မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ—တန်ခိုးစွမ်းအားနှင့် ပြည့်စုံတော်မူသောအရှင်

ယေဟောဝါ—တန်ခိုးစွမ်းအားနှင့် ပြည့်စုံတော်မူသောအရှင်

ယေဟောဝါတန်ခိုး​စွမ်းအား​နှင့် ပြည့်စုံ​တော်​မူ​သော​အရှင်

“ခွန်အား​ကြီး​၍​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သောကြောင့်၊ တစ်စုံတစ်ခု​မျှ​မ​ပေါ်​ဘဲ​မနေ​ရ။”—ဟေရှာယ ၄၀:၂၆

၁၊ ၂။ (က) ကျွန်ုပ်​တို့အားလုံး​သည် အဘယ်​ရုပ်ပိုင်း​စွမ်းအား​အရင်းအမြစ်​ကို မှီခို​အားထား​နေကြ​ရသနည်း။ (ခ) ယေဟောဝါ​သည် တန်ခိုး​မှန်သမျှ​၏ အရင်းခံ​အ​ကျဆုံး ပင်ရင်း​အမြစ် အဘယ်ကြောင့်​ဖြစ်​ကြောင်း ရှင်းပြပါ။

စွမ်းအား​ကို ကျွန်ုပ်​တို့​အများအားဖြင့် အရေးမထား​တတ်ကြ​ပါ။ ဥပမာ၊ ကျွန်ုပ်​တို့ကို အပူ​နှင့်​အလင်း​ပေး​သည့် လျှပ်စစ်​စွမ်းအား သို့​မဟုတ် ကျွန်ုပ်​တို့၏​လျှပ်စစ်ပစ္စည်း​တစ်မျိုး​မျိုးကို ပ​လ​ပ်​ထိုး​လိုက်ခြင်း​၏ အဆင်ပြေမှု​ကို အလေးထား​စဉ်းစားခြင်း​မရှိ​တတ်ကြ​ချေ။ မမျှော်လင့်​ဘဲ ဓာတ်အား​ပြတ်​သွား​သည့်​အခါ​မှ​သာ စွမ်းအား​မ​ရှိလျှင် လူသား​မှီတင်း​နေထိုင်ရာ​မြို့ကြီး​များ​တွင် အဘယ်အရာကို​မျှ​လုပ်​၍​မရတော့​ကြောင်း နားလည်​လာ​ကြသည်။ ကျွန်ုပ်​တို့အား​ထား​နေကြ​ရသည့် လျှပ်စစ်​စွမ်းအား​အများစုမှာ ကမ္ဘာကြီး​၏​အား​အထား​ရ​ဆုံး​စွမ်းအား​အရင်းအမြစ်​ဖြစ်သည့် နေ​မှ တစ်ဆင့်​ရရှိ​လာ​သည်။ * ဤ​နေ​ဓာတ်​ပေါင်းဖိုကြီး​သည် စက္ကန့်​တိုင်း အနုမြူ​လောင်စာ တန်​ပေါင်း ငါး​သန်း​လောင်ကျွမ်း​ကာ အသက်​အထောက်အပံ့​ပေးစွမ်း​အင်​ကို ကမ္ဘာ​ပေါ်​သို့ မပြတ်​ချပေး​လျက်​ရှိသည်။

ဤ​နေ​စွမ်းအား​မှန်သမျှကို အဘယ်​မှ​ရရှိ​လာ​သနည်း။ ဤ​ကောင်းကင်​ဓာတ်အား​ပေး​စက်ရုံ​ကြီး​ကို မည်သူ​တည်ဆောက်​ခဲ့​သနည်း။ ယေဟောဝါ​ဘုရားသခင် တည်ဆောက်​တော်​မူ​ခဲ့​သည်။ ကိုယ်တော်​ကို ရည်ညွှန်း​ကာ ဆာလံ ၇၄:၁၆ က​ဤသို့​ဆို​သည်– “နေ​မှ​စ၍ အလင်း​အိမ်​တို့ကို ဖန်ဆင်း​တော်​မူ​ပြီ။” မှန်​ပါ​၏၊ ယေဟောဝါ​သည် အသက်​မှန်သမျှ​၏​ပင်ရင်း​အမြစ်​ဖြစ်​တော်​မူ​သကဲ့သို့ စွမ်းအား​မှန်သမျှ​၏ အရင်းခံ​အ​ကျဆုံး​ပင်ရင်း​အမြစ်​လည်း​ဖြစ်​တော်​မူ​သည်။ (ဆာလံ ၃၆:၉) ကိုယ်တော်​၏​တန်ခိုး​စွမ်းအား​ကို ကျွန်ုပ်​တို့​မည်သည့်​အခါ​မျှ အလေး​မထား​ဘဲ​မနေ​သင့်​ပေ။ ယေဟောဝါ​သည် ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ကျွန်ုပ်​တို့အား နေ၊ ကြယ်​များ​ကဲ့သို့​သော ကောင်းကင်​တန်ဆာ​များ​ကို ကြည့်ရှု​ကာ ၎င်း​တို့​မည်သို့​တည်ရှိ​လာ​သည်ကို တွေးတော​ဆင်ခြင်​ရန် နှိုးဆော်​ပေး​ခဲ့​သည်။ “အထက်​သို့​မျှော်ကြည့်​ကြလော့။ ထို​အရာ​တို့ကို အဘယ်သူ​ဖန်ဆင်း​သနည်း။ ထို​သူသည် သူတို့​အလုံးအရင်း​ကို အရေအတွက်​အားဖြင့် ထုတ်ဆောင်​တော်​မူ​၏။ အလုံးစုံ​တို့ကို နာမည်​ဖြင့်​ခေါ်တော်မူ​၏။ ခွန်အား​ကြီး​၍​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သောကြောင့်၊ တစ်စုံတစ်ခု​မျှ​မ​ပေါ်​ဘဲ​မနေ​ရ။”—ဟေရှာယ ၄၀:၂၆; ယေရမိ ၃၂:၁၇

၃။ ယေဟောဝါ​၏​တန်ခိုးတော်​ပြသမှု​များ​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုးကျေးဇူး​ခံစားရ​သနည်း။

