မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တရာယ်နယ်မြေကထွက်ကြ!

အန္တရာယ်နယ်မြေကထွက်ကြ!

အန္တရာယ်​နယ်မြေ​က​ထွက်ကြ!

မီးတောင်​ပညာရှင်​များ​၏​တာဝန်​မှာ စူးစမ်း​လေ့လာ​ပြီး နိမိတ်​လက္ခဏာကို ချင့်ချိန်​တွက်ချက်​ကာ မီးတောင်​ပေါက်ကွဲ​တော့​မည်​အကြောင်း သတိပေး​ရန်ဖြစ်​သည်။ (ဖူဂျန်တောင်​ပေါက်ကွဲ​သည်​နှင့် ရဲသား​တို့သည် အန္တရာယ်​နယ်မြေ​မှ လူ​တို့​ရှောင်​နေ​ရန် တာဝန်​ယူ​ကြ​ရ၏။) ထို​နည်းတူ ကျမ်းစာ​ကျောင်းသား​များသည် “အစီအစဉ်​စနစ်​ဆုံးခန်း” ၏​နိမိတ်​ကို သတိပြုမိ​ပြီး ကျရောက်​အံ့​ဆဲ​ဆဲ​အန္တရာယ်​အကြောင်း အခြား​သူများကို သတိပေး​ကြ​ရသည်။—မဿဲ ၂၄:၃က​ဘ။

ကျရောက်​အံ့​ဆဲ​ဆဲ​ကမ္ဘာချီ​ကပ်ဘေး​အကြောင်း သတိပေး​ထား​သည့် ကျမ်းစာ​၏​အဆိုပါ​အခန်းကြီး​တွင် ပဏာမ​အဖြစ်အပျက်​များနှင့်​ပတ်သက်​၍ ဤ​ဖော်ပြချက်​ကို ကျွန်ုပ်​တို့​ဖတ်​နိုင်​သည်– “လူ​တစ်မျိုး​နှင့်​တစ်မျိုး တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ ရန်ဘက်ပြု​ကြလိမ့်မည်။ အရပ်ရပ်​တို့​၌ အစာ​ခေါင်းပါး​ခြင်း၊ ကာလ​နာ​များပြားခြင်း၊ မြေကြီး​လှုပ်ခြင်း​တို့သည် ဖြစ်​ကြလိမ့်မည်။ မိစ္ဆာ[မှားယွင်းသော] ပရောဖက်​အများ​တို့သည်​ပေါ်​လာ၍ လူအများ​တို့ကို လှည့်ဖြား​ကြလိမ့်မည်။ မတရားသော​အမှုတို့​သည် များပြား​သဖြင့် အများ​သော​သူတို့၏​ချစ်ခြင်း​မေတ္တာသည် ခေါင်းပါး​လိမ့်​မည်။ . . . လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လောကီ [လောက] နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။”—မဿဲ ၂၄:၇-၁၄

အဆိုပါ​ပရောဖက်ပြုချက်​၏ လက်ရှိ​ပြည့်စုံချက်​ကို ပိုင်းခြား​သိမြင်​ရန် ကျွန်ုပ်​တို့သည် သတင်း​လေ့လာသူ​များ​ဖြစ်​ဖို့ မလိုပါ။ အထူးသဖြင့် ၁၉၁၄ ခုနှစ်​ကတည်းက ၎င်းကို တွေ့ကြုံ​ခဲ့​ကြ​ရပြီ။ ဤ​ရာစုနှစ်​အတွင်း​ပင် ကမ္ဘာ​စစ်​နှစ်ခု၊ များစွာသော​ပြည်တွင်းစစ်​များ၊ ဒေသန္တရ​စစ်မက်​များနှင့် လူမျိုးရေး၊ ဘာသာရေး​ပဋိပက္ခ​များ​ဖြစ်​ခဲ့ပြီ။ ထိုသို့​သော​စစ်မှု​များ​ကြောင့် အစာ​ငတ်မွတ်​ကြ​ရသည့်​အပြင် သဘာဝဘေးဒဏ်​များ​ကြောင့် ခက်ခဲ​ဆင်းရဲ​ခဲ့​ကြ​ရ၏။ ငလျင်​များ​ကြောင့် အသက်ဆုံးရှုံး​မှုများ​စွာ​ရှိခဲ့​ပြီ။ မသင်္ကာ​ဖွယ်​ခေါင်းဆောင်​များနှင့် အစွဲအလမ်း​ကြီးသော​နောက်လိုက်​များ​၏ ဂိုဏ်းဂဏ​များလည်း မှို​လို​ပေါက်​လာ​ခဲ့ပြီ။ “မတရားသော​အမှုတို့​သည် များပြား” သဖြင့် လူတို့သည် မေတ္တာမဲ့​လာ​ကာ အိမ်နီးချင်း​ကောင်း​ပင်မ​ရှိ​တော့​ချေ။

