မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကို ယေရှုခရစ် ကူညီနိုင်ပုံ

ကျွန်ုပ်တို့ကို ယေရှုခရစ် ကူညီနိုင်ပုံ

ကျွန်ုပ်​တို့ကို ယေရှု​ခရစ် ကူညီ​နိုင်​ပုံ

ယေရှု​ခရစ် မြေကြီးပေါ်​ရှိ​စဉ် လူ​တို့ကို ကူညီပေး​ရန်ပြု​လုပ်ခဲ့သမျှ​သည် အံ့သြဖွယ်ကောင်း​လှ​ပေ​သည်။ ယင်းသည် အလွန်​မှန်ကန်​သဖြင့် ယေရှု​ဘဝ၏​ဖြစ်ရပ်​များစွာကို ပြန်​ဖော်ပြ​ပြီး​နောက် မျက်မြင်​သက်သေ​တစ်ဦး​က ဤသို့​ပြောပြ​ခဲ့​သည်– “သူ၏​သက်သေခံချက်​မှန်သည်​ကို ငါ​တို့​သိ​ကြ​၏။ ယေရှု​ပြု​တော်​မူ​သော အခြား​အမှုအရာ​အများ​ရှိသေး၏။ ထို​အမှုအရာ​ရှိသမျှ​တို့ကို အသီးအခြား​ရေးထား​လျှင်၊ မြေကြီး​မဆံ့​နိုင်အောင် ကျမ်းစာ​များပြား​လိမ့်​မည်​ဟု ထင်မှတ်​ခြင်း​ရှိ၏။” (ယောဟန် ၂၁:၂၅) ကမ္ဘာ​မြေကြီးပေါ်​တွင် ယေရှု များစွာ​လုပ်ဆောင်ခဲ့​ခြင်း​ကြောင့် ကျွန်ုပ်​တို့ ဤသို့​မေး​ကြ​ပေမည်– ‘ကိုယ်တော်​သည် ကောင်းကင်​တွင် ကျွန်ုပ်​တို့ကို မည်သို့​ကူညီပေး​နိုင်​မည်​နည်း။ ယေရှု၏​သနား​ကြင်နာ​မှု​မှ ယခု ကျွန်ုပ်​တို့​အကျိုး​ရနိုင်​ကြ​သလော။’

အဖြေ​မှာ တကယ်​ဝမ်းသာ​အားရစရာ​ဖြစ်သည်။ သမ္မာကျမ်းစာ​က ခရစ်တော်​သည် “ငါ​တို့အတွက်​ကြောင့် ယခု ဘုရားသခင်​၏​ရှေ့တော်၌ ကိုယ်ကို​ပြ​ခြင်း​ငှာ၊ ကောင်းကင်​ကိုယ်ထဲ​သို့​ဝင်တော်မူ​ပြီ” ဟု​ဆို​သည်။ (ဟေဗြဲ ၉:၂၄) ကျွန်ုပ်​တို့အတွက် အဘယ်အရာ​ပြု​ပေး​ခဲ့​သနည်း။ တမန်​တော်​ပေါလု​က ဤသို့​ရှင်းပြသည်– “[ခရစ်တော်​သည်] ငါ​တို့​အဖို့ ထာဝရ​ရွေးနုတ်ခြင်း​ကျေးဇူး​ကို​ခံရ​၍ ဆိတ်​အသွေး၊ နွား​ကလေး​အသွေး​နှင့်​မဟုတ်၊ မိမိ​အသွေးတော်​နှင့်​သန့်ရှင်း​ရာ​ဌာန [“ကောင်းကင်”] ထဲ​သို့ တစ်ခါတည်း​ဝင်တော်မူ​၏” ဟူ၍​ရှင်းပြ​ခဲ့​သည်။—ဟေဗြဲ ၉:၁၂; ၁ ယောဟန် ၂:၂

ယင်းသည် သတင်းကောင်း​ပါ​တကား! လူ​တို့အတွက် ယေရှု​ပြု​တော်​မူ​သော​အံ့ဖွယ်အမှု​အဆုံးသတ်​သွား​မည့်​အစား ကိုယ်တော်​ကောင်းကင်​တက်ကြွ​ခြင်း​က လူသားတို့​အတွက် သာ၍​ပြုလုပ်​ပေး​နိုင်စွမ်း​ရှိစေသည်။ အကြောင်း​မှာ ဘုရားသခင်​၏​ကြီးမား​လှ​သောမ​ခံစား​ထိုက်သည့် ကရုဏာတော်​အားဖြင့် “ကောင်းကင်ဘုံ​၌ တန်ခိုး​အာနုဘော်​တော်​၏​ပလ္လင်​လက်ယာ​ဘက်မှာ​ထိုင်​နေ​တော်​မူ” သည့် “ဘုရားဝတ်​ကို​ပြုသောသူ”—ယဇ်ပုရောဟိတ်မင်း—အဖြစ်​တာဝန်​ထမ်းဆောင်​ရန်​ယေရှုကို​ကိုယ်တော်​ခန့်အပ်​ခဲ့​ခြင်း​ကြောင့်​ဖြစ်သည်။—ဟေဗြဲ ၈:၁၊ ၂

“လူထု​အကျိုးဆောင်”

