မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေးငယ်သောကိုယ်ခန္ဓာများ၊ ကြီးမားသောနှလုံးများ

သေးငယ်သောကိုယ်ခန္ဓာများ၊ ကြီးမားသောနှလုံးများ

သေးငယ်သော​ကိုယ်ခန္ဓာ​များ၊ ကြီးမားသော​နှလုံးများ

သင်သည် အရပ် ၂ ပေ​ခွဲ​သာ​ရှိ​မည်​ဆိုလျှင် သူစိမ်း​များ​ကို ဘုရားသခင့်​နိုင်ငံတော်​အကြောင်း​ပြောပြ​ရန် မည်သို့​နေ​မည်​နည်း။ သင့်ကို လော်ရာ​ပြောပြ​နိုင်​သည်။ အသက် ၃၃ နှစ်​တွင် သူ့​အရပ်​သည် ၂ ပေ​ခွဲ​သာ​ရှိသည်။ သူနှင့် အသက် ၂၄ နှစ်​ရှိပြီး​အရပ် ၂ ပေ ၁၀ လက်မ​ရှိသော သူ့​ညီမ​မာ​ရီး​အာ​တို့သည် အီကွေဒေါ​နိုင်ငံ၊ ကွီ​တို​မြို့တွင် နေထိုင်ကြ​သည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် သူတို့​ကြုံတွေ့​ရသော အခက်အခဲ​များ​ကို ရှင်းပြပါ​လေ​စေ။

“ဟောပြော​ရမယ့်​ရပ်ကွက်​ရောက်​ဖို့နဲ့ ခရစ်ယာန်​စည်းဝေး​တွေ​တက်​ဖို့ သုံး​ဖာလုံ​နီးပါး​လမ်းလျှောက်​ပြီး​မှ ကျွန်မ​တို့​ဘတ်စကား​စီး​ရတယ်။ အဲဒီ​ကား​ပေါ်​က​ဆင်း​ပြီး ဒုတိယ​ကား​ကို တစ်ဆင့်​စီး​ဖို့ နောက်ထပ်​သုံး​ဖာလုံ​နီးပါး လမ်းလျှောက်​ရ​ပြန်​တယ်။ ဖြစ်​ပုံ​က အဲဒီ​လမ်း​တောက်လျှောက်​မှာ ရန်လို​တဲ့​ခွေး​ငါး​ကောင်​ရှိတယ်။ ကျွန်မတို့​အတွက် အဲဒီ​ခွေး​တွေ​က မြင်း​တွေ​လောက်​ကြီး​ပုံ​ရတဲ့​အတွက် အရမ်း​ကြောက်စရာ​ကောင်းတယ်။ ဘတ်စကား​မ​စီး​ခင် အိမ်ကို​လမ်းလျှောက်​ပြန်​တဲ့​အခါ လိုအပ်​မယ်​ဆိုရင်​အသုံးပြု​ဖို့ တုတ်​တစ်ချောင်း​ကို တစ်​နေရာ​ရာ​မှာ ကျွန်မ​တို့​ဝှက်ထား​တတ်တယ်။