နိမိတ်​၏​အခြား​အသွင်အပြင်​တစ်ခု​ဖြစ်သည့် ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​ကို​ဆောင်ရွက်​နေသည်​မှာ သေချာ​သည်။ ဤ​မဂ္ဂဇင်း​၏​မျက်နှာဖုံး​ကို ပြန်​ကြည့်​ပါ၊ ခေါင်းစဉ်​တွင် “ယေဟောဝါ​၏​နိုင်ငံတော်​ကို​ကြေညာ​ခြင်း” ကို သင်​သတိပြုမိ​ပေ​လိမ့်​မည်။ ၁၃၂ ဘာသာ​နှင့် ၂၂ သန်း​ကျော် ထုတ်ဝေ​လျက်​ရှိသည့် ကင်းမျှော်စင် သည်​နိုင်ငံ​ရှိသမျှ​တို့​၌ ‘ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း’ ကြွေးကြော်​သူများ​အတွက် အရေးပါသော​ကိရိယာ​တစ်ခု​ဖြစ်၏။ အဆိုပါ​သတင်းကောင်း​တွင် စကြဝဠာ​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​သည် စနစ်ဆိုး​ကို​ဖျက်ဆီး​ပြီး မြေကြီးပေါ်​တွင် ပရဒိသု​ဖြစ်ပေါ်​စေ​မည့် ကောင်းကင်​နိုင်ငံတော်​ကို တည်ထောင်​ခဲ့​သည့် သတင်း​ပါဝင်​သည်။ ဤ​အစီအစဉ်​စနစ်​မှ​လူတို့သည် အသက်​အန္တရာယ်​ကြုံနေ​ကြ​ရ​ကြောင်း ထင်ရှားစေ​သည့် မကြာမီ ဘုရားသခင်​အရေးယူ​ဆောင်ရွက်​တော့​မည်​ဟူသော နိမိတ်​လက္ခဏာကို ယခု ကျွန်ုပ်​တို့​တွေ့မြင်​နေကြ​ရသည်။—၂ တိမောသေ ၃:၁-၅; ၂ ပေတရု ၃:၃၊ ၄; ဗျာဒိတ် ၆:၁-၈ နှိုင်းယှဉ်။

ယေဟောဝါ​၏​ကြောက်မက်​ဖွယ်​ရာ​နေ့ကြီး

ယေဟောဝါ​တရား​စီရင်​မည့်​အချိန်တန်​သောအခါ အဘယ်အရာ​ဖြစ်ပျက်​မည်​နည်း။ ထို​အခါ အဘယ်အရာ​ဖြစ်​မည်​ကို ကိုယ်တော်တိုင် ပီပြင်​ပြတ်သား​စွာ သရုပ်ဖော်​ပြ​ထား​ချက်​ကို ဂရုစိုက်​ကြည့်​ပါ– “မိုးကောင်းကင်​၌​လည်းကောင်း၊ မြေကြီးပေါ်​၌​လည်းကောင်း အံ့ဖွယ်သော​အရာ​တည်း​ဟူသော သွေး၊ မီးလျှံ၊ မီးခိုး​တိုင်​တို့ကို ငါ​ပြ​မည်။ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​ကြောက်မက်​ဖွယ်​သော​နေ့ကြီး​မတိုင်မီ၊ နေသည် မှောင်မိုက်​အတိ​ဖြစ်​လိမ့်​မည်။ လ​သည်လည်း သွေး​ဖြစ်​လိမ့်​မည်။”—ယောလ ၂:၃၀၊ ၃၁