ယေဟောဝါ​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သောကြောင့် နေသည် ကျွန်ုပ်​တို့​အသက်​အတွက် အားထား​မှီခို​နေရ​သော အပူ​နှင့်​အလင်း​ကို မပြတ်​မလ​ပ်​ထောက်ပံ့​ပေး​သွား​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်​သည်။ သို့သော် ဘုရားသခင်​၏​တန်ခိုးတော်​အပေါ် ကျွန်ုပ်​တို့​မှီခို​အားထား​ရခြင်း​မှာ အခြေခံ​ရုပ်ပိုင်း​လိုအပ်ရာ​များ​အတွက်သာ မကပါ။ အပြစ်​နှင့်​သေခြင်း​မှ ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း၊ ကျွန်ုပ်​တို့၏​အနာဂတ်​မျှော်လင့်ချက်​နှင့် ယေဟောဝါ​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချမှု အားလုံး​တို့သည် တန်ခိုးတော်​ကို ကိုယ်တော်​အသုံးပြုခြင်း​နှင့် ခွဲခြား​၍​မရအောင်​ဆက်စပ်​နေသည်။ (ဆာလံ ၂၈:၆-၉; ဟေရှာယ ၅၀:၂) သမ္မာကျမ်းစာ​တွင် ဖန်ဆင်း​ခြင်း၊ ရွေးနုတ်ခြင်း​နှင့် မိမိ​လူမျိုးတော်ကို ကယ်တင်ခြင်း၊ ရန်သူများ​ကို ဖျက်ဆီးခြင်း​ဆိုင်ရာ ယေဟောဝါ​၏​တန်ခိုးတော်​ကို ထင်ရှားစေ​သည့် နမူနာ​အများအပြား​ပါရှိ​သည်။

ဘုရားသခင့်​တန်ခိုးတော် ဖန်ဆင်း​ခြင်း​တွင် ထင်ရှား

၄။ (က) ည​ကောင်းကင်​ယံ​ကို ကြည့်ရှု​ခြင်း​က ဒါဝိဒ်​အပေါ် မည်သို့​အကျိုး​သက်ရောက်​ခဲ့​သနည်း။ (ခ) ကောင်းကင်​တန်ဆာ​များသည် ဘုရားသခင့်​တန်ခိုးတော်​အကြောင်း အဘယ်အရာ​ဖော်ပြ​သနည်း။

ကျွန်ုပ်​တို့​ဖန်ဆင်း​ရှင်​၏ ‘ထာဝရ​တန်ခိုးတော်​ကို ဖန်ဆင်း​တော်​မူ​ရာ​များ​တွင် အထင်အရှား​တွေ့မြင်​နိုင်’ ကြောင်း တမန်​တော်​ပေါလု​က ရှင်းပြ​ခဲ့​သည်။ (ရောမ ၁:၂၀) လွန်ခဲ့သော​ရာစုနှစ်များစွာ​က သိုးထိန်း​တစ်ဦး​ဖြစ်​စဉ် ဆာလံဆရာ​ဒါဝိဒ်​သည် ည​တွင် ကောင်းကင်​ကို အကြိမ်ကြိမ်​မော့ကြည့်​ခဲ့​ပြီး စကြဝဠာ​၏​ခမ်းနား​ကြီးကျယ်​မှု​နှင့် ဖန်ဆင်း​ရှင်​၏​ကြီးမြတ်မှု​တို့ကို တွေ့မြင်​ခဲ့​ရမည်။ သူက​ဤသို့​ရေးသားခဲ့​သည်– “လက်ညှိုးတော်​အလုပ်​တည်း​ဟူသော ကိုယ်တော်​၏​မိုးကောင်းကင်ကို​လည်းကောင်း၊ ပြင်ဆင်​တော်​မူ​သော​လ​နှင့် ကြယ်​များ​ကိုလည်း​ကောင်း အကျွန်ုပ်​ဆင်ခြင်​သော်၊ လူသည် အဘယ်​သို့​သော​သူ​ဖြစ်၍၊ ကိုယ်တော်​သည်​အောက်မေ့​တော်​မူ​ရသနည်း။ လူသား​သည် အဘယ်​သို့​သော​သူ​ဖြစ်၍ အကြည့်​အ​ရှု​ကြွလာ​တော်​မူ​ရသနည်း။” (ဆာလံ ၈:၃၊ ၄) ဒါဝိဒ်​သည် ကောင်းကင်​တန်ဆာ​များနှင့်​ပတ်သက်​၍ အသိပညာ​အကန့်အသတ်​သာ​ရှိသော်လည်း အပြောကျယ်​လှ​သော စကြဝဠာ​နှင့်​နှိုင်းယှဉ်​ကြည့်​လျှင် မိမိသည် အဘယ်အရာမျှ​မဟုတ်​တော့​ကြောင်း နားလည်ခဲ့​သည်။ ယနေ့၊ နက္ခတ္တ​ဗေဒ​ပညာရှင်​များသည် စကြဝဠာ​၏​ကျယ်ပြော​မှု​နှင့် ယင်းကို​ထောက်ပံ့​ထား​သည့် ဧရာမ​စွမ်းအား​တို့​အကြောင်းကို ပို​၍​သိရှိ​လာ​ကြသည်။ ဥပမာ​အနေ​ဖြင့်၊ ကျွန်ုပ်​တို့၏​နေ​က စက္ကန့်​တိုင်း​ထုတ်လွှတ်​သည့် စွမ်းအင်​သည် ယမ်း​ဘီလူး မီ​ဂါ​တန်​ချိန် သန်း ၁၀၀,၀၀၀ ပေါက်ကွဲ​အား​နှင့် ညီမျှ​သည်​ဟု ဆို​ကြသည်။ * ဤ​စွမ်းအင်​မှ အလွန်​နည်းသော​ပမာဏ​သာ ကမ္ဘာ​သို့​ရောက်ရှိ​သည်; သို့သော် ယင်းသည် ကျွန်ုပ်​တို့​ကမ္ဘာ​ဂြိုဟ်​ပေါ်​ရှိ သက်ရှိ​အားလုံး​ကို ထောက်ပံ့​ရန် လုံလောက်​ပေ​သည်။ သို့ရာတွင် ကျွန်ုပ်​တို့၏​နေသည် ကောင်းကင်​ယံ​တွင် စွမ်းအား​အရှိဆုံး​ကြယ်​မဟုတ်​သေး​ပေ။ တစ်စက္ကန့်​မျှ​အတွင်း ကြယ်​အချို့​၏ ဖြာထွက်မှု​စွမ်းအင်သည် နေ​၏ တစ်ရက်လုံး​ဖြာထွက်မှု​စွမ်းအင်​နှင့်​ပင်​ညီ​သည်။ သို့​ဆိုလျှင် ဤ​ကဲ့သို့​သော ကောင်းကင်​တန်ဆာ​များ​ကို​ဖန်ဆင်း​ခဲ့​သော​အရှင် သုံးစွဲ​နိုင်​သည့်​တန်ခိုး​စွမ်းအား​ကို တွေးဆ​ကြည့်​ပါ​လေ! ဧလိဟု​က မှန်ကန်​စွာ ဤသို့​မြွက်ဆို​ခဲ့​သည်– “[အတိုင်းအဆမဲ့] တန်ခိုးရှင်​ကို အကျွန်ုပ်​တို့သည် ရှာ၍ မမီ​နိုင်​ကြ။ တန်ခိုးတော်​အားဖြင့် ကြီး” မြတ်​၏။—ယောဘ ၃၇:၂၃သမ္မာ။

