မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် ဆုတောင်းချက်များကို ဖြေကြားတော်မူ

ဘုရားသခင်သည် ဆုတောင်းချက်များကို ဖြေကြားတော်မူ

ဘုရားသခင်​သည် ဆုတောင်းချက်​များ​ကို ဖြေကြား​တော်​မူ

မကြာခဏ နှလုံးပါပါ​ဆုတောင်းခြင်း​ဖြင့် ကော်နေလိ​သည် ဘုရားသခင့်​မျက်နှာသာ​ရဖို့ ကြိုးစား​ခဲ့​သူ​တစ်ဦး​ဖြစ်သည်။ ထို့​အပြင် တပ်မှူး​တစ်ဦး​အနေ​နှင့် သူ၏​ရာထူးကို ကောင်းစွာ​အသုံးချ​ခဲ့​သည်။ သမ္မာကျမ်းစာ​အရ သူသည် ဆင်းရဲသူ​တို့အား “များစွာသော​စွန့်ကြဲ​ခြင်း​ကို​ပြု” ခဲ့​သည်။—တမန်​တော် ၁၀:၁၊ ၂

ထို​အချိန်​က ခရစ်ယာန်​အသင်းတော်ကို ယုံကြည်သူ​ဂျူး​များ၊ ဘာသာဝင်​များနှင့် ရှမာရိ​လူ​တို့​ဖြင့် ဖွဲ့စည်းထား​သည်။ ကော်နေလိ​သည် အရေဖျား​မ​လှီး​သော​တစ်ပါး​အမျိုးသား​ဖြစ်​ကာ ခရစ်ယာန်​အသင်းတော်​သား​တစ်ဦး​မဟုတ်​ခဲ့​ပေ။ ယင်းကြောင့် သူ၏​ဆုတောင်းချက်​များသည် အချည်းနှီး​ဖြစ်​ခဲ့​သည်​ဟု ဆိုလို​ပါသလော။ မဆိုလို​ပါ။ ယေဟောဝါ​ဘုရားသခင်​သည် ကော်နေလိ​နှင့် သူ၏​စိတ်အား​ထက်သန်​သော​လုပ်ရပ်များ​ကို သတိပြု​မှတ်သား​ခဲ့​သည်။—တမန်​တော် ၁၀:၄

ကောင်းကင်တမန်​၏​ညွှန်ကြားမှု​ဖြင့် ကော်နေလိ​သည် ခရစ်ယာန်​အသင်းတော်​နှင့် အဆက်အသွယ်​ရခဲ့​သည်။ (တမန်​တော် ၁၀:၃၀-၃၃) ရလဒ်​အနေ​နှင့် သူနှင့်​သူ၏​အိမ်သား​များသည် အရေဖျား​မ​လှီး​သော​တစ်ပါး​အမျိုးသားများ​တွင် ဦးဆုံး​ခရစ်ယာန်​အသင်းတော်​သားများ​ဖြစ်ခွင့် ရရှိခဲ့​ကြသည်။ ကော်နေလိ​၏​ကိုယ်ပိုင်​တွေ့ ကြုံ​မှု​ကို သမ္မာကျမ်းစာ​မှတ်တမ်း​၌​ပါ​သင့်​သည်​ဟု ယေဟောဝါ​ဘုရားသခင်​ယူမှတ်ခဲ့​သည်။ သူ၏​အသက်တာကို ဘုရားသခင့်​စံနှုန်း​များနှင့် လုံးဝ​ညီညွတ်​စေရန် အပြောင်းအလဲ​များစွာ​ပြုလုပ်​ခဲ့​မည်​မှာ​သေချာ​သည်။ (ဟေရှာယ ၂:၂-၄; ယောဟန် ၁၇:၁၆) ကော်နေလိ​၏​တွေ့ ကြုံ​မှု​သည် ယနေ့ ဘုရားသခင့်​မျက်နှာသာတော်​နှင့်​တွေ့​လို​သူ လူမျိုးအပေါင်း​မှ​လူ​တို့အတွက် ကြီးမား​သည့်​အားပေးမှု​ဖြစ်​သင့်​သည်။ နမူနာ​အချို့​ကို သုံးသပ်ကြည့်​ပါ။