မည်သည့်​ဒေသန္တရ​မီးတောင်​ပေါက်ကွဲခြင်း သို့​မဟုတ် ငလျင်​လှုပ်ခြင်း​ထက်​မဆို သာ၍​ကြောက်မက်​ဖွယ်​ကောင်းပြီး ပျက်စီးမှု​များ​မည့် ထို​နေ့​ရောက်လု​နီးပြီ။ ပရောဖက်​ဇေဖနိ​က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​နေ့ကြီး​နီးပြီ။ နီးပြီ။ အလျင်အမြန်​လာ​၏။ . . . ဒေါသ​အမျက်တော်​မီး​သည် တစ်ပြည်လုံး​ကို လောင်​လိမ့်​မည်။ ပြည်သူပြည်သား​အပေါင်း​တို့ကို အလျင်အမြန်​စီရင်၍ အကုန်အစင်​သုတ်သင်​ပယ်ရှင်း​တော်​မူ​လိမ့်​မည်။” “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] အမျက်ထွက်​တော်​မူ​သော​နေ့၌ သူတို့​ရွှေငွေ​သည် သူတို့ကို မ​ကယ်တင်​နိုင်” သော်လည်း ထို​ကြောက်မက်​ဖွယ်​သော​နေ့ကြီး​ကို ကပ်ကျော်​ရန် နည်း​တစ်နည်း​ရှိသည်။—ဇေဖနိ ၁:၁၄-၁၈

မည်သို့​ဖြစ်​မည်​ကို​ဖော်ပြ​ကာ ဇေဖနိ​က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​ပြင်းစွာ​သော​အမျက်တော်​သည် သင်တို့​အပေါ်​သို့​မ​ရောက်၊ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​အမျက်တော်နေ့​သည် သင်တို့​အပေါ်​သို့ မရောက်မီ ကိုယ်ကို​စစ်ကြော​ကြလော့။ . . . စိတ်​နှိမ့်ချသော​ပြည်သူပြည်သား​အပေါင်း​တို့၊ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ကို​ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် စိတ်​နှိမ့်ချ​ခြင်း​ကိုလည်း ရှာ​ကြလော့။ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] အမျက်တော်​ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြလိမ့်မည်။” (ဇေဖနိ ၂:၂၊ ၃) ‘ယေဟောဝါ​ကို​ရှာ​ခြင်း၊ ဖြောင့်မတ်ခြင်း​ကို​ရှာ​ခြင်း​နှင့် စိတ်​နှိမ့်ချ​ခြင်း​ကို​ရှာ​ခြင်း’ အားဖြင့် ကျွန်ုပ်​တို့​ခိုလှုံရာ​ရနိုင်​ကြသည်။ ယနေ့ မည်သူ​များသည် ယေဟောဝါ​ကို ရှာနေ​ကြ​သနည်း။

ယေဟောဝါသက်သေ​များ​၏​ဟောပြောခြင်း​လုပ်ငန်း​ကြောင့် သူတို့သည် “ယေဟောဝါ” ဟူသော​စကားလုံး​နှင့် ဆက်စပ်​လျက်​ရှိသည်​ဟု သင်​သံသယ​ရှိ​မည်​မဟုတ်​ချေ။ သူတို့​ထံ​မှ ဤ​မဂ္ဂဇင်း​ကို သင်​ရရှိခဲ့​ဖူး​ပေမည်။ သူတို့သည် ဖြောင့်မတ်​စွာ​နေထိုင်ကြ​သည့် ကိုယ်ကျင့်တရား​ကောင်းမွန်သော နိုင်ငံသား​များ​ဖြစ်​ကြောင်း လူအများ​သိ​၏။ သူတို့သည် စိတ်​နှိမ့်ချမှု​အပါအဝင် “လူသစ်” ကို​ယူတင်​ဝတ်ဆင်​ရန် ကြိုးစား​နေကြ​သည်။ (ကောလောသဲ ၃:၈-၁၀) ၎င်း​သည် ယေဟောဝါ​၏​မျက်မြင်ရ​အဖွဲ့အစည်း​၏ သွန်သင်မှု​ကြောင့်​ဖြစ်​ကြောင်း သူတို့​ဝန်ခံ​ကြသည်။ ထို​အဖွဲ့အစည်း​ကို လူ့​ပြည်​အရပ်ရပ်​မှ​ယေဟောဝါသက်သေ​များ​၏ ဒေသခံ​အသင်းတော်များ​က ကိုယ်စား​ပြု​သည်။ မှန်​၏၊ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​အကြား ‘ညီအစ်ကို​အသင်းအပင်း​တစ်ခုလုံး’ နှင့်အတူ ခိုလှုံရာ​ရရှိနိုင်​ပါ​သည်။—၁ ပေတရု ၅:၉

