“ခရစ်တော်၏စိတ်” ကိုသိကျွမ်းလာခြင်း
“ခရစ်တော်၏စိတ်” ကိုသိကျွမ်းလာခြင်း
“‘ထိုလူကိုသွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။’ ငါတို့မူကား ခရစ်တော်၏စိတ်ကိုခံရကြ၏။”—၁ ကောရိန္သု ၂:၁၆။
၁၊ ၂။ ယေဟောဝါသည် မိမိ၏နှုတ်မြွက်စကားတော်၌ ယေရှုနှင့်ပတ်သက်၍ အဘယ်အရာကိုဖော်ပြရန် အလိုရှိတော်မူခဲ့သနည်း။
ယေရှု မည်သူနှင့်တူသနည်း။ ကိုယ်တော့်ဆံပင်၊ ကိုယ်တော့် အသားအရေ၊ ကိုယ်တော့်မျက်စိအရောင်ကားအဘယ်နည်း။ အရပ်မည်မျှရှည်သနည်း။ ကိုယ်အလေးချိန် မည်မျှရှိသနည်း။ ရာစုနှစ်များတစ်လျှောက် ပန်းချီဆရာတို့သည် ယေရှုကို ယုတ္တိတန်ရာမှ မဖြစ်နိုင်သည့်အထိ အမျိုးမျိုးပုံဖော်ရေးဆွဲကြ၏။ အချို့က ယောက်ျားပီသ၍တက်ကြွသူအဖြစ် သရုပ်ဖော်ကြစဉ် အခြားသူတို့က ကိုယ်တော်ကို ချူချာ၍ ဖြူဖပ်ဖြူရော်ပုံစံဖြင့် ရေးဆွဲထားတတ်ကြသည်။
၂ သို့သော် သမ္မာကျမ်းစာက ယေရှု၏ရုပ်ရည်ရူပကာကို အဓိကဖော်ပြမထားချေ။ ယင်းအစား ထိုထက်သာ၍အရေးပါသည့် ယေရှုသည် အဘယ်ပုဂ္ဂိုလ်အမျိုးအစားဖြစ်ကြောင်းကို ဖော်ပြရန် ယေဟောဝါအလိုတော်ရှိတော်မူခဲ့၏။ ခရစ်ဝင်ကျမ်းမှတ်တမ်းများသည် ယေရှု၏မိန့်တော်မူချက်များနှင့် လုပ်ဆောင်မှုတို့ကို မှတ်တမ်းတင်ရုံမက ကိုယ်တော်၏မိန့်မှာချက်များနှင့် လုပ်ရပ်များနောက်ဝယ်ရှိ နက်ရှိုင်းသောခံစားချက်နှင့် တွေးခေါ်ပုံတို့ကိုလည်း ဖော်ပြသည်။ ဤမှုတ်သွင်းခံမှတ်တမ်းလေးစောင်အားဖြင့် တမန်တော်ပေါလုရည်ညွှန်းခဲ့သည့် “ခရစ်တော်၏စိတ်” ကိုကျွန်ုပ်တို့စေ့စေ့ကြည့်ရှုစေနိုင်သည်။ (၁ ကောရိန္သု ၂:၁၆) ယေရှု၏တွေးခေါ်မှုများ၊ ခံစားချက်များနှင့် ဥပဓိရုပ်တော်ကို ကျွန်ုပ်တို့ သိဖို့အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ အနည်းဆုံး အကြောင်းရင်းနှစ်ရပ်ကြောင့်ဖြစ်သည်။
၃။ ခရစ်တော်၏စိတ်ကိုသိကျွမ်းလာခြင်းက အဘယ်ထိုးထွင်းသိမြင်မှုကိုရရှိစေနိုင်သနည်း။
၃ ဦးဆုံးကား၊ ခရစ်တော်၏စိတ်သည် ယေဟောဝါ၏စိတ်သဘောလုကာ ၁၀:၂၂) ယင်းကြောင့် ‘ယေဟောဝါအားသိလိုလျှင် ငါ့ကိုကြည့်လော့’ ဟု ယေရှုမိန့်တော်မူသကဲ့သို့ပင်ဖြစ်သည်။ (ယောဟန် ၁၄:၉) သို့ဖြစ်၍ ခရစ်ဝင်ကျမ်းများတွင်ဖော်ပြထားသည့် ယေရှု၏တွေးခေါ်ပုံ၊ ခံစားပုံတို့ကို ဖတ်ရှုလေ့လာသည့်အခါ ကျွန်ုပ်တို့သည် ယေဟောဝါမည်သို့တွေးခေါ်၊ ခံစားကြောင်းကို တစ်နည်းအားဖြင့် သိရှိလာနေခြင်းဖြစ်သည်။ ထိုအသိပညာက ကျွန်ုပ်တို့ကို ဘုရားသခင်ထံ သာ၍ချဉ်းကပ်နိုင်စေသည်။—ယာကုပ် ၄:၈။
တော်ကို ကျွန်ုပ်တို့အား တစေ့တစောင်းသိရှိစေ၏။ ယေရှုသည် မိမိ၏ခမည်းတော်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ခဲ့ရာ ကိုယ်တော်က ဤသို့မိန့်ဆိုနိုင်ခဲ့သည်– “သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှမသိ။” (၄။ ခရစ်တော်ကဲ့သို့ ကျွန်ုပ်တို့အမှန်တကယ်ကျင့်လိုလျှင် ဦးဆုံးအဘယ်အရာကို သင်ယူကြရမည်နည်း၊ အဘယ်ကြောင့်နည်း။