မျက်မှောက်ခေတ်​နမူနာ​များ

အိန္ဒိယ​နိုင်ငံ​ရှိ အမျိုးသမီးငယ်​တစ်ဦး​သည် နှစ်သိမ့်မှု​အကြီးအကျယ်​လိုအပ်​နေသည်။ အသက် ၂၁ တွင်​အိမ်ထောင်ကျ​ကာ ကလေး​နှစ်ယောက်​ရခဲ့​သည်။ သို့သော် ဒုတိယ​မြောက်​ကလေး​မွေး​ပြီး​မကြာမီ သူ၏​ခင်ပွန်း​သေဆုံး​သွား​သည်။ ရုတ်တရက်​မမျှော်လင့်​ဘဲ သူ၏​အသက် ၂၄ နှစ်​တွင် ၂ လ​သမီး​ကလေး​တစ်ဦး၊ ၂၂ လ​သားက​လေး​တစ်ဦး​တို့​နှင့် မုဆိုးမ​ဖြစ်​ခဲ့​ရသည်။ သူ နှစ်သိမ့်မှု​လိုအပ်​နေသည်​မှာ အံ့ဩစရာ​မဟုတ်ပါ! မည်​သူ့ကို​အားကိုး​နိုင်​မည်​နည်း။ တစ်ည​တွင် အလွန်​ဝမ်းနည်း​ကြေကွဲ​စွာ​ဖြင့် “ကောင်းကင်​ခမည်းတော်၊ ကျေးဇူးပြု​၍ ကိုယ်တော့်​နှုတ်မြွက်​စကားတော်​အားဖြင့် ကျွန်မ​ကို​နှစ်သိမ့်​တော်​မူ​ပါ” ဟူ၍​ဆုတောင်း​လေ​သည်။

နောက်​နေ့​နံနက်​တွင် သူ့​ထံ​သို့ ဧည့်သည်​တစ်ဦး​ရောက်လာ​သည်။ ထို​သူသည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သည်။ ထို​နေ့၌ တစ်အိမ်​မှ​တစ်အိမ် သူ​အမှုဆောင်ရာတွင် အိမ်တံခါး​ဖွင့်ပေး​မည့်​သူ​မရှိသလောက်​ဖြစ်သော​ကြောင့် စိတ်ပျက်​နေရ​သည်။ မောပန်း​ပြီး အတော်ပင်​စိတ်ဓာတ်ကျ​နေရာ သူ​အိမ်ပြန်​တော့​မည်​ဆဲ​ဆဲ​တွင် နောက်ထပ်​တစ်အိမ်​ကို​ဆက်သွား​ရန် တိုက်တွန်း​ခံ​ခဲ့​ရသည်။ ထို​အိမ်​တွင် မုဆိုးမ​ငယ်​ကို သူ​တွေ့ခဲ့​သည်။ အမျိုးသမီးငယ်​သည် သူ့​အား အိမ်ထဲ​ဖိတ်ခေါ်​ကာ သမ္မာကျမ်းစာ​ကို​ရှင်းပြ​သည့် စာပေ​တစ်ခု​ကို​လက်ခံ​ယူ​လိုက်​သည်။ ထို​စာပေ​ကို​ဖတ်ရှု​ရခြင်း၊ သက်သေခံ​နှင့်​ဆွေးနွေး​ရခြင်း​တို့​မှ ထို​အမျိုးသမီး​သည် အလွန်​နှစ်သိမ့်မှု​ရခဲ့​သည်။ လူသေများ​ကို ရှင်ပြန်ထမြောက်​စေမည်​ဟူသော ဘုရားသခင့်​ကတိတော်​နှင့် မကြာမီ မြေကြီးကို​ပရဒိသု​ဖြစ်စေ​မည့် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း​တို့ကို သူသိ​ခဲ့​ရသည်။ အရေး​အကြီးဆုံး​မှာ သူ၏​ဆုတောင်းချက်​ကို​နားညောင်း​သည့် စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​ကို သိ၍​ချစ်​မြတ်နိုး​လာ​ခြင်း​ပင်​ဖြစ်သည်။

