဗုလုန်​စစ်တပ်​ချီတက်​လာ​ခြင်း​ကို သင်​မည်သို့​ရှင်းပြ​မည်​နည်း။

၁၁ ဗာဗုလုန်​မြင်းများ​သည် လျင်မြန်​သော​ကျားသစ်​များ​ထက် သာ၍​လျင်မြန်​၏။ သူတို့၏​မြင်းတပ်​သည် ည​အခါ​၌​အမဲလိုက်​သော တောခွေး​များ​ထက်​ကြမ်းတမ်း​၏။ ချီတက်​ဖို့​စိုင်းပြင်း​ရာ​တွင် ‘သူတို့၏​မြင်းများ​သည်’ စိတ်မရှည်​စွာ​ဖြင့် ‘မြေကြီးကို​ခွာ​ဖြင့်​ယက်​ကြသည်။’ သူတို့သည် ဝေးလံ​သော​ဗာဗုလုန်​မှ ယုဒပြည်​သို့​ဦးတည်​လာ​ကြသည်။ အရသာ​ရှိ​အစာကို​စား​ရန် ရွှေ​လင်း​တ​သည် တစ်ရှိန်ထိုး​ပျံ​သွား​သကဲ့သို့ ခါလဒဲ​အမျိုး​တို့သည် မကြာမီ သားကောင်​ကို​ခုန်အုပ်​တော့​မည်။ သို့သော် ၎င်း​သည် စစ်သား​အနည်းငယ်​ဖြင့် ချင်းနင်းဝင်​စီး​ခြင်း​မျှ​သာ​ဖြစ်​မည်​လော။ မဟုတ်ပါ! ဖျက်ဆီး​ဖို့​ရန် စစ်သည်​ဗိုလ်ပါ​တပ်မကြီး​ချီတက်​လာ​သကဲ့သို့ “ထို​သူအပေါင်း​တို့သည် ညှဉ်းဆဲခြင်း​ငှာ​လာ​ကြ​၏။” သူတို့၏​မျက်နှာ​မှာ စိတ်​ထက်သန်မှု​နှင့်အတူ​တောက်ပ​လျက်​ရှိပြီး ယုဒ​နှင့် ယေရုရှလင်​ရှိရာ​အနောက်ဘက်​သို့ အရှေ့လေ​တ​မျှ လျင်မြန်​စွာ​စီးနင်း​လာ​ကြသည်။ ဗာဗုလုန်​တပ်​များသည် ‘သဲ​ကို​စုသိမ်း​သကဲ့သို့ သုံ့ပန်းများ​ကို​စုသိမ်း’ ကာ အကျဉ်းသား​များစွာကို​ခေါ်ဆောင်​သွား​ကြသည်။

၁၂။ ဗာဗုလုန်​လူများ​၏​သဘောထား​ကား အဘယ်နည်း၊ ဤ​ကြောက်မက်​ဖွယ်​ကောင်းသော​ရန်သူ​သည် အဘယ် ‘အပြစ်ကို​အမှန်​ကျူးလွန်’ သနည်း။

