မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျိုးနွံခြင်း—ငြိမ်သက်ခြင်းကို တိုးပွားစေသော အရည်အချင်း တစ်ရပ်

ကျိုးနွံခြင်း—ငြိမ်သက်ခြင်းကို တိုးပွားစေသော အရည်အချင်း တစ်ရပ်

ကျိုးနွံ​ခြင်း—ငြိမ်သက်ခြင်း​ကို တိုးပွား​စေသော အရည်အချင်း တစ်ရပ်

ကျိုးနွံ​မှု​ကို​လူတိုင်း​တင်ပြ​ပါ​က ကမ္ဘာကြီး​သာယာ ချမ်းမြေ့​လိုက်​မည်​ဖြစ်​ခြင်း။ လူတို့သည် မရ​မ​က​တောင်းဆိုမှု လျော့နည်း​ခြင်း၊ မိသားစု​ရှိ​သူများ ရန်ဖြစ်​မှု​လျော့နည်း​ခြင်း၊ ကော်ပိုရေးရှင်း​များ ပြိုင်ဆိုင်ခြင်း​နှင့် နိုင်ငံ​များ စစ်​ဖြစ်မှု​လျော့နည်း​ခြင်း​တို့ ဖြစ်​ပေ​လိမ့်​မည်။ ဤသို့​သော​ကမ္ဘာ​မျိုး​တွင် သင်​နေထိုင်​လို​ပါသလော။

ယေဟောဝါ​ဘုရားသခင်​၏ ကျေးကျွန်​စစ်​များသည် ကတိထားရာ​ကမ္ဘာသစ်​အတွက် ပြင်ဆင်​နေကြ​သည်၊ ထို​တွင် ကျိုးနွံ​ခြင်း​ကို အားနည်းချက်​တစ်ခု​အဖြစ်​မဟုတ်ဘဲ အထူး​ဂုဏ်ရည်​နှင့် မွန်မြတ်သော​အကျင့်​အဖြစ် တစ်ကမ္ဘာ​လုံး​ယူမှတ်​ကြ​ပေမည်။ (၂ ပေတရု ၃:၁၃) အမှန်​မှာ၊ သူတို့သည် ကျိုးနွံ​ခြင်း​အရည်အသွေးကို ယခု​ပင် မွေးမြူ​နေကြ​သည်။ အဘယ်ကြောင့်​နည်း။ အထူးသဖြင့် ယင်း​အရည်အသွေးကို သူတို့​ထံ​မှ ယေဟောဝါ​တောင်းဆို​သောကြောင့်​ပင်။ ကိုယ်တော်​၏​ပရောဖက်​မိက္ခာ​က ဤသို့​ရေးသားခဲ့​သည်– “အချင်း​လူ၊ ကောင်းသော​လမ်းကို​ပြတော်မူ​ပြီ။ တရား​သဖြင့်​ပြုခြင်း၊ ကရုဏာ [ကြင်နာ​မှု] ကို​နှစ်သက်ခြင်း၊ သင်၏​ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချသော​စိတ်​နှင့်​ကျင့်​နေခြင်း​မှတစ်ပါး အဘယ်​ပူဇော်​သကာ​ကို ထာဝရ​ဘုရား​တောင်း​တော်​မူ​သနည်း။”—မိက္ခာ ၆:၈

ကျိုးနွံ​ခြင်း​ဟူသည် ဘဝင်မြင့်​ခြင်း သို့​မဟုတ် ဝ​င့်​ဝါ​ခြင်း​မရှိ၊ လူတစ်ဦး​၏​စွမ်းရည်​များ၊ အောင်မြင်မှု​များနှင့် ပိုင်ဆိုင်ရာ​များ​အကြောင်း ဝါကြွား​ပြောဆို​ရန်​မလိုလား​ခြင်း​စ​သည့် အဓိပ္ပာယ်​အမျိုးမျိုး​ရှိ​နိုင်​သည်။ ကိုးကား​ဖော်ပြချက်​တစ်ခု​အရ ကျိုးနွံ​ခြင်းဟူသည် “ဘောင်​များ​အတွင်း​နေထိုင်ခြင်း” ဟူ၍လည်း​အဓိပ္ပာယ်​ရှိသည်။ ကျိုးနွံ​သူ​တစ်ဦး​သည် ကောင်းသော​အမူအကျင့်​ဘောင်​အတွင်းရှိ​သည်။ သူ​ပြုလုပ်​သင့်​ရာ​နှင့် ပြုလုပ်​နိုင်ရာ​၌​အကန့်အသတ်​ရှိကြောင်းကိုလည်း သူ​အသိအမှတ်ပြု​သည်။ သူ​ရပိုင်ခွင့်​မရှိသော​အရာများ​ရှိကြောင်း သူသိ​ထား​သည်။ ကျွန်ုပ်​တို့သည် ကျိုးနွံ​သူများ​ထံ အမှန်ပင်​ဆွဲဆောင်​ခံရ​ကြသည်။ အင်္ဂလိပ်​ကဗျာ​ဆရာ ဂျိုးဇက်​အက်​ဒီ​ဆင်​က “စစ်မှန်သော​ကျိုးနွံ​မှု​လောက် နှစ်လိုဖွယ်​ကောင်းသော​အရာ​မရှိ” ဟူ၍​ရေးသားခဲ့​သည်။