၅။ ယေဟောဝါ​ခွန်အား​၏ အဘယ်​သာဓက​ကို ကိုယ်တော်​၏​အမှုတော်များ​တွင် တွေ့ရှိ​ရသနည်း။

ဒါဝိဒ်​ကဲ့သို့ ‘ဘုရားသခင်​၏​အမှုတော်များ​ကို ရှာဖွေ’ မည်​ဆိုလျှင် ကိုယ်တော့်​တန်ခိုးတော်​၏​သာဓက​ကို နေရာတိုင်း—လေ​နှင့်​ရေလှိုင်း​များ၊ မိုးချုန်း​ခြင်း​နှင့် လျှပ်စီးလက်​ခြင်း၊ အင်အားကြီး​မား​သော မြစ်များ​နှင့် ခန့်ညား​လှ​သော​တောင်​များ​တို့​တွင် တွေ့ရှိ​ရမည်​ဖြစ်သည်။ (ဆာလံ ၁၁၁:၂; ယောဘ ၂၆:၁၂-၁၄) ထို့​အပြင် ယောဘ​ကို ယေဟောဝါ​သတိပေး​သကဲ့သို့ တိရစ္ဆာန်​များ​က​လည်း ကိုယ်တော်​၏​ခွန်အား​တော်​ကို အထင်အရှား​ဖော်ပြ​သည်။ ယင်း​တို့​ထဲ​တွင် ဗေဟမုတ်​ခေါ် ရေမြင်း​အပါအဝင်​ဖြစ်သည်။ ယေဟောဝါ​က ယောဘ​အား ဤသို့​မိန့်တော်မူသည်– “သူ၏​တန်ခိုး​သည်​ခါး​၌​လည်းကောင်း . . . အရိုး​ကြီး​တို့သည် သံ​တုံး​ကဲ့သို့​ဖြစ်​ကြ​၏။” (ယောဘ ၄၀:၁၅-၁၈) စိုင်​၏​စိုးရွံ့ဖွယ်​ကောင်းသော စွမ်းအား​သည်လည်း ကျမ်းစာ​ခေတ်တွင် ကျော်ကြား​ပြီး ဒါဝိဒ်က မိမိသည် “ခြင်္သေ့​ခံတွင်း​နှင့် စိုင်​ဦးချို​ဘေး” မှ​အသက်ချမ်းသာ​ရ​ရန် ဆုတောင်း​ခဲ့​သည်။—ဆာလံ ၂၂:၂၁သ​မ; ယောဘ ၃၉:၉-၁၁သ​မ။

၆။ နွား​သည် ကျမ်းစာ​ထဲ​တွင် မည်သည့်​အရာ​ကို တင်စား​သနည်း၊ အဘယ်ကြောင့်​နည်း။ (အောက်ခြေမှတ်ချက်​ရှု။)

နွား​၏​ခွန်အား​ကြီးမားမှု​ကြောင့် ကျမ်းစာ​ထဲ​တွင် ယေဟောဝါ​၏တန်ခိုးတော်​ကို ထို​သတ္တဝါ​ဖြင့်​တင်စား​အသုံးပြု​ထား​သည်။ * ယေဟောဝါ​၏​ပလ္လင်တော်​ဆိုင်ရာ တမန်​တော်​ယောဟန်​၏ မြင်ကွင်း​အာရုံ​တွင် သက်ရှိ​သတ္တဝါ​လေးကောင်​ကို ပုံဖော်​ထားပြီး တစ်ကောင်​မှာ နွား​မျက်နှာ​ရှိသည်။ (ဗျာဒိတ် ၄:၆၊ ၇) ရှင်း​နေသည်​မှာ ဤ​ခေရုဗိမ်​များ​ဖြင့် ပုံ​တင်ပြ​ထားသော ယေဟောဝါ​၏ အဓိက​ဂုဏ်ရည်တော်​လေးပါး​အနက် တစ်ပါး​မှာ တန်ခိုးတော်​ဖြစ်သည်။ အခြား​ဂုဏ်ရည်တော်​များ​မှာ မေတ္တာ၊ ဉာဏ်ပညာ​နှင့် တရား​မျှတမှု​တို့​ဖြစ်သည်။ တန်ခိုးတော်​သည် ဘုရားသခင့်​ဥပဓိရုပ်တော်​တွင် အရေးပါသော​အသွင်အပြင်​တစ်ရပ်​ဖြစ်သော​ကြောင့် ကိုယ်တော်​၏​တန်ခိုးတော်​နှင့် ယင်းကို ကိုယ်တော်​မည်သို့​အသုံးပြု​ကြောင်းကို ရှင်းလင်းစွာ​နားလည်​ထား​လျှင် ကျွန်ုပ်​တို့အား ကိုယ်တော်​နှင့်​နီးကပ်​စေမည်​ဖြစ်​ပြီး ကျွန်ုပ်​တို့​အသုံးချ​နိုင်​သည့် မည်သည့်​အစွမ်း​တန်ခိုး​ကို​မဆို ကောင်းစွာ​အသုံးပြုခြင်း​အားဖြင့် ကိုယ်တော်​၏​စံနမူနာ​ကို​တုပ​ရန် အကူအညီ​ဖြစ်​ပေမည်။—ဧဖက် ၅:၁

‘တန်ခိုး​ကြီးမားသော​အရှင် ကောင်းကင်​ဗိုလ်ခြေ​သခင် ယေဟောဝါ’

၇။ ကောင်းမှု​သည် ဆိုးယုတ်မှု​ကို အနိုင်ယူ​မည်​ဟု မည်သို့​စိတ်ချ​နိုင်​သနည်း။

ကျမ်းစာ​ထဲ​တွင် ယေဟောဝါ​ကို “[အတိုင်းအဆမဲ့] တန်ခိုးရှင်” ဟု​ခေါ်ဆို​ထား​ရာ ဤ​ဘွဲ့​နာမ​က ကိုယ်တော်​၏​တန်ခိုးတော်​ကို မည်သည့်​အခါ​မျှ လျှော့မတွက်​သင့်​ကြောင်း သို့​မဟုတ် ကိုယ်တော့်​ရန်သူများ​ကို သုတ်သင်​နိုင်စွမ်း​အပေါ် သံသယ​မဝင်​သင့်​ကြောင်း သတိပေး​သည်။ (ကမ္ဘာဦး ၁၇:၁; ထွက်မြောက်ရာ ၆:၃) စာတန်​၏​ဆိုးသွမ်း​သော​အစီအစဉ်​စနစ်​သည် အခိုင်အမာ​တည်ရှိ​နေသည်​ဟု​ထင်​ရ​စ​ရာ​ရှိသော်လည်း ယေဟောဝါ​၏​မျက်မှောက်​တော်​တွင်​မူ “လူအမျိုးမျိုး​တို့သည် ရေပုံး​မှ​ကျ​သော​ရေ​စက်​ကဲ့သို့​ဖြစ်၍၊ ချိန်ခွင်​၌​မြူမှုန့်​ကဲ့သို့​ထင်မှတ်​စ​ရာ​ရှိ၏။” (ဟေရှာယ ၄၀:၁၅) ဤ​ဘုရားသခင့်​တန်ခိုးတော်​၏​ကျေးဇူး​ကြောင့် ကောင်းမြတ်​ခြင်း​သည် ဆိုးယုတ်မှု​ကို အနိုင်ယူ​လိမ့်​မည်​မှာ သံသယ​ဖြစ်စရာ​မရှိပေ။ ဆိုးညစ်မှု စိုးမိုး​နေသည့်​ဤ​အချိန်တွင် “ဣသရေလ​အမျိုး​၌​တန်ခိုး​ကြီးသော​ဘုရား၊ ကောင်းကင်​ဗိုလ်ခြေ​သခင် အရှင်​ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ]” သည် ဆိုးယုတ်မှု​ကို ထာဝစဉ်​သုတ်သင်ပစ်​မည်​ဟု သိရ​ခြင်း​ကြောင့် စိတ်သက်သာရာ​ရနိုင်​သည်။—ဟေရှာယ ၁:၂၄; ဆာလံ ၃၇:၉၊ ၁၀

