မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကူညီပေးသူတစ်ဦး လူသားတို့အဘယ်ကြောင့်လိုရ

ကူညီပေးသူတစ်ဦး လူသားတို့အဘယ်ကြောင့်လိုရ

ကူညီပေး​သူ​တစ်ဦး လူသား​တို့​အဘယ်ကြောင့်​လို​ရ

‘ငါ သည် ကြမ်းကြုတ်​သော​ညှဉ်းဆဲ​သူ​တစ်ဦး ဖြစ်သည်’ ဟူ၍ ယခင်​က မာနကြီး​ပြီး ကြမ်းတမ်း​သူ​တစ်ဦး ဝန်ခံခဲ့​သည်။ သူသည် ပြစ်တင်​ကဲ့ရဲ့​သူ​တစ်ဦး​ဖြစ်​ကာ ဘုရားသခင်​ကို​ကြောက်ရွံ့​သော ယေရှု​ခရစ်​၏​နောက်လိုက်​များ​အား အကြင်နာ​ကင်းမဲ့​စွာ တိုက်ခိုက်​နှောင့်ယှက်​၍ စော်ကား​မော်​ကား​ပြု​ခဲ့​ဖူး​၏။ ‘သို့သော်လည်း ကရုဏာတော်​ကို ငါ​ခံရ​ပြီ’ ဟု သူက​ကျေးဇူး​တင်​စွာ ဆို​ခဲ့​သည်။ မယုံနိုင်​ဖွယ်​ဖြစ်သော်လည်း ဤ​ခက်ထန်​သော ညှဉ်းဆဲ​သူသည် သစ္စာရှိ​ခရစ်ယာန်​တမန်​တော်​ပေါလု ဖြစ်လာ​ခဲ့​သည်။—၁ တိမောသေ ၁:၁၂-၁၆; တမန်​တော် ၉:၁-၁၉

ပေါလု​ပြု​သကဲ့သို့ လူတိုင်း​ပြုလုပ်​ခဲ့​ကြ​မည်​မဟုတ်​ချေ။ သို့သော် ကျွန်ုပ်​တို့အားလုံး​သည် ဘုရားသခင့်​စံနှုန်း​များ​ကို​မီ​ရန် ပျက်ကွက်​နေကြ​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ “လူအပေါင်း​တို့သည် ဒုစရိုက်[မကောင်းမှု] ကို​ပြု​၍ ဘုရားသခင့်​ရှေ့တော်၌​အသရေပျက်​ကြပြီ။” (ရောမ ၃:၂၃) ထို​ထက်​ကား ကျွန်ုပ်​တို့သည် ဘုရားသခင့်​ကရုဏာတော်​ကို​ခံရ​ရန် အင်မတန်​ဆိုးရွား​လွန်း​သည်​ဟု ခံစား​မိ​ကာ စိတ်ပျက်ခြင်း​၌​နစ်​မြုပ်​နေဖို့ အလွန်​လွယ်ကူ​သည်။ မိမိ၏​အပြစ်ပြု​လို​သော​ဉာဉ်ဆိုး​များ​ကို စေ့စေ့​ဆင်ခြင်​စဉ် ပေါလု​ကိုယ်နှိုက် ဤသို့​ဆို​သည်– “ငါသည် ငြိုငြင်​သော​သူ​ဖြစ်ပါ​သည်​တကား။ ဤ​အသေကောင်​မှ ငါ့ကို​အဘယ်သူ​ကယ်လွှတ်​မည်​နည်း။” သူ၏​မေးခွန်း​ကို သူ့ဘာသာ​ဖြေဆို​ရာ​၌ ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ကယ်လွှတ်​တော်​မူ​သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြီး​လှ​ပေ​၏။”—ရောမ ၇:၂၄၊၂၅