၁၂ ခါလဒဲ​စစ်တပ်​သည် ညှာတာ​ခြင်း​ကင်းမဲ့​သော မိမိတို့၏​ချီတက်​လာ​မှု​ကို ဟန့်တား​နိုင်စွမ်း​မရှိသည့် ရှင်ဘုရင်များ​နှင့် မှူးမတ်​အရာရှိများ​ကို​လှောင်ပြောင်​သရော်​၍ မထီမဲ့မြင်​ပြု​လေ​သည်။ ဗာဗုလုန်​လူများ​သည် ‘မြေမှုန့်​ကို​ပုံ​ထား’ ၍​ယင်း​အပေါ်​မှ​တိုက်ခိုက်​ကြ​ခြင်း​ဖြင့် ခံတပ်​ဟူ​သမျှ ပျက်စီး​ကုန်​သောကြောင့် ‘ရဲတိုက်​ရှိသမျှ​တို့ကို​လှောင်ပြောင်​ကဲ့ရဲ့​ကြ’ လေ​သည်။ ယေဟောဝါ​ခန့်အပ်​ထားချိန်​တွင် ဤ​ကြောက်မက်​ဖွယ်​ကောင်းသော​ရန်သူ​သည် ‘လေပွေ​ကဲ့သို့ အ​သော့​ကူးသွား​လိမ့်​မည်။’ ယုဒ​နှင့် ယေရုရှလင်​ကို​တိုက်ခိုက်​ရာ​တွင် ၎င်း​သည် ဘုရားသခင့်​လူမျိုးတော်ကို ထိခိုက်​နာကျင်စေ​သည့် ‘အပြစ်ကို​အမှန်​ကျူးလွန်​လိမ့်​မည်။’ လျှပ်​တ​ပြ​က်​အောင်ပွဲခံ​ပြီး​နောက် ခါလဒဲ​တပ်မှူး​က ‘ဤ​တန်ခိုး​သည် ငါ​တို့၏​ဘုရား​ကြောင့်​ဖြစ်သည်’ ဟု​ဝါကြွား​လိမ့်​မည်။ သို့သော် သူသည် အသိအမြင်​ခေါင်းပါး​လိုက်​လေ​ခြင်း!

မျှော်လင့်​ရန်​ခိုင်လုံ​သော​အကြောင်း

၁၃။ ဟဗက္ကုတ်​သည် မျှော်လင့်ချက်​နှင့်​ယုံကြည်​စိတ်ချမှု အဘယ်ကြောင့်​အပြည့်​ရှိ​သနည်း။

၁၃ ယေဟောဝါ​၏​ရည်ရွယ်ချက်ကို တိုး​သိ​နားလည်​လာ​ခြင်း​နှင့်အတူ ဟဗက္ကုတ်​၏​နှလုံး​တွင် မျှော်လင့်ချက်​သည် ပိုမို​ရှင်သန်​လာ​သည်။ ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် ယေဟောဝါ​အား​ချစ်​မြတ်နိုးသော​သဘော​နှင့် သူ​ပြောဆို​ခဲ့​သည်။ ဟဗက္ကုတ် ၁:၁၂ [က​ဘ] တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ပရောဖက်​က​ဤသို့​ဆို​သည်– “အို​ယေဟောဝါ၊ ရှေး​လွန်​လေ​ပြီး​သော​အချိန်​ကတည်းက ကိုယ်တော်​ရှိခဲ့​သည်မဟုတ်​လော။ အကျွန်ုပ်၏​ဘုရား၊ သန့်ရှင်း​တော်​မူ​သော အကျွန်ုပ်၏​အရှင်၊ ကိုယ်တော်​သည်​သေခြင်းနှင့်​ကင်းလွတ်​တော်​မူ​ပြီ။” ယေဟောဝါ​သည် အမှန်တကယ်​ပင် “ရှေး​ကမ္ဘာ​အဆက်ဆက်​မှ​စ၍၊ နောက်​ကမ္ဘာ​အဆက်ဆက်​တိုင်အောင်” ထာဝစဉ်​တည်​ရှိတော်မူသော ဘုရားသခင်​ဖြစ်​တော်​မူ​၏။—ဆာလံ ၉၀:၁၊ ၂

