စိတ်နှိမ့်ချခြင်း
စိတ်နှိမ့်ချခြင်း
(က၉၈ ၂/၁၅ စာမျက်နှာ ၃၁ မှအဆက်)
အတိဒုက္ခရောက်ချိန်တွင် အထောက်အကူပြု။ စိတ်နှိမ့်ချခြင်းသည် အတိဒုက္ခစိန်ခေါ်မှုကို ရင်ဆိုင်ရချိန်တွင် များစွာအထောက်အကူပေးနိုင်သည်။ ဘေးဒုက္ခကြုံရလျှင် စိတ်နှိမ့်ချမှုသည် ခံနိုင်ရည်အပြည့်ရှိစေပြီး ဘုရားသခင့်အမှုတော်ကိုလည်း ဆက်လက်ထမ်းဆောင်စေပါသည်။ ဒါဝိဒ်မင်းသည် အတိဒုက္ခအမျိုးမျိုးရောက်ခဲ့ရသည်။ သူသည် ဝရမ်းပြေးတစ်ဦးအဖြစ် ရှောလုမင်း၏ လိုက်လံရှာဖွေမှုကို ခံခဲ့ရ၏။ သို့သော် သူသည် ဘုရားသခင်ကို တစ်ခါမျှမငြူစူပါ။ ယေဟောဝါဘိသိက်ခံသူ၏အထက် မိမိကိုယ်ကို တစ်ခါမှု မချီးမြှင့်ခဲ့ပါ။ (၁ ဓမ္မရာဇဝင် ၂၆:၉၊ ၁၁၊ ၂၃) ဗာသရှေဘနှင့်ပြစ်မှားပြီးနောက် ဘုရားသခင့်ပရောဖက်နာသန်၏ ပြစ်တင်ဆုံးမမှုကို သူခံခဲ့ရသောအခါ ဘုရားသခင့်ရှေ့မှောက်တော်တွင် နှိမ့်ချမှုတင်ပြခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၂:၉-၂၃) ထို့နောက် ရှိမိအမည်ရှိသော ဗင်ယာမိန်အမျိုးသားတစ်ဦးသည် လူပရိသတ်အရှေ့ ဒါဝိဒ်ကိုကျိန်ဆဲသောအခါ သူ၏စစ်သူရဲအဘိရှဲက မင်းကြီးကို မလေးမခန့်ပြုသောကြောင့် သူ့အားသတ်ပစ်လိုခဲ့ရာ ဒါဝိဒ်သည် နှိမ့်ချမှုတင်ပြပါသည်။ အဘိရှဲအား ရှင်ဘုရင်က ဤသို့ဆိုသည်– “ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကိုရှာ၏။ ထိုဗင်ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ . . .ထာဝရဘုရားသည် ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုးကို ပြန်ပေးကောင်းပေးတော်မူလိမ့်မည်။” (၂ ဓမ္မရာဇဝင် ၁၆:၅-၁၃) နောက်ပိုင်းတွင် ဒါဝိဒ်သည် ယေဟောဝါ၏အလိုတော်ကိုဆန့်ကျင်ပြီး လူတို့ကို ရေတွက်ခဲ့သည်။ မှတ်တမ်းတွင် ဤသို့ဖတ်ရှုရ၏– “ဒါဝိဒ်သည် လူတို့ကိုရေတွက်ပြီးမှ နောင်တရ၍၊ ‘အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ . . . အလွန်မိုက်သောအပြစ်ကို ပြုမိပါပြီ’ ဟု ထာဝရဘုရားအား တောင်းပန်လေ၏။” (၂ ဓမ္မရာဇဝင် ၂၄:၁၊ ၁၀) သူသည် အပြစ်စီရင်ခံခဲ့ရသော်လည်း ရှင်ဘုရင်အရာမှ ထုတ်ပယ်ခြင်း မခံရပါ; သူ၏စိတ်နှိမ့်ချမှုသည် ယေဟောဝါ၏မျက်နှာသာတော် ပြန်ရရှိစေရန် များစွာအထောက်အကူပြုခဲ့သည်။