ကျိုးနွံ​ခြင်း​သည် မစုံလင်​သော​လူသားများ​၏ ပင်ကိုစရိုက်​တစ်ခု​မဟုတ်ပါ။ ဤ​အရည်အသွေး​တိုးတက်စေ​ရန် ကျွန်ုပ်​တို့​ကြိုးပမ်း​ပြုလုပ်​ရ​ပေမည်။ ကျိုးနွံ​ခြင်း​ကို နည်း​အမျိုးမျိုးဖြင့်​သရုပ်ဖော်​သည့် ဖြစ်ရပ်​အချို့​ကို ကျွန်ုပ်​တို့အတွက်​အားပေးချက်​အနေ​နှင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် ဖော်ပြ​ထား​သည်။

ကျိုးနွံ​သည့်​ဘုရင်​နှစ်ပါး

ယေဟောဝါ​၏​သစ္စာ​အရှိဆုံး​ကျေးကျွန်​တစ်ပါး​မှာ လူငယ်​ဘဝတွင် ဣသရေလ​ရှင်ဘုရင်​လောင်း​အဖြစ် ဘိသိက်ပေး​ခံရ​သော ဒါဝိဒ်​ဖြစ်သည်။ ထို့နောက်​တွင် နန်းစံ​ဘုရင်​ရှောလုသည် ဒါဝိဒ်​ကို​သတ်​ဖို့​ကြိုးစား​ခဲ့​ပြီး ဝရမ်းပြေး​ဘဝ​ရောက်​စေခြင်း​ဖြင့် အကြီးအကျယ်​ဖိနှိပ်​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁၆:၁၊ ၁၁-၁၃; ၁၉:၉၊ ၁၀; ၂၆:၂၊ ၃

ထို​အခြေအနေ​များ​အောက်​၌​ပင် မိမိ၏​အသက်ကို​ကာကွယ်​ရန် ပြုသင့်​ရာ​တွင် အကန့်အသတ်​များ​ရှိကြောင်း ဒါဝိဒ်​အသိအမှတ်ပြု​ခဲ့​သည်။ တစ်ခါ​က တောကန္တာရ​တွင် ‘ယေဟောဝါ​၏​ဘိသိက်ခံသူ​ကို ငါ​ထိခိုက်​ခြင်း​သည် ယေဟောဝါ​၏​ရှုထောင့်​မှ ငါ့​အနေ​နှင့် မစဉ်း​စား​နိုင်​ဖွယ်​ဖြစ်၏’ ဟု​ဆို​လျက် စက်​တော်​ခေါ်​နေသော​ဘုရင်​ရှောလု​ကို အန္တရာယ်​ပြု​ဖို့ အဘိရှဲ​အား ဒါဝိဒ်​ခွင့်​မပေးခဲ့​ပေ။ (၁ ဓမ္မ​ရာဇဝင် ၂၆:၈-၁၁) ရှောလု​ကို ဘုရင်​ရာထူး​မှ​ဖယ်ရှား​ရန်​မှာ မိမိ​တာဝန်​မဟုတ်​ကြောင်း ဒါဝိဒ်​သိထား​၏။ ထို့​ကြောင့် ဒါဝိဒ်​သည် ဤ​အချိန်​အခါ​၌ သင့်လျော်​သော​အမူအကျင့်​ဘောင်​အတွင်း​နေထိုင်ခြင်း​အားဖြင့် ကျိုးနွံ​ခြင်း​ကို​ပြသ​ခဲ့​သည်။ ထို​နည်းတူ သေရေးရှင်ရေး​ဖြစ်သည့်​အခါ​၌​ပင် ‘ယေဟောဝါ​၏​ရှုထောင့်​မှ’ မိမိတို့​ပြုလုပ်​၍​မရနိုင်​သော​အရာများ​ရှိကြောင်း ဘုရားသခင့်​မျက်မှောက်ခေတ်​ကျေးကျွန်​များ​သိရှိ​ကြသည်။—တမန်​တော် ၁၅:၂၈၊ ၂၉; ၂၁:၂၅