၄ ဒုတိယအနေဖြင့် ခရစ်တော်၏စိတ်ကို ကျွန်ုပ်တို့သိလာခြင်းက “ခြေ . . . ရာကိုလိုက်လျှောက်စေ” ရန် ကျွန်ုပ်တို့ကိုကူညီပေးသည်။ (၁ ပေတရု ၂:၂၁) ယေရှုနောက်လိုက်ခြင်းသည် ကိုယ်တော့်မိန့်ဆိုချက်များကို လိုက်ရွတ်ခြင်း၊ ကိုယ်တော်ပြုမူသကဲ့သို့ ပြုမူခြင်းသက်သက်မဟုတ်ချေ။ စကားပြောဆိုပြုမူခြင်းသည် အတွေးအခေါ်၊ ခံစားချက်များ၏တိုက်တွန်းမှုအရဖြစ်ပေါ်လာရာ ခရစ်တော်နောက်လိုက်ခြင်းတွင် ကိုယ်တော်၌ရှိသော “စိတ်သဘော” ကိုမွေးမြူဖို့လိုပေသည်။ (ဖိလိပ္ပိ ၂:၅) တစ်နည်းအားဖြင့် ခရစ်တော်ကဲ့သို့ ကျွန်ုပ်တို့အမှန်တကယ်ကျင့်လိုလျှင် မစုံလင်သူများအနေနှင့် ကျွန်ုပ်တို့အတတ်နိုင်ဆုံးကြိုးစားကြရန် ကိုယ်တော်နည်းတူ တွေးခေါ်ခံစားတတ်ဖို့ ဦးဆုံးသင်ယူကြရမည်။ သို့ဖြစ်၍ ခရစ်ဝင်ကျမ်းရေးသူတို့၏အကူအညီဖြင့် ခရစ်တော်၏စိတ်ကို စေ့စေ့ကြည့်ရှုကြပါစို့။ ယေရှုတွေးခေါ်ခံစားပုံကို တိုက်တွန်းသည့် အချက်အလက်များကို ကျွန်ုပ်တို့ဦးဆုံးဆွေးနွေးကြမည်။
ကိုယ်တော်၏ လူသားဘဝမတိုင်မီအသက်တာ
၅၊ ၆။ (က) ကျွန်ုပ်တို့၏အပေါင်းအဖော်များသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။ (ခ) မြေကြီးပေါ်သို့မကြွလာမီ ဘုရားသခင့်သားဦးသည် အဘယ်ပေါင်းဖော်မှုရှိခဲ့သနည်း၊ ယင်းက ကိုယ်တော်အပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၅ ကျွန်ုပ်တို့နှင့်ရင်းနှီးသောအပေါင်းအဖော်များသည် ကျွန်ုပ်တို့၏အတွေးအခေါ်၊ ခံစားချက်များနှင့် အပြုအမူအပေါ် အကောင်း သို့မဟုတ် အဆိုးဘက်သြဇာသက်ရောက်လွှမ်းမိုးနိုင်၏။ * (သု. ၁၃:၂၀) ကမ္ဘာမြေကြီးပေါ်သို့မကြွလာမီ ကောင်းကင်၌ ယေရှု၏ပေါင်းသင်းဆက်ဆံမှုကို သုံးသပ်ကြည့်ပါ။ ယောဟန်ခရစ်ဝင်ကျမ်းက “နှုတ် [မြွက်တော်]” သို့မဟုတ် ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ယေရှု၏လူသားဘဝမတိုင်မီအသက်တာကို အာရုံစိုက်စေသည်။ ယောဟန်က ဤသို့ဆိုသည်– “အစအဦး၌နှုတ် [မြွက်တော်] ရှိ၏။ နှုတ် [မြွက်တော်] သည်ဘုရားသခင်နှင့်အတူရှိ၏။ နှုတ် [မြွက်တော်] သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ် [မြွက်တော်] သည် အစအဦး၌ဘုရားသခင်နှင့်အတူရှိ၏။” (ယောဟန် ၁:၁၊ ၂) ယေဟောဝါသည် အစမရှိသောကြောင့် နှုတ်မြွက်တော်သည် ဘုရားသခင်နှင့်အတူ “အစအဦး၌” ရှိခြင်းက ဘုရားသခင်၏ဖန်ဆင်းခြင်းလုပ်ငန်းများ အစပြုချိန်ကို ရည်ညွှန်းနေခြင်းဖြစ်မည်။ (ဆာလံ ၉၀:၂) ယေရှုသည် “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။” သို့ဖြစ်၍ အခြားနာမ်ဝိညာဉ်သတ္တဝါများနှင့် မျက်မြင်ရလောကဓာတ်တို့ကို မဖန်ဆင်းမီ ကိုယ်တော်တည်ရှိခဲ့မည်ဖြစ်သည်။—ကောလောသဲ ၁:၁၅; ဗျာဒိတ် ၃:၁၄။
