မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဇရေလမြို့၌ အဘယ်အရာကို သူတို့ရှာဖွေတွေ့ရှိခဲ့သနည်း

ယေဇရေလမြို့၌ အဘယ်အရာကို သူတို့ရှာဖွေတွေ့ရှိခဲ့သနည်း

ယေဇရေလ​မြို့၌ အဘယ်အရာကို သူတို့​ရှာဖွေ​တွေ့ရှိ​ခဲ့​သနည်း

ရာစုနှစ်များစွာ​အထိ ရှေး​ယေဇရေလ​မြို့​သည် လူ​ဆိတ်ငြိမ်​ရာ​အရပ်​ဖြစ်​ခဲ့​သည်။ တစ်ချိန်က ၎င်း​မြို့​သည် ကျမ်းစာ​ရာဇဝင်​တွင် ထင်ပေါ်​ကျော်ကြား​ခဲ့​သည်။ ယခု ယင်း​၏​ယခင်​ဂုဏ်​ကျက်သရေ ပျောက်ကွယ်​သွားခဲ့​ပြီး မြေလွှာ​ဖုံးအုပ်​မှု​တို့​ကြောင့် က​မူ သို့​မဟုတ် ပုံပြင်​အဖြစ်သို့ ရောက်ရှိ​သွားခဲ့​၏။ မကြာသေးမီ​နှစ်များ​က ရှေးဟောင်း​သုတေသန​ပညာရှင်​များသည် ယေဇရေလ​မြို့​၏​ရုပ်ကြွင်း​များ​ကို စတင်​စစ်ဆေး​ခဲ့​၏။ ဤ​ပျက်စီး​ယိုယွင်း​နေသော​အဆောက်အအုံ​များ​က ကျမ်းစာ​မှတ်တမ်းများ​နှင့်​ပတ်သက်​၍ အဘယ်အရာကို​ဖော်ပြ​သနည်း။

သမ္မာကျမ်းစာ​မှ ယေဇရေလ​မြို့

ယေဇရေလ​မြို့​သည် ယေဇရေလ​ချိုင့်ဝှမ်း​၏​အရှေ့ပိုင်း​တွင်​တည်ရှိ​ပြီး ရှေး​ဣသရေလ​နိုင်ငံ​၏ သာ၍​ကြီးပွား​ဖြစ်ထွန်း​သော​ဒေသ​တစ်ခု​ဖြစ်သည်။ မိဒျန်​လူတို့သည် တရားသူကြီး​ဂိဒေါင်​နှင့်​သူ၏​စစ်သည်​များ​ကို စစ်တိုက်​ရန်​ပြင်ဆင်​နေစဉ် ချိုင့်ဝှမ်း​မြောက်ဘက်​တည့်တည့်​ရှိ မော​ရေ​တောင်​ခြေ​တွင် တပ်​ချ​ခဲ့​ကြသည်။ အရှေ့ဘက်​၌ ဂိလဗော​တောင်​ခြေ​တွင် ဟာ​ရုတ်​ရေတွင်း​ငယ်​ရှိ၏။ ယေဟောဝါ​သည် အလွန်​များပြား​သော​တပ်​အင်အား​မပါဘဲ မိမိ၏​လူမျိုးတော်ကို ကယ်တင်​နိုင်စွမ်း​ရှိကြောင်း​ပြသ​ရန် ထောင်ချီ​ရှိသော​ဂိဒေါင်​၏​တပ်​ကို​လူ ၃၀၀ မျှ​အထိ​လျှော့ချ​ခဲ့​သည်။ (တရားသူကြီး ၇:၁-၂၅; ဇာခရိ ၄:၆) ဂိလဗော​တောင်​အနီး​တွင် ဣသရေလ​၏​ပထမ​ဆုံး​ဘုရင်​ရှောလုသည် ကြောက်မက်​ဖွယ်​တိုက်ပွဲ​တစ်ခု​၌ ဖိလိတ္တိ​လူ​တို့ကို စစ်ရှုံး​ခဲ့​ကာ ထို​စစ်ပွဲ​တွင် ယောနသန်​နှင့် ရှောလု​၏​အခြား​သား​နှစ်ယောက် အသတ်ခံခဲ့ရ​သည့်​အပြင် ရှောလုလည်း သူ့ကိုယ်သူ​သတ်​သေ​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၃၁:၁-၅

