သူတို့၏ယုံကြည်ခြင်း ဆုချခံခဲ့ရ
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
သူတို့၏ယုံကြည်ခြင်း ဆုချခံခဲ့ရ
တမန်တော်ပေါလုသည် ထူးကဲသောယုံကြည်ခြင်းရှိသူတစ်ဦးဖြစ်သည့်အပြင် ယုံကြည်သူချင်းများကိုလည်း ယုံကြည်ခြင်းပျိုးထောင်ရန် အားပေးခဲ့သည်။ သူက ဤသို့ပြောခဲ့သည်– “ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) မိုဇမ်ဘစ်မှ အောက်ပါတွေ့ ကြုံမှုများက ယေဟောဝါသည် ခိုင်ခံ့သောယုံကြည်ခြင်းကို ဆုချပုံနှင့် စိတ်အားထက်သန်သောဆုတောင်းချက်များကို အဖြေပေးပုံတို့ကို ထင်ရှားစွာပြသပါသည်။
• မြောက်ပိုင်းနီအက်စ်ဆာဒေသမှ မုဆိုးမညီအစ်မတစ်ဦးသည် “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” ခရိုင်စည်းဝေးကြီးကို သူနှင့်ကလေးခြောက်ယောက် မည်သို့တက်ရမည်နည်းဟူ၍ စိုးရိမ်ခဲ့သည်။ သူ၏တစ်ခုတည်းသောဝင်ငွေမှာ ဒေသန္တရဈေးတွင် ကုန်ရောင်းခြင်းဖြစ်၍ စည်းဝေးကြီးနီးလာသောအခါ သူနှင့်သူ့မိသားစုအတွက် အသွားရထားစရိတ်သာရှိခဲ့သည်။ သို့ရာတွင် ယေဟောဝါ၏ထောက်မမှုကို ယုံကြည်စိတ်ချရန် ယတိပြတ်ဆုံးဖြတ်လိုက်ပြီး စည်းဝေးကြီးတက်ရောက်ဖို့စီစဉ်ထားသည့်အတိုင်း ပြုလုပ်ခဲ့၏။
သူ၏ကလေးခြောက်ယောက်နှင့်အတူ ရထားစီးခဲ့သည်။ လမ်းခရီးတွင် လက်မှတ်စစ်ရောက်လာသည်။ သူသည် တပ်ထားသောရင်ထိုးကတ်ကို သတိပြုမိကာ ဘာအမှတ်တံဆိပ်လဲဟုမေးခဲ့သည်။ ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးကိုယ်စားလှယ်တစ်ဦး၏အမှတ်တံဆိပ်ဖြစ်သည်ဟု ထိုညီအစ်မက ပြောပြခဲ့သည်။ “အဲဒီစည်းဝေးကြီးက ဘယ်မှာကျင်းပမှာလဲ” ဟူ၍ လက်မှတ်စစ်ကမေးခဲ့၏။ မိုင် ၂၀၀ ခန့်ဝေးသည့် အနီးအနားကနာမ်ပွတ်လာဒေသ၌ စည်းဝေးကြီးကို ကျင်းပမည်ဟု သိရှိပြီးနောက်တွင် အမှတ်မထင် ပုံမှန်လက်မှတ်တန်ဖိုး၏တစ်ဝက်ကိုသာယူခဲ့သည်! ထို့နောက် သူနှင့်သူ့မိသားစုအတွက် ကျန်သောငွေဖြင့် အပြန်လက်မှတ်များကိုပေးခဲ့သည်။ ယေဟောဝါအား သူယုံကြည်ကိုးစားခဲ့သည့်အတွက် တကယ့်ကိုပျော်ရွှင်ခဲ့ကြပါသည်တကား!—ဆာလံ ၁၂၁:၁၊ ၂။
• ဘာသာတရားအလွန်ကိုင်းရှိုင်းသော အမျိုးသမီးတစ်ဦးသည် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့ လမ်းမှန်ကို ပြသပေးပါရန် ကိုယ်တော်အား နှစ်ပေါင်း ၂၅ နှစ်ခန့်ဆုတောင်းခဲ့၏။ သူတက်ခဲ့သောချာ့ခ်ျသည် မိရိုးဖလာထုံးတမ်းစဉ်လာများနှင့် ဘာသာရေးအခမ်းအနားများကို ရောထွေးစေခဲ့သောကြောင့် အဆိုပါဝတ်ပြုမှုပုံစံသည် ဘုရားသခင်အား ကျေနပ်မှုဖြစ်စေပါမည်လောဟု သံသယဝင်ခဲ့သည်။