တောင်​အာဖရိက​နိုင်ငံ၊ ဂျော့ဂျ်​မြို့တွင်​နေထိုင်​သော နို​ရာ သည် အချိန်ပြည့်​ဧဝံဂေလိ​လုပ်ငန်း​တွင်​ပါဝင်​ရန် လ​တစ်လ​ကို​သတ်မှတ်​ထား​သည်။ လုပ်ငန်း​မစ​မီ ကျမ်းစာ​ကို အမှန်တကယ်​လေ့လာ​လို​သူ​တစ်ဦး​နှင့် တွေ့ရှိ​ရ​ရန်​ကူညီ​ပေးဖို့ ယေဟောဝါ​ထံ စိတ်အား​ထက်သန်​စွာ သူ​ဆုတောင်း​ခဲ့​သည်။ အမှုဆောင်ရန် သူ့ကို​ပေး​ထား​သည့်​ရပ်ကွက်တွင် ယခင်​လည်ပတ်​စဉ်​က နို​ရာ​အား အလွန်​ရိုင်းစိုင်း​စွာ​ဆက်ဆံ​ခဲ့​သူ​တစ်ဦး၏​အိမ်​ရှိသည်။ နို​ရာ​သည် သတ္တိ​မွေး​ကာ ထို​အိမ်သို့ပြန်​သွားခဲ့သည်။ နို​လင်း​ဟု​အမည်​ရှိသော​အိမ်ငှား​အသစ်​တစ်ဦး​သည် ထို​အိမ်​သို့​ပြောင်းရွှေ့​လာ​သည်ကို​တွေ့ရ​၍ သူ​အံ့သြခဲ့ရ​သည်။ ထို့​အပြင် နို​လင်း​နှင့် သူ၏​မိခင်​သည် ကျမ်းစာ​ကို​နားလည်​ရန်​အကူအညီ​ရဖို့ ဘုရားသခင်​ထံ ဆုတောင်း​ထား​ကြသည်။ “သူတို့ကို ကျွန်မ​ကျမ်းစာ​သင်အံမှု​ကမ်း​လှမ်း​တဲ့​အခါ သူတို့​ဝမ်းသာ​ကြတယ်” ဟူ၍​နို​ရာ​က​ရှင်းပြသည်။ နို​လင်း​နှင့်​သူ၏​မိခင်​သည် အလျင်အမြန်​တိုးတက်လာ​သည်။ အချိန်တန်သော် သူတို့​နှစ်ဦးစလုံး​သည် နို​ရာ​နှင့်အတူ ဝိညာဉ်​ရေး​ကုသမှု​လုပ်ငန်း​တွင် စတင်​ပါဝင်​ခဲ့​ကြသည်။

