မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုတောင်းခြင်း၏တန်ခိုး

ဆုတောင်းခြင်း၏တန်ခိုး

ဆုတောင်းခြင်း​၏​တန်ခိုး

ရှေ့​အလယ်ပိုင်းဒေသ​ရှိ နာ​ခေါ်​မြို့၌ နေဝင်ချိန်​ဖြစ်သည်။ ဧလျာဇာ​အမည်​ရှိ​ဆီးရီးယား​လူတစ်ဦး​သည် ကုလားအုတ်​ဆယ်​စီး​ဖြင့် မြို့ပြင်​ရှိ​ရေတွင်း​တစ်ခု​သို့ ရောက်ရှိ​လာ​သည်။ မောပန်း​နွမ်း​နယ်​ပြီး ရေ​ဆာ​နေ​မည်​မှာ​သေချာ​သော်လည်း ဧလျာဇာ​သည် အခြားသူများ​၏​လိုအပ်ရာ​များ​ကို ပို​၍​အလေးထား​ခဲ့​သည်။ သူသည် မိမိ​သခင်၏​သား​အတွက်​မိန်းမ​ရှာ​ရန် တိုင်းတစ်ပါး​မှ​ရောက်လာ​၏။ ထို့​အပြင် ဤ​မိန်းမကို သူ့​သခင်၏​ဆွေမျိုး​များ​ထဲ​မှ ရှာယူ​ရမည်​ဖြစ်သည်။ ဤ​ခက်ခဲ​သည့်​တာဝန်​ကို သူ​မည်သို့​ထမ်းဆောင်​မည်​နည်း။

ဧလျာဇာ​သည် ဆုတောင်းခြင်း​၏​တန်ခိုး​ကို​ယုံကြည်​သည်။ ထူးခြားသည့် ကလေး​ကဲ့သို့​သော​ယုံကြည်ခြင်းဖြင့် ဤသို့​နှိမ့်ချစွာ​သူ​တောင်းခံ​လေ​သည်– “အကျွန်ုပ်၏​သခင် အာဗြဟံ​၏​ဘုရားသခင်​ထာဝရ​ဘုရား ယနေ့​အကျွန်ုပ်​အကြံ​ကို ထမြောက်​စေ​၍ အကျွန်ုပ်၏​သခင် အာဗြဟံ​၌ ကျေးဇူးပြု​တော်​မူ​ပါ​ဟု အကျွန်ုပ်​ဆုတောင်း​ပါ​၏။ အကျွန်ုပ်သည် ဤ​ရေတွင်းနား​မှာ​ရပ်​နေ၍ ထို​မြို့သူ​သတို့သမီး​တို့သည် ရေခပ်​ခြင်း​ငှာ​လာ​ကြသည်​တွင် အ​ကြင်​သတို့သမီး​ကို ‘ကျွန်ုပ်​သောက်​ခြင်း​ငှာ သင်၏​ရေ​ဘူး​ကို​ချပါ’ ဟု​ဆို​သော် ‘သောက်​ပါ၊ သင်၏​ကုလားအုတ်​တို့ကို​လည်း ရေ​တိုက်​ပါ​မည်’ ဟု ပြန်ဆို​သော​သတို့သမီး​သည် ကိုယ်တော်​၏​ကျွန်​ဣဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်ပါစေ​သော်။ ထိုသို့​အားဖြင့် အကျွန်ုပ်၏​သခင်၌ ကျေးဇူးပြု​တော်​မူ​ကြောင်းကို အကျွန်ုပ်​သိရ​ပါ​မည်။”—ကမ္ဘာဦး ၂၄:၁၂-၁၄