၈။ အဘယ်​ကောင်းကင်​ဗိုလ်ခြေများ​ကို ယေဟောဝါ ကွပ်ကဲ​တော်​မူ​သနည်း၊ ၎င်းတို့၏​တန်ခိုး​နှင့်​ပတ်သက်​၍ အဘယ် သက်သေ​လက္ခဏာ​ရှိ​သနည်း။

ကျမ်းစာ​ထဲ​တွင် ၂၈၅ ကြိမ်​ပါ​သည့် “ဗိုလ်ခြေ​သခင် ယေဟောဝါ” ဟူ​သည့်​အသုံးအနှုန်း​သည် ဘုရားသခင့်​တန်ခိုးတော်​ကို နောက်​တစ်ချက်​ဖြင့် သတိ​ရစေသည်။ ဤ​တွင်​ရည်ညွှန်း​ထား​သည့် “ဗိုလ်ခြေ” သည် ယေဟောဝါ​၏​ကွပ်ကဲမှု​အောက်​ရှိ နာမ်ဝိညာဉ်​တပ်မဟာ​ဖြစ်သည်။ (ဆာလံ ၁၀၃:၂၀၊ ၂၁; ၁၄၈:၂) ဤ​ကောင်းကင်တမန်​များ​ထဲ​မှ တစ်ပါး​တည်း​က ယေရုရှလင်​မြို့ကို ခြိမ်းခြောက်​နေသည့် အာရှုရိစစ်သည် ၁၈၅,၀၀၀ ကို တစ်ည​ချင်း​တွင်​ပင် ကွပ်မျက်​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၉:၃၅) ယေဟောဝါ​၏ ကောင်းကင်​ဗိုလ်ခြေ​တို့၏​တန်ခိုး​ကို ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြ​မည်​ဆိုလျှင် အတိုက်အခံပြု​သူများ​ကြောင့် အလွယ်တကူ​ကြောက်​ဒူး​တုန်​မည်​မဟုတ်ပေ။ ဧလိရှဲ​သည် သူ့​အား​လိုက်ရှာ​နေသည့်​ရန်သူ​စစ်တပ်​၏ ဝိုင်း​ပိတ်​ခြင်း​ကို​ခံရ​ချိန်​တွင် သူ မ​မှု​ခဲ့​ပါ၊ အကြောင်း​မှာ ကျွန်​ဖြစ်သူ​နှင့်​မတူဘဲ သူ့​အား​ထောက်ပံ့​ပေး​မည့် ကောင်းကင်​တပ်မဟာ​ကို ယုံကြည်ခြင်း​မျက်စိ​နှင့်​မြင်ရသော​ကြောင့်​ဖြစ်သည်။—၄ ဓမ္မ​ရာဇဝင် ၆:၁၅-၁၇

၉။ ကျွန်ုပ်​တို့သည် ယေရှု​ကဲ့သို့ ဘုရားသခင်​၏​အကာအကွယ်​ကို အဘယ်ကြောင့်​ယုံကြည်​စိတ်ချ​သင့်​သနည်း။

ယေရှုသည် ဂေသရှေမန်​ဥယျာဉ်​တွင် တုတ်​ဓား​ဆောင်ထား​သူ လူရမ်းကားအုပ်​နှင့် ရင်ဆိုင်​ရချိန်တွင် ကောင်းကင်တမန်​၏​အထောက်အပံ့​ရှိသည်​ကို အလားတူ​သိမြင်​တော်​မူ​ခဲ့​သည်။ ဓားကို​သူ့​နေရာတွင်​ပြန်​ထား​ရန် ပေတရု​ကို မိန့်တော်မူ​ပြီး​နောက် ယေရှု​က မိမိ​လိုအပ်​မည်​ဆိုလျှင် ခမည်းတော်​ထံ​တွင် “ကောင်းကင်တမန်​တစ်ဆယ့်​နှစ်​တပ်​မ​က” တောင်း​နိုင်​ကြောင်း မိန့်ကြား​ခဲ့​သည်။ (မဿဲ ၂၆:၄၇၊ ၅၂၊ ၅၃) ဘုရားသခင်​အသုံးချ​နိုင်​သည့် ကောင်းကင်​ဗိုလ်ခြေ​တို့ကို အလားတူ​တန်ဖိုး​ထား​မည်​ဆိုလျှင် ဘုရားသခင်​၏​ကျော​ထောက်​နောက်ခံ​မှု​ကို လုံးလုံးလျားလျား​ယုံကြည်​စိတ်ချ​မည်​ဖြစ်သည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသား​လိုက်​သည်– “သို့​ဖြစ်၍ ဤ​အရာများ​တို့​၌ အဘယ်​သို့​ပြောစရာ​ရှိ​သနည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိတော်မူလျှင်၊ အဘယ်သူ​သည် ငါ​တို့​တစ်ဖက်၌​နေနိုင်​မည်​နည်း။”—ရောမ ၈:၃၁