သို့​ဖြစ်၍ ကောင်းကင်​တွင် ယေရှုသည် လူသားတို့​အတွက် လူထု​အကျိုးဆောင်​ဖြစ်​ပေမည်။ ရှေး​ဣသရေလ​တို့၏​အချိန်​က ဘုရားသခင်​အား​ဝတ်ပြုသူ​များ​အတွက် ဣသရေလ​ယဇ်ပုရောဟိတ်​မင်းကြီး ဆောင်ရွက်​ခဲ့​ရသော​လုပ်ငန်း​မျိုးကို ကိုယ်တော်​ဆောင်ရွက်​ရ​ပေ​လိမ့်​မည်။ ထို​လုပ်ငန်း​ကား အဘယ်နည်း။ ပေါလု​က ဤသို့​ရှင်းပြသည်– “ယဇ်ပုရောဟိတ်မင်း​မည်​သည်​ကား၊ ပူဇော်​သကာ​နှင့်​ယဇ်ကို​ပူဇော်​စေခြင်း​ငှာ ခန့်​ထား​လျက်​ရှိသည်​ဖြစ်၍၊ ငါ​တို့​ယဇ်ပုရောဟိတ်မင်း (တက်ကြွ​သွားသော​ယေရှု​ခရစ်) သည်လည်း ပူဇော်​စ​ရာ​ယဇ်​တစ်စုံတစ်ခု​ရှိ​ရ၏။”—ဟေဗြဲ ၈:၃

ယေရှုသည် ရှေး​ဣသရေလ​ယဇ်ပုရောဟိတ်​မင်းကြီး​ထက် အဆပေါင်း​များစွာ​သာလွန်​သည့်​အရာ​ကို ပူဇော်​ခဲ့​ရသည်။ “နွား​အသွေး၊ ဆိတ်​အသွေး” သည် ရှေး​ဣသရေလလူ​တို့ကို အတိုင်းအတာ​တစ်ခု​အထိ ဝိညာဉ်​ရေး​သန့်ရှင်းမှု​ရှိစေ​နိုင်​ခဲ့​လျှင် “ခရစ်တော်​၏​အသွေး​သည်၊ သေခြင်းနှင့်​စပ်ဆိုင်​သော​အကျင့်ကို​ပယ်ရှင်း​၍၊ . . . အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို ဝတ်ပြု​မည်​အကြောင်း၊ . . . ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို စင်ကြယ်​စေခြင်း​ငှာ၊ သာ၍​တတ်နိုင်​တော်​မူ​သည်မဟုတ်​လော။”—ဟေဗြဲ ၉:၁၃၊ ၁၄

ယေရှုသည် မသေ​နိုင်သော​အဖြစ်ကို​ပေးသနား​ခံရ​သောကြောင့် ထူးချွန်​သော​လူထု​အကျိုးဆောင်​တစ်ဦး​လည်း​ဖြစ်သည်။ ရှေး​ဣသရေလ​နိုင်ငံ​တွင် ယဇ်ပုရောဟိတ်​များသည် “သေရ​သောကြောင့် အစဉ်​မတည်​နိုင်​သည်​ဖြစ်၍” ထို​အရာ​ကို​ဆက်ခံ​ရသူ “အများ​ရှိ​ရ​ကြ​၏။” သို့သော် ယေရှု​နှင့်​ပတ်သက်​၍ အသို့နည်း။ ပေါလု​က ဤသို့​ရေးထားသည်– “ယေရှု​မူ​ကား . . . မ​ပြောင်း​မလဲ​သော​ယဇ်ပုရောဟိတ်​အရာ​၌ ခန့်​ထား​လျက်​ရှိ၏။ ထို့​ကြောင့်၊ အ​ကြင်​သူတို့သည် ယေရှု​အားဖြင့် ဘုရားသခင့်​အထံတော်​သို့​ချဉ်းကပ်​ကြ​၏၊ ထို​သူတို့၏​အမှုကို ကိုယ်တော်​သည်​စောင့်​လျက်၊ ကာလ​အစဉ်​အသက်ရှင်​သောကြောင့်၊ သူတို့ကို​အစဉ်​ကယ်တင်ခြင်း​ငှာ တတ်နိုင်​တော်​မူ​၏။” (ဟေဗြဲ ၇:၂၃-၂၅; ရောမ ၆:၉) မှန်ပါသည်၊ ကောင်းကင်​တွင် ဘုရားသခင့်​လက်ယာဘက်​၌ ‘ကျွန်ုပ်​တို့အတွက်​အသနားခံ​ပေး​သည့် ကာလ​အစဉ်​အသက်ရှင်​တော်​မူ​သော လူထု​အကျိုးဆောင်​တစ်ပါး’ ရှိသည်။ ယင်းက ယခု ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း စဉ်းစား​ကြည့်​ပါ!

ယေရှု မြေကြီးပေါ်​ရှိ​စဉ်​က လူတို့သည် အကူအညီ​ရဖို့​အတွက် ကိုယ်တော်​ထံ​စုရုံး​၍​လာ​ခဲ့​ကြသည်၊ သူတို့သည် ကိုယ်တော်​၏​ထောက်မမှုကို ရရှိနိုင်​ရန် ရံဖန်ရံခါ ဝေးလံ​သော​နေရာ​အထိ ခရီးဆန့်​ခဲ့​ကြသည်။ (မဿဲ ၄:၂၄၊ ၂၅) လူမျိုး​အားလုံး​မှ​သူတို့သည် ယေရှု​ထံ​ချဉ်းကပ်​နိုင်​ဖို့ ကောင်းကင်​တွင် ကိုယ်တော်​အသင့်ရှိ​လေ​သည်။ ကိုယ်တော်​သည် လူထု​အကျိုးဆောင်​တစ်ဦး​အဖြစ် ကောင်းကင်​အမြင့်​အရပ်မှ​နေ၍ အစဉ်အမြဲ​ကူညီ​ရန် အသင့်ရှိ​တော်​မူ​သည်။