ဆုတောင်းခြင်း​၏​တန်ခိုး​ကို ဧလျာဇာ​ယုံကြည်ခြင်း​သည် အချည်းနှီး​မဖြစ်ခဲ့​ပါ။ ရေတွင်း​သို့ ဦးဆုံး​လာ​သည့်​အမျိုးသမီး​သည် အာဗြဟံ​အစ်ကို​၏​မြေး​ဖြစ်နေ​သည်​တကား! သူ့​နာမည်​မှာ ရေဗက္က​ဖြစ်​ပြီး ကိုယ်ကျင့်တရား​ကောင်းသော ချောမော​လှပသည့် တစ်ကိုယ်ရေ​လူလွတ်​ဖြစ်သည်။ သူသည် ဧလျာဇာ​ကို​ရေ​တိုက်​သည်​သာမက​ဘဲ ၎င်း​၏​ကုလားအုတ်​အားလုံး​ကို​ပါ ရေငတ်​ပြေစေ​ရန် ကြင်နာ​စွာ​ဖြင့် ရေ​တိုက်​ခဲ့​သည်​မှာ မှတ်သားဖွယ်​ဖြစ်သည်။ မိသားစု​နှင့်​တိုင်ပင်​ဆွေးနွေး​ပြီး​နောက် ရေဗက္က​သည် အာဗြဟံ​၏​သား​ဣဇာက်​၏​ဇနီး​ဖြစ်​ဖို့ ဝေးလံ​သော​တိုင်းပြည်​သို့ ဧလျာဇာ​နှင့်​လိုက်သွား​ရန် လိုလိုလားလား​လက်ခံခဲ့သည်။ ဘုရားသခင်​သည် အခါ​အား​လျော်​စွာ အဖြစ်အပျက်​များ​တွင် အံ့ဖွယ်​နည်းဖြင့် ကြားဝင်​ဆောင်ရွက်​သော​အချိန်၌ ဧလျာဇာ​၏​ဆုတောင်းချက်​ကို တကယ်​ထူးခြား​ပြတ်သား​စွာ​ဖြေကြား​ခဲ့​ခြင်း​ပါ​တကား!

ဧလျာဇာ​၏​ဆုတောင်းချက်​မှ ကျွန်ုပ်​တို့​များစွာ​သင်ယူ​နိုင်​သည်။ ယင်းက သူ၏​ထူးခြားသော​ယုံကြည်ခြင်း၊ နှိမ့်ချ​ခြင်း​နှင့် သူတစ်ပါး​၏​လိုအပ်ရာ​များ​အတွက် ကိုယ်ကျိုး​မပါ​စိုးရိမ်စိတ်​ကို ဖော်ပြ​သည်။ ဧလျာဇာ​၏​ဆုတောင်းချက်​သည် လူသား​နှင့် ယေဟောဝါ​ဆက်ဆံ​နည်းကို သူ​လက်အောက်ခံ​ကြောင်း​လည်း ဖော်ပြ​သည်။ အာဗြဟံ​အပေါ် ဘုရားသခင်​၏​အထူး​တွယ်တာမှု​ကို​သာမက အာဗြဟံ​အားဖြင့် လူသား​အားလုံး အနာဂတ်​ကောင်းချီး​များ​ခံစားရ​မည်​ဟူသော ဘုရားသခင်​၏​ကတိတော်​ကို​ပါ သူသိ​ခဲ့​သည်​မှာ​သေချာ​သည်။ (ကမ္ဘာဦး ၁၂:၃) ထို့​ကြောင့် ဧလျာဇာ​သည် သူ၏​ဆုတောင်းချက်​ကို “အကျွန်ုပ်၏​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရ​ဘုရား” ဟု​စကားချီး​စ​ခဲ့​သည်။

ယေရှု​ခရစ်​သည် နာခံ​သော​လူသား​အားလုံး ကောင်းချီး​ခံစားရ​ရန်​လမ်းကြောင်း​ဖြစ်​မည့် အာဗြဟံ​၏​မျိုးဆက်​ဖြစ်သည်။ (ကမ္ဘာဦး ၂၂:၁၈) ယနေ့ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို နားညောင်း​စေ​လိုလျှင် သားတော်​မှ​တစ်ဆင့် လူသား​နှင့်​ဘုရားသခင်​ဆက်ဆံ​သော​နည်းလမ်းကို ကျွန်ုပ်​တို့​နှိမ့်ချစွာ​အသိအမှတ်ပြု​ကြောင်း တင်ပြ​ရန်လို​သည်။ ယေရှု​ခရစ်​က ဤသို့​ဆို​သည်– “သင်တို့သည် ငါ​၌​တည်​၍ ငါ့​စကား​သည် သင်တို့၌​တည်​လျှင် သင်တို့သည် တောင်း​ချင်​သမျှ​ကို​တောင်း​၍​ရ​ကြလိမ့်မည်။”—ယောဟန် ၁၅:၇