ဖြောင့်မတ်​တော်​မူ​သော​ဖန်ဆင်း​ရှင်​သည် အပြစ်သား​များနှင့် မည်သို့​ဆက်ဆံ​နိုင်​တော်​မူ​မည်​နည်း။ (ဆာလံ ၅:၄) ပေါလု ဤသို့​ဆို​ခဲ့​သည်ကို သတိပြုပါ– “ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ကယ်လွှတ်​တော်​မူ​သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြီး​လှ​ပေ​၏။” ဘုရားသခင့်​ကရုဏာတော်​ကို ခံစား​ရသူ​အခြား​တစ်ဦး​က ဤသို့​ရှင်းပြသည်– “တစ်စုံ​တစ်ယောက်​သော​သူသည် ဒုစရိုက်[မကောင်းမှု] ကို​ပြု​မိ​လျှင်၊ ဖြောင့်မတ်​တော်​မူ​သော​အရှင်​ယေရှု​ခရစ်​တည်း​ဟူသော ငါ​တို့​အမှုဆောင်​သခင်သည် ခမည်းတော်​ထံ​၌​ရှိ​တော်​မူ​၏။ ထို​သခင်သည် ငါ​တို့၏​အပြစ်​မ​က၊ လောကီ သား​အပေါင်း​တို့၏ အပြစ်ဖြေ​စ​ရာ​အကြောင်း​ဖြစ်​တော်​မူ​၏။”—၁ ယောဟန် ၂:၁၊ ၂

‘ခမည်းတော်​ထံ​၌​ရှိတော်မူသော အမှုဆောင်​သခင်’ ဟု ယေရှု​ခရစ်​ကို အဘယ်ကြောင့်​ခေါ်ဆို​သနည်း။ ယေရှုသည် အပြစ်​များ​အတွက် “အပြစ်ဖြေ​စ​ရာ​အကြောင်း” မည်သို့​ဖြစ်သနည်း။

ကူညီပေး​သူ​တစ်ဦး အဘယ်ကြောင့်​လို​ရ

ယေရှုသည် “မိမိ​အသက်ကို​စွန့်​၍ လူများ​ကို​ရွေးခြင်း​ငှာ” မြေကြီးပေါ်​သို့ ကြွလာ​တော်​မူ​၏။ (မဿဲ ၂၀:၂၈) ရွေးနုတ်ဖိုး​ဟူသည် တစ်စုံ​တစ်ဦး သို့​မဟုတ် တစ်စုံတစ်ရာ​လွတ်မြောက်ရေး​အတွက် အဖိုးအခ​ပေး​၍​ပြန်လည်​ဝယ်ယူခြင်း သို့​မဟုတ် ပေးဆက်​သည့်​အ​ခ​ဖြစ်သည်။ “ရွေးနုတ်ဖိုး” ဟု​ဘာသာပြန်​ထားသော ဟေဗြဲ​စကားလုံး​၏ ကြိယာ​ပုံစံ​က အပြစ်​များ​ကို ဖုံးအုပ်ခြင်း သို့​မဟုတ် ကျေအေးစေ​ခြင်း​ဟူ​သည့်​သဘောဆောင်​သည်။ (ဆာလံ ၇၈:၃၈) မဿဲ ၂၀:၂၈ တွင်​ပါ​သော ဂရိ​စကားလုံး​ကို အထူးသဖြင့် စစ်သုံ့ပန်း​များ ရွေးနုတ်​ဖို့ သို့​မဟုတ် ကျွန်​များ​လွတ်မြောက်​စေဖို့ ပေး​ရသော​အဖိုးအခ​ကို ရည်ညွှန်း​ပြီး​အသုံးပြု​ခဲ့​ကြသည်။ တရား​မျှတခြင်း​၏​တောင်းဆိုချက်​အတိုင်း တန်ဖိုး​တူညီ​သည့်​အရာတစ်ခု​အတွက် အခြား​အရာတစ်ခု​ကို အလဲအလှယ်​အဖြစ်​ပေးဆက်​ရသည်။

ပထမဦးဆုံး​လူသား​သည် ဘုရားသခင်​ကို​ပုန်ကန်​ခဲ့​သောကြောင့် လူသားများ​သည် ကျွန်​ဘဝ​ရောက်​ခဲ့​ကြသည်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၃ တွင်​ဖော်ပြ​ထား​သကဲ့သို့ ထို​စုံလင်သော​လူသား—အာဒံ—သည် ယေဟောဝါ​ဘုရားသခင်​အား မနာခံ​သည့်​လမ်းစဉ်​ကို လိုက်လျှောက်ရန် ရွေးချယ်​ခဲ့​သည်။ ထိုသို့​ပြုခြင်း​အားဖြင့် သူသည် အပြစ်​နှင့် သေခြင်း​၏​ကျွန်​သ​ပေါက်​ဘဝသို့ မိမိ​ကိုယ်နှိုက်​အပြင် မမွေးဖွား​သေး​သည့် သားစဉ်မြေးဆက်​များ​ကို​ပါ ရောင်းချ​ပစ်လိုက်​သည်။ သို့ဖြင့် အာဒံသည် မိမိ​ကိုယ်နှိုက်​နှင့် မိမိ၏​အမျိုးအနွယ်​အားလုံး​ကို စုံလင်သော​လူ့​အသက်တာ​ဆုကျေးဇူး လက်လွတ်​ဆုံးရှုံး​စေ​ခဲ့​သည်။—ရောမ ၅:၁၂၊ ၁၈၊ ၁၉; ၇:၁၄