၁၄။ အယူဖောက်ပြန်​သော​ယုဒ​များသည် အဘယ်​လမ်းစဉ်​ကို​လိုက်ခဲ့​ကြ​သနည်း။

၁၄ ဘုရားသခင်​ပေး​သည့်​အဆင်းအာရုံ​ကို ပြန်​သုံးသပ်ခြင်း​နှင့် ယင်း​မှ​ရသော​ထိုးထွင်း​သိမြင်မှု​ကြောင့် ဝမ်းမြောက်​ကာ ပရောဖက်​က ဤသို့​ဆက်​ပြော​သည်– “အို​ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ]၊ စစ်ကြော​စေခြင်း​ငှာ သူတို့ကို ခန့်​ထား​တော်​မူ​လေ​ပြီ။ အို​ကျောက်ဖြစ်​တော်​မူ​သော​ဘုရား၊ ဆုံးမ​စေခြင်း​ငှာ သူတို့ကို​တည်​နေ​စေတော်မူ​လေ​ပြီ။” ယုဒ​နိုင်ငံ​၏​အယူဖောက်ပြန်သူ​များ​ကို ဘုရားသခင်​တရား​စီရင်​ပြီး သူတို့သည် ယေဟောဝါ​၏​ပြစ်တင်ခြင်း၊ ပြင်းထန်​သည့်​ဆုံးမခြင်း​ကို​ခံရ​ကြလိမ့်မည်။ ကိုယ်တော်​အား မိမိတို့၏​ကျောက်၊ တစ်ခု​တည်း​သော​စစ်မှန်​သည့်​ရဲတိုက်၊ ခိုလှုံရာ​နှင့် ကယ်တင်​ရာ​ရင်းမြစ်​အဖြစ် မျှော်ကိုး​နေ​သင့်​သည်။ (ဆာလံ ၆၂:၇; ၉၄:၂၂; ၉၅:၁) သို့​တိုင် အယူဖောက်ပြန်​သော ယုဒ​ခေါင်းဆောင်​များသည် ဘုရားသခင်​ထံ​မ​ချဉ်းကပ်​ကြ​ဘဲ ယေဟောဝါ​၏​အန္တရာယ်​မပေး​သော ဝတ်ပြုသူ​များ​ကို ဆက်၍​ဖိနှိပ်​ကြသည်။

၁၅။ ယေဟောဝါ​သည် အဘယ်​သဘော​မျိုး​ဖြင့် ‘ဒုစရိုက်​မကောင်းမှုကို​မကြည့်ရှု​နိုင်အောင် အလွန်​စင်ကြယ်သော​မျက်စိ​ရှိ’ သနည်း။

၁၅ ဤ​အခြေအနေ​က ယေဟောဝါ​၏​ပရောဖက်​ကို အလွန်​စိတ်​ဆင်းရဲ​စေ​၏။ ထို့​ကြောင့် သူက​ဤသို့​ဆို​သည်– “ကိုယ်တော်​သည် ဒုစရိုက်[မကောင်းမှု] ကို​ကြည့်ရှု​တော်​မ​မူ။ သန့်ရှင်းသော​မျက်စိ​ရှိ​တော်​မူ​၏။ အဓမ္မအမှု[မတရားသော​အမှု] ကို​ကြည့်ရှု​၍​နေ​တော်​မ​မူ​တတ်​ပါ။” (ဟဗက္ကုတ် ၁:၁၃) မှန်​ပါ​၏၊ ယေဟောဝါ​သည် ‘ဒုစရိုက်[မကောင်းမှု] ကို​မကြည့်ရှု’ တစ်နည်း​အားဖြင့်​ဆိုလျှင် မှားယွင်းမှု​ကို​သည်းမခံ​နိုင်အောင် ‘အလွန်​စင်ကြယ်သော​မျက်စိ​ရှိ’ တော်​မူ​၏။

၁၆။ ဟဗက္ကုတ် ၁:၁၃-၁၇ ပါ​မှတ်တမ်းတင်​ချက်​ကို သင်​မည်သို့​အကျဉ်းချုပ်​ဖော်ပြ​မည်​နည်း။