၁၀။ ယေဟောဝါ​သည် မည်သူ​တို့၏​အကျိုးအတွက် မိမိ၏​တန်ခိုးတော်​ကို အသုံးပြု​သနည်း။

၁၀ သို့​ဖြစ်၍ ယေဟောဝါ​၏​ကာကွယ်​မှု​ကို ယုံကြည်​စိတ်ချ​ရန် ကျွန်ုပ်​တို့​တွင် ခိုင်လုံ​သော​အကြောင်း​ရှိသည်။ ကိုယ်တော်​သည် မိမိ၏​တန်ခိုးတော်​ကို ကောင်းကျိုး​အတွက်သာ အမြဲ​အသုံးပြု​တော်​မူ​ပြီး အခြား​အရည်အသွေး​တော်​များ​ဖြစ်သော တရား​မျှတမှု၊ ဉာဏ်ပညာ၊ မေတ္တာ​တို့​နှင့် သဟဇာတ​ဖြစ်သည်။ (ယောဘ ၃၇:၂၃; ယေရမိ ၁၀:၁၂) အာဏာ​ကြီး​သူများ​သည် ဆင်းရဲသား​များနှင့် နှိမ့်ချ​သူများကို ကိုယ်ကျိုး​အတွက် မကြာခဏ အနိုင်ကျင့်​တတ်ကြ​သော်လည်း ယေဟောဝါ​မူ “ဆင်းရဲသော​သူကို မြေမှုန့်​ထဲ​က​ကြွ​လျက်” “ကယ်တင်ခြင်း​ငှာ တန်ခိုး​ကြီး” သော​အရှင်ဖြစ်​တော်​မူ​သည်။ (ဆာလံ ၁၁၃:၅-၇; ဟေရှာယ ၆၃:၁) ကျိုးနွံ​မှု​ရှိပြီး ဟန်ဆောင်မှု​ကင်း​သော ယေရှု၏​မိခင်​မာရိ​နားလည်ခဲ့​သည်​အတိုင်း “တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော​ဘုရား” သည် ကိုယ်တော်​ကို ကြောက်ရွံ့​သူများ​၏​အကျိုး​အ​လို့​ငှာ မိမိ၏​တန်ခိုးတော်​ကို ကိုယ်ကျိုးမဖက်​ဘဲ အသုံးပြု​တော်​မူ​ပြီး ထောင်လွှား​သော​သူတို့ကို နှိမ့်ချ၍ နိမ့်ကျသော​သူများကို ချီးမြှောက်​ပေး​တော်​မူ​သည်။—လုကာ ၁:၄၆-၅၃

မိမိ၏​ကျေးကျွန်​များ​အား ယေဟောဝါ တန်ခိုးတော်​ဖော်ပြ

၁၁။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် ဣသရေလ​လူမျိုး​သည် ယေဟောဝါ​၏​တန်ခိုးတော်​ကို​သက်သေထူ​သည့် အဘယ်အရာကို​တွေ့မြင်​ခဲ့​ရသနည်း။

၁၁ ယေဟောဝါ​သည် တန်ခိုးတော်​ကို မိမိ၏​ကျေးကျွန်​များ​အား အကြိမ်ကြိမ်​ပြသ​တော်​မူ​ခဲ့​သည်။ တစ်ကြိမ်​မှာ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်၊ သိနာ​တောင်​တွင်​ဖြစ်​ခဲ့​သည်။ ထို​နှစ်​အတွင်း ဣသရေလ​လူမျိုး​သည် ဘုရားသခင့်​တန်ခိုးတော်​၏ စွဲမှတ်​လောက်​ဖွယ်​သာဓက​ကို တွေ့​မြင်ခဲ့​ပြီး​ဖြစ်သည်။ အကြီးအကျယ်​ပျက်စီး​စေသော ကပ်ဘေး​ဆယ်ပါး​က ယေဟောဝါ​လက်ရုံးတော်​၏ အင်အားကြီး​မား​မှု​နှင့် အီဂျစ်​နတ်​ဘုရား​များ​မှာ အစွမ်း​မရှိကြောင်း ဖော်ထုတ်ပြ​ခဲ့ပြီ။ ယင်း​နောက် များ​မကြာမီ ပင်လယ်နီ​ကို အံ့ဖွယ်​နည်းဖြင့်​ဖြတ်ကူး​ခြင်း​နှင့် ဖာရော​၏​စစ်တပ်​ကို ဖျက်ဆီး​ပစ်လိုက်​ခြင်း​တို့​က ဘုရားသခင်​၏ အင်အားကြီး​မား​သော​လက်ရုံးတော်​ကို ထပ်ဆင့်​သက်သေထူ​သည်။ သုံးလ​ကြာသော် သိနာ​တောင်​ခြေ​တွင် ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို ‘လူမျိုးတကာ​ထက် အထူး​ပိုင်ဆိုင်ရာ လူမျိုး’ ဖြစ်​ရန် ဖိတ်ခေါ်​လိုက်​သည်။ သူတို့​ဘက်​မှ သူတို့က ဤသို့​ကတိပြု​ခဲ့​ကြသည်– “ထာဝရ​ဘုရား​မိန့်တော်မူ​သမျှ​ကို အကျွန်ုပ်​တို့​ပြု​ပါ​မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၈) ထို့နောက် ယေဟောဝါ​သည် မိမိ​တန်ခိုးတော်​၏ ကွက်ကွက်ကွင်းကွင်း​ပြကွက်​တစ်ခု​ကို ပြသ​တော်​မူ​ခဲ့​သည်။ မိုးချုန်း​ခြင်း၊ လျှပ်စီးလက်​ခြင်း​နှင့် ကျယ်လောင်​သော​တံပိုးမှုတ်​သံ​များ​အလယ်​မှ သိနာ​တောင်​သည် မီးခိုး​ထွက်​ကာ တုန်ခါ​လေ​သည်။ ခပ်​လှမ်း​လှမ်း​တွင်​ရပ်​လျက်​နေသော လူများ​မှာ ကြောက်ရွံ့​တုန်လှုပ်​ကုန်​ကြသည်။ သို့သော် ဤ​အတွေ့အကြုံ​က သူတို့အား ဘုရားသခင့်​ရေးရာ​ကြောက်ရွံ့​မှု​ရှိ​ရန် သွန်သင်ပေး​ပြီး ယင်း​ကြောက်ရွံ့​မှု​က တန်ခိုး​အကြီးဆုံး တစ်ဆူတည်း​သော​ဘုရားသခင်​မှန်​ယေဟောဝါ​ကို နာခံ​ရန် လှုံ့ဆော်ပေး​မည်​ဖြစ်​ကြောင်း မောရှေ​ရှင်းပြ​ခဲ့​သည်။—ထွက်မြောက်ရာ ၁၉:၁၆-၁၉; ၂၀:၁၈-၂၀

၁၂၊ ၁၃။ အဘယ်​အခြေအနေ​များ​က ဧလိယ​အား သူ၏​တာဝန်​ကို စွန့်​သွား​စေ​သနည်း၊ သို့သော် ယေဟောဝါ​သည် သူ့ကို မည်သို့​ခွန်အား​ပေး​တော်​မူ​ခဲ့​သနည်း။