ယေရှုသည် မည်သို့သော​ယဇ်ပုရောဟိတ်​ဖြစ်သနည်း

ခရစ်ဝင်​ကျမ်း​မှတ်တမ်းများတွင် ရေးဆွဲ​ထားသော ယေရှု​ခရစ်တော်​၏​ရုပ်လုံး​က ကိုယ်တော်​၏​မစ​ကူညီ​မှု၊ သနား​ကြင်နာ​မှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ကို သံသယ​ကင်းဝေး​စေ​သည်။ ကိုယ်တော်​သည် တကယ်​ပင်​ကိုယ်ကျိုး​စွန့်ခဲ့​လေ​ခြင်း! တစ်ကြိမ်​ထက်မက ကိုယ်တော်​နှင့် ကိုယ်တော့်​တပည့်တော်​များသည် လိုအပ်​သည့်​အနားယူ​ဖို့ ကြိုးစား​အားထုတ်​နေကြ​ချိန်​၌ နှောင့်ယှက်​ခံ​ခဲ့​ရသည်။ ကိုယ်တော်​သည် အဖိုးတန်​လှ​သည့်​ငြိမ်သက်မှု​ကို လက်လွတ်​ဆုံးရှုံး​လိုက်ရ​၏​ဟု ခံစားရ​မည့်​အစား မိမိ၏​ကူညီ​ထောက်မမှုကို ရှာဖွေကြ​သော​သူတို့​အပေါ် “သနားသော​စိတ်” ဖြစ်ပေါ်​ခဲ့​သည်။ ယေရှုသည် မောပန်း​နွမ်း​နယ်၊ ဆာလောင်​၍ ရေငတ်​နေ​လင့်​ကစား “ထို​လူများ​ကို​လက်ခံ​တော်​မူ​လျက်” စိတ်​ရိုး​ဖြောင့်သော​အပြစ်သားများကို ကူညီ​ခွင့်​ရမည်​ဆိုလျှင် အစာ​ပင်မ​စား​ဘဲ​နေ​ရန် တလိုတလား​ရှိခဲ့​၏။—မာကု ၆:၃၁-၃၄; လုကာ ၉:၁၁-၁၇; ယောဟန် ၄:၄-၆၊ ၃၁-၃၄

သနားခြင်း​စိတ်​စေ့ဆော်မှု​နှင့်​အညီ ယေရှုသည် လူတို့၏​ကာယရေး၊ စိတ်​လှုပ်ရှားမှု​နှင့် ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​ရန် လက်တွေ့ကျ​နည်းလမ်းများ​ကို အသုံးပြု​ခဲ့​သည်။ (မဿဲ ၉:၃၅-၃၈; မာကု ၆:၃၅-၄၄) ထို​ထက်မက တည်မြဲသော​သက်သာမှု​နှင့် နှစ်သိမ့်မှု​ရရှိရန် ကိုယ်တော်​သွန်သင်​ပေး​ခဲ့​သည်။ (ယောဟန် ၄:၇-၃၀၊ ၃၉-၄၂) ဥပမာ၊ ကိုယ်တော်တိုင်​၏ ဤ​ဖိတ်ခေါ်ချက်​သည် တကယ်​စွဲမက်​ဖွယ်​ကောင်း​လိုက်​လေ​ခြင်း– “ဝန်လေး၍​ပင်ပန်း​သော​သူအပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည်​ချမ်းသာပေး​မည်။ ငါ့​ထမ်းပိုး​ကို​တင်၍​ထမ်း​ကြလော့။ ငါ့ထံ၌​နည်းခံ​ကြလော့။ ငါသည် နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော​ရှိ၏။ သင်တို့​စိတ်နှလုံး​သည် သက်သာခြင်း​ကို​ရ​လိမ့်​မည်။”—မဿဲ ၁၁:၂၈၊ ၂၉

လူ​တို့​အပေါ် ယေရှု၏​မေတ္တာသည် အလွန်​ကြီးမား​လှ​သဖြင့် အဆုံး​တွင် အပြစ်သား​တစ်ရပ်လုံး​အတွက် မိမိ၏​အသက်ကို​ပေးဆက်​ခဲ့​သည်။ (ရောမ ၅:၆-၈) ယင်း​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​က ဤသို့​ဆင်ခြင်​ခဲ့​သည်– “မိမိ [ယေဟောဝါ​ဘုရားသခင်] သားတော်ရင်းကို​မ​နှမြော​ဘဲ၊ ငါ​တို့​ရှိသမျှ​အဖို့​အ​လို့​ငှာ စွန့်​တော်​မူ​သော​သူသည်၊ သားတော်​နှင့်​တကွ ခပ်သိမ်း​သော​အရာ​တို့ကို ငါ​တို့အား​မပေး​ဘဲ အဘယ်​သို့​နေ​တော်​မူ​မည်​နည်း။ . . . အသေခံ​၍​ခံ​သည်​သာမက၊ သေခြင်း​မှ​ထမြောက်​၍ ဘုရားသခင်​၏​လက်ယာတော်​ဘက်၌​နေ​လျက်၊ ငါ​တို့​အဖို့​ဆုတောင်း​သော​သူ​ကား ခရစ်တော်​ပေ​တည်း။”—ရောမ ၈:၃၂-၃၄