၁၆ ထို့​ကြောင့် ဟဗက္ကုတ်​၏​စိတ်ထဲ​တွင် စဉ်းစားစရာ​မေးခွန်း​အချို့​ပေါ်ပေါက်​လာ​သည်။ သူက​ဤသို့​မေးခွန်းထုတ်​သည်– “သို့​ဖြစ်၍၊ သစ္စာပျက်​သော​သူတို့ကို အဘယ်ကြောင့်​ကြည့်ရှု​၍​နေ​တော်​မူ​သနည်း။ အဓမ္မ[မတရားသော] လူသည် မိမိ​ထက်​ဖြောင့်မတ်​သော​သူကို​ကိုက်စား​သောအခါ၊ အဘယ်ကြောင့်​တိတ်ဆိတ်​စွာ​နေ​တော်​မူ​သနည်း။ လူသတ္တဝါ​တို့ကို​လည်း ပင်လယ်​ငါး​ကဲ့သို့​လည်းကောင်း၊ မင်း​မရှိသော​ပိုးကောင်​ကဲ့သို့​လည်းကောင်း အဘယ်ကြောင့်​ဖြစ်စေ​တော်​မူ​သနည်း။ ရန်သူ​သည် ထို​သူအပေါင်း​တို့ကို​ငါးမျှား​နှင့်​မျှား​လျက်၊ ကွန်​နှင့်​အုပ်​လျက်၊ ပိုက်​နှင့်​လှောင်​လျက်​ဝမ်းမြောက်​ရွှင်လန်း​တတ်၏။ မိမိ​ကွန်​အား ယဇ်​ပူဇော်​၍၊ မိမိ​ပိုက်​အား နံ့သာပေါင်း​ကို​မီးရှို့​တတ်၏။ အကြောင်း​မူ​ကား၊ ထို​တန်ဆာ​အားဖြင့် ဥစ္စာ​ရ​တတ်​၍​ဝ​စွာ​စား​ရ၏။ သို့​ဖြစ်၍၊ သူသည် ပိုက်ကွန်​ထဲ​က​ငါး​တို့ကို သွန်းလောင်း​ရ​ပါ​မည်​လော။ လူအမျိုးမျိုး​တို့ကို​မ​နှမြော​ဘဲ အစဉ်​လုပ်ကြံ​ရ​ပါ​မည်​လော။”—ဟဗက္ကုတ် ၁:၁၃-၁၇

၁၇။ (က) ယုဒပြည်​နှင့်​ယေရုရှလင်​မြို့ကို တိုက်ခိုက်​ရာ​တွင် ဗာဗုလုန်​လူများ​သည် ဘုရားသခင့်​ရည်ရွယ်ချက်ကို မည်သို့​ထမ်းဆောင်​နေကြ​သနည်း။ (ခ) ယေဟောဝါ​သည် ဟဗက္ကုတ်​အား​အဘယ်အရာကို​ဖော်ပြ​မည်​နည်း။

၁၇ ဗာဗုလုန်​လူမျိုး​သည် ယုဒ​နိုင်ငံ​နှင့် ယင်း​၏​မြို့တော်​ယေရုရှလင်​ကို​တိုက်ခိုက်​ရာ​တွင် သူတို့​အလိုအတိုင်း​ဆောင်ရွက်​ကြလိမ့်မည်။ သစ္စာ​မရှိသော​လူမျိုးတော်​အား ဖြောင့်မတ်​သော​စီရင်ချက်​ချ​ရာ​တွင် သူတို့သည် ဘုရားသခင့်​အသုံးတော်ခံ​ဖြစ်​ကြောင်း သိ​ကြ​မည်​မဟုတ်။ ဘုရားသခင်​သည် မိမိ၏​တရား​စီရင်ချက်​အတွက် ဆိုးညစ်သော​ဗာဗုလုန်​လူများ​ကို အဘယ်ကြောင့်​အသုံးပြု​ရ​ကြောင်း ဟဗက္ကုတ် နားလည်​ရ​ခက်​မည်​ကို သိမြင်​ရန်​မ​ခဲယဉ်း​ပါ။ ထို​ရက်စက်​ကြမ်းကြုတ်​သော ခါလဒဲ​အမျိုး​တို့သည် ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​သူများ​မဟုတ်​ကြ​ပေ။ လူကို ဖမ်းဆီး​နိုင်နင်း​စ​ရာ ‘ပင်လယ်​ငါး​နှင့် မင်း​မရှိသော​ပိုးကောင်’ ကဲ့သို့​သာ သူတို့​ရှုမှတ်​ကြသည်။ သို့သော် ဟဗက္ကုတ်​သည် ဤ​ကိစ္စ​ကြောင့် ကြာမြင့်စွာ​စိတ်ရှုပ်​နေ​လိမ့်​မည်​မဟုတ်။ ဗာဗုလုန်​လူများ​သည် သူတို့၏​လောဘ​တ​ကြီး​လုယူ​မှု​နှင့် အကြောင်းမဲ့​သွေးပြစ်​ကျူးလွန်​မှု​တို့အတွက် အပြစ်ဒဏ်​မခံရ​ဘဲ​နေရ​လိမ့်​မည်​မဟုတ်​ကြောင်း မိမိ၏​ပရောဖက်​ကို ယေဟောဝါ​က မကြာမီ​ဖော်ပြ​တော့​မည်။—ဟဗက္ကုတ် ၂:၈