ဘုရားသခင်၏အရည်အချင်းတစ်ခု။ ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏ အရည်အချင်းများတွင် နှိမ့်ချမှုသည် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းသည် ကိုယ်တော်၌ ညံ့ဖျင်းမှုတစ်မျိုးတစ်မည်ရှိခြင်း၊ သို့မဟုတ် သူတစ်ပါးကို လက်အောက်ခံရခြင်းကြောင့်မဟုတ်ပါ။ ယင်းအစား နိမ့်ကျသောအပြစ်သားများကို ကရုဏာနှင့် ထောက်ထားစာနာခြင်းဖြင့် စိတ်နှိမ့်ချမှုကို တင်ပြတော်မူသည်။ အပြစ်သားများနှင့် ကိုယ်တော်ဆက်ဆံခြင်း၊ လူသားတို့၏အပြစ်များဖြေဖို့ သားတော်ကို ယဇ်ပူဇော်သကာအဖြစ် စေလွှတ်ခြင်းတို့ပင်လျှင် ကိုယ်တော့်နှိမ့်မှုကို ထင်ရှားစေသည်။ ယေဟောဝါဘုရားသခင်သည် ဆိုးသွမ်းမှုကို နှစ်ပေါင်း ၆,၀၀၀ ခန့်ပင် ရှိစေတော်မူခဲ့ပြီဖြစ်ပြီး လူသားတို့၏ဖခင် အာဒံပြစ်မှားသော်လည်း လောကသားတို့ကို မွေးဖွားစေတော်မူပြီ။ မခံစားထိုက်သောကရုဏာတော်ကြောင့် အာဒံ၏မျိုးစဉ်မျိုးဆက်သည် သနားကြင်နာမှုကိုခံရပြီး ထာဝရအသက်ရခွင့် ရှိလာပါသည်။ (ရောမ ၈:၂၀၊ ၂၁) ယင်းတို့အားလုံးနှင့်တကွ ဘုရားသခင်၏ အခြားအရည်အချင်းများသည် ကိုယ်တော်၏နှိမ့်ချမှုကို ထင်ရှားစေသည်။
ဒါဝိဒ်မင်းကြီးသည် မိမိကိုဘုရားသခင်ပြသတော်မူသော မခံစားထိုက်သည့် ကရုဏာတော်တွင် ၎င်းအရည်အချင်းများကို တွေ့ မြင်ပြီး တန်ဖိုးထားခဲ့ပါသည်။ ရန်သူအပေါင်းတို့၏လက်ထဲမှ မိမိကို ယေဟောဝါကယ်တင်တော်မူပြီးနောက် သူက “ကိုယ်တော်သည် ကယ်တင်တော်မူခြင်းဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏” ဟုသီဆိုခဲ့လေသည်။ (၂ ဓမ္မရာဇဝင် ၂၂:၃၆; ဆာလံ ၁၈:၃၅) ယေဟောဝါသည် ကောင်းကင်ဘဝဂ်ဝယ် မြင့်မားသောအရပ်၌ ဂုဏ်အသရေတော်ဖြင့် ကျိန်းဝပ်တော်မူသော်လည်း ကိုယ်တော်နှင့်စပ်လျဉ်းပြီး ဤသို့ပြောဆိုနိုင်ပါသည်– “ကိုယ်ကိုချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၊ ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက ချီးမြှောက်လျက်၊ မင်းသားတို့တွင်လည်းကောင်း၊ မိမိလူတို့ကို အုပ်စိုးသောမင်းတို့တွင်လည်းကောင်း နေရာပေးတော်မူ၏။”—ဆာလံ ၁၁၃:၅-၈။
ယေရှုခရစ်၏ စိတ်နှိမ့်ချမှု။ ယေရှုခရစ်သည် ကမ္ဘာပေါ်ရှိစဉ်က နှိမ့်ချမှုရှိသော ဘုရားသခင့်ကျေးကျွန်တစ်ဦးအဖြစ် အကောင်းဆုံးပုံသက်သေကို တင်ပြတော်မူခဲ့သည်။ ကိုယ်တော်မသေမီ ညနေချိန်တွင် ယေရှုသည် ပဝါကိုယူ၍ခါးကိုစည်းတော်မူပြီး တမန်တော် ၁၂ ပါးတို့၏ခြေကိုဆေးပေးပြီးနောက် ခါး၌စည်းသောပဝါနှင့် သုတ်တော်မူ၏။ ဤအမှုမျိုးကို အခိုင်းအစေနှင့် ကျွန်များသာပြုလုပ်လေ့ရှိသည်။ (ယောဟန် ၁၃:၂-၅၊ ၁၂-၁၇) ကိုယ်တော်က “အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့” ဟုတပည့်တော်များအား မိန့်တော်မူခဲ့၏။ (မဿဲ ၂၃:၁၂; လုကာ ၁၄:၁၁) ၎င်းညတွင်ရှိခဲ့သော တမန်တော်ပေတရုသည် အပြောနှင့်အလုပ်ညီသော ယေရှု၏ပုံသက်သေကောင်းကို သတိရသည်။ နောက်ပိုင်းတွင် သူက “အချင်းချင်းတစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့။ . . . ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့” ဟုယုံကြည်သူချင်းတို့ကို ဆုံးမခဲ့သည်။—၁ ပေတရု ၅:၅၊ ၆။
တမန်တော်ပေါလုသည် ယေရှုခရစ်၌ရှိသောစိတ်သဘောရှိကြရန် ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်; ဘုရားသခင်၏သားတော်သည် လူမဖြစ်မီက ကောင်းကင်တွင် ခမည်းတော်ယေဟောဝါနှင့်အတူရှိစဉ် ကိုယ်တော်၏အဆင့်မြင့်ရာထူးရှိခဲ့သော်လည်း ထိုသခင်သည် စိတ်အလိုအလျောက် မိမိအသရေကိုစွန့်၍ အစေခံကျွန်သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူကြောင်း ညွှန်ပြခဲ့၏။ ပေါဖိလိပ္ပိ ၂:၅-၁၁။
လုက ထပ်မံ၍ “ထိုသို့ [ယေရှုသည်] လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏” ဟုဆိုသည်။ ယေရှုကိုယ်တော်တိုင်မိန့်တော်မူခဲ့သော စိတ်နှိမ့်ချခြင်းဆုကျေးဇူးကို ကိုယ်တော်ခံစားရကြောင်း တမန်တော်၏စကားက ပိုင်နိုင်စွာဖော်ပြပါသည်– “ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။”—ထိုထက်ထူးခြားသည်ကား ဤမျှအလွန်ချီးမြှောက်ခံရသောရာထူးရှိလျက်ပင် ယေရှုသည် “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို” အသုံးပြု၍ မြေကြီးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်အလိုတော်ကို ပြည့်စုံစေတော်မူသောအခါ (မဿဲ ၂၈:၁၈; ၆:၁၀) အနှစ်တစ်ထောင်မင်းရိုက်ရာကာလ၏အဆုံး၌ရှိမည့် စိတ်နှိမ့်ချမှုကို တင်ပြပါလိမ့်မည်။ သို့ဖြစ်၍ ကျမ်းစာက ဤသို့ဆိုသည်– “ခပ်သိမ်းသောအရာတို့သည် လူသားအောက်၌ချထားလျက်ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ချထားတော်မူသောသူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည်အကြောင်းတည်း။”—၁ ကောရိန္သု ၁၅:၂၈။