ရှေး​ယေဇရေလ​မြို့​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​ရည်ညွှန်းချက်​များသည် ထူးခြားသော​ကွဲလွဲ​ချက်​များ​ကို ဖော်ပြ​ပေး​သည်။ ဣသရေလ​ရှင်ဘုရင်များ​၏ အခွင့်အာဏာ​အလွဲသုံး​မှု​နှင့် အယူဖောက်ပြန်မှု​တို့​အပြင် ယေဟောဝါ​၏​ကျေးကျွန်​များ​၏​သစ္စာရှိ​မှု​နှင့် စိတ်အား​ထက်သန်မှု​တို့ကို​လည်း ဖော်ပြ​သည်။ ဘီ.စီ.အီး. ဆယ်ရာစု​အလယ်​လောက်​တွင် မြောက်ပိုင်း​ဣသရေလ​ဆယ်နွယ်​နိုင်ငံ​အုပ်စိုးရှင်​ဖြစ်သော ရှင်ဘုရင်​အာဟပ်​သည် ရုံး​စိုက်​ရာ​မြို့တော်​မှာ ရှမာရိ​မြို့​ဖြစ်သော်လည်း ယေဇရေလ​မြို့တွင် နန်း​စိုက်​ခဲ့​၏။ (၃ ဓမ္မ​ရာဇဝင် ၂၁:၁) အာဟပ်​၏​တိုင်းတစ်ပါးသူ​ဇနီး​ယေဇဗေလ​သည် ယေဟောဝါ​၏​ပရောဖက်​ဧလိယ​ကို​သတ်​ရန် ယေဇရေလ​မြို့မှ ခြိမ်းခြောက်​ခဲ့​ခြင်း​ဖြစ်သည်။ ကရမေလ​တောင်ပေါ်​တွင် စစ်မှန်သော​ဘုရားသခင်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​ဖော်ပြ​ပြီး​နောက် ဗာလ​၏​ပရောဖက်​များ​ကို ဧလိယ​က ရဲရင့်စွာ​ကွပ်မျက်​ခဲ့​သောကြောင့် သူ​အမျက်ထွက်​ခဲ့​၏။—၃ ဓမ္မ​ရာဇဝင် ၁၈:၃၆–၁၉:၂

ထို့နောက် ယေဇရေလ​မြို့တွင် ရာဇဝတ်မှု​တစ်ခု​ကျူးလွန်​ခဲ့​သည်။ ယေဇရေလ​မြို့သား​နာဗုတ်​သည် အသတ်ခံခဲ့ရ​၏။ အာဟပ်မင်း​သည် နာဗုတ်​၏​စပျစ်​ဥယျာဉ်​ကို လိုချင်​တပ်မက်​ခဲ့​သည်။ ထို​မြေ​ကို ဘုရင်​တောင်း​သောအခါ နာဗုတ်​သည် သစ္စာစောင့်သိ​စွာ ဤသို့​ဖြေကြား​ခဲ့​သည်– ‘ဘိုးဘေး​ပိုင်​မြေ​ကို​ဆက်သ​ရန် ကျွန်တော်​နှင့်​ကင်းဝေး​ပါစေ​သော၊ ဘိုးဘေး​ပိုင်​မြေ​ကို မ​ဆက်သ​လို​ပါ။’ အခြေခံကျ​သော ဤ​အဖြေ​ကြောင့် အာဟပ်​သည် အကြီးအကျယ်​မကျေမနပ်​ဖြစ်​ခဲ့​ရသည်။ ဘုရင်​၏​ညှိုးငယ်​သော​စိတ်​ကို​တွေ့မြင်​၍ မိဖုရား​ယေဇဗေလ​သည် ဘုရားသခင်​ကို​ပြစ်မှား​သည်​ဟု နာဗုတ်​ကို​စွပ်စွဲ​ကာ ဟန်ပြ​စစ်ဆေး​ဖို့ စီစဉ်​ခဲ့​သည်။ အပြစ်မဲ့​သူ​နာဗုတ်​ကို အပြစ်​ရှာ၍ ခဲ​နှင့်​ပေါက်သတ်​ခဲ့​ကြ​ပြီး​နောက် ဘုရင်​သည် သူ၏​စပျစ်​ဥယျာဉ်​ကို သိမ်းပိုက်​လိုက်​သည်။—၃ ဓမ္မ​ရာဇဝင် ၂၁:၁-၁၆