၆ သိပ္ပံပညာခန့်မှန်းချက်အချို့အရ မျက်မြင်ရလောကဓာတ်တည်ရှိနေသည်မှာ အနည်းဆုံးနှစ်ပေါင်း ၁၂ ဘီလီယံကြာမြင့်ပြီဖြစ်သည်။ ဤခန့်မှန်းချက်များသာ မှန်မည်ဆိုလျှင် အာဒံကိုမဖန်ဆင်းမီ အဆုံးမဲ့ကာလကတည်းက ဘုရားသခင့်သားဦးသည် မိမိ၏ခမည်းတော်နှင့်အတူ ရင်းနှီးသောပေါင်းသင်းဆက်ဆံမှုရှိခဲ့နှင့်ပြီးဖြစ်သည်။ (မိက္ခာ ၅:၂ နှိုင်းယှဉ်။) သို့ဖြစ်၍ သူတို့နှစ်ပါးကြားတွင် ချစ်ခင်ကြင်နာတွယ်တာသည့်သံယောဇဉ်နှောင်ကြိုး ရစ်ဖွဲ့လျက်ရှိသည်။ ဉာဏ်ပညာပြယုဂ်အဖြစ် လူသားဘဝမတိုင်မီအသက်တာ၌ ထိုသားဦးသည် ဤသို့မိန့်ဆိုကြောင်းဖော်ပြသည်– “ငါသည် . . . [ယေဟောဝါ] အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူ . . . ၏။” (သု. ၈:၃၀) မေတ္တာ၏ပင်ရင်းနှင့်အတူ မရေမတွက်နိုင်သောခေတ်ကာလများတစ်လျှောက် ရင်းနှီးစွာပေါင်းဖော်ခဲ့ခြင်းက ဘုရားသခင့်သားတော်အပေါ် အတိုင်းထက်အလွန် အမှန်ပင်အကျိုးသက်ရောက်ခဲ့သည်မှာမုချပင်! (၁ ယောဟန် ၄:၈) ဤသားတော်သည် မည်သူမျှမတတ်နိုင်သည့်အတိုင်းအတာဖြင့် ခမည်းတော်၏တွေးခေါ်မှု၊ ခံစားချက်များနှင့် နည်းလမ်းတော်များကို သိကျွမ်းလာကာ ရောင်ပြန်ဟပ်လေသည်။—မဿဲ ၁၁:၂၇။
မြေကြီးပေါ်အသက်တာနှင့် ဩဇာလွှမ်းမိုးမှုများ
၇။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင်၏သားဦးကြွလာရသည့် အကြောင်းတစ်ကြောင်းကားအဘယ်နည်း။
၇ ယေဟောဝါ၏ရည်ရွယ်တော်မူချက်မှာ မိမိ၏သားတော်အား ‘ကျွန်ုပ်တို့ခံရသော ဆင်းရဲဝေဒနာများကို စာနာထောက်ထား’ နိုင်သည့် ကြင်နာသောယဇ်ပုရောဟိတ်မင်းဖြစ်စေလိုသောကြောင့် ဘုရားသခင့်သားတော်သည် ထပ်ဆင့်သင်ယူစရာရှိ၏။ (ဟေဗြဲ ၄:၁၅) လူသားအဖြစ် ကမ္ဘာမြေကြီးပေါ်သို့ သားတော်ကြွလာရသည့်အကြောင်းတစ်ကြောင်းမှာ ဤအခန်းကဏ္ဍ၏အရည်အချင်းများကို ပြည့်မီရန်အတွက်ဖြစ်သည်။ ယေရှုသည် ယခင်က ကောင်းကင်မှ တွေ့မြင်ခဲ့ရုံဖြစ်သည့် အခြေအနေများနှင့် ဩဇာညောင်းမှုများကို ဤကမ္ဘာပေါ်တွင် အသွေးအသားလူသားတစ်ဦးအဖြစ် ခံစားခဲ့ရသည်။ ယခု ကိုယ်တော်သည် လူ့ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများကို ကိုယ်တွေ့ခံစားနိုင်လေပြီ။ တစ်ခါ တစ်ရံ မောပန်းခြင်း၊ ရေငတ်ခြင်း၊ ဆာလောင်ခြင်းတို့ကိုခံစားရသည်။ (မဿဲ ၄:၂; ယောဟန် ၄:၆၊ ၇) ထိုထက်မက အခက်အခဲ ဆင်းရဲခြင်းဝေဒနာအမျိုးမျိုးကို ကိုယ်တော်ခံခဲ့ရ၏။ သို့နှင့် “နားထောင်ခြင်းအကျိုးအကြောင်းကို သင်” ယူခဲ့ပြီး မိမိ၏ယဇ်ပုရောဟိတ်မင်းအခန်းကဏ္ဍအတွက် အရည်အချင်းပြည့်မီခဲ့လေသည်။—ဟေဗြဲ ၅:၈-၁၀။
၈။ မြေကြီးပေါ် ယေရှု၏အစောပိုင်းအသက်တာအကြောင်း ကျွန်ုပ်တို့အဘယ်အရာကိုသိရှိကြရသနည်း။
၈ ယေရှု၏မြေကြီးပေါ် အစောပိုင်းအသက်တာအတွင်း ကိုယ်တော့်တွေ့ကြုံမှုများကား အဘယ်နည်း။ ကိုယ်တော်၏ကလေးဘဝမှတ်တမ်းမှာ အလွန်တိုတုတ်သည်။ အမှန်မှာ မဿဲနှင့် လုကာသာလျှင် ကိုယ်တော်မွေးဖွားလာခြင်းအကျိုးအကြောင်းများကို ဖော်ပြသည်။ ယေရှုသည် မြေကြီးပေါ်သို့ကြွမလာမီ ကောင်းကင်၌အသက်ရှင်ခဲ့ကြောင်းကို ခရစ်ဝင်ကျမ်းရေးသူတို့က သိထားခဲ့ကြသည်။ အခြားမည်သည့်အရာထက်မဆို လူသားဘဝမတိုင်မီ ထိုအသက်တာက ကိုယ်တော်သည် မည်သို့သောပုဂ္ဂိုလ်အမျိုးအစားဖြစ်လာခြင်းကို ဖြေရှင်းပေးသည်။ သို့တစေ ယေရှုသည် လူစင်စစ်ဖြစ်တော်မူ၏။ ကိုယ်တော်သည် စုံလင်သော်လည်း နို့စို့သူငယ်ဘဝမှ ကလေးဘဝ၊ ၎င်းမှတစ်ဆင့် မြီးကောင်ပေါက်အရွယ်မှသည် လူကြီးအဖြစ်သို့ ကြီးပြင်းလာရပြီး တစ်ချိန်လုံးပညာသင်ယူခဲ့ရသည်။ (လုကာ ၂:၅၁၊ ၅၂) သမ္မာကျမ်းစာက ယေရှုအပေါ်အမှန်ပင်အကျိုးသက်ရောက်မည့် ကိုယ်တော်၏အစောပိုင်းအသက်တာအကြောင်း အချို့တစ်ဝက်ကို ဖော်ပြပါသည်။