သူက ဤသို့ဖော်ပြသည်– “မဿဲ ၇:၇ မှာမှတ်တမ်းတင်ထားတဲ့ ‘တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်’ ဆိုတဲ့ ယေရှုရဲ့စကားကို ကျွန်မအမြဲသတိရခဲ့တယ်။ အဲဒီကျမ်းချက်ကို မှတ်ထားပြီး ကျွန်မကို အမှန်တရားပြပေးပါလို့ ဘုရားသခင်ကို မှန်မှန်ဆုတောင်းခဲ့တယ်။ တစ်နေ့ကျတော့ သင်းအုပ်ဆရာက ကျွန်မတို့ကိုကောင်းချီးပေးနိုင်ဖို့ ကုန်ပစ္စည်းအချို့နဲ့အတူ သူ့အတွက်ပိုက်ဆံပါယူလာဖို့ ဒေသန္တရဈေးမှာ အလုပ်လုပ်တဲ့သူအားလုံးကိုမှာခဲ့တယ်။ ဒါဟာ ကျမ်းစာနဲ့မညီညွတ်ဘူးလို့ ကျွန်မထင်တဲ့အတွက် ဘာမှမယူသွားခဲ့ဘူး။ ‘ပေးစရာ’ မယူလာခဲ့တာကို သင်းအုပ်ဆရာမြင်သွားတဲ့အခါ အသင်းသားအားလုံးရှေ့မှာ ကျွန်မကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခဲ့တယ်။ အဲဒါက ဘုရားသခင်လိုချင်တဲ့ ဝတ်ပြုနည်းမဟုတ်ဘူးဆိုတာကို အဲဒီနေ့မှာ ကျွန်မသိခဲ့တဲ့အတွက် ချာ့ခ်ျကနေ ကျွန်မနုတ်ထွက်ခဲ့တယ်။ အဲဒီအတွင်းမှာ အမှန်တရားကိုတွေ့ ရှိဖို့ အဆက်မပြတ်ဆုတောင်းနေခဲ့တယ်။
“နောက်ဆုံးမှာ အားတင်းပြီး ယေဟောဝါသက်သေဖြစ်တဲ့ ဆွေမျိုးတစ်ယောက်နဲ့ ဆက်သွယ်ခဲ့တယ်။ သူက ကျွန်မကို ဝေစာတစ်စောင်ပေးခဲ့တယ်၊ အဲဒီဝေစာကို ဖတ်ပြီးတာနဲ့တစ်ပြိုင်နက် ကျွန်မရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်အဖြေပေးနေတယ်ဆိုတာ ချက်ချင်းသဘောပေါက်ခဲ့တယ်။ နောက်ကြာလာတော့ ကျွန်မအဖော်လည်း ကျမ်းစာအမှန်တရားကို စပြီးလေးမြတ်လာခဲ့တဲ့အတွက် ကျွန်မတို့ တရားဝင်လက်ထပ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မခင်ပွန်းဟာ အကြီးအကျယ်မမာမကျန်းဖြစ်ခဲ့တယ်။ ပရဒိသုမှာ ကျွန်မတို့ပြန်ဆုံဖို့ အမှန်တရားလမ်းစဉ်မှာ ဆက်တည်ရှိနေပါဆိုပြီး သူမသေခင်အထိ ကျွန်မကိုအားပေးခဲ့တယ်။
“ကျွန်မရဲ့ဆုတောင်းချက်တွေကို ဖြေကြားပေးပြီး ယေဟောဝါကို ဝတ်ပြုကိုးကွယ်မှုနည်းမှန်ကို ပြသပေးခဲ့တဲ့အတွက် ကိုယ်တော်ကို အမြဲတမ်းကျေးဇူးတင်ပါတယ်။ အဲဒီအပြင် ကျွန်မရဲ့သားသမီးရှစ်ယောက်စလုံး ယေဟောဝါရဲ့ဆက်ကပ်အပ်နှံကျေးကျွန်တွေဖြစ်လာတဲ့အထိ ကျွန်မရဲ့ဆုတောင်းချက်တွေကို ဖြေကြားပေးခဲ့တယ်။”