အဆိုပါ​အလွန်​ယုတ်မာ​မှု​ကြောင့် “ယေဇရေလ​မြို့ရိုး​နား​မှ​ခွေး​တို့သည် ယေဇဗေလ​ကို စား​ကြ​လိမ့်” မည်​ဟု​ဧလိယ​က ပရောဖက်ပြု​ခဲ့​သည်။ ပရောဖက်​က ထပ်ဆင့်​ဤသို့​ကြေညာ​ခဲ့​သည်– “အာဟပ်​အမျိုး​သည် မြို့ထဲမှာ​သေ​လျှင် ခွေး​စား​လိမ့်​မည်။ . . . အာဟပ်နှင့်​တူသော​သူ​တစ်ယောက်မျှ​မရှိ။ ခင်ပွန်း​ယေဇဗေလ​သည် တိုက်တွန်း​သဖြင့်၊ ထာဝရ​ဘုရား​ရှေ့တော်၌ ဒုစရိုက်[မကောင်းမှု] ကို​ပြု​လို​၍ ကိုယ်ကို​ရော​င်း​သော​သူ​ဖြစ်၏။” သို့သော် ယေဟောဝါ​၏​တရား​စီရင်ချက်​ကို ဧလိယ​ကြေညာ​သောအခါ အာဟပ်​သည် စိတ်​နှိမ့်ချ​ခဲ့​သောကြောင့် အာဟပ်​၏​အသက်တာတွင် အပြစ်ပေး​တော့​မည်​မဟုတ်​ဟု ယေဟောဝါ​မိန့်တော်မူသည်။ (၃ ဓမ္မ​ရာဇဝင် ၂၁:၂၃-၂၉) ဧလိယ​ကို​ဆက်ခံသူ ဧလိရှဲ​လက်ထက်​တွင် ဣသရေလ​ရှင်ဘုရင်​အဖြစ် ယေဟု​ကို ဘိသိက်ပေး​ခဲ့​သည်​ဟု သမ္မာကျမ်းစာ​မှတ်တမ်းက ဆက်​ဖော်ပြ​ထား​သည်။ ယေဟု​သည် ယေဇရေလ​မြို့​သို့ မြင်း​စီးဝင်​လာသော​အခါ ပြတင်းပေါက်​မှ ယေဇဗေလ​ကို​တွန်း​ချရန် အမိန့်ပေး​ခဲ့​ရာ မြင်းများ​သည် သူ့ကို နင်း​ခြေ​ပစ်​ခဲ့​ကြသည်။ ထို့နောက်​တွင် ခွေး​အလေအလွင့်​များ​က သူ၏​ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါး​တို့ကို​သာ ချန်​ထားခဲ့​ကြသည်​ကို တွေ့ရှိ​ခဲ့​ရ၏။ (၄ ဓမ္မ​ရာဇဝင် ၉:၃၀-၃၇) ယေဇရေလ​မြို့​နှင့်​ပတ်သက်​၍ ကျမ်းစာ​၌​နောက်ဆုံး​ဖော်ပြချက်​က အာဟပ်​၏​သား ၇၀ ကွပ်မျက်​ခံရ​ခြင်း​အကြောင်း​ဖြစ်သည်။ ယေဟု​သည် သူတို့၏​ခေါင်း​များ​ကို ယေဇရေလ​မြို့​ဂိတ်​တွင် နှစ်ပုံ​ပုံ​ထားပြီး အာဟပ်​၏​ဖောက်ပြန်သော​နန်းသက်​တွင် ပါဝင်​ပတ်သက်​ခဲ့​သော အခြား​ခေါင်းဆောင်​များနှင့် ယဇ်ပုရောဟိတ်​များ​ကို သတ်ပစ်ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၁၀:၆-၁၁

ရှေးဟောင်း​သုတေသန​ပညာရှင်​များ အဘယ်အရာ​တွေ့ရှိ​ခဲ့​သနည်း

၁၉၉၀ ပြည့်နှစ်​တွင် ယေဇရေလ​မြို့​တူးဖော်​ခြင်း ပူးပေါင်း​ဆောင်ရွက်မှု​စီမံကိန်း​စတင်​ခဲ့​၏။ (ဒေးဗစ် အွတ်​ရှီ​ခ်ျ​ကင်​န်​က ကိုယ်စား​ပြု) တဲ​လ် အ​ဗစ်​တက္ကသိုလ်​သုတေသန​အဖွဲ့​နှင့် (ဂျွန် ဝတ်​ဟဲ့ဒ်​က ကိုယ်စား​ပြု) ယေရုရှလင်​မှ ဗြိတိသျှ​သုတေသန​ကျောင်း​တို့ ပူးပေါင်း​ဆောင်ရွက်​ခဲ့​ကြသည်။ ၁၉၉၀-၉၆ ခုနှစ်​အတွင်း အ​ယောက် ၈၀ နှင့် ၁၀၀ ကြား​ရှိ စေတနာ့​ဝန်ထမ်း​များသည် ခု​နစ်​ရာသီ (ရာသီ​တစ်ခုစီ​သည် ခြောက်​ပတ်​တာ​ရှည်​သည်) ကြာ​ထို​နေရာတွင် အလုပ်လုပ်​ခဲ့​ကြ​၏။

မျက်မှောက်ခေတ်​သုတေသန​ပြု​နည်း​မှာ ကြိုတင်​တွက်ဆ​ထားသော ယူဆ​ချက်​များနှင့်​သီအိုရီ​များ​ကို မကိုးကားဘဲ ထို​နေရာ​၏​သိသာ​ထင်ရှားသော သက်သေ​အထောက်အထား​များ​ကို စစ်ဆေး​ကြ​ခြင်း​ဖြစ်သည်။ ထို့​ကြောင့် သမ္မာ​ကျမ်းစာ​ပါ​နိုင်ငံ​များ​ကို လေ့လာ​နေသော​ရှေးဟောင်း​သုတေသန​ပညာရှင်​အတွက် ကျမ်းစာ​မှတ်တမ်း​သည် အကြောင်းအရာ​ပေါ် အာဏာပိုင်​မဟုတ်​ချေ။ အခြား​ဇာစ်​မြစ်​အားလုံး​နှင့် ရူပ​ဆိုင်ရာ​အထောက်အထား​ကို စဉ်းစား​သုံးသပ်​ပြီး သေချာ​စွာ​ချင့်ချိန်​ရမည်​ဖြစ်သည်။ သို့သော် ဂျွန် ဝတ်​ဟဲ့ဒ်​အဆို​အရ ယေဇရေလ​မြို့​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​၏ အခန်းကြီး​အနည်းငယ်​မှ​လွဲ​၍ ရှေးဟောင်း​ရေးသား​ထားသော အထောက်အထား​မရှိ​ချေ။ ထို့​ကြောင့် မည်သည့်​ဆန်းစစ်မှု​မဆို​၌ ကျမ်းစာ​မှတ်တမ်းများ​နှင့် သက္ကရာဇ်စဉ်​ဖြစ်ရပ်​တို့သည် တစ်စိတ်​တစ်ပိုင်း​ပါဝင်​သင့်​၏။ ရှေးဟောင်း​သုတေသန​ပညာရှင်​များ​၏ ကြိုးစား​အားထုတ်မှု​များသည် အဘယ်အရာကို​ဖော်ပြ​ခဲ့​သနည်း။