ဘုရင်​ဒါဝိဒ်​၏​သား​ရှောလမုန်​သည်လည်း လူငယ်​တစ်ဦး​အနေ​နှင့် အနည်းငယ်​ခြားနား​သည့်​နည်းဖြင့် ကျိုးနွံ​ခြင်း​ကို​တင်ပြ​ခဲ့​သည်။ ရှောလမုန်​နန်းတက်​သောအခါ ဘုရင်​တစ်ပါး​၏​ကြီး​လေး​သော​ရာထူးကို မစွမ်းဆောင်​နိုင်​ဟု သူ​ခံစား​ခဲ့​ရသည်။ သူက​ဤသို့​ဆုတောင်း​ခဲ့​သည်– “အကျွန်ုပ်၏​ဘုရားသခင်​ထာဝရ​ဘုရား၊ ကိုယ်တော်​ကျွန်​ကို အဘ​ဒါဝိဒ်​၏​ကိုယ်စား ရှင်ဘုရင်​အရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်​ဖြစ်ပါ​၏။ ထွက်​ဝင်​ခြင်း​ငှာ​မတတ်နိုင်​ပါ။” ရှောလမုန်​သည် မိမိမှာ​အရည်အချင်း​နှင့် အတွေ့အကြုံ​နည်း​သည်ကို သိထား​ကြောင်း​ထင်ရှား​၏။ ထို​စဉ်​က​သူသည် ကျိုးနွံ​၍ ဘဝင်မြင့်​ခြင်း သို့​မဟုတ် ဝ​င့်​ဝါ​ခြင်း​မတင်ပြ​ခဲ့​ချေ။ ရှောလမုန်​သည် ယေဟောဝါ​ထံ​မှ ပိုင်းခြား​သိမြင်ခြင်း​ကို​တောင်းဆို​ခဲ့​ပြီး ရရှိခဲ့သည်။—၃ ဓမ္မ​ရာဇဝင် ၃:၄-၁၂

မေရှိယ​နှင့် ကိုယ်တော်​၏​ရှေ့ပြေး

ရှောလမုန်​ခေတ်​ပြီး​နောက် အနှစ် ၁,၀၀၀ ကျော်​တွင် နှစ်ခြင်း​ဆရာ​ယောဟန်​သည် မေရှိယ​အတွက်​လမ်း​ပြင်ဆင်​ပေး​သော​လုပ်ငန်း​ကို လုပ်ဆောင်ခဲ့​၏။ ဘိသိက်ခံ​တစ်ဦး၏​ရှေ့ပြေး​အနေ​နှင့် ယောဟန်​သည် ကျမ်းစာ​ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေ​နေသည်။ သူ့​အခွင့်အရေး​အကြောင်း သူ​ဝါကြွား​နိုင်​ခဲ့​သည်။ ထို့​ပြင် သူသည် မေရှိယ​နှင့်​ဆွေမျိုး​တော်စပ်​သောကြောင့် မိမိကိုယ်ကို​ဂုဏ်တင်​ဖို့​ကြိုးစား​နိုင်၏။ သို့သော် ယောဟန်​က မိမိသည် ယေရှု၏​ခြေနင်း​တော်​ကြိုး​ကို ဖြေခြင်း​ငှာ​ပင် မထိုက်တန်​ဟု​ပြောပြ​ခဲ့​သည်။ နှစ်ခြင်း​ခံ​ဖို့​ယော်ဒန်​မြစ်​သို့ ယေရှု​ကြွရောက်​လာသော​အခါ ယောဟန်​က “အကျွန်ုပ်သည် ကိုယ်တော်​ထံ​၌​ဗတ္တိဇံ​ကို ခံရ​မည်​အကြောင်း​ရှိပါ​သည်​ဖြစ်၍၊ ကိုယ်တော်​သည် အကျွန်ုပ်​ထံ​သို့ ကြွလာ​တော်​မူ​သလော” ဟု​ဆို​ခဲ့​သည်။ ယောဟန်​သည် ဝါကြွားသူ​တစ်ဦး​မဟုတ်​ကြောင်း ယင်းက​ဖော်ပြ​၏။ သူသည် ကျိုးနွံ​ခဲ့​၏။—မဿဲ ၃:၁၄; မာလခိ ၄:၅၊ ၆; လုကာ ၁:၁၃-၁၇; ယောဟန် ၁:၂၆၊ ၂၇