ဆုတောင်းခြင်း​၏​တန်ခိုး​ကို​ဖော်ပြ​သည့် အခြား​နမူနာ​တစ်ခု​မှာ တောင်​အာဖရိက​နိုင်ငံ​ရှိ ဂျိုဟန်နက်စ်ဘာ့ဂ်​မြို့တွင်​နေထိုင်ကြ​သော မောင်နှံ​တစ်စုံ​၏​အကြောင်း​ဖြစ်သည်။ ၁၉၉၆ ခုနှစ်၊ စနေနေ့​တစ်ည​တွင် ဒဲနစ္စ​နှင့် ကယ်​ရ​ယ်လ် တို့၏​အိမ်ထောင်သည် ပြိုကွဲ​လု​ဆဲ​ဆဲ​ဖြစ်​ခဲ့​သည်။ နောက်ဆုံး​အနေ​ဖြင့် သူတို့​အကူအညီ​ရရှိရန် ဆုတောင်း​ဖို့​ဆုံးဖြတ်​ကြ​ပြီး ညဉ့်နက်​သည်​အထိ အကြိမ်ကြိမ်​ဆုတောင်း​ခဲ့​ကြသည်။ နောက်​နေ့​နံနက် ၁၁ နာရီ​တွင် ယေဟောဝါသက်သေ​နှစ်ဦး​သည် သူတို့၏​တံခါး​ကိုလာ​ခေါက်​သည်။ တံခါး​ကို​ဒဲနစ္စ​ဖွင့်ပေး​ခဲ့​ရာ မိမိ၏​ဇနီး​ကို​ခေါ်​ပေး​မည်၊ စောင့်နေ​ပါ​ဟု သူတို့အား​ပြော​သည်။ ထို့နောက် ဒဲနစ္စ​က သက်သေခံ​များ​ကို အထဲ​သို့​ဖိတ်ခေါ်​လိုက်​လျှင် ပြန်​မောင်းထုတ်​ဖို့​ခက်​နေမည်ဟု ကာ​ရ​ယ်လ်​အား​သတိပေး​ခဲ့​သည်။ ကယ်​ရ​ယ်လ်​က မိမိတို့သည် အကူအညီ​ရဖို့​ဆုတောင်း​ထား​ရာ ဤ​မည်​ကား မိမိတို့၏​ဆုတောင်းချက်​များ​ကို ဘုရားသခင်​ဖြေကြား​ခြင်း​ဖြစ်​နိုင်​သည်​ဟု ဒဲနစ္စ​အား​ပြန်​ပြော​သည်။ သို့​နှင့် သက်သေခံ​များ​ကို အထဲ​သို့​ဖိတ်ခေါ်​လိုက်​ကာ ထာဝရ​အသက်​ရစေသော​အသိပညာ စာအုပ်​ဖြင့် ကျမ်းစာ​သင်အံမှု​စ​ခဲ့​ကြသည်။ ဒဲနစ္စ​နှင့် ကယ်​ရ​ယ်လ်​တို့သည် သူတို့​သိရှိ​လာ​သည့်​အကြောင်း​များ​ကြောင့် ဝမ်းသာ​ပီတိ​ဖြစ်​ကြသည်။ ထို​နေ့​မွန်းလွဲပိုင်း​တွင်​ပင် ယေဟောဝါသက်သေ​တို့၏ ဒေသခံ​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ပထမ​ဆုံး​အနေ​ဖြင့် စည်းဝေး​တက်​ခဲ့​ကြသည်။ သမ္မာကျမ်းစာ​မှ လေ့လာ​သိရှိ​ခဲ့​ရသည့်​အသိပညာကို လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် ဒဲနစ္စ​နှင့် ကယ်​ရ​ယ်လ်​တို့သည် သူတို့၏​အိမ်ထောင်ရေး​ပြဿနာ​များ​အတွက် ဖြေရှင်း​နည်း​များ​ကို တွေ့ရှိ​ခဲ့​ကြသည်။ ယခု သူတို့သည် ပျော်ရွှင်​သည့် နှစ်ခြင်း​ခံ​ပြီး​သော ယေဟောဝါ​အား​ချီးမွမ်းသူ​များ​ဖြစ်​ကြ​ကာ သူတို့၏​ကျမ်းစာ​အခြေပြု​ယုံကြည်ချက်များ​ကို အိမ်နီးချင်း​များ​အား မှန်မှန်​ဝေမျှ​နေကြ​သည်။

ဆုတောင်း​ဖို့ မထိုက်တန်​ဟု သင်​ခံစားရ​လျှင်​ကော

စိတ်ရင်းမှန်​ရှိသူ​အချို့​သည် သူတို့၏​ဘဝ​လမ်းဆိုး​ကြောင့် ဆုတောင်း​ဖို့​မထိုက်တန်​ဟု ခံစားရ​ပေမည်။ ယေရှု​ခရစ်​က ထို​ကဲ့သို့​သော​သူ​တစ်ဦး​ဖြစ်သည့် အထင်အမြင်​သေး​ခံရ​သော​အခွန်ခံ​တစ်ဦး၏​အကြောင်းကို ပြောပြ​ခဲ့​သည်။ ဤ​သူသည် ဗိမာန်တော်ဝင်း​ထဲ​သို့​ဝင်ပြီး ထုံးစံ​အရ​ဆုတောင်း​သည့်​နေရာသို့​သွား​ရန် မထိုက်တန်​ဟု ခံစား​ခဲ့​ရသည်။ “အဝေးက​ရပ်၍ . . . [သူသည်] ရင်​ပတ်​ကို​ခတ်​လျက် ‘အို​ဘုရားသခင် အပြစ်​များသော​အကျွန်ုပ်​ကို သနားခြင်း​ကရုဏာ​စိတ်​ရှိ​တော်​မူ​ပါ’ ဟု​ဆုတောင်း​လေ​၏။” (လုကာ ၁၈:၁၃) ယေရှု​ပြောပြချက်​အရ ဤ​သူသည် နားညောင်းခံ​ခဲ့​ရ၏။ ယေဟောဝါ​ဘုရားသခင်​သည် စိတ်ရင်းမှန်​သော နောင်တ​ရသည့်​အပြစ်သားများကို အမှန်တကယ်​ပင် သနားခြင်း​ကရုဏာ​စိတ်​ရှိပြီး အကူအညီ​ပေး​လို​ကြောင်း ယင်းက​သက်သေထူ​သည်။