ခံစစ်​အဆောက်အအုံ​များနှင့်​မြေထည်​တို့ကို တူးဖော်​တွေ့ရှိ​သောအခါ သံ​ခေတ်​ဟု​ခေါ်​သည့် ကျမ်း​ဆိုင်ရာ​ယေဇရေလ​ခေတ်​နှင့် တစ်ထပ်တည်း​ဖြစ်သော​အချိန်​မှ အပျက်အယွင်း​များ​ဖြစ်​ကြောင်း အစ​ကတည်းက​ထင်ရှား​လာ​ခဲ့​သည်။ သို့သော် ထို​တွင် ဆက်၍​တူးဖော်​လာ​သည်​နှင့်​အမျှ အံ့အားသင့်​စ​ရာ​များစွာ​တွေ့ရှိ​နေသည်။ ဦးဆုံး​အံ့အားသင့်​စ​ရာ​မှာ နေရာ​အကျယ်အဝန်း​နှင့် ထုထည်​ကြီးမားသော​ခံတပ်​အဆောက်အအုံ​များ​ဖြစ်သည်။ ရှေးဟောင်း​သုတေသန​ပညာရှင်​များသည် ဣသရေလ​နိုင်ငံ​၏​မြို့တော် ရှေး​ယခင်​ရှမာရိ​တွင်​ရှိသည့်​အရာ​ကဲ့သို့​သော ခံတပ်​အဆောက်အအုံ​မြေ​နေရာကို​တွေ့ရှိ​ဖို့ ခန့်မှန်း​ခဲ့​ကြသည်။ သို့ရာတွင် ဆက်​တူး​သောအခါ ယေဇရေလ​မြို့​သည် သာ၍​ကြီးမား​ကြောင်း သိရှိ​လာ​ခဲ့​ကြသည်။ ၎င်း​၏​နံရံ​မှာ​ပေ ၁,၀၀၀ ရှည်​၍ အကျယ်​ပေ ၅၀၀ ခန့်​ရှိပြီး ခံတပ်​အဆောက်အအုံ​အတွင်းမှ စုစုပေါင်း​ဧရိယာ​မှာ ထို​အချိန်​က ဣသရေလ​နိုင်ငံ​တွင် ရှာဖွေ​တွေ့ရှိ​ခဲ့​သော အခြား​မည်သည့်​မြို့​ထက်​မဆို သုံး​ဆ​မ​က​ကြီး​သည်။ ခံတပ်​အဆောက်အအုံ​များ​မှ ၃၅ ပေ​အနိမ့်​တွင် ခြောက်သွေ့​သော​ကျုံး​တစ်ခု​က ဝိုင်းရံ​ထား​သည်။ ပါမောက္ခ အွတ်​ရှီ​ခ်ျ​ကင်​န်​၏​အဆို​အရ အဆိုပါ​ကျုံး​သည် ကျမ်းစာ​ခေတ်​မတိုင်မီ​အထိ မရှိခဲ့​ချေ။ “ခရူးဆိတ်စစ်​မတိုင်ခင်​အထိ ဣသရေလ​နိုင်ငံ​မှာ အဲဒါနဲ့​တူ​တာ ဘာမှ​မ​တွေ့​ဘူး” ဟု​သူက​ဆို​ခဲ့​သည်။