ယေရှု၏​ဤ​စကား​များ​မှန်ကန်ကြောင်း​ကို သိရှိ​ခဲ့​ရသည့် ခရစ်တော်​၏​နောက်တော်လိုက်​တစ်ဦး​မှာ တမန်​တော်​ပေါလု​ဖြစ်သည်။ ဆုတောင်းခြင်း​၏​တန်ခိုး​ကို သူ​ယုံကြည်ခြင်း​သည် အချည်းနှီး​မဖြစ်ခဲ့​သည်​မှာ​သေချာ​သည်။ သူသည် ခရစ်ယာန်​ချင်း​တို့အား ဆုတောင်းခြင်း​ဖြင့် မိမိတို့၏​စိုးရိမ်မှု​မှန်သမျှကို ဘုရားသခင်​ထံ​အပ်နှံ​ရန် တိုက်တွန်း​ကာ ဤသို့​သက်သေခံ​ခဲ့​သည်– “ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏။” (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) ယင်းကြောင့် ဘုရားသခင်​ထံ စိတ်အား​ထက်သန်​စွာ ပေါလု​တောင်းခံ​သမျှ​ကို သူ​ရရှိခဲ့သည်​ဟု ဆိုလို​ပါသလော။ ကြည့်​ကြ​စို့။

တောင်းခံမှု​အားလုံး​မရခဲ့

ပေါလု​သည် မိမိ၏​ကိုယ်ကျိုး​စွန့်​ဓမ္မ​အမှု​တွင် “ကိုယ်​၌​စူးသော​ဆူး” ဟု​သူ​ဖော်ပြ​ခဲ့​သည့်​ဝေဒနာ​ကို ခံစား​ခဲ့​ရသည်။ (၂ ကောရိန္သု ၁၂:၇) ယင်းသည် အတိုက်အခံပြု​သူများ​နှင့် “ညီအစ်ကို​ဖြစ်ယောင်ဆောင်​သော​သူတို့” ကြောင့်​ဖြစ်ပေါ်​သည့် စိတ္တ​နှင့်​စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​ဖိစီးမှု​ဖြစ်​နိုင်​ပေ​သည်။ (၂ ကောရိန္သု ၁၁:၂၆; ဂလာတိ ၂:၄) သို့​မဟုတ် နာတာရှည်​မျက်စိ​ရောဂါ​နှင့်​ဆိုင်​သည့် ကာယ ပိုင်း​ဝေဒနာ​ဖြစ်​နိုင်​သည်။ (ဂလာတိ ၄:၁၅) မည်သို့​ပင်​ဖြစ်စေ ဤ “ကိုယ်​၌​စူးသော​ဆူး” သည် ပေါလု​ကို အားလျော့​စေ​ခဲ့​သည်။ “ထို​ဆင်းရဲခြင်း​နှင့်​ကင်းလွတ်​မည်​အကြောင်း သုံးကြိမ်​မြောက်​အောင် သခင်​ဘုရား​ကို​ငါ​ဆုတောင်း၍ အသနားတော်ခံ” သည်​ဟု သူ​ရေးခဲ့​သည်။ သို့သော် ပေါလု​၏​တောင်းခံမှု​သည် မရခဲ့​ပါ။ စုံစမ်းမှု​များ​ကို​ခံရပ်​နိုင်​သည့်​တန်ခိုး​ကဲ့သို့​သော ဘုရားသခင်​ထံ​မှ သူ​ရရှိ​ထားပြီး​ဖြစ်သည့် ဝိညာဉ်​ရေး​အကျိုးကျေးဇူးများ​သည် လုံလောက်​ပေ​ပြီ​ဟု ပေါလု ရှင်းပြ​ခံ​ခဲ့​ရသည်။ ထို့​ပြင် ဘုရားသခင်​က “ငါ့​တန်ခိုး​သည် အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်​သည်” ဟု မိန့်တော်မူသည်။—၂ ကောရိန္သု ၁၂:၈၊ ၉