“ဘတ်စကား​ပေါ်​တက်​ဖို့​ဆိုတာ ကျွန်မတို့​အတွက် တကယ်​ခက်ခက်ခဲခဲ​ပဲ။ ဘတ်စကား​ပေါ် လွယ်လွယ်ကူကူ​တက်​နိုင်​ဖို့ ကား​မှတ်တိုင်​က မြေ​က​မူ​ပေါ်မှာ ရပ်​ပြီး​တက်​ကြရတယ်။ ဒရိုင်ဘာ​အချို့​က က​မူ​နားကပ်​မောင်းပေး​ကြ​ပေမဲ့ တခြား​ဒရိုင်ဘာ​တွေ​က​တော့ အဲဒီလို​မမောင်း​ပေး​ကြ​ပါ​ဘူး။ အဲဒီအခါမျိုးမှာ ဘတ်စကား​ပေါ်​တက်​ဖို့ အရပ်​ပို​ရှည်​တဲ့​သူက ပု​တဲ့​သူကို​ကူညီပေး​ရ​ပါ​တယ်။ ဒုတိယ​ဘတ်စကား​စီး​ဖို့ အဝေးပြေး​ကား​လမ်းမကြီး​ကို ဖြတ်ကူး​ရတယ်—အဲဒါ​က ခြေ​တို​တဲ့​ကျွန်မတို့​အတွက် တကယ့်ကို​ကြိုးစား​အားထုတ်မှု​တစ်ခု​ပဲ။ ကျွန်မ​တို့​က အရပ်​ပု​တဲ့​အတွက် လွယ်အိတ်​အလေး​ကြီး​သယ်​ရတာက​လည်း နောက်ထပ်​စိန်ခေါ်မှု​တစ်ခု​ဖြစ်တယ်။ လွယ်အိတ်​ပေါ့ပေါ့ပါးပါး​ဖြစ်​ဖို့ အိတ်ဆောင်​ကျမ်းစာ​ကို​သုံးပြီး ကျွန်မ​တို့​သယ်ယူ​သွားတဲ့​စာအုပ်​ကိုလည်း ကန့်သတ်​ထား​ကြရတယ်။

“ကျွန်မ​တို့​နှစ်ယောက်စလုံး​ဟာ ကလေး​ဘဝက​တည်း​က ဘာသိဘာသာ​နေခဲ့​ကြ​တာ။ သူစိမ်းတွေနဲ့​စကားပြော​ဖို့ ကျွန်မ​တို့​ကြောက်​တယ်​ဆိုတာ​ကို အိမ်နီးချင်းတွေ​သိကြတယ်။ ဒါ​ကြောင့် သူတို့​တံခါး​ကို ကျွန်မ​တို့​သွား​ခေါက်​တာ​ကို သူတို့​အံ့သြ​ပြီး သဘောကျကြတယ်၊ အဲဒါ​ကြောင့်​လည်း ကျွန်မ​တို့​ပြော​တာတွေကို နားထောင်ပေး​တတ်ကြ​တယ်။ ဒါပေမဲ့ ကျွန်မ​တို့ကို​မသိတဲ့​သူတွေက ကျွန်မ​တို့​ဟာ သက်ကြီး​ပု​တွေ​ဆိုတာ​ကိုပဲ မြင်​ကြတယ်; ဒါ​ကြောင့်​လည်း သူတို့​နားထောင်​သင့်တဲ့​သတင်းတရားကို အလေးအနက်​နားမထောင်​ကြဘူး။ ဘာပဲ​ဖြစ်ဖြစ်၊ ယေဟောဝါ​ရဲ့​မေတ္တာကို​ခံစား​ရလို့ ဧဝံဂေလိ​လုပ်ငန်း​ကို ဆက်​လုပ်ဆောင်​စိတ် ကျွန်မ​တို့​မှာ​ရှိတာ။ နယပုံပြင် ၃:၅၊ ၆ ကို​တွေးတော​ဆင်ခြင်​တာ​က​လည်း ကျွန်မ​တို့ကို​အားရှိစေ​ပါ​တယ်။”