၉။ (က) ယေရှုသည် ဆင်းရဲသောမိသားစုတစ်စုအတွင်း ဖွားမြင်ခဲ့ကြောင်း အဘယ်အရာကဖော်ပြသနည်း။ (ခ) အဘယ်အခြေအနေမျိုး၌ ယေရှုကြီးပြင်းလာဖွယ်ရှိသနည်း။
၉ ယေရှုသည် ဆင်းရဲသောမိသားစုတစ်စုအတွင်း မွေးဖွားခဲ့သည်မှာ ထင်ရှား၏။ ကိုယ်တော်ဖွားမြင်ပြီးနောက်ရက် ၄၀ အကြာတွင် ဗိမာန်တော်၌ ယောသပ်နှင့်မာရိတို့ပူဇော်ခဲ့သောယဇ်အားဖြင့် သိရှိရသည်။ မီးရှို့ရာယဇ်အဖြစ် သိုးသငယ်တစ်ကောင်နှင့် အပြစ်ဖြေရာယဇ်အဖြစ်ခို သို့မဟုတ် ချိုးတစ်ကောင်ကို ယူဆောင်လာမည့်အစား သူတို့သည် ‘ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ယဇ်ပူဇော်ကြ၏။’ (လုကာ ၂:၂၄) မောရှေ၏ပညတ်အရ ဤယဇ်ပူဇော်သကာမှာ ဆင်းရဲသားတို့အတွက် စီစဉ်ထားခြင်းဖြစ်သည်။ (ဝတ်ပြုရာ ၁၂:၆-၈) အတန်ကြာသော် ဤဆင်းရဲသောမိသားစုသည် လူဦးရေများလာခဲ့သည်။ ယေရှု၏အံ့ဖွယ်ဖွားမြင်ခြင်းပြီးနောက် ယောသပ်နှင့် မာရိတို့၌ သဘာဝအတိုင်းမွေးသောသားသမီး အနည်းဆုံးခြောက်ဦးထွန်းကားခဲ့သည်။ (မဿဲ ၁၃:၅၅၊ ၅၆) သို့နှင့် ယေရှုသည် မိသားစုကြီးတစ်ခုတွင် တော်သင့်ရုံအခြေအနေ၌ ကြီးပြင်းလာခဲ့ဖွယ်ရှိသည်။
၁၀။ မာရိနှင့်ယောသပ်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသူများဖြစ်ကြောင်း အဘယ်အရာကတင်ပြသနည်း။
၁၀ ယေရှုသည် မိမိကိုချစ်ခင်သည့် ဘုရားသခင်ကိုကြောက်ရွံ့သောမိဘများ၏ မွေးမြူခြင်းကိုခံခဲ့ရ၏။ ကိုယ်တော်၏မိခင် မာရိသည် ထူးခြားသောအမျိုးသမီးတစ်ဦးဖြစ်သည်။ ကောင်းကင်တမန်ဂါဗြေလက သူ့ကိုနှုတ်ဆက်သောအခါ ဤသို့ဆိုခဲ့ကြောင်း သတိရပါ– “ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။” (လုကာ ၁:၂၈) ယောသပ်သည်လည်း ဘုရားသခင်ကိုကြည်ညိုလေးမြတ်သူဖြစ်သည်။ ပသခါပွဲအတွက် ယေရုရှလင်မြို့သို့မိုင် ၉၀ ခရီးကို နှစ်စဉ်မှန်မှန်သွားခဲ့သည်။ အမျိုးသားများကိုသာ ထိုသို့ပြုရန်တောင်းဆိုထားသော်လည်း မာရိပါတက်ရောက်ခဲ့သည်။ (ထွက်မြောက်ရာ ၂၃:၁၇; လုကာ ၂:၄၁) ထိုသို့သောအချိန်တစ်ချိန်တွင် ယောသပ်နှင့်မာရိတို့သည် စေ့စေ့စပ်စပ်ရှာဖွေပြီးနောက်မှ ၁၂ နှစ်အရွယ် ယေရှုကို ဗိမာန်တော်ရှိဆရာများအလယ်တွင် ရှာတွေ့ခဲ့သည်။ စိတ်ပူပန်နေကြသောမိဘများကို ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “အကျွန်ုပ်သည် အဘ၏အိမ်၌နေရသည်ကို မသိပါသလော။” (လုကာ ၂:၄၉) “အဘ” ဟူသောစကားသည် ငယ်ရွယ်သောယေရှုအတွက် နွေးထွေး၍ အပြုသဘောပါသောအဓိပ္ပာယ်ဆောင်ခဲ့ပေမည်။ တစ်ချက်အနေဖြင့် သူ၏ဖခင်အရင်းသည် ယေဟောဝါဖြစ်ကြောင်း သူ့အားပြောပြထားကြောင်းထင်ရှားသည်။ ထို့အပြင် ယောသပ်သည် ယေရှု၏မွေးစားဖခင်ကောင်းတစ်ဦးဖြစ်ခဲ့ပေမည်။ ယေဟောဝါသည် မိမိချစ်မြတ်နိုးသောသားကို မွေးမြူကြည့်ရှုပေးရန် ကြမ်းတမ်းခက်ထန်သူတစ်ဦးကို အမှန်ပင်ရွေးချယ်ခဲ့လိမ့်မည်မဟုတ်!