ဧလျာဇာ​နှင့်​ပေါလု​တို့၏​ပုံသက်သေ​များ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သိရှိ​ကြ​ရသနည်း။ ယေဟောဝါ​ဘုရားသခင်​သည် မိမိ​အား​ဝတ်ပြု​ရန် နှိမ့်ချစွာ​ရှာဖွေသူ​များ​၏​ဆုတောင်းချက်​များ​ကို အမှန်တကယ်​နားညောင်း​တော်​မူ​သည်။ သို့သော် ယင်းကြောင့် ကိုယ်တော်​သည် သူတို့၏​တောင်းခံ​ချက်​များ​ကို အမြဲ​ပေး​သည်​ဟူ၍ မဆိုလို​ပါ၊ အကြောင်း​မှာ ဘုရားသခင်​သည် ကိစ္စရပ်​များ​ကို ရေရှည်​သုံးသပ်​တော်​မူ​သောကြောင့်​ပင်​ဖြစ်သည်။ ကျွန်ုပ်​တို့အတွက် အကျိုး​အရှိဆုံး​ဖြစ်​မည့်​အရာ​ကို ကျွန်ုပ်​တို့​ထက်​ကိုယ်တော်​ပို​သိ​သည်။ ထို​ထက်​အရေးကြီး​သည်​မှာ ကိုယ်တော်​သည် သမ္မာကျမ်းစာ​တွင်​မှတ်တမ်း​တင်ထား​သည့်​အတိုင်း ဖော်ပြ​ထားသော​ရည်ရွယ်ချက်​နှင့်​အညီ အစဉ်​ပြု​တော်​မူ​ခြင်း​ဖြစ်သည်။

ဝိညာဉ်​ရေး​ကုသ​ပေး​မှု​အတွက်​အချိန်

ဘုရားသခင်​သည် မြေကြီးပေါ် မိမိ၏​သားတော်​အုပ်စိုး​မည့် အနှစ်​တစ်ထောင်​အတွင်း ကာယ၊ စိတ္တ နှင့် စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​ရောဂါ​အားလုံး​ကို ကုသ​ပေး​မည်​ဟု​ကတိပြု​တော်​မူ​သည်။ (ဗျာဒိတ် ၂၀:၁-၃; ၂၁:၃-၅) စိတ်ရင်းမှန်​သော​ခရစ်ယာန်​များသည် အမှန်တကယ်​ဖြစ်စေ​နိုင်​သည့် ဘုရားသခင်​၏​တန်ခိုးတော်​ကို လုံးဝ​ယုံကြည်​ကာ ဤ​ကတိထားရာ​အနာဂတ်​ကို စိတ်အား​ထက်သန်​စွာ​စောင့်မျှော်​နေကြ​သည်။ သူတို့သည် ထိုသို့​သော​အံ့ဖွယ်​ကုသမှု​ကို ယခု​မမျှော်လင့်​ကြသော်လည်း စုံစမ်းခြင်း​များ​ကို ရင်ဆိုင်​နိုင်​ရန် နှစ်သိမ့်မှု​နှင့်​ခွန်အား​ရရှိဖို့ ဘုရားသခင်​ထံ​သူတို့​ဆုတောင်း​ကြသည်။ (ဆာလံ ၅၅:၂၂) သူတို့​ဖျားနာ​ကြသောအခါ ငွေကြေး​အရ​သူတို့​တတ်နိုင်​သည့် အကောင်းဆုံး​သော​ဆေး​ကုသမှု​ကို​ရရှိရန် ဘုရားသခင်​လမ်းညွှန်​ပေးဖို့​အတွက်​လည်း ဆုတောင်း​ကြ​ပေမည်။

ဘာသာ​တရား​အချို့​သည် ယေရှု​နှင့်​ကိုယ်တော်​၏​တမန်​တော်​များ​ပြု​ခဲ့​သည့် အံ့ဖွယ်​ကုသမှု​များ​ကို​ထောက်ပြ​ကာ ဖျားနာသူ​များ ယခု​ပင်​ကုသမှု​ခံရ​ရန် ဆုတောင်း​ဖို့​တိုက်တွန်း​ကြသည်။ သို့သော် ထိုသို့​သော​အံ့ဖွယ်အမှု​များ​ကို အထူး​ရည်ရွယ်ချက်​တစ်ခု​အတွက် ပြု​ခဲ့​ခြင်း​ဖြစ်သည်။ ယေရှု​ခရစ်​သည် မေရှိယ​အစစ်အမှန်​ဖြစ်​ကြောင်း​သက်သေထူ​ရန်​နှင့် ဘုရားသခင့်​မျက်နှာသာတော်​သည် ဂျူး​လူမျိုး​ထံ​မှ နုနယ်​သေး​သော​ခရစ်ယာန်​အသင်းတော်​ထံ​သို့ လွှဲပြောင်း​ခဲ့ပြီ​ဖြစ်​ကြောင်း​ဖော်ပြ​ရန်ဖြစ်​သည်။ ထို​စဉ်​က တည်ထောင်​ခါ​စ ခရစ်ယာန်​အသင်းတော်​၏​ယုံကြည်ခြင်းကို​ခိုင်ခံ့​စေရန် အံ့ဖွယ်ဆု​ကျေးဇူးများ​လိုအပ်​ခဲ့​သည်။ နုနယ်​သေး​သည့်​အသင်းတော်သည် ခိုင်ခံ့​မြဲမြံ​ပြီး ရင့်ကျက်​လာ​သည့်​အခါ အံ့ဖွယ်ဆု​ကျေးဇူးများ​သည် “ကွယ်ပျောက်” သွား​သည်။—၁ ကောရိန္သု ၁၃:၈၊ ၁၁