ပေါလ် အမည်​ရှိ တောင်​အာဖရိက​မှ​လူငယ်​တစ်ဦး​ကို သုံးသပ်ကြည့်​ပါ။ ကလေး​ဘဝတွင် ပေါလ် သည် သူ၏​မိခင်​နှင့်အတူ ခရစ်ယာန်​အစည်းအဝေး​များ​ကို​တက်ရောက်​ဖူး​သည်။ သို့သော် အထက်တန်း​ပညာ​သင်​နှစ်များ​အတွင်း ဘုရားသခင့်​လမ်းစဉ်​ကို​မလိုက်လျှောက်​သည့် လူငယ်များနှင့် သူ​စတင်​ပေါင်းသင်း​လာ​လေ​သည်။ ကျောင်းထွက်​ပြီး​နောက် တောင်​အာဖရိက​နိုင်ငံ​၏ ယခင်​လူဖြူ​လူမည်း​ခွဲခြား​သည့်​အစိုးရ​၏​စစ်တပ်​တွင် သူ​အမှုထမ်းခဲ့​သည်။ ထို​နောက် မမျှော်လင့်​ဘဲ သူ့​ရည်းစား​က သူ့ကို​အဆက်ဖြတ်​ခဲ့​သည်။ ဤ​ဘဝင်​မကျ​သော​ဘဝ​လမ်းစဉ်​က ပေါလ်​ကို အလွန်​စိတ်ဓာတ်ကျ​စေ​၏။ “ဘုရားသခင်​ကို စိတ်ရင်းမှန်​နဲ့​မ​ချဉ်းကပ်​တာ နှစ်ချီ​ရှိပေမဲ့ တစ်​ညနေခင်း​မှာ ယေဟောဝါ​ကို ကျွန်တော်​ဆုတောင်း​ပြီး အကူအညီ​တောင်း​တယ်” ဟူ၍​သူ​ပြန်​ပြောပြ​သည်။