ယေရှု​နှစ်ခြင်း​ခံ​ပြီး​သည့်​နောက် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို​ကြေညာ​သည့် အချိန်ပြည့်​ခရစ်ယာန်​အမှုတော်ကို စတင်​ထမ်းဆောင်​ခဲ့​သည်။ ယေရှုသည် စုံလင်သော​လူသား​တစ်ဦး​ဖြစ်သော်လည်း ကိုယ်တော်​က ဤသို့​မိန့်ဆိုခဲ့သည်– “ငါသည်​ကိုယ်​အလိုအလျောက် အဘယ်​အမှုကို​မျှ​မပြု​နိုင်။ . . . ငါသည်​ကိုယ်​အလို​သို့​မလိုက်၊ ငါ့ကို​စေလွှတ်​တော်​မူ​သော ခမည်းတော်​၏​အလို​သို့​လိုက်​၏။” ထို့​ထက်​ကား ယေရှုသည် လူ​တို့​ရှေ့​ဂုဏ်တင်​ခံရ​ခြင်း​ကို မ​ရှာယူ​ခဲ့​ဘဲ မိမိ​ပြုလုပ်​သမျှ​အတွက် ယေဟောဝါ​အား​ဂုဏ်တင်​ခဲ့​သည်။ (ယောဟန် ၅:၃၀၊ ၄၁-၄၄) တကယ့်​ကျိုးနွံ​မှု​ပါ​တကား!

သို့​ဖြစ်၍ ယေဟောဝါ​၏​သစ္စာရှိ​ကျေးကျွန်​များ​ဖြစ်သော ဒါဝိဒ်၊ ရှောလမုန်၊ နှစ်ခြင်း​ဆရာ​ယောဟန်​နှင့် စုံလင်သော​လူသား​ယေရှု​ခရစ်​ပင်​လျှင် ကျိုးနွံ​မှု​ပြ​ခဲ့​ကြသည်။ သူတို့သည် ဝါကြွားခြင်း၊ ပ​လွှား​ဝ​င့်​ဝါ​ခြင်း သို့​မဟုတ် ဘဝင်မြင့်​ခြင်း​မရှိခဲ့​ကြ​ဘဲ သင့်လျော်​သော​ဘောင်​အတွင်းရှိ​ခဲ့​ကြသည်။ သူတို့၏​ပုံသက်သေ​များ​က ယေဟောဝါ​၏​မျက်မှောက်ခေတ်​ကျေးကျွန်​များ ကျိုးနွံ​ခြင်း​ကို​မွေးမြူ​တင်ပြ​ဖို့​အတွက် လုံလောက်​သော​အကြောင်းရင်း​များ​ဖြစ်သည်။ သို့သော် ထိုသို့​ပြု​ဖို့ အခြား​အကြောင်းရင်း​များလည်း​ရှိသေး​သည်။

လူ့​သမိုင်း​၌ ကသောင်းကနင်း​ဖြစ်နေ​သည့် ဤ​အချိန်တွင် ကျိုးနွံ​ခြင်း​သည် ခရစ်ယာန်စစ်​များ​အတွက် အလွန်​အဖိုးတန်​သည့်​အရည်အချင်း​တစ်ခု​ဖြစ်၏။ ယင်းသည် လူတစ်ဦးကို ယေဟောဝါ​ဘုရားသခင်​နှင့်၊ လူသားချင်း​နှင့် ကိုယ်တိုင်​ငြိမ်သက်မှု​ခံစား​စေနိုင်​သည်။

ယေဟောဝါ​ဘုရားသခင်​နှင့်​ငြိမ်သက်မှု

စစ်မှန်သော​ဝတ်ပြုရေး​အတွက် ကိုယ်တော်​ချမှတ်​ထားသော​ဘောင်​အတွင်း ကျွန်ုပ်​တို့​ရှိနေ​မှ​သာ​လျှင် ယေဟောဝါ​နှင့်​ငြိမ်သက်မှု​ရနိုင်​ပေမည်။ ကျွန်ုပ်​တို့၏​ကနဦး​မိဘ​ဖြစ်​ကြ​သည့် အာဒံ​နှင့်​ဧဝ​တို့သည် ဘုရားသခင်​ချမှတ်​သော ကန့်သတ်ချက်​များ​ကို​ကျော်လွန်​ခဲ့​ကြ​ပြီး ကျိုးနွံ​မှုမရှိ​သည့် ပထမ​ဆုံး​လူသားများ​ဖြစ်လာ​ခဲ့​ကြသည်။ ယေဟောဝါ​နှင့်​ကောင်းသော​အနေအထား​ကို​သာမက သူတို့၏​နေအိမ်၊ သူတို့၏​အနာဂတ်​နှင့် သူတို့၏​အသက်ကိုပါ လက်လွတ်​ဆုံးရှုံး​ခံ​ခဲ့​ကြသည်။ (ကမ္ဘာဦး ၃:၁-၅၊ ၁၆-၁၉) ကြီးမားသော​အ​ခ​ကို ပေး​ခဲ့​ကြသည်​တကား!