ဤ​အရေးတကြီး​ဖြစ်နေ​သော​အချိန်တွင် ယေဟောဝါ​ဘုရားသခင်​သည် ဝိညာဉ်​ရေး​ကုသမှု​ဆိုင်ရာ ပို​၍​အရေးကြီးသော​လုပ်ငန်း​တွင် မိမိ၏​ဝတ်ပြုသူ​များ​ကို ညွှန်ကြား​နေ​တော်​မူ​သည်။ အချိန်​ရှိသေး​စဉ် လူတို့သည် ဤ​တောင်းဆိုချက်​ကို​တုံ့ပြန်​ရန် အရေးတကြီး​လိုအပ်​နေသည်– “တွေ့​နိုင်​သည်​ကာလ​တွင် ထာဝရ​ဘုရား​ကို​ရှာ​ကြလော့။ နီး​တော်​မူ​သည်​ကာလ​တွင် ဆုတောင်း . . . ကြလော့။ ဆိုးသော​သူသည် မိမိ​လမ်းကို​လည်းကောင်း၊ မတရားသော​သူသည် မိမိ​အကြံ​တို့ကို​လည်းကောင်း စွန့်ပစ်​၍ ထာဝရ​ဘုရားထံ​တော်​သို့​ပြောင်းလဲ​ပါစေ။ သို့ပြုလျှင် သနားတော်မူ​လိမ့်​မည်။ ငါ​တို့​ဘုရားသခင်​အထံတော်​သို့​ပြောင်းလဲ​ပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို​လွှတ်တော်​မူ​လိမ့်​မည်။”—ဟေရှာယ ၅၅:၆၊ ၇

နောင်တ​ရသော​အပြစ်သား​များ​၏ ဤ​ဝိညာဉ်​ရေး​ကုသ​ပေး​မှု​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ဟောပြောခြင်း​အားဖြင့် ပြီးမြောက်​အောင်မြင်​လျက်​ရှိသည်။ (မဿဲ ၂၄:၁၄) ယေဟောဝါ​ဘုရားသခင်​သည် မိမိ၏​ကျေးကျွန်​များ​အား ဤ​အသက်ကယ်​ဆယ်​ရေး​လုပ်ငန်း​ကို လုပ်ဆောင်​နိုင်​သည့်​တန်ခိုး​စွမ်းအား​ပေးခြင်း​ဖြင့် လူမျိုးအပေါင်း​မှ သန်းပေါင်း​များစွာသော​သူတို့ကို နောင်တ​ရစေ​ပြီး . . . အဆုံး​မတိုင်မီ ကိုယ်တော်​နှင့်​မျက်နှာသာ​ရ​ဆက်ဆံ​ရေး​ရရှိရန် ကူညီပေး​နေသည်။ ဤသို့​သော​ဝိညာဉ်​ရေး​ကုသမှု​အတွက် စိတ်ရင်းမှန်​ဖြင့်​ဆုတောင်း​သူအား​လုံး​နှင့် ဤ​ကုသမှု​လုပ်ငန်း​ကို​ဆောင်ရွက်ရန် အကူအညီ​ရဖို့​အတွက် ဆုတောင်း​သူအား​လုံး​၏​ဆုတောင်းချက်​များသည် အမှန်တကယ်​ပင်​ပြည့်​လာ​ပေ​ပြီ။

[Picture Credit Line on page 3]

ဧလျာဇာ​နှင့်​ရေဗက္က/The Doré Bible Illustrations/Dover Publications