ယေဟောဝါ​၏ ထပ်ဆင့်​စကားတော်​များ​အတွက် အသင့်​ဖြစ်​ခြင်း

၁၈။ ဟဗက္ကုတ် ၂:၁ တွင်​ဖော်ပြ​ထားသော ဟဗက္ကုတ်​၏​သဘောထား​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၈ သို့သော်၊ ယခု ဟဗက္ကုတ်​သည် ယေဟောဝါ​၏​ထပ်ဆင့်​စကားတော်​ကို ကြားနာ​ဖို့​စောင့်နေ​သည်။ ပရောဖက်​သည် ဤသို့​သန္နိ​ဋ္ဌာန်​ချ​ဖော်ပြ​သည်– “ငါသည် လင့်​စင်ပေါ်​မှာ​ရပ်​လျက်၊ ရဲတိုက်​၌​အမြဲ​နေ​လျက်၊ ငါ့​အား​အဘယ်​သို့​မိန့်တော်မူ​မည်​ကိုလည်း​ကောင်း၊ အပြစ်တင်​လျှင် အဘယ်​သို့​ပြန်လျှောက်​ရမည်ကို​လည်းကောင်း ငါ​စောင့်​၍​နေ” မည်။ (ဟဗက္ကုတ် ၂:၁) ပရောဖက်​တစ်ဦး​ဖြစ်သည့် မိမိ​မှ​တစ်ဆင့် ဘုရားသခင်​အဘယ်​သို့​မိန့်တော်မူ​မည်​ကို ဟဗက္ကုတ်​အလွန်​ပင်​စိတ်ဝင်စား​သည်။ ဆိုးသွမ်းမှု​ကို​သည်းမခံ​သည့် ဘုရားသခင်​တစ်ပါး​အဖြစ် ယေဟောဝါ​ကို​ယုံကြည်​အားထားခြင်းက ဆိုးသွမ်းမှု​ကို​အဘယ်ကြောင့်​ပျံ့နှံ့​စေ​ရ​ကြောင်း သူ့​အတွက်​တွေးတော​စ​ရာ​ဖြစ်သော်လည်း သူ၏​အတွေးအခေါ်ကို ပြုပြင်​လို​စိတ်​ရှိသည်။ သို့​ဖြစ်​လျှင်၊ ကျွန်ုပ်​တို့​ကော။ ဆိုးသွမ်းမှု​အချို့​ကို အဘယ်ကြောင့်​ခွင့်ပြု​ထား​ရ​ကြောင်း ကျွန်ုပ်​တို့​စဉ်းစားမိ​သည့်​အခါ ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​ကို ယုံကြည်​စိတ်ချ​ခြင်း​က ကျွန်ုပ်​တို့၏​ဟန်ချက်​ကို ထိန်းထား​စေပြီး ကိုယ်တော်​အား​စောင့်ဆိုင်း​စေ​သင့်​သည်။—ဆာလံ ၄၂:၅၊ ၁၁

၁၉။ ဟဗက္ကုတ်​အား​မိန့်ဆို​သည့် ဘုရားသခင့်​စကားတော်​နှင့်​အညီ ထင်ရာစိုင်း​ဂျူး​များ အဘယ်​သို့​ဖြစ်ပျက်​ခဲ့​ကြ​သနည်း။