ယခု ခိုလှုံ​ပါ

ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို​ရှာ​ခြင်း​ဖြင့် ခိုလှုံ​မှု​ယူ​ရန် ကိုယ်တော်​၏​မိတ်ဆွေများ​ဖြစ်​ကြ​ရမည်။ ၎င်း​တွင် မည်သည့်​အရာ​ပါဝင်​သနည်း။ “မတရားသော​မေထုန်​၌ မှီဝဲ​သော​ယောက်ျား​မိန်းမ​တို့၊ လော[က]မိတ်သဟာယ​သည် ဘုရားသခင်​နှင့်​ဆန့်ကျင်ဘက်​ဖြစ်သည်​ကို မသိကြ​သလော။ ဤ​လောက​နှင့်​မိတ်သဟာယ​ဖွဲ့​လို​သော​သူသည် ဘုရားသခင်​၏​ရန်သူ​ဖြစ်၏” ဟူ၍ သမ္မာကျမ်းစာ​က ဖြေဆို​သည်။ (ယာကုပ် ၄:၄) ဘုရားသခင်​၏​မိတ်ဆွေများ​ဖြစ်​ကြ​ရန် ဘုရားသခင်​ကို​ပုန်ကန်​သော​သဘောထား​ဖြင့် ထင်ရှား​သည့် . . . မည်သည့်​တွယ်တာမှု​ကို​မဆို ကျွန်ုပ်​တို့​ဖယ်ရှားပစ်​ကြ​ရမည်။

သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​သည်– “လောကကို​လည်းကောင်း၊ လောက​၌​ရှိသော​အရာ​တို့ကို​လည်းကောင်း မချစ်​ကြ​နှင့်။ လောကကို​ချစ်သော​သူ​မည်​သည်​ကား၊ ခမည်းတော်​ကို ချစ်ခြင်း​မေတ္တာ​မရှိ။ လောက​၌​ရှိသမျှ​သော​အရာ​တည်း​ဟူသော ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လော[က]စည်းစိမ်​၌ ဝါကြွားခြင်း​တို့သည် ခမည်းတော်​နှင့်​မစပ်ဆိုင်၊ လောက​နှင့်​သာ​ဆိုင်​ကြ​၏။ လောက​နှင့်​လော[က]တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ . . . ထာဝရ​တည်​၏။” (၁ ယောဟန် ၂:၁၅-၁၇) ယနေ့ လူအများစု​သည် ကိုယ်ကာယ​တပ်မက်​ခြင်း​ဖြစ်သည့် အထိန်းအကွပ်မဲ့ ကိ​လေ​သာ​စိတ်သွေးသား​တပ်မက်​ခြင်း၊ လောဘ​လွန်ကြူး​ခြင်း​နှင့် အခွင့်အာဏာကို တလွဲ​အသုံးချခြင်း​တို့၏ နှိုးဆွ​ပေး​မှု​ကို​ခံ​ကြ​ရသည်။ သို့သော် ယေဟောဝါ​ဘက်၌​ရှိနေ​ရန် ဤသို့​သော​တပ်မက်မှု​များ​ကို ချိုးနှိမ်​ကြ​ရမည်​ဖြစ်သည်။—ကောလောသဲ ၃:၅-၈

သင်သည် အခါ​အား​လျော်​စွာ ဤ​ဂျာနယ်​ကို ဖတ်ရှု​ခဲ့​ဖူး​မည်ဖြစ်​ပြီး ကျမ်းစာ​ပရောဖက်ပြုချက်​များ​၏​သက်ဆိုင်ပုံ​ကို ရှင်းပြချက်​အား သဘောတူ​ပေမည်။ သို့ရာတွင် သင်သည် နောက်​တစ်ဆင့်​ဖြစ်သည့် ယေဟောဝါသက်သေ​များနှင့်​ပေါင်းသင်း​ခြင်း​ကို​မူ ဆုတ်ဆိုင်း​နေ​ပေမည်။ သို့သော် ကျွန်ုပ်​တို့သည် ဘေးဒုက္ခ​တစ်ခု​ကြုံ​ရတော့မည်​ဖြစ်သော​အခါ သတိပေး​ချက်​ကို နားထောင်​ရုံ​မျှ​နားထောင်​မည်​လော။ ဖူဂျန်တောင်​ပေါက်ကွဲ​မှု​ဖြစ်​စဉ်​မှ သိမြင်​နိုင်​သည့်​အတိုင်း ကျွန်ုပ်​တို့သည် သတိပေး​ချက်​နှင့်​အညီ ဆောင်ရွက်ရန်​လိုအပ်​သည်။ သတင်း​ဦး​ရလိုသည့် သတင်းထောက်​နှင့်​ဓာတ်​ပုံ​ဆရာ​အနည်းဆုံး ၁၅ ဦး​အသက်ဆုံးရှုံး​ခဲ့​ကြောင်း သတိရပါ။ အမှန်​မှာ၊ ဓာတ်​ပုံ​ဆရာ​တစ်ဦး​သည် သူ၏​ကင်မရာ ရှ​တ္တာ​ခလုတ်​ကို နှိပ်​နေရင်း သေဆုံး​ခဲ့​သည်။ “တစ်နေ့ ကျွန်တော်​သေ​ခဲ့မယ်​ဆိုရင် မီးတောင်​ထိပ်​ပေါ်မှာ သေချင်​တယ်” ဟု​ပြော​ခဲ့​သော မီးတောင်​ပညာရှင်​တစ်ဦး​သည် သူ၏​ဆန္ဒ​အတိုင်း သေဆုံး​ခဲ့​၏။ သူတို့​အားလုံး​သည် သူတို့​လုပ်ငန်း​နှင့်​သူတို့​ဝါသနာပါရာ​များ​တွင် မိမိတို့​ကိုယ်ကို​မြှုပ်နှံ​ခဲ့​ကြသည်။ သို့ရာတွင် သတိပေး​ချက်​ကို လျစ်လျူရှု​ခြင်း​၏​အ​ခ​အဖြစ် သူတို့​အသက်ကို သူတို့​စတေး​ခဲ့​ကြသည်။