၁၁။ အဘယ်အတတ်ပညာကို ယေရှုသင်ယူခဲ့သနည်း၊ ကျမ်းစာခေတ်က ဤအတတ်ပညာဖြင့်အသက်မွေးရာ၌ အဘယ်အရာပါဝင်သနည်း။
၁၁ ယေရှုသည် နာဇရက်၌နေထိုင်သည့်နှစ်များအတွင်း မွေးစားဖခင်ယောသပ်ထံမှ လက်သမားအတတ်ကို တတ်လာခဲ့ပုံရှိ၏။ ယေရှုသည် ထိုအတတ်ကို ပိုင်နိုင်စွာတတ်မြောက်သဖြင့် ကိုယ်တော်တိုင်ပင် ‘လက်မာကု ၆:၃) ကျမ်းစာခေတ်က လက်သမားများသည် အိမ်များဆောက်လုပ်ခြင်း၊ ပရိဘောဂများ (စားပွဲများ၊ ခွေးခြေများ၊ ခုံတန်းရှည်များအပါအဝင်) ပြုလုပ်ခြင်း၊ လယ်ယာသုံးကိရိယာတန်ဆာများ ပြုလုပ်ခြင်းကို လုပ်ဆောင်ခဲ့ကြ၏။ စီ.အီး. ဒုတိယရာစုနှစ်မှ ဂျတ်စ်တင်မာတာသည် သူ၏ ထရိုင်ဖိုနှင့်အပြန်အလှန်ပြောဆိုခြင်း၌ ယေရှုနှင့်ပတ်သက်၍ ဤသို့ရေးသားခဲ့သည်– “သူသည် လူတို့အကြားတွင် ထယ်များ၊ ထမ်းပိုးများကိုပြုလုပ်သည့် လက်သမားတစ်ဦးဖြစ်ခဲ့၏။” ရှေးခေတ်လက်သမားတစ်ဦးသည် သစ်သား မဝယ်နိုင်ခြင်းကြောင့် ထိုလုပ်ငန်းသည် မလွယ်ကူလှပေ။ ဖြစ်နိုင်ဖွယ်ရှိသည်မှာ သူကိုယ်တိုင်သစ်ပင်တစ်ပင်ကို သွားရွေးချယ်၍ ပုဆိန်ဖြင့်ခုတ်လှဲပြီး အိမ်အရောက်ပြန်သယ်လာရခြင်းဖြစ်သည်။ သို့ဖြစ်၍ ယေရှုသည် အသက်မွေးဝမ်းကြောင်းပြုခြင်း၊ ဖောက်သည်များနှင့်ဆက်ဆံရခြင်းနှင့် နပ်မှန်အောင်စားရဖို့အတွက်စိန်ခေါ်ချက်များကို သိထားပေမည်။
သမားဆရာ’ ဟုခေါ်ဆိုခံခဲ့ရ၏။ (၁၂။ ယေရှုမသေမီ ယောသပ်သေဆုံးခဲ့ပုံရှိကြောင်း အဘယ်အရာကညွှန်ပြသနည်း၊ ယင်းက ယေရှုအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၂ အကြီးဆုံးသားအနေဖြင့် ယေရှုသည် အထူးသဖြင့် မိမိမသေမီ ယောသပ်သေဆုံးသွားပုံရှိခြင်းကြောင့် မိသားစုစားဝတ်နေရေးအတွက် ဝိုင်းဝန်းကူညီပေးနိုင်ဖွယ်ရှိသည်။ * ၁၉၀၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်ထုတ် ဇိအုန်ကင်းမျှော်စင်က ဤသို့ဆိုသည်– “ယောသပ်သည် ယေရှုငယ်ရွယ်စဉ်၌ပင် သေဆုံးသွားကြောင်း ထုံးတမ်းစဉ်လာကဖော်ပြပြီး ကိုယ်တော်သည် လက်သမားလုပ်ငန်းကို ဆက်လုပ်ကိုင်ကာ မိသားစုကိုထောက်ပံ့ပေးခဲ့၏။ ယေရှုကို လက်သမားတစ်ဦးဟုခေါ်ဆိုထားကာ ကိုယ်တော့်မိခင်နှင့် ညီများကိုဖော်ပြထားသော်လည်း ယောသပ်အကြောင်းမပါသည့် ကျမ်းဆိုင်ရာအထောက်အထားက ယင်းကိုထောက်ခံ၏။ (မာကု ၆:၃) . . . ထို့ကြောင့် [လုကာ ၂:၄၁-၄၉ တွင်မှတ်တမ်းတင်ထားသော] အဖြစ်အပျက်မှစ၍ ကိုယ်တော်၏နှစ်ခြင်းခံချိန်အထိဖြစ်သည့် ကျွန်ုပ်တို့သခင်၏ဆယ့်ရှစ်နှစ်တာကာလရှည်အတွင်း သာမန်ဝတ္တရားများကို ကိုယ်တော်ဆောင်ရွက်ခဲ့ကြောင်း အတော်ပင်ဖြစ်ဖွယ်ရှိသည်။” မာရိနှင့် ယေရှုအပါအဝင် သူ၏သားသမီးများသည် ချစ်မြတ်နိုးရသောခင်ပွန်းနှင့် ဖခင်ဆုံးပါးသွားခြင်း၏ကြေကွဲမှုကို သိရှိခဲ့ပေမည်။
၁၃။ မိမိ၏ဓမ္မအမှုကို ယေရှုစတင်ဆောင်ရွက်ချိန်တွင် အခြားအဘယ်သူ၌မျှမရှိနိုင်သည့် အသိပညာ၊ ထိုးထွင်းသိမြင်မှုနှင့် နက်ရှိုင်းသောခံစားချက်တို့ ကိုယ်တော်၌အဘယ်ကြောင့်ရှိသနည်း။