၁၉ ဟဗက္ကုတ်​အား ဘုရားသခင်​မိန့်တော်မူ​သည့်​စကား​နှင့်​အညီ ယုဒ​နိုင်ငံ​ကို ဗာဗုလုန်​များ​အား​သိမ်းပိုက်​စေခြင်း​ဖြင့် ထင်ရာစိုင်း​ဂျူးများ​ကို တရား​စီရင်​ခဲ့​သည်။ ဘီ.စီ.အီး. ၆၀၇ တွင် သူတို့သည် ယေရုရှလင်​မြို့​နှင့်​ဗိမာန်တော်ကို ဖျက်ဆီး​ခဲ့​ကြ​ပြီး ကြီးငယ်မဟူ​ကို​သတ်ဖြတ်​ခဲ့​ကြ​ကာ သုံ့ပန်းများ​စွာ​ကို ခေါ်ဆောင်​သွားခဲ့​ကြသည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၀) ဗာဗုလုန်​နိုင်ငံ​တွင် ကြာမြင့်စွာ​ပြည်နှင်ခံ​ကြ​ရပြီး​နောက် သစ္စာရှိ​ဂျူး​အကြွင်းအကျန်​တို့သည် မိမိတို့၏​နေရင်း​နိုင်ငံ​သို့​ပြန်လာ​ခဲ့​ကြ​ပြီး နောက်ဆုံး​တွင် ဗိမာန်တော်ကို​ပြန်လည်​ဆောက်လုပ်​ခဲ့​ကြသည်။ သို့သော် နောက်ပိုင်း​တွင် ဂျူး​တို့သည် အထူးသဖြင့် ယေရှု​အား​မေရှိယ​အဖြစ်​ငြင်းပယ်​ချိန်​တွင် ယေဟောဝါ​အပေါ် တစ်ဖန်​သစ္စာမဲ့​ခဲ့​ကြသည်။

၂၀။ ယေရှု​အား​ငြင်းပယ်​ခြင်း​နှင့်​စပ်လျဉ်း၍ ဟဗက္ကုတ် ၁:၅ ကို​ပေါလု​မည်သို့​အသုံးပြု​ခဲ့​သနည်း။

၂၀ တမန်​တော် ၁၃:၃၈-၄၁ အရ၊ တမန်​တော်​ပေါလု​က ယေရှု၏ ရွေးဖိုး​ပူဇော်​သကာ​ကို​မထီမဲ့မြင်​ပြုခြင်း​ဖြင့် ယေရှု​အား​ငြင်းပယ်​ခြင်း​သည် မည်သည့်​အဓိပ္ပာယ်​သက်ရောက်​ကြောင်း အန္တိအုတ်မြို့​ရှိ​ဂျူး​များ​ကို ဖော်ပြ​ခဲ့​သည်။ ဂရိ​စက်​ပ်​ထွား​ဂျင့်​ဘာသာပြန်​ကျမ်း​မှ ဟဗက္ကုတ် ၁:၅ [သမ္မာ] ကိုကိုး​ကား​လျက် ပေါလု​က​ဤသို့​သတိပေး​ခဲ့​သည်– “ပရောဖက်​ကျမ်း​၌​လာ​သည်​ကား၊ ‘မထီမဲ့မြင်​ပြု​တတ်သော​သူတို့၊ ကြည့်ရှု​အံ့ဩ​၍​ပြယ်ပျောက်​ခြင်း​သို့​ရောက်​ကြလော့။ အကြောင်း​မူ​ကား၊ သင်တို့အား သူတစ်ပါး​ပြညွှန်​သော်လည်း သင်တို့​မယုံ​သော​အမှုကို သင်တို့​လက်ထက်​ကာလ​၌ ငါ​ပြု​သည်​ဟု​ကျမ်းစာ​၌​ပါ​သော​အရာ​ကို သင်တို့​အပေါ်​သို့​မ​ရောက်​စေမည်​အကြောင်း၊ သတိပြု​ကြလော့။’ ” ပေါလု​၏​ကိုးကားချက်​နှင့်​အညီ စီ.အီး. ၇၀ တွင် ရောမ​စစ်တပ်​များ​က ယေရုရှလင်​မြို့​နှင့် ယင်း​၏​ဗိမာန်တော်ကို ဖျက်ဆီး​သောအခါ ဟဗက္ကုတ် ၁:၅ သည် ဒုတိယ​အကြိမ်​ပြည့်စုံ​လာ​ခဲ့​သည်။

၂၁။ ယေရုရှလင်​မြို့ကို ဗာဗုလုန်​လူများ​အား ဖျက်ဆီး​စေသည့် ဘုရားသခင့် “အမှု” တော်​ကို ဟဗက္ကုတ်​ခေတ်​မှ​ဂျူး​များ မည်သို့​ရှုမြင်ခဲ့​ကြ​သနည်း။