ယနေ့ လူအများသည် ဆိုးယုတ်မှု . . . ကို​ဖျက်ဆီး​ပစ်​မည်​ဟူ​သည့် ဘုရားသခင့်​ဆုံးဖြတ်ချက်​နှင့်​စပ်​လျ​ဉ်း​သော သတင်းကို ကြား​ရ​ကြ​ပြီး ခြေမြစ်​သော​သတိပေး​ချက်​ကိုလည်း အတော်အသင့်​ပိုင်းခြား​သိမြင်​နေကြ​ရ၏။ ‘နောက်ဆုံး​တော့ ဖြစ်လာ​မှာ​ပါ၊ ဒါပေမဲ့ ခု​တော့​မဟုတ်​သေး​ဘူး’ ဟု​သူတို့​ဆင်ခြင်​တက်​ကြ​ပေမည်။ သူတို့​အတွက် လတ်တလော​သာ၍​အရေးကြီးပုံ​ရသည့်​အရာများ​မှ သွေဖည်​မသွား​ရ​ရန် ယေဟောဝါ​နေ့ကြီး​ကို စိတ်ကြိုက်​ရွှေ့ဆိုင်း​ကြသည်။

ဗာရုတ်​တွင် ထိုသို့​သော​အခက်အခဲ​ရှိခဲ့​သည်။ ရှေးပရောဖက်​ယေရမိ​၏ အတွင်းရေးမှူး​ဖြစ်သော ဗာရုတ်​သည် ယေရုရှလင်​အပေါ် ကျရောက်​အံ့​ဆဲ​ဆဲ​ပျက်စီးမှု​အကြောင်း ဣသရေလလူ​များ​အား ရဲဝံ့​စွာ​သတိပေး​ခဲ့​သည်။ သို့​တိုင် တစ်ခါ​သော် သူ၏​အလုပ်​တာဝန်​ကို​ငြီးငွေ့​လာ​ခဲ့​သည်။ ထို​အခါ ယေဟောဝါ​က “သင်သည် ကြီးစွာ​သော​အရာ​တို့ကို ကိုယ်​အဖို့​ရှာ​သလော။ မ​ရှာ​နှင့်” ဟူ၍ သူ့ကို​တည့်မတ်​ပေး​ခဲ့​၏။ ဗာရုတ်​သည် ချမ်းသာ​ကြွယ်ဝခြင်း၊ အထင်ကရ​ဖြစ်​ခြင်း သို့​မဟုတ် စည်းစိမ်ဥစ္စာ​စုဆောင်းခြင်း​ပင်​ဖြစ်ပါစေ ‘ကြီးစွာ​သော​အရာ​တို့ကို သူ့​အဖို့​မ​ရှာ’ ကြံ​ရန်ဖြစ်​သည်။ သူ​စိတ်ဝင်စား​ရမည့်​အရာတစ်ခု​တည်း​သာ​ရှိ၍ ယင်း​ကား ဘုရားသခင်​ဘက်​ရပ်တည်​ရန် လူ​တို့ကို​ကူညီ​ပေးခြင်း​ဖြစ်သည့် ကိုယ်တော်​၏​အလိုတော်​ဆောင်ရွက်ခြင်း​ဖြစ်သည်။ ယင်းကြောင့် သူသည် ‘သူ၏​အသက်ကို လက်ရဥစ္စာ​ကဲ့သို့’ ရမည်​ဖြစ်သည်။ (ယေရမိ ၄၅:၁-၅) ထို​နည်းတူ​စွာ၊ ‘ကြီးစွာ​သော​အရာ​တို့ကို ကျွန်ုပ်​တို့​အဖို့​ရှာ’ မည့်​အစား ကျွန်ုပ်​တို့​အသက်ကို​ကယ်တင်ခြင်း​ဖြစ်​မည့် ယေဟောဝါ​အား​ရှာဖွေ​သင့်​သည်။