ထောက်ထား​စာနာ​နိုင်သော ယဇ်ပုရောဟိတ်​မင်းကြီး

လူသား​တစ်ဦး​အနေ​ဖြင့် ယေရှုသည် ဆာလောင်​ခြင်း၊ ရေငတ်​ခြင်း၊ မောပန်း​နွမ်း​နယ်​ခြင်း၊ စိတ်ထိခိုက်​ခြင်း၊ နာကျင်ခြင်း​နှင့် သေခြင်းကို ကြုံတွေ့​ခဲ့​ရသည်။ ကိုယ်တော်​ခံရပ်​တော်​မူ​ခဲ့​သော ဖိစီးမှု​နှင့် ဖိအားပေး​မှု​တို့​က ဝေဒနာ​ခံစား​နေရ​သော​လူသားတို့​အတွက် ယဇ်ပုရောဟိတ်မင်း​အဖြစ်​တာဝန်​ထမ်းဆောင်​ရန် ထူးခြားသော​နည်းလမ်း​ဖြင့် ကိုယ်တော့်​ကို​ပြင်ဆင်​ပေး​ခဲ့​သည်။ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “[ယေရှုသည်] လူတို့၏​အပြစ်ဖြေ​စ​ရာ​အကြောင်းကို​စီရင်၍၊ ဘုရားသခင်​နှင့်​စပ်ဆိုင်​သော​အရာ​တို့​၌ ကရုဏာ​နှင့်​လည်းကောင်း၊ သစ္စာ​နှင့်​လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်​အကြီး​ဖြစ်​အံ့​သော​ငှာ မိမိ ‘ညီအစ်ကို​တို့’ နှင့်​လုံးလုံး​တူ​ရသော​အကြောင်း​ရှိ၏။ ထိုသို့ စုံစမ်း​နှောင့်ယှက်ခြင်း​ကို ကိုယ်တော်တိုင်​ခံ​၍ . . . ဆင်းရဲခြင်း​၌​ကျင်လည်​သောကြောင့်၊ စုံစမ်း​နှောင့်ယှက်ခြင်း​အမှု​နှင့်​တွေ့ကြုံ​သော​သူတို့ကို မစခြင်း​ငှာ​တတ်နိုင်​တော်​မူ​၏။”—ဟေဗြဲ ၂:၁၇၊ ၁၈; ၁၃:၈

ယေရှုသည် လူ​တို့ကို ဘုရားသခင်​ထံ​ချဉ်းကပ်​စေခြင်း​ငှာ အရည်အချင်း​ပြည့်မီ​၍ ကူညီ​လို​စိတ်​ရှိသောသူ​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့ပြီ။ ထို့​ကြောင့် ကိုယ်တော်​သည် ခက်ထန်​၍ ကရုဏာ​ကင်းမဲ့​သည့် ခွင့်လွှတ်​ရန်​နှောင့်နှေး​သော ဘုရားသခင်​တစ်ပါး​ကို ဖျောင်းဖျ​နေရ​သည်​ဟု ဆိုလိုခြင်း​လော။ လုံးဝ​မဟုတ်ပါ၊ အကြောင်း​မှာ သမ္မာကျမ်းစာ​က “[“ယေဟောဝါ၊” က​ဘ] သည် ကောင်းသော​သဘော၊ သည်းခံ​တတ်သော​သဘော​နှင့်​ပြည်​စုံ” တော်​မူ​၏​ဟု အာမခံ​သည်။ ဤသို့​လည်း​ဆို​သည်– “ကိုယ်​အပြစ်​တို့ကို​ဖော်ပြ​တောင်းပန်​လျှင်၊ ငါ​တို့​အပြစ်​များ​ကို​လွှတ်​၍ ဒုစရိုက်​ရှိသမျှ​နှင့်​ကင်းစင်​စေခြင်း​ငှာ ဘုရားသခင်​သည် သစ္စာတရား​နှင့်​လည်းကောင်း၊ ဖြောင့်မတ်ခြင်း​တရား​နှင့်​လည်းကောင်း ပြည့်စုံ​တော်​မူ​၏။” (ဆာလံ ၈၆:၅; ၁ ယောဟန် ၁:၉) အမှန်​မှာ၊ ယေရှု၏​ကြင်နာ​သော​စကား​များနှင့် အပြု​အမူ​များ​က ခမည်းတော်​၏ထောက်ထား​စာနာမှု၊ သနား​ကြင်နာ​မှု​နှင့် မေတ္တာကို ရောင်ပြန်ဟပ်​ပြ​ခြင်း​ဖြစ်သည်။—ယောဟန် ၅:၁၉; ၈:၂၈; ၁၄:၉၊ ၁၀

နောင်တ​ယူ​သော​အပြစ်သားများကို ယေရှု မည်သို့​သက်သာ​စေတော်မူ​သနည်း။ ဘုရားသခင့်​အလိုတော်နှင့်​တွေ့​ရန် စိတ်ရင်းမှန်​သူတို့၏​ကြိုးပမ်းမှု​များ​၌ ပျော်ရွှင်မှု​နှင့် ကျေနပ်​ရောင့်ရဲမှု​ကို​ရရှိဖို့ သူတို့ကို ကူညီ​ပေးခြင်း​အားဖြင့်​ဖြစ်သည်။ ဘိသိက်ခံ​ခရစ်ယာန်​ချင်း​တို့​ထံ စာရေး​ရာ​တွင် ဤသို့​ပြောဆိုခြင်း​အားဖြင့် အခြေအနေ​ကို ပေါလု​အကျဉ်းချုပ်​ဖော်ပြ​သည်– “ယခု​မူ​ကား၊ ကောင်းကင်ဘုံ​ထဲ​သို့​ကြွဝင်​တော်​မူ​သော ယဇ်ပုရောဟိတ်​မင်းကြီး​တည်း​ဟူသော ဘုရားသခင်​၏​သားတော်​ယေရှုသည် ငါ​တို့​၌ ယဇ်ပုရောဟိတ်မင်း​ဖြစ်​တော်​မူ​သောကြောင့်၊ ငါ​တို့သည် ဝန်ခံခဲ့​ပြီး​သော​အရာ​၌​တည်ကြည်​ကြ​ကုန်​အံ့။ ငါ​တို့​ယဇ်ပုရောဟိတ်မင်း​သည် ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခများ​ကြောင့် မကြင်နာ​နိုင်သော​သူ​မဟုတ်။ ငါ​တို့​ခံရ​သည်​နည်းတူ၊ အမျိုးမျိုးသော​စုံစမ်း​နှောင့်ယှက်ခြင်း​တို့ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ​၏။ သို့ရာတွင်၊ ဒုစရိုက်[မကောင်းမှု] အပြစ်​နှင့်​ကင်းလွတ်​တော်​မူ​၏။ ထို့​ကြောင့်၊ ငါ​တို့သည် သနားခြင်း​ကရုဏာ​ကိုလည်း​ကောင်း၊ တော်လျော်​သောမ​စ​ခြင်း​ကျေးဇူးတော်​ကိုလည်း​ကောင်း ခံရ​မည်​အကြောင်း ရဲရင့်​သော​စိတ်​နှင့် ကျေးဇူး​ပလ္လင်တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​အံ့။”—ဟေဗြဲ ၄:၁၄-၁၆