မထင်မှတ်​သော​နောက်​ထူးခြားချက်​တစ်ခု​မှာ မြို့လယ်ခေါင်​အတွင်း အဆောက်အအုံ​ကြီး​များ​မရှိခြင်း​ဖြစ်သည်။ မြို့တော်​တည်ဆောက်​ချိန်​အတွင်း သယ်ဆောင်​ခဲ့​သော နီ​ညို​ရော​င်​မြေ​ကို မြို့​ဝင်း​အတွင်း ကုန်း​က​မူ—ကြီးမား​ကျယ်ပြန့်​သော​စင်မြင့်​ပုံစံ—အဖြစ် မြေ​ဖို့​ထား​၏။ ဤ​ထင်ရှားသော​စင်မြင့်​က ယေဇရေလ​မြို့​သည် နန်းတော်​ထက်မက​ကြောင်း အထောက်အထား​ဖြစ်​နိုင်​သည်​ဟု တဲ​လ် ယေဇရေလ​တူးဖော်​ခြင်း​နှင့်​ပတ်သက်သော ဒုတိယ​ပဏာမ​အစီရင်ခံစာ​က ဖော်ပြ​သည်။ “ယေဇရေလ​မြို့​သည် ဩ​မ​ရိ [ဩ​မ​ရိ​နှင့်​သူ၏​သားစဉ်မြေးဆက်​များ] ဘုရင်​များ​အချိန်​က ဘုရင့်​စစ်ရထား​နှင့်​မြင်းတပ်​တို့ကို ထား​ရှိပြီး​လေ့ကျင့်ပေး​သည့် . . . တော်ဝင်​ဣသရေလ​စစ်တပ်​အတွက် ပင်မ​စစ်​ဌာနချုပ်​ဖြစ်​နိုင်​သည်ကို ကျွန်ုပ်​တို့​ပြော​လို​ပါ​သည်” ဟု​၎င်း​က​ဆို​ခဲ့​သည်။ မြို့​ဝင်း​နှင့်အတူ ကုန်း​က​မူ​အရွယ်အစား​တို့ကို အကဲဖြတ်​ကြည့်​ရာ ယင်းသည် ထို​ခေတ်​ရှိ အရှေ့အလယ်ပိုင်း​၌ အကြီးဆုံး​မြင်းတပ်​ကို​ပြသ​ရန် စစ်ရေး​ပြ​ကွင်း​ဖြစ်​နိုင်​သည်​ဟု ဝတ်​ဟဲ့ဒ်​က မှန်းဆ​၏။

မြို့​ဂိတ်​မှ​တူးဖော်​တွေ့ရှိ​ခဲ့​သော ရုပ်ကြွင်း​များသည် ရှေးဟောင်း​သုတေသန​ပညာရှင်​များ​အတွက် အထူး​စိတ်ဝင်စားစရာ အချက်​တစ်ချက်​ဖြစ်သည်။ ယင်း​တို့​က အဝင်ဝ​တွင် အနည်းဆုံး ဂိတ်​ပေါက်လေး​ပေါက်​ရှိသည်​ကို ဖော်ပြ​သည်။ သို့သော် ထို​မြေနေရာ​မှ​ကျောက်တုံး​များစွာ​သည် ရာစုနှစ်များ​တစ်လျှောက် အခိုးခံ​ခဲ့​ရသည့်​အတွက် တူးဖော်​တွေ့ရှိချက်​သည် တိကျ​ခိုင်လုံ​မှုမရှိ​တော့​ချေ။ ထို​ရုပ်ကြွင်း​များသည် မေဂိဒ္ဒေါ​မြို့၊ ဟော​ဇော်​မြို့​နှင့် ဂီ​ဇာ​မြို့​တို့​တွင်​တွေ့ရှိ​ရသော အဆင့်​ခြောက်​ဆ​င့်​ရှိ​ဂိတ်​နှင့် အရွယ်အစား​တူ​သည်​ဟု ဝတ်​ဟဲ့ဒ်​က​ယူဆ​သည်။ *

ရှေးဟောင်း​သုတေသန​တွေ့ရှိချက်​များ​က စစ်ရေး​သာမက ပထဝီ​အနေအထား​အရ​ပါ အလွန်​ထူးခြား​စွာ​တည်ရှိ​ခဲ့​သော​မြို့​တစ်မြို့​ဖြစ်​လျက်​နှင့် အံ့အားသင့်​ဖွယ်​ကောင်း​အောင် ခဏတာ​သာ​တည်ရှိ​ခဲ့​သည်ကို ထောက်ပြ​၏။ အလွန်​ခိုင်ခံ့​သော​ယေဇရေလ​မြို့​သည် အချိန်တို​အတွင်း—ဆယ်စုနှစ်​အနည်းငယ်​သာ—တည်ရှိ​ခဲ့​သည်ကို ဝတ်​ဟဲ့ဒ်​က အလေးပေး​ဖော်ပြ​သည်။ ၎င်း​ဖြစ်ရပ်​သည် အချိန်ကာလ​အသီးသီး​တွင် ထပ်ခါတလဲ​ပြန်​တည်ဆောက်၊ တိုးချဲ့​ပြီး နေထိုင်ခဲ့​ကြသော မေဂိဒ္ဒေါ​မြို့၊ ဟော​ဇော်​မြို့​နှင့် ရှမာရိ​မြို့​တို့​ကဲ့သို့​သော ဣသရေလ​နိုင်ငံ​မှ အခြား​အရေးပါသော ကျမ်း​ဆိုင်ရာ​မြို့များ​စွာ​နှင့် လုံးဝ​မတူ​သည်​မှာ သိသာ​ထင်ရှား​သည်။ ဤ​ထူးခြားသော​နေရာ​သည် ထို​မျှ​လောက်​လျင်မြန်​စွာ အဘယ်ကြောင့်​ပျက်​သွားခဲ့​ရသနည်း။ နိုင်​ငံ့​ဥစ္စာ​ဓန​ကို အာဟပ်​နှင့်​သူ၏​မင်းဆက်​တို့ ဖြုန်းတီးမှု​ကြောင့် စီးပွားရေး​ပျက်​လု​နီးပါး​ဖြစ်​ခဲ့​ရသည်​ဟု ဝတ်​ဟဲ့ဒ်​က​မှန်းဆ​သည်။ ယင်းသည် ယေဇရေလ​မြို့​၏​ကြီးမား​ကျယ်ပြန့်​မှု​နှင့် ခိုင်ခံ့မှု​တို့​က ထင်ရှားစေ​ခဲ့​၏။ ယေဟု​လက်အောက်​ရှိ အစိုးရ​အသစ်​သည် အာဟပ်​ကို​အမှတ်မရ​စေ​လို​သောကြောင့် ထို​မြို့ကို စွန့်ပယ်​ခဲ့​ပေမည်။