ဖူဂျန်တောင်​တွင် အလွန်​ပူပြင်း​သည့်​မီးတောင်​ချော်ရည် သူတို့​အပေါ်​ကျရောက်ချိန်​၌ တာဝန်​ထမ်းဆောင်​နေ​သူ ရဲသား​တစ်ဒါဇင်​ကျော်​နှင့် စေတနာ့​ဝန်ထမ်း​မီး​သတ်​သမားများ​ရှိခဲ့​၏။ သူတို့သည် အန္တရာယ်​စက်​ကွင်း​ထဲ​ရောက်နေ​သူများကို ကြိုးစား​ကူညီပေး​၍ ကာကွယ်​စောင့်ရှောက်​ပေး​နေကြ​သည်။ သူတို့သည် ဤ​လောကကို​တိုးတက်လာ​စေရန် စိတ်ရင်း​စေတနာ​ကောင်း​ဖြင့် ကြိုးစား​နေကြ​သည့် အမျိုးသား၊ အမျိုးသမီးများနှင့်​တူ​သည်။ သူတို့၏​ရည်ရွယ်ချက်များ ကောင်း​မည်​ဖြစ်သော်လည်း “ကောက်​သော​အရာ​ကို မ​ဖြောင့်​စေနိုင်” ပါ။ (ဒေ. ၁:၁၅) ကောက်​သော​အစီအစဉ်​စနစ်​ကို ဖြောင့်​၍​မရနိုင်​ချေ။ ထို့​ကြောင့် ဖယ်ရှားပစ်​ဖို့ ဘုရားသခင်​ဆုံးဖြတ်ထား​သည့် ကမ္ဘာချီ​အစီအစဉ်​စနစ်​ကို ကယ်တင်​ရန် ကြိုးစား​ခြင်း​ဖြင့် “လောက​နှင့်​မိတ်သဟာယ​ဖွဲ့” ခြင်း​သည် ကျိုးကြောင်း​ညီညွတ်​ပါသလော။

ထွက်ခွာ​ခဲ့ပြီ​ဆိုလျှင် ခပ်​ဝေးဝေး​နေ

အန္တရာယ်​သင့်​နေသည့်​စနစ်​မှ ထွက်ခွာ​ခဲ့​ခြင်း​သည် တခြား​ဖြစ်​ကာ ‘ညီအစ်ကို​အသင်းအပင်း​တစ်ခုလုံး’ ၏​ကာကွယ်​စောင်မ​မှု​အောက်​နေခြင်း​သည် တခြား​ဖြစ်သည်။ (၁ ပေတရု ၂:၁၇) ရွှေ့​ပြောင်း​သွားခဲ့​ကြ​ရပြီး​နောက် ဖူဂျန်တောင်​အနီးရှိ သူတို့၏​လယ်​များ​ကို​ပြန်​စစ်ဆေး​ခဲ့​ကြသော လယ်သမားများ​ကိုလည်း မမေ့​ပါ​နှင့်။ သူတို့သည် ယခင် နေထိုင်ခဲ့​ကြ​သည့် “ပုံမှန်” ဘဝ​အသက်တာကို​ပြန်​ရ​လို​ခဲ့​ကြသည်။ သို့သော် ပြန်သွား​ကြဖို့ သူတို့၏​ဆုံးဖြတ်ချက်​သည် ပညာ​မဲ့​ရာ​ရောက်​သည်ကို သင်​သဘောပေါက်​မည်။ စည်း​ကျော်​ခဲ့​သည့် ပထမ​ဆုံး​ကြိုးပမ်းမှု​ဖြစ်ချင်​မှ​ဖြစ်​မည်။ အန္တရာယ်​နယ်မြေ​ထဲ​သို့ ခဏတာ​ဝင်ရောက်​ခဲ့​ကြ​ရာ အဘယ်အရာမျှ​မဖြစ်​ဘဲ​နေ​ပေမည်။ နောက်​တစ်ကြိမ်​တွင် ပို​၍​ကြာကြာ​နေခဲ့​ကြသော်လည်း မထူးခြား​ပေ။ သို့​ဖြစ်၍ မကြာမီ သူတို့သည် ဘေးကင်း​မျဉ်း​ကို ဖြတ်ကျော်​သွား​နေကျ​ဖြစ်လာ​ဖွယ်​ရှိပြီး အန္တရာယ်​နယ်မြေ​တွင် တ​ဝဲ​လည်လည်​လုပ်​ရဲ​လာ​ကြ​ပေမည်။