၂၁ ယေရုရှလင်​မြို့​သည် ယေဟောဝါ​၏​ဝတ်ပြုမှု အခြေ​စိုက်​ရာ​မြို့၊ ကိုယ်တော်​၏​ဘိသိက်ခံ​ဘုရင် နန်းထိုင်​ရာ​မြို့​ဖြစ်သော​ကြောင့် ယင်းကို ဗာဗုလုန်​လူများ​အား ဖျက်ဆီး​စေခြင်း​ဟူသော ဘုရားသခင့် “အမှု” သည် ဟဗက္ကုတ်​ခေတ်​မှ​ဂျူး​များ​အတွက် မတွေး​တော​နိုင်​စ​ရာ​ဖြစ်သည်။ (ဆာလံ ၁၃၂:၁၁-၁၈) ထို​အကြောင်း​များ​ကြောင့် ယေရုရှလင်​မြို့​သည် ၎င်း​အချိန်​မတိုင်မီ​က တစ်ကြိမ်​မျှ​ဖျက်ဆီး​မခံရ​သေး​ပါ။ ယင်း​၏​ဗိမာန်တော်​သည် တစ်ခါမျှ​မီးရှို့​ခံ​ခဲ့​ရခြင်း​မရှိ။ ဒါဝိဒ်​၏​တော်ဝင်​အိမ်တော်​သည် တစ်ခါမျှ​မှောက်လှန်​ခြင်း​မခံခဲ့​ရ​ပါ။ ယင်း​သို့ ယေဟောဝါ​ဖြစ်ခွင့်​ပြု​လိမ့်​မည်​မှာ မယုံနိုင်​စ​ရာ​ပင်။ သို့သော် ဤ​ထိတ်လန့်ဖွယ်​ရာ​များ​ဖြစ်လာ​လိမ့်​မည်​ဟု ဟဗက္ကုတ်​မှ​တစ်ဆင့် ဘုရားသခင်​သည် အတော်အတန်​သတိပေး​ထား​နှင့်​ပြီ​ဖြစ်သည်။ ကြိုပြော​ထား​သည်​အတိုင်း​ဖြစ်ပျက်​ခဲ့​ကြောင်း သမိုင်းက​သက်သေထူ​၏။

ကျွန်ုပ်​တို့​ခေတ်တွင်​ပြုသော ဘုရားသခင်​၏ မယုံနိုင်​ဖွယ် “အမှု”

၂၂။ ယေဟောဝါ​၏​မယုံနိုင်​ဖွယ် “အမှု” တွင် ကျွန်ုပ်​တို့​ခေတ်​၌ အဘယ်အရာ​ပါဝင်​သနည်း။

၂၂ ကျွန်ုပ်​တို့​ခေတ်တွင် ယေဟောဝါ​သည် မယုံနိုင်​ဖွယ် “အမှု” တစ်ခု​ကို ပြု​တော်​မူ​မည်​လော။ သံသယ​ဖြစ်သူ​များ​အတွက် မယုံနိုင်​စ​ရာ​ဖြစ်ပုံရ​သော်လည်း ကိုယ်တော်​ပြု​တော်​မူ​မည်​ကို​စိတ်ချ​ပါ။ ဤ​တစ်ကြိမ်​တွင် ယေဟောဝါ​၏​မယုံနိုင်​ဖွယ်​အမှုမှာ ခရစ်ယာန်ဘောင်​ကို​ဖျက်ဆီးခြင်း​ဖြစ်​မည်။ ၎င်း​သည် ဘုရားသခင်​အား​ဝတ်ပြု​သည်​ဆို​သော်လည်း ရှေးခေတ်​ယုဒ​နိုင်ငံ​ကဲ့သို့ လုံးလုံး​ယိုယွင်း​လာ​ခဲ့ပြီ။ ယေဟောဝါ​သည် များ​မကြာမီ ဗာဗုလုန်​ဘာသာရေး​ကမ္ဘာ့​အင်ပါယာ​ဖြစ်သည့် ‘မဟာ​ဗာဗုလုန်’ တစ်ခုလုံး​နည်းတူ ခရစ်ယာန်ဘောင်​ဘာသာရေး​စနစ်​ရှိရှိသမျှကို ဖယ်ရှား​တော်​မူ​မည်။—ဗျာဒိတ် ၁၈:၁-၂၄