၁၃ ယေရှုသည် သက်သောင့်သက်သာဘဝထဲတွင် မွေးဖွားလာခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားပါ၏။ ယင်းအစား သာမန်လူတို့၏ဘဝကို ကိုယ်တော်တွေ့ကြုံခံစားခဲ့ရသည်။ ထို့နောက် စီ.အီး. ၂၉ တွင် ယေရှုကိုစောင့်စားလျက်ရှိသည့် ဘုရားသခင်ပေးအပ်သောတာဝန်ကို ကိုယ်တော်ထမ်းဆောင်ရန်အချိန်ကျရောက်လာခဲ့သည်။ ထိုနှစ်၏ဆောင်းဦးချိန်တွင် ကိုယ်တော်သည် ရေတွင်နှစ်ခြင်းယူခဲ့ပြီး ဘုရားသခင်၏ဝိညာဉ်ရေးသားအဖြစ် ဖွားတော်မူခြင်းခံရ၏။ ထိုအခါ ‘ကိုယ်တော့်ရှေ့ ကောင်းကင်ဖွင့်လှစ်သဖြင့်’ ယခင်က ကိုယ်တော်၌ရှိခဲ့သော တွေးခေါ်ပုံနှင့် ခံစားချက်များအပါအဝင် လူ့ဘဝမတိုင်မီကောင်းကင်အသက်တာကို ယခု ပြန်လည်အမှတ်ရခြင်းကိုတင်ပြပုံရှိသည်။ (လုကာ ၃:၂၁၊ ၂၂) သို့နှင့် ဓမ္မအမှုကိုယေရှုစတင်ချိန်တွင် အခြားအဘယ်လူသားတစ်ဦး၌မျှမရှိနိုင်သည့် အသိပညာ၊ ထိုးထွင်းသိမြင်မှုနှင့် နက်ရှိုင်းသောခံစားချက်တို့သည် ကိုယ်တော်၌ရှိခဲ့မည်ဖြစ်သည်။ အကြောင်းကောင်းရှိ၍ ခရစ်ဝင်ကျမ်းရေးသူတို့သည် သူတို့၏အရေးအသားအများအပြားကို ယေရှု၏ဓမ္မအမှုအတွင်းဖြစ်ရပ်များကို အထူးအလေးပေးဖော်ပြကြခြင်းဖြစ်၏။ သူတို့သည် ကိုယ်တော်မိန့်တော်မူသမျှနှင့် ပြုလုပ်တော်မူသမျှကိုပင် အကုန်အစင်မှတ်တမ်းမတင်နိုင်ခဲ့ကြသည်မှာ မှန်ပါသည်။ (ယောဟန် ၂၁:၂၅) သို့သော် သူတို့မှတ်တမ်းတင်ရန် မှုတ်သွင်းခံရသည့်အကြောင်းအရာက အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား၏စိတ်တော်ကို ကျွန်ုပ်တို့အား စေ့စေ့ကြည့်ရှုနိုင်စေသည်။
ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယေရှု အဘယ်လူစားမျိုးဖြစ်
၁၄။ ယေရှုသည် နွေးထွေးကြင်နာ၍ ခံစားချက်အပြည့်ရှိသူတစ်ဦးအဖြစ် ခရစ်ဝင်ကျမ်းများက မည်သို့သရုပ်ဖော်သနည်း။
၁၄ ခရစ်ဝင်ကျမ်းမှသိရှိရသော ယေရှု၏ဥပဓိရုပ်မှာ နွေးထွေးကြင်နာ၍ ခံစားချက်အပြည့်ရှိသူတစ်ဦးဖြစ်သည်။ ကိုယ်တော်သည် စိတ်လှုပ်ရှားမှုဆိုင်ရာတုံ့ပြန်မှုအမျိုးမျိုးကို ပြသခဲ့၏– နူနာစွဲသူတစ်ဦးကို သနားခြင်း (မာကု ၁:၄၀၊ ၄၁); တုံ့ပြန်မှုမရှိသူတို့အတွက် ဝမ်းနည်းကြေကွဲခြင်း (လုကာ ၁၉:၄၁၊ ၄၂); လောဘကြီးသည့် ငွေလဲလှယ်သူများကို လျော်ကန်စွာအမျက်ဒေါသထွက်ခြင်းတို့ဖြစ်၏ (ယောဟန် ၂:၁၃-၁၇)။ ယေရှုသည် ဝေမျှခံစားတတ်သူဖြစ်ရာ မျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားခဲ့ပြီး မိမိ၏စိတ်ထိခိုက်မှုကို ဖုံးကွယ်မထားချေ။ သူ၏ချစ်မိတ် ဆွေ လာဇရုသေဆုံးသွားသောအခါ လာဇရု၏အစ်မမာရိငိုကြွေးခြင်းကို ယေရှုတွေ့မြင်ပြီး အလွန်စိတ်ထိခိုက်ခဲ့သဖြင့် လူအများရှေ့တွင် ကိုယ်တော်မျက်ရည်ကျတော်မူခဲ့၏။—ယောဟန် ၁၁:၃၂-၃၆။
၁၅။ ယေရှု အခြားသူတို့ကိုရှုမြင်ဆက်ဆံပုံတွင် ကိုယ်တော်၏သနားကြင်နာတတ်သောခံစားချက် မည်သို့ထင်ရှားသနည်း။
၁၅ အထူးသဖြင့် ယေရှု အခြားသူတို့ကိုရှုမြင်ဆက်ဆံပုံတွင် ကိုယ်တော်၏သနားကြင်နာတတ်သောခံစားချက်ထင်ရှား၏။ ကိုယ်တော်သည် ဆင်းရဲ၍ ဖိနှိပ်ခံရသူတို့ ‘စိတ်နှလုံးသက်သာခြင်းရှိ’ စေရန် ကိုယ်တိုင်အစပြုကူညီပေးသည်။ (မဿဲ ၁၁:၄၊ ၅၊ ၂၈-၃၀) ကိုယ်တော်သည် သူ၏ဝတ်လုံကိုတိတ်တဆိတ်တို့ထိခဲ့သည့် သွေးသွန်နာစွဲသောအမျိုးသမီးတစ်ဦးကိုဖြစ်စေ၊ တိတ်ဆိတ်စွာမနေဘဲ ဟစ်ကြော်ခဲ့သည့် မျက်ကန်းသူတောင်းစားကိုပင်ဖြစ်စေ ဝေဒနာခံစားရသူတို့ လိုအပ်သောအကူအညီကိုပေးရန် ကိုယ်တော်အလုပ်မများလွန်းပေ။ (မဿဲ ၉:၂၀-၂၂; မာကု ၁၀:၄၆-၅၂) ယေရှုသည် အခြားသူတို့၌ အကောင်းကိုရှာကြည့်၍ သူတို့အားချီးမွမ်းတော်မူသည်; သို့တိုင် လိုအပ်သည့်အခါ ပြစ်တင်ဆုံးမပေးရန်လည်း နှောင့်နှေးခြင်းမရှိချေ။ (မဿဲ ၁၆:၂၃; ယောဟန် ၁:၄၇; ၈:၄၄) အမျိုးသမီးများအနေနှင့် အခွင့်အရေးများစွာမရရှိသည့်ခေတ်တွင် ယေရှုက သူတို့ကို သင့်လျော်စွာဂုဏ်တင်၍ လေးစားမှုနှင့် ဆက်ဆံခဲ့သည်။ (ယောဟန် ၄:၉၊ ၂၇) ထို့ကြောင့် အမျိုးသမီးတစ်စုသည် စိတ်လိုကိုယ်လျောက် ကိုယ်တော်အားလုပ်ကျွေးခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။—လုကာ ၈:၃။