“အစီအစဉ်​စနစ်​ဆုံးခန်း” အတွင်း​ဖြစ်ပျက်​လာ​မည့် အလားတူ​အခြေအနေ​မျိုးကို ယေရှု​ခရစ်​ညွှန်ပြ​ခဲ့​သည်။ ကိုယ်တော်​က “ရေလွှမ်းမိုးခြင်း​မဖြစ်မီ​ကာလ​၌ နောဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော​နေ့​တိုင်အောင် လူများ​တို့သည် စားသောက်​လျက်၊ ထိမ်းမြား​စုံဖက်​လျက်​နေ၍၊ ရေလွှမ်းမိုးခြင်း​ရောက်​သဖြင့် လူ​ခပ်သိမ်း​တို့ကို သုတ်သင်​ပယ်ရှင်း​သည့်​တိုင်အောင် သတိမဲ့​နေကြ​သည်​နည်းတူ၊ လူသား​ကြွလာ​သောအခါ​၌ ဖြစ်​လိမ့်​မည်” ဟု​မိန့်တော်မူ​ခဲ့​သည်။—မဿဲ ၂၄:၃က​ဘ၊ ၃၈၊ ၃၉။

ယေရှု​က စားသောက်ခြင်း​နှင့် ထိမ်းမြား​စုံဖက်​ခြင်း​တို့ကို ဖော်ပြ​ခဲ့​ကြောင်း​သတိပြုပါ။ ယင်း​တို့သည် ယေဟောဝါ​၏​ရှေ့မှောက်​တွင် မမှား​ပါ။ သို့​ဆိုလျှင် အဘယ်အရာက​မှား​သနည်း။ နောဧ​ခေတ်​မှ​လူတို့သည် သူတို့၏​ပုံမှန်​လုပ်ရိုးလုပ်စဉ်​ဘဝ​အသက်တာကို အဓိက​ထား​ကာ “သတိမဲ့” နေခဲ့​ကြ​၏။ အရေးပေါ်​အချိန်၌ “ပုံမှန်” ဘဝ​အသက်တာဖြင့် နေထိုင်​နိုင်​မည်​မဟုတ်​ချေ။ သင်သည် လက်ရှိ​ပျက်စီး​ယိုယွင်း​နေသော​လောက​မှ ထွက်ခွာ​ခဲ့ပြီ သို့​မဟုတ် သီးခြားနေ​ခဲ့ပြီ​ဆိုလျှင် ၎င်း​မှ ရရှိနိုင်​မည့်​အခွင့်အရေး​ကို​ရယူရန် ပြန်​သွားဖို့​လှုံ့ဆော်​ခံရ​သမျှ​ကို တွန်းလှန်​ရမည်​ဖြစ်သည်။ (၁ ကောရိန္သု ၇:၃၁) ဝိညာဉ်​ရေး​ဘေးကင်း​နယ်မြေ​ပြင်ပ​တွင် ထိခိုက်​ဒဏ်ရာ​မရှိ သွားလာ​ခဲ့​ခြင်း​ကို​ပင် မည်သူမျှ​သတိ​မပြုမိ​ဘဲ ပြန်လာ​ခဲ့​ပေမည်။ သို့သော် ယင်းသည် သင့်ကို သတ္တိ​ရှိလာ​စေနိုင်​ပြီး လောက​သို့​တစ်ဖန်​ပြန်သွား​ရန် ထို​တွင်​တိုး၍​တ​ဝဲ​လည်လည်​နေ​စေ​ပေမည်။ မကြာမီ “ဒီနေ့​တော့ အဆုံး​မ​ရောက်​သေး​ပါ​ဘူး” ဟူသော​စိတ်ထား ဖြစ်ပေါ်​လာနိုင်​သည်။