“တော်မှန်​သော​အချိန်တွင် အကူအညီ”

သို့သော် ကျွန်ုပ်​တို့​ဖြေရှင်း​နိုင်​သည်ထက် သာ၍​ကြီးမား​သည်​ဟု​ယူမှတ်​ရသော​ပြဿနာ​များ—အပြင်းအထန်​ဖျားနာခြင်း၊ အပြစ်​၏​ကျိုးပဲ့​ကြေမွ​သော​ဝန်၊ စိတ်ပျက်​အားလျော့​မှု​လွှမ်းမိုး​ခံရ​ခြင်း​နှင့် စိတ်ဓာတ်ကျ​ဆင်း​ခြင်း​ကို ထိပ်တိုက်​ရင်ဆိုင်​ကြ​ရသည့်​အခါ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​ကြ​သနည်း။ ယေရှု​ကိုယ်တော်တိုင် အမြဲ​ပင်​အားထား​တော်​မူ​ခဲ့​သည့် တန်ဖိုး​ရှိ​လှ​သော​ဆုတောင်းခြင်း​အခွင့်ထူး​ဖြစ်သည့် အထူး​ပြင်ဆင်​ပေး​ရာ​ကို ကျွန်ုပ်​တို့​အသုံးပြုနိုင်​ကြသည်။ ဥပမာ၊ ကိုယ်တော်​သည် ကျွန်ုပ်​တို့အတွက် မိမိ​အသက်ကို​မပေး​ဆက်​မီ​ည​က “အထူးသဖြင့်​ကြိုး​စား၍ ဆုတောင်း​တော်​မူ​၏။ ချွေး​ထွက်​တော်​မူ​သည်​ကား၊ မြေပေါ်​၌​ကျ​သော​သွေးစက်​ခဲ​ကဲ့သို့​ဖြစ်​သတည်း။” (လုကာ ၂၂:၄၄) မှန်ပါသည်၊ အလွန့်အလွန်​စိတ်အား​ထက်သန်​စွာ​ဖြင့် ဘုရားသခင်​ထံ​ဆုတောင်း​ရသည့်​ခံစားချက်​ကို ယေရှု​သိတော်မူ၏။ ကိုယ်တော်​သည် “ကြီးစွာ​သော ကြွေးကြော်​ခြင်း၊ မျက်ရည်ကျ​ခြင်း​နှင့် ဆုတောင်း . . . သဖြင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သဘော​ကြောင့် နားညောင်း​တော်​မူ​ခြင်း​ကို​ခံ” ခဲ့​ရသည်။—ဟေဗြဲ ၅:၇၊ ၈သမ္မာ။

လူတို့သည် “နားညောင်း​တော်​မူ​ခြင်း​ကို​ခံရ” ၍ အားပေးခံရ​သည့်​အခါ မည်မျှ​ခွန်အား​ရ​ကြောင်းကို ယေရှု​သိတော်မူ​သည်။ (လုကာ ၂၂:၄၃) ထို​မျှ​မ​က ကိုယ်တော်​က ဤသို့​ကတိပေး​တော်​မူ​ခဲ့​သည်– “သင်တို့သည် ငါ​၏​နာမကို​အမှီပြု၍ ခမည်းတော်​မှာ​ဆုတောင်း​သမျှ​တို့ကို ခမည်းတော်​သည်​ပေး​တော်​မူ​မည်။ . . . သင်တို့သည်​ဝမ်းမြောက်စရာ​အကြောင်း စုံလင်​စေခြင်း​ငှာ​တောင်း​ကြလော့။ ထိုသို့​တောင်းလျှင်​ရ​ကြလိမ့်မည်။” (ယောဟန် ၁၆:၂၃၊ ၂၄) သို့​ဖြစ်၍ ဘုရားသခင်​သည် ကိုယ်တော့်​သားတော်​၏​အခွင့်အာဏာ​နှင့် ရွေးနုတ်ဖိုး​၏​တန်ဖိုး​ကို ကျွန်ုပ်​တို့​အကျိုးအတွက် အသုံးပြုခွင့်​ပေး​ပါ​ရန် ယုံကြည်​စိတ်ချ​စွာ အသနားခံ​နိုင်​ကြသည်။—မဿဲ ၂၈:၁၈