စစ်မှန်သော​ဝတ်ပြုရေးသည် ကျွန်ုပ်​တို့​မည်သို့​လုပ်ဆောင်ရန် ကန့်သတ်ချက်​များ​ချပေး​ထားသော​ကြောင့် အာဒံ​နှင့်​ဧဝ​တို့၏​ပျက်ကွက်မှု​မှ သင်ယူ​ကြပါစို့။ ဥပမာ၊ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “မတရားသော​မေထုန်​၌​မှီဝဲ​သော [ကာ​မ​စပ်ယှက်] သူ၊ ရုပ်[ပုံ]ကိုးကွယ်​သော​သူ၊ သူ့​မယား​ကို​ပြစ်မှား​သော​သူ၊ ယောက်ျား​ချင်း​မေထုန်ပြု [ကာ​မ​စပ်ယှက်] သော​သူ၊ ထို​အမှုကို​ခံ​သော​သူ၊ သူ့​ဥစ္စာ​ကို​ခိုး​သော​သူ၊ လောဘ​လွန်ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့်​ယစ်​မူး​သော​သူ၊ ဆဲရေး​ကဲ့ရဲ့​သော​သူ၊ အနိုင်အထက်​လုယူ​သော​သူတို့သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​ရ​ကြ။” (၁ ကောရိန္သု ၆:၉၊ ၁၀) ယေဟောဝါ​သည် ဤ​ကန့်သတ်ချက်​များ​ကို ကျွန်ုပ်​တို့၏​ကောင်းကျိုး​အတွက် ပညာရှိ​စွာ​ချမှတ်​ပေး​ပြီး ၎င်း​ဘောင်​များ​အတွင်း ကျွန်ုပ်​တို့​နေထိုင်ခြင်း​ဖြင့် ဉာဏ်ပညာ​ကို​တင်ပြ​ကြသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) “စိတ်​နှိမ့်ချသော​သူတို့၌​ကား ပညာရှိ​၏” ဟု​နယပုံပြင် ၁၁:၂ က​ဆို​သည်။

ဤ​ကန့်သတ်ချက်​များ​ကို​လျစ်လျူရှု​လျက် ဘုရားသခင်​နှင့်​ငြိမ်သက်မှု​ရနိုင်​ဆဲ​ဖြစ်သည်ဟု ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​က ပြော​လာ​လျှင်​ကော။ ထို​အဖွဲ့အစည်း​သည် ကျွန်ုပ်​တို့​လမ်းမှား​အောင် ကြိုးစား​နေသည်။ အခြား​တစ်ဖက်​တွင်​မူ ကျိုးနွံ​ခြင်း​သည် ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ရန် ထောက်ကူ​ပေး​သည်။

လူသားချင်း​တို့​နှင့်​ငြိမ်သက်မှု

ထို့​ပြင် ကျိုးနွံ​ခြင်း​သည် အခြား​သူများ​နှင့် ငြိမ်းချမ်း​သော​ဆက်ဆံ​ရေး​ကို​မြှင့်တင်​ပေး​၏။ ဥပမာ၊ မိဘများ​က မိမိတို့​ရှိရာ​နှင့်​ရောင့်ရဲ​ပြီး ဝိညာဉ်​ရေး​ကို ဦးစား​ထား​သည့် ပုံသက်သေ​ပြ​သောအခါ သူတို့၏​ကလေး​များသည် အလားတူ​သဘောထားမျိုးကို ခံယူ​ရန်​အကြောင်း​ပို​များ​မည်။ ထို​အခါ အငယ်​လေး​များ​က မိမိတို့​လိုချင်​သည့်​အရာ​ကို အမြဲ​မရ​သည့်​တိုင် တင်းတိမ်​ရောင့်ရဲ​ဖို့​လွယ်ကူ​ပါ​လိမ့်​မည်။ သို့ဖြင့် ကျိုးနွံ​စွာ​နေထိုင်ဖို့ သူတို့​အထောက်အကူ​ရပြီး မိသားစု​ဘဝ​သည် ပို​၍​သာယာ​ပေမည်။