ရှေး​ဣသရေလ​ခေတ်တွင် လူတို့၏​အပြစ်​များ​ဖြေလွှတ်​ဖို့ သို့​မဟုတ် ဖုံးအုပ်​ပစ်​ဖို့ တိရစ္ဆာန်​ပူဇော်​သကာ​များ​ကို ဘုရားသခင်​စီစဉ်​ပေး​ခဲ့​သည်။ (ဝတ်ပြုရာ ၁:၄; ၄:၁၀၊ ၃၅) တစ်နည်း​ဆို​ရ​လျှင် အပြစ်​ပြုသူ​အစား ယဇ်​ပူဇော်​သော​တိရစ္ဆာန်​၏​အသက်ကို ပေးဆက်ခြင်း​ဖြစ်သည်။ (ဝတ်ပြုရာ ၁၇:၁၁) သို့​ဖြစ်၍ “အပြစ်ဖြေရာ​နေ့” ကို “ရွေးနုတ်ဖိုး​ပေး​ရာ​နေ့” ဟူ၍လည်း​ခေါ်ဆို​နိုင်​ပေ​သည်။—ဝတ်ပြုရာ ၂၃:၂၆-၂၈

သို့သော် တိရစ္ဆာန်​များသည် လူ​တို့​ထက်​နိမ့်ကျသော​ကြောင့် “နွား၊ ဆိတ်​၏​အသွေး​သည် အပြစ်ကို [လုံးဝ] မ​ပယ်​နိုင်ရာ။” (ဟေဗြဲ ၁၀:၁-၄) အစဉ်အမြဲ​အပြစ်​ဖြေဖို့ သို့​မဟုတ် ပယ်ရှား​ပေးဖို့ လုံလောက်​သောတန်​ဖိုး​ရှိသည့် ယဇ်​သကာ​အတွက် အာဒံ​လက်လွတ်​ဆုံးရှုံး​ခဲ့​သော​အရာ​နှင့် တန်းတူ​ညီမျှ​ဖြစ်​ရ​ပေမည်။ တရား​မျှတမှု​ချိန်ခွင်လျှာ​ကို​ညီ​စေရန် စုံလင်သော​လူသား​တစ်ဦး (အာဒံ) ဆုံးရှုံး​ခဲ့​သည့်​အရာ​အတွက် စုံလင်သော​လူသား​တစ်ဦး (ယေရှု​ခရစ်) လိုအပ်​သည်။ စုံလင်သော​လူ့​အသက်​သာ​လျှင် ကျွန်​အဖြစ်သို့ ကနဦး​ဖခင်​ရောင်းချ​ခဲ့​သည့်​ချုပ်နှောင်​ခြင်း​မှ အာဒံ​၏​မျိုးဆက်​ကို​ရွေးနုတ်​ရန်​အဖိုးအခ ပေး​နိုင်​မည်​ဖြစ်၏။ “အသက်​အတွက်​အသက်” ပေး​မှ​သာ စစ်မှန်သော​တရား​မျှတခြင်း​နှင့် ညီမျှ​ပေမည်။—ထွက်မြောက်ရာ ၂၁:၂၃-၂၅