၂၃။ နောက်ထပ်​မည်သို့​ပြုလုပ်​ရန် ဘုရားသခင့်​ဝိညာဉ်​တော်​က ဟဗက္ကုတ်​ကို​လှုံ့ဆော်ပေး​ခဲ့​သနည်း။

၂၃ ဘီ.စီ.အီး. ၆၀၇ တွင်​ယေရုရှလင်​မြို့​မပျက်စီး​မီ ဟဗက္ကုတ်​ကို​ယေဟောဝါ ထပ်၍​လုပ်ကိုင်​စေ​လို​သည့် အလုပ်များ​ရှိသေး​သည်။ မိမိ၏​ပရောဖက်​ကို ဘုရားသခင်​အဘယ်​သို့​မိန့်တော်မူ​ဦး​မည်​နည်း။ ဟဗက္ကုတ်​သည် မိမိ၏​တူရိယာ​ကို​ယူ၍ ယေဟောဝါ​ထံ ပတ္ထနာ​ပြု​မြည်တမ်း​သီချင်းများ​သီဆို​ရန် လှုံ့ဆော်​ခံရ​မည့် အကြောင်းအရာ​များစွာကို​ကြား​ရ​ပေ​ဦး​မည်။ သို့သော် ဦးဆုံး​အနေ​ဖြင့် ဘုရားသခင့်​ဝိညာဉ်တော်သည် တုန်လှုပ်​ဖွယ်​ဘေးများ​ကို​ကြေညာ​ရန် ပရောဖက်​အား​စေ့ဆော်​ပေး​မည်။ ဘုရားသခင့်​ချိန်းချက်​ထားချိန်​နှင့်​ပတ်သက်​သည့် ဤ​ပရောဖက်ပြု​စကား​များ​၏ နက်နဲ​သော​အဓိပ္ပာယ်​ကို ကျွန်ုပ်​တို့​အမှန်ပင်​ထိုးထွင်း​သိမြင်​လို​ကြ​ပေမည်။ ထို့​ကြောင့် ဟဗက္ကုတ်​၏​ပရောဖက်ပြုချက်​ကို ဆက်၍​အာရုံစိုက်​ကြပါစို့။

သင်​မှတ်မိ​သလော

● ဟဗက္ကုတ်​အချိန်တွင် ယုဒ​နိုင်ငံ​၌ အဘယ်​အခြေအနေ​များ​ရှိခဲ့​သနည်း။

● ယေဟောဝါ​သည် ဟဗက္ကုတ်​ခေတ်တွင် အဘယ်​မယုံနိုင်​ဖွယ် “အမှု” ကို​ဆောင်ရွက်​ခဲ့​သနည်း။

● ဟဗက္ကုတ်​၌ မျှော်လင့်​စ​ရာ​အဘယ်​အကြောင်း​ရှိခဲ့​သနည်း။

● ဘုရားသခင်​သည် ကျွန်ုပ်​တို့​ခေတ်တွင် အဘယ်​မယုံနိုင်​ဖွယ် “အမှု” ကို​ပြုလုပ်​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် ဆိုးသွမ်းမှု​ကို​အဘယ်ကြောင့်​ခွင့်ပြု​ထား​ရ​ကြောင်း ဟဗက္ကုတ်​သိ​လို​ခဲ့​သည်။ အသင်​ကော

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဗာဗုလုန်​လက်ချက်​ဖြင့် ယုဒ​နိုင်ငံ ကပ်ဘေး​ကြုံ​ရမည့်​အကြောင်း ဟဗက္ကုတ်​ကြို​ဟောခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘီ.စီ.အီး. ၆၀၇ တွင်​ပျက်စီး​ခဲ့​သည့် ယေရုရှလင်​၏ ရှေးဟောင်း​ပစ္စည်း​တူးဖော်​ခြင်း​ဆိုင်ရာ အပျက်အယွင်း​များ