ကြီးကြပ်​ရသူ​တို့သည် ကျိုးနွံ​၍ မိမိတို့​အခွင့်အာဏာကို​အလွဲမသုံး​မိဖို့ အထူး​ဂရုပြု​ရန်လို​သည်။ ဥပမာ၊ ခရစ်ယာန်​များ​အား ဤသို့​ညွှန်ကြား​ထား​သည်– “ကျမ်းစာ​ကို​လွန်​၍” မပြု​ကြ​နှင့်။ (၁ ကောရိန္သု ၄:၆) အသင်းတော်​အကြီးအကဲ​များသည် မိမိတို့​ကိုယ်ပိုင်​အကြိုက်​များ​ကို သူတစ်ပါး​လိုက်​ဖို့ အတင်းအကျပ်​မပြုရ​ကြောင်း သိထားကြသည်။ ယင်းအစား အကျင့်အကြံ၊ အဝတ်အစား၊ ဖြီးလိမ်းပုံ သို့​မဟုတ် အပန်းဖြေ​သည့်​ကိစ္စ​တို့​တွင် လမ်းမှန်​ကို​လိုက်​ရန်​တိုက်တွန်း​ပေးဖို့ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အခြေခံ​အဖြစ် သူတို့​အသုံး​ပြု​ကြသည်။ (၂ တိမောသေ ၃:၁၄-၁၇) ကျမ်းစာ​ဘောင်​များ​အတွင်း အကြီးအကဲ​များနေ​ထိုင်​သည်ကို အသင်းတော်​သားများ​သတိပြုမိ​ကြသောအခါ ဤ​အမျိုးသားများ​ကို လေးစား​စေပြီး အသင်းတော်​အတွင်း နွေးထွေး၊ ချစ်ခင်​၍ ငြိမ်သက်​သည့်​စိတ်​သဘောထားကို ဖြစ်ပေါ်​စေ​သည်။

ကိုယ်တိုင်​ငြိမ်သက်မှု​ရှိ​ခြင်း

ကျိုးနွံ​စိတ်​ရှိသူတို့​သည် စိတ်​ငြိမ်သက်မှု​ရှိကြသည်။ ကျိုးနွံ​သူ​တစ်ဦး​သည် ရည်မှန်းချက်​မကြီး​ပါ။ ယင်းကြောင့် သူ့မှာ ကိုယ်ပိုင်​ပန်းတိုင်​များ​မရှိ​ဟု​မဆိုလို​ပါ။ ဥပမာ၊ ဘုရားသခင့်​လုပ်ငန်းတော်​ဆိုင်ရာ ထပ်ဆင့်​အခွင့်အရေး​များ​ကို သူလို​လား​မည်​ဖြစ်သော်လည်း ဘုရားသခင်​ကို​သူ​စောင့်ဆိုင်း​၍ သူ​ရရှိ​သည့် မည်သည့်​ခရစ်ယာန်​အခွင့်အရေး​များ​မဆို​သည် ယေဟောဝါ​ကြောင့်​ဟူ၍ ကိုယ်တော်​အား​ဂုဏ်တင်​မည်​ဖြစ်သည်။ ၎င်းတို့ကို ကိုယ်ပိုင်​အောင်မြင်မှု​များ​အဖြစ် ရှုမြင်​မည်​မဟုတ်။ ယင်းက ကျိုးနွံ​စိတ်​ရှိသူ​ကို “ငြိမ်သက်ခြင်း​၏​အရှင်” ယေဟောဝါ​နှင့်​သာ၍​ရင်းနှီး​စေ​သည်။—ဖိလိပ္ပိ ၄:၉

တစ်ခါတစ်ရံ အခြား​သူတို့၏​လျစ်လျူရှု​မှု​ကို​ခံရ​သည်​ဟု​ဆို​ကြပါစို့။ ရောင့်တက်စွာ​ဖြင့် ကိုယ့်ကို​အာရုံပြု​စေခြင်း​ထက် ကျိုးနွံ​သောကြောင့် လျစ်လျူရှု​ခံရ​ခြင်း​သည် ပို​မကောင်း​ပေ​လော။ ကျိုးနွံ​သူတို့သည် ရည်မှန်းချက်​ကြီး​လွန်း​ခြင်း​ဖြင့် စိတ်နှလုံး​ပင်ပန်း​မနေ​ပါ။။ ထို့​ကြောင့် သူတို့သည် စိတ်ပိုင်း​နှင့် ကာယပိုင်း​ကို အကျိုးပြု​သည့် စိတ်​ငြိမ်သက်မှု​ခံစားရ​ကြသည်။