အာဒံ​အပြစ်ပြု​ပြီး သေဒဏ်​ချမှတ်​ခံရ​ချိန်​တွင် သူ၏​မမွေးဖွား​သေး​သော​မျိုးနွယ်​သည် သူ၏​မျိုးရိုး​တွင်​ရှိ​ဆဲ​ဖြစ်​ရာ သူနှင့်​အတူ​သေဆုံး​ခဲ့​ကြ​ရသည်။ စုံလင်သော​ယေရှု၊ “နောက်ဆုံး​ဖြစ်သော​လူ​အာဒံ” သည် စိတ်လို​ကိုယ်​လျောက် မိသားစု​တစ်ခု​ကို မဖြစ်​ပေါ်​စေ​ခဲ့​ပါ။ (၁ ကောရိန္သု ၁၅:၄၅) စုံလင်သော​လူသား​ယဇ်​သကာ​အဖြစ် ကိုယ်တော်​သေဆုံး​သွား​ချိန်​၌ မမွေးဖွား​သေး​သော​သူ၏​မျိုးနွယ် သူ၌​ရှိသည်။ ထို့​ကြောင့် ကိုယ်တော်၌​ရှိသော​လူသား​မျိုးနွယ်​မှာ ကိုယ်တော်​နှင့်အတူ သေဆုံး​သွား​သည်​ဟု​ဆို​ရ​ပေမည်။ ယေရှုသည် အာဒံ​၏​အပြစ်ရှိ​သော​သေမျိုး​ဖြစ်သည့်​မိသားစုကို မိမိ၏​မိသားစု​အဖြစ် သိမ်းပိုက်​ခဲ့​သည်။ မိမိ​ကိုယ်ပိုင်​မိသားစု​ရနိုင်​ခွင့်​ကို ကိုယ်တော်​အရှုံး​ခံ​လိုက်​သည်။ မိမိ၏​စုံလင်သော​အသက်ကို ယဇ်​သကာ​အဖြစ်​ပေးဆက်ခြင်း​ဖြင့် ယေရှုသည် အာဒံ​မှ​ဆင်းသက်လာ​သော လူသား​တစ်ရပ်လုံး​ကို ဝယ်ယူ​လိုက်​ရာ သူတို့သည် ကိုယ်တော်​၏​မိသားစု​ဖြစ်လာ​ကာ ကိုယ်တော်​သည် သူတို့၏ “ထာဝရ​အဘ” ဖြစ်လာ​လေ​သည်။—ဟေရှာယ ၉:၆၊ ၇

ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​သည် နာခံမှု​ရှိသော​လူသားများ​အတွက် ဘုရားသခင့်​ကရုဏာတော်​နှင့် ထာဝရ​အသက်​ရရှိစေရန် လမ်းဖွင့်​ပေး​သည်။ ထိုသို့​ဖြစ်​ရ​ကား တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း။ ဘုရားသခင်​ပေး​တော်​မူ​သော ဆုကျေးဇူး​တော်​ကား၊ ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ထာဝရ​အသက်​ပေ​တည်း။” (ရောမ ၆:၂၃) မိမိ​ကိုယ်တော်တိုင်​နှင့် မိမိ​ချစ်​မြတ်နိုး​ရသော​သားတော်​တို့ အလွန့်အလွန်​အနစ်နာခံ​ခဲ့​ကြ​ရာ​ဖြစ်သည့် ရွေးနုတ်ဖိုး​နှင့်​စပ်​လျ​ဉ်း​သော မေတ္တာ​နှင့် သနား​ကြင်နာ​မှု​ကြောင့် ယေဟောဝါ​အား ကျွန်ုပ်​တို့​ကျေးဇူး​တင်​ချီးမွမ်း​ခြင်း​မပြု​ဘဲ​မနေနိုင်​ကြ​ပေ။ (ယောဟန် ၃:၁၆) သို့​နှင့် ယေရှုသည် ကောင်းကင်​အသက်တာ​သို့ ရှင်ပြန်ထမြောက်​ခဲ့​ပြီး​နောက် ကောင်းကင်​၌ ဘုရားသခင့်​ထံ မိမိ၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​၏​တန်ဖိုး​ကို ပေးဆက်​ခဲ့​သည့်​အချိန်တွင် ‘ခမည်းတော်​ထံ​၌​ရှိတော်မူသော အမှုဆောင်​သခင်’ အမှန်ပင်​ဖြစ်​ကြောင်း သက်သေထူ​ခဲ့​သည်။ * (ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၄; ၁ ပေတရု ၃:၁၈) သို့သော် ယခု ယေရှု​ခရစ်​သည် ကောင်းကင်​တွင် ကျွန်ုပ်​တို့၏​အမှုဆောင်​သခင်​ဖြစ်​ကြောင်း မည်သို့​သက်သေထူ​နေသနည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 12 ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း၊ မြန်မာ​မှ​ထုတ်ဝေ​သော ထာဝရ​အသက်​ရစေသော​အသိပညာ၊ အခန်း ၄ နှင့် ရှု။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ယေရှု၏​စုံလင်သော လူသား​အသက်တာသည် အာဒံ​၏​သားစဉ်မြေးဆက်​ကို ရွေးနုတ်​ဖို့​ဖြစ်လာ​ခဲ့