ယေရှုသည် ကိုယ်တော်​၏​ကောင်းကင်​အခွင့်အာဏာဖြင့် သင့်လျော်​သော​အချိန်တွင် တော်မှန်​သည့်​အကူအညီ ပေး​လိမ့်​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြသည်။ ဥပမာ၊ ကျွန်ုပ်​တို့​ကျူးလွန်​မိ​သည့်​အပြစ်​တစ်ခု​အတွက် စိတ်ရင်းမှန်​ဖြင့်​နောင်တ​ယူ​လျှင် “ဖြောင့်မတ်​တော်​မူ​သော​အရှင် ယေရှု​ခရစ်​တည်း​ဟူသော ငါ​တို့​အမှုဆောင်​သခင်သည် ခမည်းတော်​ထံ​၌​ရှိ​တော်​မူ​၏” ဟူသော​အာမခံချက်​မှ နှစ်သိမ့်မှု​ရယူ​နိုင်​သည်။ (၁ ယောဟန် ၂:၁၊ ၂) ကောင်းကင်​ရှိ ကျွန်ုပ်​တို့ကို​ကူ​ညီမ​စ၍ နှစ်သိမ့်မှု​ပေးရှင်​သည် ကျွန်ုပ်​တို့​အဖို့ အသနားခံ​ပေး​သည့်​အတွက် ကိုယ်တော်​၏​နာမတော်​ကို​အမှီပြု​ပြီး သမ္မာကျမ်းစာ​နှင့်​အညီ​တောင်း​သော ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ဖြေကြား​ပါ​လိမ့်​မည်။—ယောဟန် ၁၄:၁၃၊ ၁၄; ၁ ယောဟန် ၅:၁၄၊ ၁၅

ခရစ်တော်​၏​ကူညီပေး​မှု​အတွက် ကျေးဇူး​တင်​လေးမြတ်မှု ပြသခြင်း

ကိုယ်တော်​၏​သားတော်​မှ​တစ်ဆင့် ဘုရားသခင်​ထံ တိုးလျှိုး​တောင်းပန်​ခြင်း​ထက်မက သာ၍​အကျုံးဝင်​သည်။ ကိုယ်တော့်​ရွေးနုတ်ဖိုး​ပူဇော်​သကာ​၏ တန်ဖိုး​ဖြင့် ‘ခရစ်တော်​ရွေးနုတ်’ ထား​ရာ ကိုယ်တော်​သည် လူသား​မျိုးနွယ်​ကို “ဝယ်ယူ​တော်​မူ​သော​အရှင်” ဖြစ်​လေ​သည်။ (ဂလာတိ ၃:၁၃; ၄:၅; ၂ ပေတရု ၂:၁) ကျွန်ုပ်​တို့အတွက် ခရစ်တော်​ပြုလုပ်​ပေး​ခဲ့​ရာ​အားလုံး​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း၊ ကျွန်ုပ်​တို့သည် ကိုယ်တော့်​ပိုင်ဆိုင်ရာ​ဖြစ်​ကြောင်း အသိအမှတ်ပြု​၍ ကိုယ်တော်​၏​ဤ​ဖိတ်ခေါ်ချက်​ကို ဝမ်းမြောက်​စွာ​တုံ့ပြန်​ခြင်း​အားဖြင့် တင်ပြ​နိုင်​ကြ​ပါ​သည်– “ငါ​၌​ဆည်းကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်ကို​ကိုယ်​ငြင်းပယ်​ရမည်။ ကိုယ်လက်​ဝါး​ကပ်တိုင်​ကို နေ့တိုင်း​ထမ်း၍ ငါ့​နောက်သို့​လိုက်ရမည်။” (လုကာ ၉:၂၃) ‘ကိုယ်ကို​ကိုယ်​ငြင်းပယ်​ခြင်း’ သည် ပိုင်ရှင်​ပြောင်းလဲ​သွားခြင်း​ကို နှုတ်ဖြင့်​ပြောဆို​ရုံ​သက်​သက်​မျှ​မဟုတ်​ချေ။ အမှန်​မှာ “အသက်ရှင်​သော​သူတို့သည် တစ်ဖန် ကိုယ်​အလို​သို့​လိုက်၍​မ​ရှင်၊ သူတို့​အတွက်​ကြောင့်​အသေခံပြီး​မှ ထမြောက်​တော်​မူ​သော” ခရစ်တော်​၏ “အလို​သို့​လိုက်၍” အသက်ရှင်​ကြ​ရမည်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) သို့​ဖြစ်၍ ရွေးနုတ်ဖိုး​အတွက် ကျေးဇူး​တင်​လေးမြတ်မှု​ရှိ​ခြင်း​က ကျွန်ုပ်​တို့၏​အမြော်အမြင်၊ ပန်းတိုင်​များနှင့် ဘဝ​ပုံစံ​ကို အကျိုးများစွာ​သက်ရောက်​စေပါ​လိမ့်​မည်။ ‘ကျွန်ုပ်​တို့အတွက် ကိုယ်ကို​ကိုယ်​စွန့်​တော်​မူ​သော ခရစ်တော်​ယေရှု’ ကို ကျွန်ုပ်​တို့​ထာဝစဉ်​အကြွေးတင်​နေကြ​ခြင်း​က ကိုယ်တော်​နှင့် ကိုယ်တော်​ချစ်​မြတ်နိုး​တော်​မူ​သော ယေဟောဝါ​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့​သာ၍​ရင်းနှီး​ကျွမ်းဝင်​ရန် စေ့ဆော်​ခံရ​သင့်​သည်။ ယုံကြည်ခြင်း​တိုးများ​လာပြီး ဘုရားသခင်​၏​အကျိုး​ဖြစ်ထွန်း​စေသော​စံနှုန်း​များ​အတိုင်း အသက်ရှင်​ရန်​နှင့် “ကောင်းသော​အကျင့်​ဘက်၌​စိတ်အားကြီး” နေ​ရန်​လည်း လှုံ့ဆော်​ခံရ​သင့်​သည်။—တိတု ၂:၁၃၊ ၁၄; ယောဟန် ၁၇:၃