ထို့​ပြင် တောင်စောင်း​တစ်လျှောက် မီးတောင်​မှ​ချော်ရည်​စီးဆင်း​ချိန်​တွင် သတင်းထောက်​များနှင့် ဓာတ်​ပုံ​ဆရာများ​ကို စောင့်နေ​ရသည့် သေဆုံး​ခဲ့​ရသော​ယာဉ်မောင်း​သုံးဦး​ကိုလည်း သတိရပါ။ ယနေ့ အချို့​သည် လောက​သို့ ပြန်သွား​ဝံ့​သူများ​နှင့်အတူ လိုက်ပါ​သွား​ကြ​ပေမည်။ မည်သည့်​အကြောင်းကြောင့်​ပင်​ဖြစ်ပါစေ၊ အန္တရာယ်​နယ်မြေ​သို့​ပြန်သွား​ရန် မြှူဆွယ်​ခံရ​ခြင်း​သည် စွန့်စား​ရ​ကျိုး​မ​နပ်​သည်​မှာ ထင်ရှား​ပါ​သည်။

ဖူဂျန်တောင်​ပေါက်ကွဲ​မှု​ဒဏ်​ခံ​ခဲ့​ရသူ​အားလုံး​သည် ဘေးကင်း​မျဉ်း​ကို ဖြတ်ကျော်​ပြီး အန္တရာယ်​နယ်မြေ​ထဲ​ဝင်​သွားခဲ့​ကြသည်။ တစ်နေ့​နေ့တွင် ၎င်း​တောင်​ပေါက်ကွဲ​မည်​ကို သူတို့​မျှော်လင့်​ခဲ့​ကြသော်လည်း ထို​နေ့တွင်​ပေါက်ကွဲ​မည်​ဟု မည်သူမျှ​မထင်မှတ်​ခဲ့​ကြ​ချေ။ အစီအစဉ်​စနစ်​ဆုံးခန်း​၏​နိမိတ်​ကို သတိပြုမိ​ခြင်း​အားဖြင့် ယေဟောဝါ​၏​နေ့ကြီး တစ်ချိန်ချိန်​တွင်​ရောက်လာ​မည်​ကို လူအများ​မျှော်လင့်​ကြသော်လည်း ကြာ​ဦး​မည်​ဟု​ယူမှတ်​ကြသည်။ အချို့​က ထို​နေ့​သည် အဘယ်​နည်းဖြင့်​မျှ “ယနေ့” ဖြစ်​နိုင်​သည်​ဟူ၍ မထင်မှတ်​ကြ​ချေ။ ဤသို့​သော​စိတ်ထား​သည် အမှန်ပင်​အန္တရာယ်​ရှိသည်။

“သူခိုး​သည် ည​ဉ့်​အခါ​လာ​သကဲ့သို့၊ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​နေ့ရက်​သည် လာ​လိမ့်​မည်” ဟု​တမန်​တော်​ပေတရု​က သတိပေး​ခဲ့​သည်။ ကျွန်ုပ်​တို့သည် “ဘုရားသခင်​၏​နေ့​ရောက်​လိမ့်​မည်​ဟု . . . မျှော်လင့်​တောင့်တ​လျက်” “အညစ်အကြေး​နှင့်​ကင်းစင်​၍ အဘယ်​အပြစ်​မျှ​မပါဘဲ၊ ရှေ့တော်​သို့ ငြိမ်​ဝပ်​စွာ​ရောက်မည်​အကြောင်း ကြိုးစား​အားထုတ်​ကြ” ဖို့​လို​သည်။ (၂ ပေတရု ၃:၁၀-၁၄) ဆိုးယုတ်မှု . . . ကို​ဖျက်ဆီး​ပြီး​နောက် ဘုရားသခင့်​နိုင်ငံတော်​လက်အောက်​ရှိ မြေကြီး​ပရဒိသု စောင့်ကြို​လျက်​ရှိ၏။ လောက​သို့ စည်း​ကို​ဖြတ်ကျော် ပြန်သွား​သော​နေ့ရက်​သည် ယေဟောဝါ​၏​နေ့ကြီး​ဖြစ်​နိုင်သော​ကြောင့် ကျွန်ုပ်​တို့​စိတ်ထဲ​ပေါ်လာ​သည့် မည်သည့်​အကြောင်းပြချက်​အတွက်​မဆို အန္တရာယ်​နယ်မြေ​ထဲ အရဲစွန့်​သွား​ရန် ဘယ်​သောအခါ​မျှ သွေးဆောင်​မခံရ​ပါစေ​နှင့်။

ယေဟောဝါ​လူမျိုးတော်​နှင့်အတူ ခိုလှုံ​၍ သူတို့နှင့်​အတူ​နေပါ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါ​လူမျိုးတော်​နှင့် အတူ ခိုလှုံ​၍ သူတို့နှင့်​အတူ​နေပါ

[Picture Credit Line on page 4]

Iwasa/Sipa Press