၁၆။ ယေရှုသည် ဘဝနှင့် ရုပ်ပစ္စည်းများအပေါ် မျှတသောအမြင်ရှိကြောင်း အဘယ်အရာကဖော်ပြသနည်း။
၁၆ ယေရှု၌ ဘဝအပေါ် မျှတသောအမြင်ရှိသည်။ ရုပ်ပစ္စည်းများမှာ ကိုယ်တော်အတွက် အဓိကအရေးပါသည့်အရာမဟုတ်ချေ။ ကိုယ်တော့်မှာပစ္စည်းအနည်းငယ်သာ ရှိပုံရ၏။ မိမိ၌ “ခေါင်းချရာမျှမရှိ” ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၈:၂၀) တစ်ကြိမ်တည်းတွင် ကိုယ်တော်သည် အခြားသူတို့၏ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးခဲ့သည်။ မင်္ဂလာဧည့်ခံပွဲ—တေးဂီတ၊ သီချင်းဆိုခြင်းနှင့် ပျော်ရွှင်မှုအမှန်ရှိမည့်အချိန်—တစ်ခုကို ကိုယ်တော်တက်ရောက်သောအခါ အဆိုပါအခါသမယကို ထိန်းချုပ်ရန် ကိုယ်တော်သွားခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်။ အမှန်မှာ ယေရှုသည် သူ၏ပထမဦးဆုံးအံ့ဖွယ်အမှုကို ထိုနေရာ၌ပြုလုပ်ခဲ့၏။ စပျစ်ရည်ကုန်သွားသည့်အခါ “လူတို့ကိုရွှင်လန်းစေ” သည့်ဖျော်ရည်၊ ကောင်းမွန်သောစပျစ်ရည်ကို ရေမှဖြစ်စေခဲ့သည်။ (ဆာလံ ၁၀၄:၁၅; ယောဟန် ၂:၁-၁၁) သို့နှင့် ပျော်ပွဲရွှင်ပွဲကိုဆက်နိုင်ကြပြီး သတို့သမီးနှင့် သတို့သားတို့သည် အမှန်ပင်မျက်နှာမပျက်ခဲ့ကြရချေ။ ယေရှုသည် မိမိ၏ဓမ္မအမှုကို ကြာမြင့်စွာကြိုးစားပမ်းစားဆောင်ရွက်ခဲ့သည့်သမယအကြောင်း ဖော်ပြထားခြင်းက ပိုများသည့်အတွက် ကိုယ်တော်၏မျှတသောသဘော ထပ်၍ထပ်ဟပ်သည်။—ယောဟန် ၄:၃၄။
၁၇။ ယေရှုသည် ကျွမ်းကျင်ပိုင်နိုင်သော ဆရာတစ်ပါးဖြစ်သည်ကို အဘယ်ကြောင့်အံ့သြစရာမဟုတ်သနည်း၊ ကိုယ်တော်၏သွန်သင်ချက်များက အဘယ်အရာကိုဖော်ပြသနည်း။
၁၇ ယေရှုသည် ကျွမ်းကျင်ပိုင်နိုင်သော ဆရာတစ်ပါးဖြစ်၏။ ကိုယ်တော်၏သွန်သင်ချက်အများစုတွင် ကိုယ်တော်အကျွမ်းတဝင်ရှိသော နေ့စဉ်အသက်တာ၏ဖြစ်ရပ်မှန်များ ပေါ်လွင်ထင်ရှားသည်။ (မဿဲ ၁၃:၃၃; လုကာ ၁၅:၈) ကိုယ်တော်၏သွန်သင်ပုံသွန်သင်နည်းမှာ ပြိုင်ဘက်ကင်းသည်—အမြဲပင် ရိုးရှင်း၍ လက်တွေ့ကျ၏။ ထိုထက်ထူးခြားသည်မှာ ကိုယ်တော်သွန်သင်ပေးသည့်အရာဖြစ်သည်။ ကိုယ်တော်၏သွန်သင်ချက်များကို နားထောင်သူတို့သည် ယေဟောဝါ၏တွေးတောဆင်ခြင်မှုများ၊ ခံစားချက်များနှင့် နည်းလမ်းတော်များကို သိကျွမ်းလာစေလိုကြောင်း ကိုယ်တော်သွန်သင်ပုံက ဖော်ပြသည်။—ယောဟန် ၁၇:၆-၈။
၁၈၊ ၁၉။ (က) ယေရှုသည် မိမိ၏ခမည်းတော်ကို အဘယ်ပီပြင်ထင်ရှားသောရုပ်လုံးဖော်ချက်များဖြင့် ဖော်ပြတော်မူခဲ့သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အရာကို ဆွေးနွေးကြမည်နည်း။
၁၈ ယေရှုသည် ပုံဥပမာများကိုမကြာခဏအသုံးပြုကာ မိမိ၏ခမည်းတော်ကိုလွယ်လွယ်ကူကူဖြင့် မေ့မသွားနိုင်သည့် ပီပြင်ထင်ရှားသောရုပ်လုံးဖော်ချက်များဖြင့်ဖော်ပြလေ့ရှိသည်။ ဘုရားသခင်၏ကရုဏာအကြောင်း ယေဘုယျသဘောဖြင့်ပြောဆိုခြင်းသည် တစ်ကဏ္ဍဖြစ်သည်။ သားပြန်လာသည်ကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားပြီး “ပြေးသွား၍ သား၏လည်ပင်းကိုပိုက်ဖက်လျက် နမ်းရှုပ်” သည့် ခွင့်လွှတ်တတ်သောဖခင်တစ်ဦးနှင့် ယေဟောဝါအားနှိုင်းယှဉ်ထားခြင်းသည် ထူးခြားသည့်နောက် တစ်ကဏ္ဍဖြစ်သည်။ (လုကာ ၁၅:၁၁-၂၄) သာမန်လူတို့ကို အထင်သေးတတ်ကြသည့် ဘာသာရေးခေါင်းဆောင်များ၏ တင်းကျပ်သောယဉ်ကျေးမှုကိုငြင်းပယ်၍ ယေရှုက မိမိ၏ခမည်းတော်သည် ဝါကြွားသောဖာရိရှဲတစ်ဦး၏ ဟန်ရေးပြဆုတောင်းချက်ထက် နှိမ့်ချသောအခွန်ခံတစ်ဦး၏ တိုးလျှိုးတောင်းပန်မှုကို သာ၍နှစ်သက်သည့် ချဉ်းကပ်ရလွယ်ကူသောဘုရားသခင်ဖြစ်ကြောင်းရှင်းပြခဲ့သည်။ (လုကာ ၁၈:၉-၁၄) ယေဟောဝါသည် စာငှက်ကလေးတစ် ကောင် မြေပေါ်သို့ကျသွားသည်ကိုသိတော်မူသည့်အထိ ဂရုစိုက်တော်မူသောဘုရားသခင်ဖြစ်ကြောင်း ယေရှုဖော်ပြသည်။ “မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏” ဟုယေရှုက မိမိ၏တပည့်တော်များကို စိတ်ချစေတော်မူခဲ့သည်။ (မဿဲ ၁၀:၂၉၊ ၃၁) ယေရှု “ဆုံးမ . . . တော်မူခြင်း” ကိုလူတို့အလွန်အံ့သြပြီး ကိုယ်တော်ထံချဉ်းကပ်လိုကြခြင်းကို ကျွန်ုပ်တို့နားလည်နိုင်ကြပါသည်။ (မဿဲ ၇:၂၈၊ ၂၉) တစ်ကြိမ်တွင် ‘အလွန်များသောစုဝေးသူတို့’ သည် စားစရာကိုသွားမရှာဘဲ ကိုယ်တော်အနား၌ သုံးရက်မခွာဘဲရှိခဲ့ကြသည်တကား!—မာကု ၈:၁၊ ၂။
၁၉ ယေဟောဝါသည် မိမိ၏နှုတ်မြွက်စကားတော်တွင် ခရစ်တော်၏စိတ်တော်ကို ဖော်ပြပေးထားသည့်အတွက် ကျေးဇူးတင်နိုင်သည်တကား! သို့သော် အခြားသူတို့နှင့် ကျွန်ုပ်တို့ဆက်ဆံရာ၌ ခရစ်တော်၏စိတ်တော်ကို ကျွန်ုပ်တို့မည်သို့မွေးမြူတင်ပြနိုင်ကြမည်နည်း။ နောက်ဆောင်းပါးတွင် ယင်းကို ကျွန်ုပ်တို့ဆွေးနွေးကြပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 ဗျာဒိတ် ၁၂:၃၊ ၄ တွင် “နဂါးကြီး” အဖြစ်သရုပ်ဖော်ထားသော စာတန်သည် အခြား “ကြယ်” သို့မဟုတ် နာမ်ဝိညာဉ်သားများကို မိမိနှင့်အတူပုန်ကန်ကြဖို့ ဩဇာလွှမ်းမိုးနိုင်ခဲ့ခြင်းက နာမ်ဝိညာဉ်သတ္တဝါများသည် သူတို့၏ပေါင်းသင်းဆက်ဆံမှုက သူတို့ကိုသြဇာလွှမ်းမိုးနိုင်ကြောင်းဖော်ပြသည်။—ယောဘ ၃၈:၇ နှိုင်းယှဉ်။
^ အပိုဒ်၊ 12 ယောသပ်ကို နောက်ဆုံးတိုက်ရိုက်ဖော်ပြထားချိန်မှာ ဗိမာန်တော်၌အသက် ၁၂ နှစ်အရွယ်ယေရှုကိုရှာတွေ့ခဲ့ချိန်ကဖြစ်၏။ ယေရှု၏ဓမ္မအမှုစတင်ချိန် ကာနမြို့တွင်မင်္ဂလာပွဲခံချိန်က ယောသပ်ရှိနေကြောင်း ရည်ညွှန်းထားခြင်းလုံးဝမရှိချေ။ (ယောဟန် ၂:၁-၃) စီ.အီး. ၃၃ တွင် နှက်တိုင်တင်ခံရသောယေရှုသည် မာရိကိုစောင့်ရှောက်ရန် ချစ်လှစွာသောတမန်တော်ယောဟန်အား တာဝန်လွှဲအပ်ခဲ့သည်။ ယောသပ်သာအသက်ရှင်နေမည်ဆိုလျှင် ယေရှုသည် ထိုသို့ပြုစရာအကြောင်းမရှိချေ။—ယောဟန် ၁၉:၂၆၊ ၂၇။
သင်မှတ်မိသလော
• “ခရစ်တော်၏စိတ်တော်” နှင့် ကျွန်ုပ်တို့အကျွမ်းတဝင်ဖြစ်လာရန် အဘယ်ကြောင့်အရေးကြီးသနည်း။
• လူသားဘဝမတိုင်မီက ယေရှု၌ အဘယ်ပေါင်းသင်းဆက်ဆံမှု ရှိခဲ့သနည်း။
• ယေရှု၏မြေကြီးအသက်တာအတွင်း ကိုယ်တော်သည် အဘယ်အခြေအနေများနှင့် လွှမ်းမိုးမှုများကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသနည်း။
• ယေရှု၏ပင်ကိုအရည်အသွေးနှင့်ပတ်သက်၍ ခရစ်ဝင်ကျမ်းစောင်များက အဘယ်အရာကိုဖော်ပြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေရှုသည် မိသားစုကြီးတစ်ခုတွင် ကြီးပြင်းလာပြီး၊ သာမန်အခြေအနေ၌ ဖြစ်ဖွယ်ရှိ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ရဗ္ဗိဆရာတို့သည် အသက် ၁၂ နှစ်အရွယ် ယေရှု၏ နားလည်မှုနှင့် အဖြေများကို အံ့သြမိန်းမောခဲ့ကြ