ခရစ်ယာန်​အသင်းတော်သည် အချိန်တန်​အစာ၊ အားပေးမှု​နှင့် လမ်းညွှန်မှု​တို့​ရရှိ​သည့်​နေရာ​ဖြစ်၏။ (မဿဲ ၂၄:၄၅-၄၇; ဟေဗြဲ ၁၀:၂၁-၂၅) ဥပမာ၊ တစ်ဦး​တစ်ယောက်​သည် ဝိညာဉ်ရေးတွင်​ဖျားနာ​နေလျှင် “သင်း​အုပ် [ခန့်အပ်​ခံ​အကြီးအကဲ​များ] တို့ကို​ခေါ် . . . ကြ​စေ။” ယာကုပ်​က ထပ်ဆင့်၍​ဤသို့​အာမခံ​ထား​သည်– “ထို​သို့ပြုလျှင်၊ ယုံကြည်ခြင်း [“ဆုတောင်းချက်၊” က​ဘ] သည်​လူနာ​ကို​ကယ်ဆယ်​၍၊ သခင်​ဘုရား​သည် သူ့ကို​ထမြောက်​စေတော်မူ​မည်။ သူသည်​အပြစ်ပြု​မိ​သော်လည်း ထို​အပြစ်ကို​လွှတ်တော်​မူ​မည်။”—ယာကုပ် ၅:၁၃-၁၅

သာဓက​အနေ​ဖြင့် တောင်​အာဖရိကတွင် ထောင်ကျ​နေ​သူ​တစ်ဦး​သည် အသင်းတော်​တစ်ခု​ရှိ​အကြီးအကဲ​များ​ထံ​သို့ “ဘုရားသခင့်​နိုင်ငံ​တော်​နှင့်​ပတ်သက်​၍ လူ​တို့ကို ကြိုးစား​ကူညီပေး​ရာ​၌ ယေရှု​ခရစ်​၏​မိန့်မှာချက်​အတိုင်း လုပ်ငန်း​မွန်​ကို​လုပ်ဆောင်နေ​ကြ​သည့် ယေဟောဝါသက်သေ​အားလုံး” ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း စာရေး​အကြောင်းကြား​ခဲ့​သည်။ ထို့နောက် သူက​ဤသို့​ရေးသားခဲ့​သည်– “သင့်ထံ​မှ စာ​ကို​လက်ခံရ​ရှိသည့်​အတွက် ကျွန်တော် အကြီးအကျယ်​ဝမ်းသာ​ခဲ့​သည်။ ကျွန်တော်​၏​ဝိညာဉ်​ရေး​အတွက် သင့်​စိုးရိမ်​ပူပန်မှု​က ကျွန်တော့်​ကို နက်နက်ရှိုင်းရှိုင်း​ထိမိ​ခဲ့​သည်။ ကျွန်တော်​နောင်တ​ယူ​ရန် ယေဟောဝါ​ဘုရားသခင်​၏​ဖိတ်ခေါ်​သံ​ကို ဂရုစိုက်​ဖို့ အကြောင်း​ပို​များ​လာ​ပါ​ပြီ။ ကျွန်တော်​သည် အပြစ်၊ ကောက်ကျစ်​စဉ်းလဲမှု၊ ဥပဒေ​နှင့် ငြိ​စွန်း​မှုများ၊ အကျင့်ပျက်​ပြား​မှုများ​နှင့် အမှားအမှန်​ဝေခွဲမရ​သော​ဘာသာရေး​များ​၏ အမှောင်ထု​ထဲ​တွင် ၂၇ နှစ်လုံး​လုံး ခြေချော်​၍ လမ်းပျောက်​နေခဲ့​သည်။ ယေဟောဝါသက်သေ​များ​အကြောင်း ကြားသိ​ပြီး​သည့်​အချိန်​မှ​စ၍ ကျွန်တော်​သည် အခု​မှ​လမ်းမှန်​ကို တွေ့​ပြီ​ဟု​ခံစား​မိ​သည်! ကျွန်တော်​လုပ်​ရမည်​မှာ ထို​အတိုင်း​လိုက်​ဖို့​သာ​ကျန်​တော့​သည်။”

မဝေးတော့​သည့်​အနာဂတ်​တွင် နောက်ထပ်​အကူအညီ

ယိုယွင်း​ပျက်စီး​နေသော ကမ္ဘာ့​အခြေအနေ​များ​က ကျွန်ုပ်​တို့သည် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ သို့​ဦးတည်​နေသော အရေးကြီး​သည့်​အချိန်၌ အသက်​ရှင်​နေကြ​ကြောင်း ထင်ရှား​ပါ​သည်။ ယခု​တွင်​ပင် အသီးသီး​ဘာသာ​စကား​တို့ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ လူအုပ်ကြီးသည် “မိမိတို့​ဝတ်လုံကို သိုးသငယ်​၏​အသွေး​၌​လျှော်​၍​ဖြူ​စေ” နေကြ​သည်။ (ဗျာဒိတ် ၇:၉၊ ၁၃၊ ၁၄; ၂ တိမောသေ ၃:၁-၅) ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​၌ ယုံကြည်ခြင်း​အားဖြင့် သူတို့သည် အပြစ်လွှတ်ခြင်း​ခံ​ကြ​ရပြီး ဘုရားသခင်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ရန် ကူညီ​ပေးခြင်း​ခံ​နေကြ​ရသည်—အမှန်​မှာ၊ ကိုယ်တော်​၏​မိတ်ဆွေများ ဖြစ်လာ​ကြသည်။—ယာကုပ် ၂:၂၃