လော်ရာ​နှင့်​မာ​ရီး​အာ​တို့ ဖော်ပြ​သည့်​အတိုင်း ကာယရေး​ချို့ယွင်းမှု​များ​ကြား​မှ ဇွဲရှိ​ခြင်း​ဖြင့် ဘုရားသခင့်​ဘုန်းတော်​ကို ချီးမွမ်း​နိုင်​ပါ​သည်။ ကာယ​ဒုက္ခ​ဖြစ်​နိုင်​ဖွယ်​ရှိသည့် တမန်​တော်​ပေါလု​၏ “ကိုယ်​၌​စူးသော​ဆူး” ကို​ဖယ်ရှား​ပေး​ပါ​ရန် သူ​ဆုတောင်း​ခဲ့​သည်။ သို့သော် ဘုရားသခင်​က “ငါ့​ကျေးဇူး [“မခံစားထိုက်သော​ကရုဏာ၊” က​ဘ] သည်​သင့်​အဖို့​လောက်​ပေ​၏။ ငါ့​တန်ခိုး​သည် အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်​သည်” ဟု​သူကို​မိန့်တော်မူ၏။ မှန်ပါသည်၊ ဘုရားသခင့်​အမှုတော်ထမ်း​ဆောင်​နိုင်​ရန် ကာယရေး​ချို့ယွင်းမှု​ကို ဖယ်ရှား​ပေးဖို့​မလို​ပေ။ ဘုရားသခင်​ကို လုံးဝ​မှီခို​အားထားခြင်း​သည် ကျွန်ုပ်​တို့၏​အခြေအနေ​ကို အကောင်းဆုံး​ဖြစ်စေ​ရန် ထောက်ကူ​ပေး​နိုင်၏။ ပေါလု​သည် သူ၏ “ကိုယ်​၌​စူးသော​ဆူး” ကို​ဤ​နည်း​အတိုင်း မှတ်ယူ​ခဲ့​သောကြောင့် “ငါသည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ၏” ဟု​ပြော​နိုင်​ခဲ့​သည်။ (၂ ကောရိန္သု ၁၂:၇၊ ၉၊ ၁၀) နှစ်​အနည်းငယ်​ကြာသော် ပေါလု​က​ဤသို့​ရေးခဲ့​သည်– “ငါ့ကို ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏။”—ဖိလိပ္ပိ ၄:၁၃

မျက်မှောက်ခေတ်တွင် ဘုရားသခင်​သည် မိမိကို​အကြွင်းမဲ့​အပ်နှံ​ထားသော အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေး​များ​အားဖြင့် လုပ်ငန်းကြီး​တစ်ခု​ကို ဆောင်ရွက်လျက်​ရှိ၏။ သူတို့​မှ​အချို့​သည် ချို့ယွင်းမှု​တစ်ခုခု​ရှိကြသည်။ သူတို့​အားလုံး​သည် ဘုရားသခင့်​နိုင်ငံ​အောက်တွင် သူတို့၏​ချို့ယွင်းမှု​များ​ကို ကိုယ်တော်​ကုသ​ပေး​မည်​ဟု မျှော်လင့်​စောင့်စား​နေကြ​သည်​မှန်​သော်လည်း ကိုယ်တော်​၏​လုပ်ငန်းတော်တွင် တစ်နည်း​နည်းဖြင့်​ကြိုးစား​ပါဝင်​နိုင်​ရန် မိမိတို့​အခက်အခဲ​များ​ကို ကိုယ်တော်​ဖြေရှင်း​ပေး​မည့်​အချိန်တိုင်​အောင် မ​စောင့်မျှော်​ကြ​ချေ။

သင်သည် ကာယရေး​အားနည်းမှု​တစ်ခုခု​ရှိသလော။ အားယူပါ! သင်၏​ယုံကြည်ခြင်း​အားဖြင့် ပေါလု၊ လော်ရာ​နှင့် မာ​ရီး​အာ​တို့​ကဲ့သို့​သော သူများ​တွင် တစ်ဦး​ပါဝင်​နိုင်​သည်။ သူတို့နှင့်​ပတ်သက်​၍ ရှေး​အချိန်​က သစ္စာရှိ​အမျိုးသား၊ အမျိုးသမီးများ​နည်းတူ သူတို့သည် “အနာ​မှ​ထမြောက်​၍​ကျန်းမာ” ကြသည်​ဟု ပြောဆို​နိုင်​ပါ​သည်။—ဟေဗြဲ ၁၁:၃၄

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

မာ​ရီး​အာ

လော်ရာ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မာ​ရီး​အာ​သည် လော်ရာ​ကို ဘတ်စကား​ပေါ်​တက်​ဖို့ ကူညီပေး

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

“ကျွန်မတို့​အတွက် အဲဒီ​ခွေး​တွေ​က မြင်း​တွေ​လောက်​ကြီး​ပုံ​ရတဲ့​အတွက် အရမ်း​ကြောက်စရာ​ကောင်းတယ်”

အောက်– လော်ရာ၊ မာ​ရီး​အာ​နှင့် သူတို့နှင့်​ကျမ်းစာ​လေ့လာသူ​များ