၁၂ ရာစုနှစ်​အနည်းငယ်​ကြာပြီးနောက် ဧလိယ​ခေတ်တွင် သိနာ​တောင်​၌ ဘုရားသခင့်​တန်ခိုးတော်​ပြသမှု​ကို နောက်​တစ်ကြိမ်​တွေ့ရှိ​ခဲ့​ရသည်။ ပရောဖက်​သည် ဘုရားသခင်​၏​တန်ခိုးတော်​သက်ရောက်မှု​ကို တွေ့မြင်​ခဲ့​နှင့်​ပြီး​ဖြစ်သည်။ ဣသရေလ​နိုင်ငံ​၏ အယူဖောက်ပြန်မှု​ကြောင့် ဘုရားသခင်​သည် သုံးနှစ်ခွဲ “မိုးခေါင်​စေ” ခဲ့​သည်။ (၂ ရာဇဝင်ချုပ် ၇:၁၃) မိုးခေါင်​ရေ​ရှား​ဖြစ်​စဉ်​ကာလ​အတွင်း ခေရိတ်ချောင်း​တွင် ကျီးအ​တို့သည် ဧလိယ​ကို ကျွေးမွေး​ခဲ့​ပြီး နောက်ပိုင်း​တွင် သူ့​အား အစားအစာ​ထောက်ပံ့​ပေး​ရန် မုဆိုးမ​တစ်ဦး၏ ဂျုံမှုန့်​နှင့်​ဆီ​တို့ အံ့ဖွယ်​နည်းဖြင့် မပြတ်​မလ​ပ်​ဘဲ​ရှိ​နေသည်။ ဤ​မုဆိုးမ​၏​သားကို ရှင်ပြန်ထမြောက်​စေရန်​ပင် ဧလိယ​ကို ယေဟောဝါ တန်ခိုး​ပေး​ခဲ့​သည်။ နောက်ဆုံး​၌ ကရမေလ​တောင်ပေါ်​တွင် ဘုရားသခင့်​အဖြစ်တော်​ကို ရင်သပ်​ရှုမောဖွယ်​စမ်းသပ်ချက်​တစ်ခု​တွင် ကောင်းကင်​မှ​မီး​ကျ​လာပြီး ဧလိယ​ပူဇော်​သည့် ယဇ်ကောင်​ကို လောင်ကျွမ်း​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၇:၄-၂၄; ၁၈:၃၆-၄၀) သို့သော် မကြာမီတွင် ယေဇဗေလ​က သူ့ကို​သတ်​ရန်​ကြိမ်းဝါး​သည့်​အခါ ဧလိယ​သည် ကြောက်​ပြီး စိတ်ပျက်​အားလျော့​လာ​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၁-၄) သူ၏​ပရောဖက်​တာဝန် ပြီးဆုံး​ပြီ​ဟု​ယူမှတ်​ကာ ထို​နိုင်ငံ​မှ ထွက်ပြေး​လေ​သည်။ သူ့ကို​စိတ်ချ​စေပြီး အားသစ်လောင်း​ပေး​ရန် ယေဟောဝါ​သည် မြင့်မြတ်​သောတန်​ခိုး​တော်​ကို ကိုယ်တော်တိုင် ကြင်နာ​စွာ​ဖော်ပြ​တော်​မူ​ခဲ့​သည်။

၁၃ ဧလိယ​သည် ဥမင်​ထဲ​တွင် ပုန်းအောင်း​နေစဉ် ယေဟောဝါ​ထိန်းချုပ်​ထား​သည့် စွမ်းအား​သုံးခု–လေပြင်း​မုန်တိုင်း၊ မြေငလျင်​နှင့် နောက်ဆုံး​တွင် မီး​တို့၏​အံ့သြ​မိန်းမော​ဖွယ်​ပြကွက်​တစ်ခု​ကို တွေ့မြင်​ခဲ့​သည်။ သို့ရာတွင် ယေဟောဝါ​သည် ဧလိယ​ကို​မိန့်တော်မူသော​အခါ “ဖြည်းညင်း​သော​အသံ” ဖြင့်​မိန့်တော်မူ​ခဲ့​သည်။ လုပ်ဆောင်ရန်​အလုပ် သူ့ကို​ထပ်၍​ပေး​တော်​မူ​ပြီး ဤ​နိုင်ငံ​တွင် ယေဟောဝါ​အား သစ္စာရှိ​ရှိ​ဝတ်ပြုသူ ၇,၀၀၀ ကျန်​သေး​ကြောင်း​အသိပေးခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၉-၁၈) ဧလိယ​ကဲ့သို့ ကျွန်ုပ်​တို့သည် မိမိတို့၏​ဓမ္မ​အမှု​တွင် အကျိုး​ရလဒ်များ​မရှိသည့်​အတွက် စိတ်ပျက်​အားလျော့​လာ​လျှင် သတင်းကောင်းကို​မပြတ်​ဟောပြောဖို့ အားသစ်လောင်း​ပေး​နိုင်စွမ်း​ရှိသည့် တန်ခိုး​ဖြစ်သော သာမန်​ထက် ‘လွန်ကဲ​သောတန်​ခိုး​တော်’ ရ​ရန် ယေဟောဝါ​ထံ​ပန်ကြား​နိုင်​သည်။—၂ ကောရိန္သု ၄:၇သ​မ။

ကိုယ်တော့်​ကတိတော်​များ​ပြည့်စုံခြင်း​ကို ယေဟောဝါ​တန်ခိုးတော် အာမခံ

၁၄။ ယေဟောဝါ​၏​ကိုယ်ပိုင်​နာမတော်​က အဘယ်အရာကို​ဖော်ပြ​သနည်း၊ ကိုယ်တော်​၏​တန်ခိုးတော်​သည် နာမတော်​နှင့် မည်သို့​ဆက်နွှယ်​သနည်း။

၁၄ ယေဟောဝါ​၏​တန်ခိုးတော်​သည် ကိုယ်တော်​၏​နာမတော်၊ ကိုယ်တော့်​အလိုတော်​ဆောင်ရွက်​ရေး​တို့​နှင့်​လည်း ဆက်နွှယ်​နေသည်။ “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဟု​အဓိပ္ပာယ်​ရသည့် ထူးခြားသော​နာမတော်​ဖြစ်သည့် ယေဟောဝါ​သည် ကိုယ်တော်တိုင် ကတိတော်​များ​ကို​ပြည့်စုံ​စေ​သူ​ဖြစ်​ကြောင်း ဖော်ပြ​သည်။ ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များသည် သံသယဝင်​သူများ​အတွက် မဖြစ်​နိုင်​လွန်း​ပုံ​ရှိစေ​ကာ​မူ ထို​ရည်ရွယ်တော်မူချက်​များ ဖြစ်မြောက်​လာ​စေရန် ဘုရားသခင်​ကို မည်သည့်​အရာ၊ မည်သူကမျှ မ​ဟန့်တား​နိုင်​ပေ။ တမန်​တော်​များ​ကို တစ်ခါ​က​ယေရှု​မိန့်တော်မူ​ခဲ့​သကဲ့သို့ “ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုတို့​ကို တတ်နိုင်​တော်​မူ​သည်။”—မဿဲ ၁၉:၂၆

၁၅။ ယေဟောဝါ​အတွက် မဖြစ်​နိုင်​သည့်​အရာ​မရှိကြောင်း အာဗြဟံ​နှင့်​စာရာ​တို့ မည်သို့​သတိပေး​ခံ​ခဲ့​ရသနည်း။