ကျိုးနွံ​ခြင်း​ကို​မွေးမြူ၍ ထိန်းသိမ်း​ခြင်း

အာဒံ​နှင့်​ဧဝ​တို့သည် ရောင့်တက်​ခဲ့​ကြ​ပြီး ထို​စရိုက်​ကို သူတို့၏​သားမြေး​များ​ထံ​လက်ဆင့်ကမ်း​ပေး​ခဲ့​ကြသည်။ ကျွန်ုပ်​တို့၏​ကနဦး​မိဘများ​ပြု​ခဲ့​သည့်​အမှား​ကို​ရှောင်ရန် အဘယ်အရာက​ထောက်ကူ​ပေး​နိုင်​သနည်း။ ကျိုးနွံ​ခြင်း​ဆိုင်ရာ​အရည်အသွေးကောင်း​ကို မည်သို့​မွေးမြူ​နိုင်​သနည်း။

ဦးဆုံး​အနေ​နှင့် စကြဝဠာ​ဖန်ဆင်း​ရှင် ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​တွင် ကျွန်ုပ်​တို့၏​အနေအထား​ကို တိကျ​မှန်ကန်​စွာ​သိရှိ​ထားခြင်း​က ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ ဘုရားသခင့်​ပြီးမြောက်​အောင်မြင်မှု​များနှင့် ကျွန်ုပ်​တို့၏​အဘယ်​ကိုယ်ပိုင်​အောင်မြင်မှု​များ​ကို နှိုင်းယှဉ်​နိုင်​မည်​နည်း။ မိမိ၏​သစ္စာရှိ​ကျေးကျွန် ယောဘ​အား ယေဟောဝါ​က​ဤသို့​မေးမြန်းခဲ့​သည်– “မြေကြီး​အမြစ်​ကို​ငါ​တည်​သောအခါ၊ သင်သည်​အဘယ်​မှာ​ရှိ​သနည်း။ နားလည်​လျှင်​ဖော်ပြ​လော့။” (ယောဘ ၃၈:၄) ယောဘ​အဖြေ​မပေးနိုင်​ခဲ့​ချေ။ အလားတူ​စွာ ကျွန်ုပ်​တို့သည် အသိပညာ၊ စွမ်းရည်​နှင့် အတွေ့အကြုံ​တွင် အကန့်အသတ်​ရှိသည်​မဟုတ်ပေ​လော။ ကျွန်ုပ်​တို့၏​ကန့်သတ်မှု​များ​ကို အသိအမှတ်​ပြုခြင်း​သည် အကျိုးမရှိ​ပေ​လော။

ထို့​ပြင် သမ္မာကျမ်းစာ​က​ဤသို့​ဆို​၏– “ထာဝရ​ဘုရား​သည် မြေကြီး​နှင့်​မြေကြီး​တန်ဆာ​ကိုလည်း​ကောင်း၊ လောကဓာတ်​နှင့် လောကသား​တို့ကို​လည်းကောင်း ပိုင်တော်မူ​၏။” ထို​တွင် “တော​တိရစ္ဆာန်​ရှိသမျှ​တို့​နှင့် တစ်ထောင်​သော​တောင်ပေါ်​မှာ​ရှိသော တိရစ္ဆာန်​တို့” ပါဝင်​သည်။ “ရွှေ​နှင့်​ငွေ​ကို​ငါ​ပိုင်​သည်” ဟု​ယေဟောဝါ​ဆိုနိုင်​သည်။ (ဆာလံ ၂၄:၁; ၅၀:၁၀; ဟဂ္ဂဲ ၂:၈) ယေဟောဝါ​၏​ပိုင်ဆိုင်ရာ​များနှင့်​ယှဉ်​၍ အဘယ်​ပိုင်ဆိုင်ရာ​များ​ကို ကျွန်ုပ်​တို့​ပြ​နိုင်​သနည်း။ အချမ်းသာဆုံး​လူသား​ပင်​လျှင် သူ၏​ပိုင်ဆိုင်ရာ​များ​၌ ဝါကြွား​စ​ရာ​အကြောင်း​မရှိ​ချေ! ထို့​ကြောင့် ရောမမြို့​ရှိ​ခရစ်ယာန်​များ​ထံ ပေါလု​၏​မှုတ်သွင်းခံ ဤ​အကြံပေး​ချက်​ကို လိုက်နာခြင်း​သည်​ပညာရှိ​၏– “သင်တို့သည် ကိုယ်ကို​ထင်​သင့်​သည်​အတိုင်း​ထက်​လွန်​၍​မထင် . . . ရမည်​အကြောင်း ငါသည် ကိုယ်​ခံရ​သော​ကျေးဇူးတော်​ကို​အမှီပြုလျက်၊ သင်တို့တွင် ရှိသမျှ​သော​သူတို့ကို​မှာ​ထား​၏။”—ရောမ ၁၂:၃