ဤသို့​ဆုတောင်း​ပြီး​မကြာမီတွင် ပေါလ် ၏​မိခင်​သည် သူ့​အား နှစ်စဉ်​ကျင်းပ​သော ခရစ်တော်​၏​သေခြင်း​ဆိုင်ရာ အောက်မေ့ရာပွဲကို တက်ရောက်​ရန်​ဖိတ်ခေါ်​သည်။ (လုကာ ၂၂:၁၉) သူသည် ထင်ရာစိုင်း​ခဲ့​ပြီး ကျမ်းစာ​ကို​နည်းနည်း​မျှ​စိတ်ဝင်စားမှု​မပြ​ခဲ့​သော်လည်း သူ၏​မိခင်​က ဤသို့​ဖိတ်ခေါ်​ခြင်း​သည် ထူးခြား​၏​ဟု ပေါလ်​ထင်မှတ်​ခဲ့​သည်။ “ဒီ​ဖိတ်ခေါ်ချက်​ဟာ ကျွန်တော့်​ရဲ့​ဆုတောင်းချက်​ကို ယေဟောဝါ​ဖြေကြား​ပေး​တာ​ပဲ​ဖြစ်​မယ်​လို့ ကျွန်တော်​ရှုမြင်​ပြီး ပြန်​တုံ့ပြန်​ရမယ်​လို့ ယူဆခဲ့တယ်။” ထို​အချိန်​မှ​စ၍ ပေါလ်​သည် ခရစ်ယာန်​အစည်းအဝေး​အားလုံး​ကို ပြန်​တက်​လေ​သည်။ လေးလ​သာ​ကျမ်းစာ​သင်​ပြီး​နောက် နှစ်ခြင်း​ခံရန်​အရည်အချင်း​ပြည့်မီ​လာ​သည်။ ထို့​အပြင် သူသည် အင်ဂျင်နီယာ​သင်တန်း​များ​ကို မ​တက်​တော့​ဘဲ အချိန်ပြည့်​ဧဝံဂေလိ​လုပ်ငန်း​ကို လုပ်ကိုင်​ဖို့​ရွေးချယ်​ခဲ့​သည်။ ယနေ့ ပေါလ်​သည် ပျော်ရွှင်သူ​တစ်ဦး​ဖြစ်​ကာ သူ၏​ယခင်​အသက်တာ​နှင့်​ပတ်သက်​၍ စိတ်ဓာတ်​မကျ​တော့​ချေ။ သူသည် လွန်​ခဲ့​သည့် ၁၁ နှစ်လုံး​လုံး တောင်​အာဖရိက​ရှိ ကင်းမျှော်စင်​အသင်း​၏​ဌာနခွဲရုံး​တွင် အမှုထမ်းခဲ့​သည်။

မှန်ပါသည်၊ ယေဟောဝါ​ဘုရားသခင်​သည် ဆုတောင်းချက်​များ​ကို သနားခြင်း​ကရုဏာ​စိတ်ဖြင့် ဖြေကြား​တော်​မူ​ပြီး “ကိုယ်တော်​အား ထက်သန်​စွာ​ရှာ​သူတို့ကို ဆုချ​တော်​မူ​သော​အရှင်ဖြစ်” သည်။ (ဟေဗြဲ ၁၁:၆က​ဘ) မကြာမီ ယေဟောဝါ​၏​နေ့ကြီး​သည် ရောက်လာ​ကာ ဆိုးသွမ်းမှု​မှန်သမျှကို အဆုံးတိုင်​စေမည်​ဖြစ်သည်။ ဤ​အချိန်​အတောအတွင်း အရေးကြီးသော​သက်သေခံခြင်း​လုပ်ငန်း​တွင် ဇွဲ​န​ပဲ​နှင့်​ပါဝင်​နေကြ​စဉ် ခွန်အား​နှင့်​လမ်းညွှန်မှု​ပေး​ပါ​ရန်​တောင်းဆို​သော မိမိလူ​မျိုး​၏​ဆုတောင်းချက်​များ​ကို ယေဟောဝါ​ဖြေကြား​ပေး​နေပါ​သည်။ သို့ဖြင့် လူမျိုးအပေါင်း​မှ သန်းပေါင်း​များစွာသော​သူတို့သည် ခရစ်ယာန်​အသင်းတော်​နှင့်​အဆက်အသွယ်​ရ​ကာ ထာဝရ​အသက်​ရစေသော​ကျမ်းစာ​အသိပညာ​သိရှိ​ရန် ကောင်းချီး​ကို​ခံစား​နေကြ​ရ​ပါ​သည်။—ယောဟန် ၁၇:၃

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ကော်နေလိ​၏​နှလုံးပါပါ​တောင်း​သော ဆုတောင်းချက်​ကြောင့် တမန်​တော်​ပေတရု​၏​လည်ပတ်ခြင်း​ကို​ခံ​ခဲ့​ရ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

စိတ်သောက​ရောက်​ရသည့်​ကာလ​များ တစ်လျှောက် ဆုတောင်းခြင်း​သည် များစွာသော​သူတို့ကို ကူညီပေး​ခဲ့ပြီ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​ကို​နားလည်​ရန် အကူအညီ​ရဖို့​အတွက် ဆု​တောင်းလျှင်​ကောင်း​သည်

မောင်နှံစုံ​တို့သည် မိမိတို့၏​အိမ်ထောင်​ခိုင်မြဲ​ရန် အကူအညီ​ရဖို့ ဆုတောင်း​နိုင်