၁၅ နမူနာ​အနေ​နှင့် ယေဟောဝါ​သည် တစ်ခါ​က အာဗြဟံ​နှင့်​စာရာ​တို့အား သူတို့၏​အမျိုးအနွယ်​ကို လူမျိုး​ကြီး​တစ်မျိုး​ဖြစ်စေ​မည်​ဟု ကတိပြု​တော်​မူ​ခဲ့​သည်။ သို့သော် သူတို့တွင် သားသမီး​မရှိဘဲ နှစ်ပေါင်း​များစွာ​ဆက်နေ​ရသည်။ ကတိတော်​ပြည့်စုံ​တော့​မည်​ဟု ယေဟောဝါ​မိန့်တော်မူ​သည့်​အခါ နှစ်ယောက်စလုံး အလွန်​အိုမင်း​နေပြီ​ဖြစ်​ရာ စာရာ​ရ​ယ်​ခဲ့​သည်။ တုံ့ပြန်​ရာ​တွင် ကောင်းကင်တမန်​က ဤသို့​ဆို​သည်– “ထာဝရ​ဘုရားမ​တတ်နိုင်​သော​အမှု တစ်စုံတစ်ခု​ရှိသလော။” (ကမ္ဘာဦး ၁၂:၁-၃; ၁၇:၄-၈; ၁၈:၁၀-၁၄) နောက်ဆုံး အနှစ်​လေး​ရာ​ကြာပြီးနောက်​မှ မောရှေ​သည် အာဗြဟံ​၏​မျိုးဆက်​များ—ယခု​လူမျိုး​ကြီး​တစ်မျိုး—ကို မောဘ​လွင်ပြင်​တွင် စည်းဝေး​စေ​ချိန်​၌ ဘုရားသခင်​သည် မိမိ၏​ကတိတော်ကို ပြည့်စေ​ခဲ့ပြီ​ဟု သူတို့အား​သတိ​ရစေ​ခဲ့​သည်။ မောရှေ ဤသို့​ဆို​သည်– “သင်တို့​ဘိုးဘေး​များ​ကို [ယေဟောဝါ] ချစ်တော်မူ​သောကြောင့်၊ သူတို့​အမျိုးအနွယ်​ကို ရွေးကောက်​တော်​မူ​ပြီ။ သင်တို့​ထက်​အားကြီး​၍ များပြား​သော​လူမျိုး​တို့ကို သင်တို့​ရှေ့​မှ​နှင်ထုတ်​တော်​မူ​၍၊ ယနေ့​ပင်​ဖြစ်​သကဲ့သို့ သူတို့​မြေ​ထဲ​သို့​သင်တို့ကို​သွင်း​၍ အမွေခံ​စေခြင်း​ငှာ၊ မဟာ​တန်ခိုးတော်​အားဖြင့် အဲဂုတ္တု​ပြည်​မှ ရှေ့တော်၌​နုတ်ဆောင်​တော်​မူ​ပြီ။”—တရားဟောရာ ၄:၃၇၊ ၃၈

၁၆။ ဇဒ္ဒုကဲ​တို့သည် သေ​သူများ​ထမြောက်ခြင်း​ကို ငြင်းဆန်​သည့်​အမှား​ထဲ အဘယ်ကြောင့်​ကျရောက်​ခဲ့​သနည်း။

၁၆ ရာစုနှစ်​နှင့်​ချီ​၍​ကြာပြီးနောက် ရှင်ပြန်ထမြောက်ခြင်း​ကို မယုံ​သည့်​ဇဒ္ဒုကဲ​တို့အား ယေရှု​အပြစ်တင်​တော်​မူ​ခဲ့​သည်။ ဘုရားသခင်​သည် သေ​သူများကို ပြန်ရှင်​စေမည်​ဟူ​သည့် ကိုယ်တော်​၏​ကတိတော်​ကို​ယုံကြည်​ရန် အဘယ်ကြောင့်​ငြင်းဆန်​ခဲ့​ကြ​သနည်း။ ယေရှု​က သူတို့အား ဤသို့​မိန့်တော်မူသည်– “သင်တို့သည် ကျမ်းစာ​ကို​နားမလည်၊ ဘုရားသခင်​၏​တန်ခိုးတော်​ကို​မသိ။” (မဿဲ ၂၂:၂၉) ကျမ်းစာ​က “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော်​၏​စကားသံ​ကို​ကြား​၍၊ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့” ဟု အာမခံ​ထား​သည်။ (ယောဟန် ၅:၂၇-၂၉) ကျမ်းစာ​တွင်​ဖော်ပြ​ထား​သည့် ရှင်ပြန်ထမြောက်ခြင်း​အကြောင်းကို ကျွန်ုပ်​တို့​သိမည်​ဆိုလျှင် ဘုရားသခင့်​တန်ခိုးတော်​ကို ယုံကြည်​စိတ်ချမှု​က သေ​သူများ ပြန်လည်​အသက်ရှင်​လာ​မည်​ကို​စိတ်ချ​လိမ့်​မည်။ ဘုရားသခင်​သည် “သေခြင်းကို အစဉ်အမြဲ​ပယ်ဖျက် . . . တော်​မူ​လိမ့်​မည်။ ထိုသို့ ထာဝရ​ဘုရား​မိန့်တော်မူ​သတည်း။”—ဟေရှာယ ၂၅:၈သမ္မာ။

၁၇။ အဘယ်​အနာဂတ်​အချိန်တွင် ယေဟောဝါ​အား ယုံကြည်​စိတ်ချမှု​သည် ထူးခြားသော​နည်းဖြင့် မရှိမဖြစ်​လိုအပ်​မည်​နည်း။

၁၇ မဝေးတော့​သော​အနာဂတ်​တွင် ကျွန်ုပ်​တို့အားလုံး ဘုရားသခင်​၏​ကယ်တင်ခြင်း​တန်ခိုးတော်​ကို အထူး​နည်းဖြင့် ယုံကြည်​စိတ်ချ​ရန်လို​အပ်​မည့်​အချိန် ရောက်လာ​လိမ့်​မည်။ စာတန်​သည် အကာအကွယ်​မရှိ​ပုံ​ပေါ်သော ဘုရားသခင့်​လူမျိုးတော်ကို မီးကုန်ယမ်းကုန်​တိုက်ခိုက်​လိမ့်​မည်။ (ယေဇကျေလ ၃၈:၁၄-၁၆) ထို​အခါ ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​အကျိုးအတွက် ကိုယ်တော်​၏​မဟာ​တန်ခိုးတော်​ကို ပြသ​မည်​ဖြစ်​ရာ ကိုယ်တော်​သည် ယေဟောဝါ​ဖြစ်​ကြောင်း လူတိုင်း​သိလာ​ကြ​ရမည်​ဖြစ်သည်။ (ယေဇကျေလ ၃၈:၂၁-၂၃) ခက်ခဲ​သော​ထို​ကာလ​တွင် ယိမ်းယိုင်​ခြင်း​မရှိစေရန် ယခု​အချိန်​သည် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင်​အပေါ် ယုံကြည်​စိတ်ချမှု​ကို တည်ဆောက်​ပေး​ရမည့်​အချိန်​ဖြစ်သည်။