ကျိုးနွံ​ခြင်း​ကို​ပျိုးထောင်​လို​သည့် ဘုရားသခင့်​ကျေးကျွန်​များ​အနေ​နှင့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် ချုပ်တည်း​ခြင်း​စ​သည့် ဝိညာဉ်​အသီးများ​သီး​ရန် ကျွန်ုပ်​တို့​ဆုတောင်း​သင့်​သည်။ (လုကာ ၁၁:၁၃; ဂလာတိ ၅:၂၂၊ ၂၃) အဘ​ယ့်​ကြောင့်​နည်း။ အကြောင်း​မှာ ဤ​အရည်အချင်း​တစ်ခုစီ​က ကျိုးနွံ​ဖို့​လွယ်ကူ​စေမည်​ဖြစ်သော​ကြောင့်​တည်း။ ဥပမာ​အနေ​နှင့် လူသားချင်း​ကို​ချစ်​သည့်​မေတ္တာက ဝါကြွားလိုစိတ် သို့​မဟုတ် ဘဝင်မြင့်​လို​စိတ်​ကို​တွန်းလှန်​ရန် ကျွန်ုပ်​တို့ကို​ကူညီပေး​မည်​ဖြစ်သည်။ ချုပ်တည်း​ခြင်း​က ရောင့်တက်စွာ​မပြုမူ​မီ ဆင်ခြင်​သုံးသပ်​စေမည်​ဖြစ်သည်။

ကျွန်ုပ်​တို့​သတိထား​ကြပါစို့! ရောင့်တက်ခြင်း​အန္တရာယ်များ​ကို ကျွန်ုပ်​တို့​မပြတ်​သတိပြု​နေဖို့လို​သည်။ အစောပိုင်း​တွင်​ဖော်ပြ​ထားသော ဘုရင်​နှစ်ပါး​သည် အချိန်တိုင်း​မ​ကျိုးနွံ​ခဲ့​ကြ​ချေ။ ဘုရင်​ဒါဝိဒ်​သည် ယေဟောဝါ​၏​အလိုတော်နှင့်​ဆန့်ကျင်​သော​အရာတစ်ခု​ဖြစ်သည့် ဣသရေလ​လူမျိုး​ကို သန်း​ခေါင်​စာရင်း​ကောက်ခြင်း​ဖြင့် မဆင်မခြင်​ပြုမူ​ခဲ့​သည်။ ရှောလမုန်​ဘုရင်​သည် မှားယွင်းသော​ဝတ်ပြုရေး​၌​ပါဝင်​သည့်​အထိ ရောင့်တက်​ခဲ့​သည်။—၂ ဓမ္မ​ရာဇဝင် ၂၄:၁-၁၀; ၃ ဓမ္မ​ရာဇဝင် ၁၁:၁-၁၃

ဘုရားတရား​မဲ့သည့် ဤ​အစီအစဉ်​စနစ်​တည်ရှိ​နေ​သမျှ​ကာလပတ်လုံး ကျိုးနွံ​ခြင်း​ရှိ​ရန် အမြဲ​သတိရှိ​ဖို့​လို​သည်။ သို့သော် ကြိုးစား​ရကျိုးနပ်​ပါ​သည်။ ဘုရားသခင့်​ကမ္ဘာသစ်​တွင် ကျိုးနွံ​စိတ်​ရှိ​သူများ​သာ​လျှင် လူ့​ဘောင်​အဖွဲ့အစည်း​၌​ပါဝင်​ကြလိမ့်မည်။ ကျိုးနွံ​ခြင်း​ကို အားနည်းချက်​တစ်ခု​အဖြစ်​မဟုတ်ဘဲ အထူး​ဂုဏ်ရည်​တစ်ခု​အဖြစ် သူတို့​ယူမှတ်​ကြ​ပါ​လိမ့်​မည်။ လူတိုင်း၊ မိသားစု​တိုင်း ကျိုးနွံ​ခြင်း​မှ​ဖြစ်ပေါ်​လာသော ငြိမ်သက်ခြင်း​ကောင်းချီး​ခံစားရ​သောအခါ မည်မျှ​ဝမ်းသာ​ကြ​မည်​ပါ​တကား!

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရှုသည် ကျိုးနွံ​စွာ​ဖြင့် ပြုလေရာရာ​အတွက် ယေဟောဝါ​အား​ဂုဏ်တင်​ခဲ့