သိုးသငယ် ယေရှု​ခရစ်​သည် “သူတို့ [ကြီးစွာ​သော​ဆင်းရဲ​မှ လွတ်မြောက်​လာ​သူများ] ကို​လုပ်ကျွေး​၍၊ အသက်​စမ်းရေ​တွင်း​သို့ လမ်းပြ​လိမ့်​မည်။ ဘုရားသခင်​သည်လည်း သူတို့​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို​သုတ်​တော်​မူ​မည်။” (ဗျာဒိတ် ၇:၁၇) ထို​အခါ ခရစ်တော်​သည် ယဇ်ပုရောဟိတ်​မင်းကြီး​အဖြစ် မိမိ၏​တာဝန်​ကို​အပြည့်အဝ​ထမ်းဆောင်​ပေ​လိမ့်​မည်။ ကိုယ်တော်​သည် ဘုရားသခင်​၏​မိတ်ဆွေ​အားလုံး​ကို “အသက်​စမ်းရေ​တွင်း” မှ ဝိညာဉ်​ရေး၊ ကာယရေး၊ စိတ္တ​ရေး​နှင့် စိတ်​လှုပ်ရှားမှု​ဘက်​ဆိုင်ရာ အကျိုးကျေးဇူးများ အပြည့်အဝ​ရရှိစေရန် ကူညီပေး​ပါ​လိမ့်​မည်။ စီ.အီး. ၃၃ ခုနှစ်​တွင် ယေရှု​စတင်​ခဲ့​ပြီး ကောင်းကင်​မှ​ဆက်လက်​၍​ဆောင်ရွက်​နေသော​လုပ်ငန်း​ကို ပြည့်ဝ​စုံလင်​သည့်​အထိ ဆောင်ရွက်​သွားပေ​မည်။

သို့​ဖြစ်၍ ကျွန်ုပ်​တို့အတွက် ဘုရားသခင်​နှင့် ခရစ်တော်​ပြုလုပ်​ပေး​ခဲ့​သမျှ—ပြုလုပ်​ပေး​နေသည့်—အရာအားလုံး​အတွက် ကျေးဇူး​တင်​လေးမြတ်မှု​ကို ဘယ်တော့​မျှ​မလျှော့ပေါ့​စေပါ​နှင့်။ တမန်​တော်​ပေါလု​က ဤသို့​တိုက်တွန်း​ခဲ့​သည်– “သခင်​ဘုရား​၌​အစဉ်မပြတ်​ဝမ်းမြောက်ခြင်း​ရှိကြလော့။ . . . အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့်၊ သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင်မ​လိမ့်​မည်။”—ဖိလိပ္ပိ ၄:၄၊ ၆၊ ၇

ကောင်းကင်​တွင်ရှိသော ကျွန်ုပ်​တို့ကို​ကူညီပေး​သည့်​အရှင် ယေရှု​ခရစ်​အား ကျေးဇူး​တင်​လေးမြတ်​ကြောင်း​ပြသ​ရန် ထူးခြားသော​နည်းလမ်း​တစ်ရပ် ရှိသည်။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီ ၁၉ ရက်၊ ဗုဒ္ဓဟူး​နေ့ နေဝင်ပြီး​ချိန်​တွင် ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် ခရစ်တော်​၏​သေခြင်းကို သတိရအောက်မေ့ပွဲ​ကျင်းပ​ရန် စုရုံး​ကြ​ပေ​လိမ့်​မည်။ (လုကာ ၂၂:၁၉) ခရစ်တော်​၏​ရွေးနုတ်ဖိုး ပူဇော်​သကာ​အတွက် သင်၏​ကျေးဇူး​တင်​လေးမြတ်မှု တိုးပွား​လာ​စေရန် ထို​အချိန်တွင် အခွင့်အရေး​ရ​ပေ​လိမ့်​မည်။ ခရစ်တော်​မှ​တစ်ဆင့် ကယ်တင်ခြင်း​ရ​ရန် ဘုရားသခင်​၏​အံ့ချီးဖွယ်​အစီအစဉ်သည် သင့်ကို မည်သို့​ထာဝစဉ်​အကျိုးကျေးဇူး​ဖြစ်ထွန်း​စေနိုင်​မည့်​အကြောင်း လာရောက်​ကြားနာရန် နွေးထွေး​လှိုက်လှဲ​စွာ သင့်​အား​ဖိတ်ခေါ်ပါ​သည်။ ဤ​အထူး​အစည်းအဝေး​၏​အချိန်​နှင့် နေရာ​အတိအကျ​ကို​သိရှိ​ရန် ကျေးဇူးပြု​၍ ဒေသခံ​ယေဟောဝါသက်သေ​များနှင့် ဆက်သွယ်​မေးမြန်းပါ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်​ထံ ထက်သန်​စွာ​ဆုတောင်းခြင်း​၏​ခံစားချက်​ကို ယေရှု​သိတော်မူ၏

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့​တစ်ဦးတည်း​ကိုင်တွယ်​နိုင်​သည်ထက် သာ၍​ကြီးမားသော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​ဖို့ ခရစ်တော်​ကူညီပေး​လိမ့်​မည်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မေတ္တာပြည့်​ဝ​သော အကြီးအကဲ​များ​အားဖြင့် ခရစ်တော်​သည် ကျွန်ုပ်​တို့ကို​ကူညီပေး​သည်