၁၈။ (က) ယေဟောဝါ​၏​တန်ခိုးတော်​အကြောင်း စဉ်းစား​ဆင်ခြင်ခြင်း​မှ အဘယ်​အကျိုးကျေးဇူးများ​ရနိုင်​သနည်း။ (ခ) လာ​မည့်​ဆောင်းပါး​တွင် အဘယ်​မေးခွန်း​ကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

၁၈ ယေဟောဝါ​၏​တန်ခိုးတော်​နှင့်​ပတ်သက်​၍ ဆင်ခြင်​စဉ်းစားစရာ​အကြောင်း​များစွာ​ရှိသည်​မှာ သေချာ​သည်။ ကိုယ်တော်​၏​အမှုတော်များ​ကို ကျွန်ုပ်​တို့​တွေးတော​ကြသည်​နှင့်​အမျှ ကျွန်ုပ်​တို့၏ ကြီးမြတ်​တော်​မူ​သော ဖန်ဆင်း​ရှင်​အား ချီးမွမ်း​ရန်​နှင့် ဉာဏ်ပညာ​ပါ​ပြီး မေတ္တာပြည့်​ဝ​သော​နည်းလမ်း​ဖြင့် တန်ခိုးတော်​ကို အသုံးပြု​တော်​မူ​သည့်​အတွက် ကျေးဇူးတော်​ချီးမွမ်း​ရန် နှိမ့်ချစွာ​လှုံ့ဆော်​ခံရ​ကြသည်။ ဗိုလ်ခြေ​တို့၏​အရှင် ယေဟောဝါ​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​လျှင် မည်သည့်​အခါ​မျှ ကြောက်စရာ​အကြောင်း​ရှိ​မည်​မဟုတ်။ ကိုယ်တော်​၏​ကတိတော်​များ​ကို ကျွန်ုပ်​တို့​ယုံကြည်ခြင်း​သည် ယိမ်းယိုင်​သွား​မည်​မဟုတ်ပေ။ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံ​ထား​ရသည်ကို သတိရ​ကြ​ပါ။ ထို့​ကြောင့် ကျွန်ုပ်​တို့​တွင်​လည်း အတိုင်းအတာ​အကန့်အသတ် တန်ခိုး​ရှိကြပါ​သည်။ ကျွန်ုပ်​တို့၏​တန်ခိုး​ကို အသုံးပြုရာတွင် ဖန်ဆင်း​ရှင်​ကို မည်သို့​တုပ​နိုင်​ကြ​မည်​နည်း။ လာ​မည့်​ဆောင်းပါး​တွင် ယင်းကို​သုံးသပ်ကြ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 1 နေ​မှ​စွမ်းအင်​ရရှိကြ​သည့်​ရေနံ​နှင့်​ကျောက်မီးသွေး​ကဲ့သို့​သော သဘာဝ​လောင်စာများ​သည် ဓာတ်အား​ပေး​စက်ရုံ​များ​အတွက် အဓိက​စွမ်းအင်​အရင်းအမြစ်​များ​ဖြစ်​ကြောင်း အများ​လက်ခံ​သဘောတူ​ထား​ကြသည်။

^ အပိုဒ်၊ 4 စမ်းသပ်​ဖောက်ခွဲ​ခဲ့​သမျှ​တွင် စွမ်းအား​အပြင်း​ဆုံး​အနုမြူ​ဗုံး​မှာ ယမ်း​ဘီလူး မီ​ဂါ​တန်​ချိန် ၅၇ တန်​နှင့်​ညီမျှ​သည့် ပေါက်ကွဲ​အားရှိ​ရာ များစွာ​ကွာခြား​လှ​ပေ​သည်။

^ အပိုဒ်၊ 6 သမ္မာကျမ်းစာ​တွင် ရည်ညွှန်း​ထားသော စိုင်​မှာ အောရာ့ဂ်စ် (လက်တင် ယူး​ရပ်​စ်) ဖြစ်ဖွယ်​ရှိသည်။ လွန်​ခဲ့​သည့်​အနှစ်​နှစ်ထောင်​က ဤ​တိရစ္ဆာန်​များ​ကို ဂေါ​နယ် (ယခု​ပြင်သစ်​နိုင်ငံ) တွင်​တွေ့ရှိ​ခဲ့​ရပြီး ဂျူးလီယက်ဆီဇာ​က ယင်း​တို့၏ အောက်ပါ​သရုပ်​သဏ္ဌာန်​ကို ဤသို့​ရေးသား​ထား​သည်– “ဤ​ယူရိုင်​တို့သည် ဆင်​နီးပါး​အရွယ်​ရှိသော်လည်း ယင်း​တို့၏​သဘောသဘာဝ၊ အသွေး​အရောင်​နှင့် ပုံသဏ္ဌာန်​တို့​မှာ နွား​နှင့်​တူ​သည်။ ခွန်အား​ကြီး​ပြီး အလွန်​လျင်မြန်​သည်– သူတို့​တွေ့ မြင်​လိုက်​သည့် လူ​ဖြစ်စေ၊ သား​ရိုင်း​တိရစ္ဆာန်​ဖြစ်စေ မည်​သူ့ကို​မျှ ချမ်းသာ​မပေး​ပါ။”

ဤ​မေးခွန်းများကို သင်​ဖြေနိုင်​သလော

ဖန်ဆင်း​ခြင်း​က ယေဟောဝါ​၏​တန်ခိုးတော်​ကို မည်သို့​အထင်အရှား​ပြသ​နည်း။

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ထောက်မရန် အဘယ်​ဗိုလ်ခြေများ​ကို အသုံးပြုနိုင်​တော်​မူ​သနည်း။

ယေဟောဝါ​သည် မိမိ၏​တန်ခိုးတော်​ကို​ပြသ​သည့် အချိန်​အခါ​အချို့​ကား အဘယ်နည်း။

ယေဟောဝါ​သည် မိမိ၏​ကတိတော်​များ​ကို ပြည့်စုံ​စေမည်​ဟူ၍ အဘယ်​အာမခံချက်​ရရှိ​ထား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

“အထက်​သို့​မျှော်ကြည့်​ကြလော့။ ထို​အရာများ​ကို အဘယ်သူ ဖန်ဆင်း​သနည်း”

[Credit Line]

Photo by Malin, © IAC/RGO 1991

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​တန်ခိုးတော်​ပြသမှု​များ​ကို စဉ်းစား ဆင်ခြင်ခြင်း​သည် ကိုယ်တော်​၏​ကတိတော်​များ အပေါ် ယုံကြည်မှု​တည်ဆောက်​ပေး