ထိုသို့​ဖြင့် တူးဖော်​တွေ့ရှိ​ခဲ့​သော​အထောက်အထား​ရှိသမျှ​က သံ​ခေတ်​မှ ယေဇရေလ​မြို့​သည် အရေးပါသော​ဣသရေလ​နိုင်ငံ​၏​အချက်အချာ​တစ်ခု​ဖြစ်​ခဲ့​သည်ကို အလွန်​သေချာ​စေ​သည်။ ၎င်း​၏​အကျယ်အဝန်း​နှင့်​ခံတပ်​အဆောက်အအုံ​များသည် အာဟပ်​နှင့်​ယေဇဗေလ​တို့၏ ကျော်ကြား​သော​နန်းဂေဟာ​အဖြစ် သမ္မာကျမ်းစာ​၏​ဖော်ပြချက်​နှင့် တစ်ထပ်တည်း​ကျ​သည်။ ယင်း​အချိန်အတွင်း တစ်ခဏမျှ​လူနေထိုင်ရာ​ဖြစ်​ခြင်း သာဓက​များသည် ထို​မြို့​နှင့်​ပတ်သက်သော ကျမ်း​မှတ်တမ်းများ​နှင့်​ကိုက်ညီ​သည်– အာဟပ်​နန်းသက်​အတွင်း တစ်မုဟုတ်ချင်း​ကျော်ကြား​လာပြီး​နောက် ယေဟောဝါ​၏​မိန့်မှာချက်​ကြောင့် ယေဟု​သည် “ယေဇရေလ​မြို့၌ ကျန်ကြွင်း​သော​အာဟပ်​အမျိုးသား​အပေါင်း​တို့​နှင့် သူ၏​လူကြီး​ပေါက်​ဖော်၊ ယဇ်ပုရောဟိတ်​အပေါင်း​တို့ကို တစ်ယောက်မျှ​မကျန်​စေ​ဘဲ​သတ်” ပစ်​သောအခါ ဂုဏ်ပျက်​ခဲ့​ရသည်။—၄ ဓမ္မ​ရာဇဝင် ၁၀:၁၁

ယေဇရေလ​၏​သက္ကရာဇ်စဉ်

“ရှေးဟောင်း​သုတေသန​တွင် ရက်စွဲ​သတ်မှတ်​ရန် တိကျသော​အခြေခံ​ရရှိဖို့ အလွန်​ခက်ခဲ​သည်” ဟု​ဂျွန် ဝတ်​ဟဲ့ဒ်​က​ဝန်ခံ​သည်။ ထို့​ကြောင့် ရှေးဟောင်း​သုတေသန​ပညာရှင်​များသည် ခု​နစ်​နှစ်​တာ​တူးဖော်​တွေ့ရှိချက်​များ​ကို ဆန်းစစ်​စဉ် အခြား​မြေကွက်​များ​မှ ရှေးဟောင်း​သုတေသန​တွေ့ရှိချက်​များနှင့်​နှိုင်းယှဉ်​သည်။ ယင်းသည် ပြန်လည်​အကဲဖြတ်ခြင်း​နှင့် အချေအတင်​ပွဲ​ကို ဖြစ်စေ​ခဲ့​၏။ အဘယ်ကြောင့်​နည်း။ ၁၉၆၀ ပြည့်လွန်​နှစ်များ​နှင့် ၁၉၇၀ ပြည့်လွန်​နှစ်များ​၏​အစောပိုင်း​အတွင်း မေဂိဒ္ဒေါ​မြို့၌ အစ္စရေး​လ်​ရှေးဟောင်း​သုတေသန​ပညာရှင် ရီ​ဂါ​အဲလ် ယာ​ဒီ​န်​၏​တူးဖော်​ကတည်းက ဘုရင်​ရှောလမုန်​ခေတ်​မှ ခံတပ်​အဆောက်အအုံ​များနှင့် မြို့​ဂိတ်​များ​ဖြစ်သည်ဟု ရှေးဟောင်း​သုတေသန​လောက​မှ အများ​သော​သူတို့​သဘောတူ အတည်ပြုခဲ့​ကြ​ခြင်း​ကြောင့်​ဖြစ်သည်။ ယခု ယေဇရေလ​မြို့၌​တွေ့ရှိ​ခဲ့​သည် ခံတပ်​အဆောက်အအုံ​များ၊ မြေထည်​နှင့် ဂိတ်​များ​ကြောင့် ဤ​တွက်ဆ​ချက်​အချို့​ကို သံသယ​ဖြစ်​လျက်​ရှိကြသည်။