ကိုယ်တော်တိုင်အကြောင်း ယေရှုခရစ်က ဤသို့မိန့်တော်မူသည်– “ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။” (မဿဲ ၁၁:၂၉) ကိုယ်တော်သည် ယေရုရှလင်မြို့ဘုရင်အဖြစ် မိမိကိုယ်ကိုဆက်သချိန်တွင် ကိုယ်တော်နှင့်စပ်လျဉ်းသော ပရောဖက်ပြုချက်ကို ပြည့်စုံစေတော်မူ၏– “တရားသဖြင့်စီရင်၍ ကယ်တင်ခြင်းသို့ရောက်သောသခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့်မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုလော့။” (ဇာခရိ ၉:၉; ယောဟန် ၁၂:၁၂-၁၆) ချီးမြှင့်ခံရသော ကိုယ်တော်၏ကောင်းကင်ရာထူး၌ ဘုရားသခင်၏ရန်သူများကို တိုက်ခိုက်သည့်အခါ “သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားကြောင့်၊ အသရေတော်ထင်ရှားလျက်၊ အောင်မြင်၍ စီးသွားတော်မူပါ” ဟူသောပရောဖက်ပြုချက်အမိန့်ကို ကိုယ်တော်လက်ခံတော်မူမည်။ (ဆာလံ ၄၅:၄) ထို့ကြောင့် စိတ်နှိမ့်ချသောသူများသည် မာနထောင်လွှားသူများ၏ နှိမ်နင်းဖိစီးမှုကို ခံခဲ့ရစေကာမူ ဝမ်းမြောက်နိုင်ကြပါသည်။ “တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကိုတွေ့ကောင်းတွေ့ ကြလိမ့်မည်” ဟူသောစကားကြောင့် သူတို့နှစ်သိမ့်မှုရနိုင်ပါလိမ့်မည်။—ဇေဖနိ ၂:၃။
ယေရုရှလင်မြို့မပျက်စီးမီက ဣသရေလလူမျိုးကို ယေဟောဝါမိန့်တော်မူခဲ့သောစကားများသည် နှိမ့်ချသောသူများအတွက် သတိပေးချက်ဖြစ်ပြီး အချိန်တန်လျှင် ဘုရားသခင်သည် သူတို့၏အကျိုးကို ဆောင်ရွက်ပေးတော်မူမည်အကြောင်း ကြေညာခဲ့ခြင်းက နှစ်သိမ့်မှုဖြစ်ပေမည်။ ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “ထိုအခါ . . . သင်၏ဂုဏ်အသရေကြောင့် ဝါကြွားသောသူတို့ကို သင့်အလယ်၌ ငါပယ်ရှားမည်။ သင်သည်လည်း ငါ၏သန့်ရှင်းသောတောင်ကိုအမှီပြု၍ နောက်တစ်ဖန် မာနမထောင်လွှားရ။ နှိမ့်ချဆင်းရဲသောအမျိုးကို သင့်အလယ်၌ချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏နာမတော်ကို ခိုလှုံကြလိမ့်မည်။” (ဇေဖနိ ၃:၁၁၊ ၁၂) “နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ မာနထောင်လွှားသောသူတို့ကိုကား ရှုတ်ချခြင်းငှာ ကြည့်မှတ်တော်မူ၏” ဟုရေးသားထားသောကြောင့် စိတ်နှိမ့်ချခြင်းသည် များစွာသောသူတို့ကို အမှန်ပင်ကယ်တင်ခြင်းရရှိစေပါမည်။ (၂ ဓမ္မရာဇဝင် ၂၂:၂၈) ဤနည်းဖြင့် သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားအတွက် အောင်မြင်၍ စီးသွားတော်မူသော ဘုရင်ယေရှုခရစ်သည် မိမိနှင့် မိမိ၏ခမည်းတော်ရှေ့ နှိမ့်ချသူများကို ကယ်တင်တော်မူမည်ဟု စိတ်ချနိုင်ပါသည်။ (it-1 1158-1160)