ဥပမာ၊ ယေဇရေလ​မြို့တွင် တွေ့ရှိ​ခဲ့​သော​မြေထည်​သည် ရှောလမုန်​ခေတ်​က​ဟု ယာ​ဒီ​န်​ဆို​ခဲ့​သော မေဂိဒ္ဒေါ​မှ​မြေလွှာ​နှင့်​တစ်ထပ်တည်း​ကျ​သည်။ ထို​နှစ်​နေရာ​ရှိ ဂိတ်​တည်ဆောက်​ပုံ​နှင့်​အရွယ်​တို့သည် တစ်ထပ်တည်း​မဖြစ်​လျှင်​ပင် တူညီ​ကြသည်။ “အထောက်အထား​အားလုံး​က ယေဇရေလ​မြို့​နေရာကို ရှောလမုန်​ခေတ်​သို့သော်လည်း​ကောင်း၊ အခြား​နေရာများ [မေဂိဒ္ဒေါ​မြို့​နှင့်​ဟော​ဇော်​မြို့] ရှိ​အသွင်အပြင်​များ​၏​နေ့စွဲ​ကို​လျော့​၍ အာဟပ်ခေတ်​သို့သော်လည်း​ကောင်း ညွှန်ပြ​သည်” ဟု​ဝတ်​ဟဲ့ဒ်​က​ဆို​သည်။ အာဟပ်ခေတ်​နှင့် ယေဇရေလ​မြို့ကို သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဆက်စပ်​ဖော်ပြ​ထား​သည့်​အတွက် ဤ​မြေလွှာ​တို့သည် အာဟပ်​အုပ်ချုပ်ချိန်​ကို ထင်ဟပ်ပြ​သည်​ဟု လက်ခံရန် ပို​၍​အကျိုးသင့်အကြောင်းသင့်​ရှိ​ဟူ၍ သူ​ရှုမြင်​သည်။ “သမ္မာကျမ်းစာ​က ရှောလမုန်​သည် မေဂိဒ္ဒေါ​မြို့ကို တည်ဆောက်​ခဲ့​သည်​ဟု​ဆို​ထား​၏၊ အဆိုပါ​ဂိတ်​များ​ကို တည်ဆောက်​သည်​ဟု မပြော​ထား​ချေ” ဟု​ဒေးဗစ် အွတ်​ရှီ​ခ်ျ​ကင်​န်​က ထောက်ခံ​သည်။

ယေဇရေလ​၏​သမိုင်း​ကို​သိနိုင်​သလော

ဤ​ရှေးဟောင်း​သုတေသန​တွေ့ရှိချက်​များနှင့် နောက်ဆက်တွဲ​ဝေဖန်​ဆွေးနွေးပွဲ​များသည် ယေဇရေလ​မြို့ သို့​မဟုတ် ရှောလမုန်​နှင့်​ပတ်သက်သော ကျမ်းစာ​မှတ်တမ်း​အပေါ် သံသယ​ဖြစ်စေ​သလော။ အမှန်​တွင်၊ ရှေးဟောင်း​သုတေသန​အငြင်းပွားမှု​သည် သမ္မာကျမ်းစာ​မှတ်တမ်း​အပေါ် တိုက်ရိုက်​သက်ရောက်မှု​မရှိသလောက်​ဖြစ်သည်။ ရှေးဟောင်း​သုတေသန​သည် သမိုင်း​ကို ကျမ်း​ဆိုင်ရာ​တင်ပြချက်​မှ ခြားနား​သော​အခြေခံ​အပေါ် ဆန်းစစ်​ကြသည်။ ကွဲပြား​ခြားနား​သည့်​မေးခွန်းများကို ထုတ်ပြီး ခြားနား​သော​အလေးပေး​မှု​ရှိ၏။ ကျမ်းစာ​ကျောင်းသား​နှင့် ရှေးဟောင်း​သုတေသန​ပညာရှင်​တို့ကို ယှဉ်​နေ​သလော​က်​ဖြစ်သော​မျဉ်း​ပြိုင်​လမ်းမများ​ပေါ်​တွင် ခရီး​သွား​သူများ​အဖြစ် နှိုင်းယှဉ်​နိုင်​သည်။ တစ်ဦး​သည် လမ်းပေါ်တွင် ကားမောင်း​နေပြီး နောက်​တစ်ဦး​သည် လမ်းဘေး​တွင် လမ်းလျှောက်​နေသည်။ သူတို့၏​အာရုံစိုက်​အလေးထား​မှုများ​သည် ကွဲပြား​ခြားနား​ကြ​၏။ သို့​တိုင် သူတို့၏​မြင်ကွင်း​များသည် ဆန့်ကျင်​မည့်​အစား တူ​လျက်​ရှိကြသည်။ ခရီး​သွား​သူ​နှစ်ဦး​၏​စိတ်စွဲ​မှတ်​မှုများ​ကို နှိုင်းယှဉ်​ခြင်း​သည် စိတ်ဝင်စားဖွယ်​ထိုးထွင်း​သိမြင်မှု​ကို ဖြစ်ပေါ်​စေနိုင်​သည်။

သမ္မာကျမ်းစာ​တွင် ရှေး​အဖြစ်အပျက်​များနှင့်​လူ​တို့​အကြောင်း ရေးထား​သော​မှတ်တမ်းပါ​ရှိသည်; ရှေးဟောင်း​သုတေသန​သည် မြေကြီး​ထဲ​တွင် ကျန်ရှိ​နေ​သေး​သော တွေ့​နိုင်​သမျှ​အစ​အ​န​များ​ကို စစ်ဆေးခြင်း​အားဖြင့် အဆိုပါ​အဖြစ်အပျက်​များ၊ လူ​တို့​နှင့်​ပတ်သက်သော​အချက်များ​ကို​ပြန်​ရ​ရန် ကြိုးစား​ကြ​၏။ သို့ရာတွင် ၎င်း​ရုပ်ကြွင်း​များသည် လုံးဝ​ပြည့်စုံမှု​မရှိသည့်​အပြင် အဓိပ္ပာယ်​အမျိုးမျိုး​ကောက်ချက်​ချ​စေ​သည်။ ယင်း​နှင့်​စပ်လျဉ်း၍ အာမီဟိုက် မာ​ဇာ​ရ်​သည် သူ၏ သမ္မာကျမ်းစာ​နယ်မြေ​နှင့်​ပတ်သက်​၍ သုတေသန​ပြုချက်—ဘီ.စီ.အီး. ၁၀,၀၀၀–၅၈၆—စာအုပ်​တွင် ဤသို့​ဖော်ပြ​သည်– “ရှေးဟောင်း​သုတေသန​ဆိုင်ရာ ကွင်း​ဆင်း​လုပ်ငန်း​သည် . . . နယ်ပယ်​အလွန်​ကျယ်ဝန်း​သော ဖန်တီးမှု​အနုပညာ​တစ်ရပ်​ဖြစ်သည့်​အပြင် လေ့ကျင့်မှု​နှင့် အတတ်ပညာ​သည်​အရည်အသွေး​တို့ ပေါင်းစပ်​ထားခြင်း​ဖြစ်သည်။ တိကျ​လွန်း​သော​နည်း​ပညာ​သည် အောင်မြင်မှု​ကို အာမ​မခံနိုင်​သည့်​အပြင် နယ်ပယ်​ဒါရိုက်တာ​များ​၏ ပြောင်း​သာ​လွှဲ​သာ​ရှိ​မှု​နှင့် ဖန်တီး​ယူဆမှု​တို့​လည်း​ရှိ​ရ​ပေမည်။ ရှေးဟောင်း​သုတေသန​ပညာရှင်​၏ ဂုဏ်​သိက္ခာ၊ ကျွမ်းကျင်​မှု​နှင့် စဉ်းစားဉာဏ်​တို့သည် သူ၏​လေ့ကျင့်မှု​နှင့် သူ​ရရှိနိုင်သော​အရင်းအမြစ်​တ​မျှ​ပင် အရေးကြီး​သည်။”

သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့်​အတိုင်း အာဟပ်​အုပ်ချုပ်မှု​နှင့်​တစ်ထပ်တည်း​ကျ​သော သမိုင်း​အချိန်အတွင်း အံ့အားသင့်​ဖွယ်​အချိန်တို​၌ ယေဇရေလ​မြို့တွင် အရေးပါသော​နန်းတော်​နှင့်​စစ်​ဌာနချုပ်​ရှိခဲ့​သည်ကို ရှေးဟောင်း​သုတေသန​ပြုချက်​က အတည်ပြု​ထောက်ခံ​ခဲ့​သည်။ လာ​မည့်​နှစ်များ​တစ်လျှောက် ရှေးဟောင်း​သုတေသန​ပညာရှင်​များ လေ့လာ​ရန်လို​ဦး​မည့် အခြား​စိတ်ဝင်စားဖွယ်​မေးခွန်းများ​စွာ​လည်း ပေါ်ပေါက်​ခဲ့​သည်။ သို့​တိုင် ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​က ရှေးဟောင်း​သုတေသန​ပညာရှင်​များ ဘယ်​သောအခါ​မျှ​မဖော်​ပြ​နိုင်​သည့်​နည်းဖြင့် အဖြစ်အပျက်​အလုံးစုံ​တို့ကို ရှင်းလင်းစွာ ဆက်၍​ဖော်ပြ​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 13 ၁၉၈၈၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] မှ “ဂိတ်​များ​၏​နက်နဲရာ” ဆောင်းပါး​ရှု။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေဇရေလ​မြို့တွင် ရှေးဟောင်း​သုတေသန​ဆိုင်ရာ တူးဖော်​တွေ့ ရှိ​ချက်​များ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေဇရေလ​မြို့တွင် တွေ့ ရှိခဲ့​သော ခါ​နာ​န်​ရုပ်ပုံ