မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စီနီဂဲလ်နိုင်ငံတွင် ခရစ်ယာန်မျှော်လင့်ချက်ကိုဝေမျှခြင်း

စီနီဂဲလ်နိုင်ငံတွင် ခရစ်ယာန်မျှော်လင့်ချက်ကိုဝေမျှခြင်း

ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​ရှိသော​လူစား​ဖြစ်​ကြ

စီ​နီ​ဂဲ​လ်​နိုင်ငံ​တွင် ခရစ်ယာန်​မျှော်လင့်ချက်ကို​ဝေမျှခြင်း

ရှေး​အချိန်​ကတည်းက ငါး​သည် အဓိက​စား​ကုန်​ဖြစ်​ခဲ့​သည်။ နှစ်ပေါင်း​ထောင်နှင့်ချီ​၍ လူတို့သည် ကမ္ဘာ့​ပင်လယ်​များ၊ ကန်​များနှင့် မြစ်များ​တွင် ငါးဖမ်း​ခဲ့​ကြ​၏။ ယေရှု​ခရစ်​၏​တမန်​တော်​အချို့​သည် ဂါလိလဲ​ပင်လယ်​မှ တံငါသည်​များ​ဖြစ်​ခဲ့​ကြသည်။ သို့သော် ယေရှုသည် သူတို့ကို ငါးဖမ်း​ခြင်း​နောက်​တစ်မျိုး သင်ပေးခဲ့​သည်။ ၎င်း​သည် တံငါသည်​များ​ကို​သာမက ငါး​ကိုလည်း​အကျိုး​ရှိစေ​မည့် ဝိညာဉ်​ရေး​ငါးဖမ်း​ခြင်း​ဖြစ်​သတည်း!

ယင်း​နှင့်​ပတ်သက်​၍ ယေရှုသည် တံငါသည်​ပေတရု​ကို “သင်သည် ယခု​မှ​စ၍ လူ​တို့ကို​ဖမ်းမိ​သော​သူ​ဖြစ်​လိမ့်​မည်” ဟု​ပြော​ခဲ့​သည်။ (လုကာ ၅:၁၀) ဤ​ငါးဖမ်း​ခြင်း​မျိုးကို ယနေ့ စီ​နီ​ဂဲ​လ်​နိုင်ငံ​အပါအဝင် နိုင်ငံ​ပေါင်း ၂၃၀ ကျော်​တွင် လုပ်ဆောင်​လျက်​ရှိသည်။ (မဿဲ ၂၄:၁၄) ဤ​နေရာတွင် မျက်မှောက်ခေတ် ‘လူကို​ဖမ်း​သော​တံငါသည်​များ’ သည်​သူတို့၏​ခရစ်ယာန်​မျှော်လင့်ချက်ကို အခြားသူများ​အား ရဲရင့်စွာ​ဝေမျှ​ကြ​၏။—မဿဲ ၄:၁၉

စီ​နီ​ဂဲ​လ်​သည် အာဖရိက​၏​အနောက်ဘက်​အစွန်​ဆုံး​နေရာတွင် တည်ရှိ​သည်။ ဤ​နိုင်ငံ​သည် မြောက်ဘက်​ရှိ ဆာဟာရ​နယ်စပ်​ဒေသ​သဲကန္တာရ​မှ တောင်ဘက်​ရှိ ကာ​ဇာ​မာန်​စ်​ဒေသ​၏​စိုစွတ်​သော​သစ်တော​အထိ ကျယ်ပြန့်​သည်။ စီ​နီ​ဂဲ​လ်​သည် အတ္တ​လ​န်​တိတ်​မှ အေးမြ​လတ်ဆတ်​သော လေပြေ​လေညင်း​များ​အပြင် ကန္တာရ​မှ ခြောက်သွေ့​သော​လေ​များ​တိုက်​နေသည့် နိုင်ငံ​တစ်နိုင်ငံ​ဖြစ်သည်။ ဤ​တွင် လူဦးရေ​ကိုး​သန်း​ကျော် နေထိုင်ကြ​သည်။ စီ​နီ​ဂဲ​လ်​နိုင်ငံသား​များ​၏​ဧည့်ဝတ်​ကျေပွန်​မှု​ကို လူသိ​များ​ကြ​၏။ အများစုက ခရစ်ယာန်​များ​ဟု အခေါ်​မခံကြ​ချေ။ လူအများသည် သိုးထိန်း​များ​ဖြစ်​ကြ​စဉ် အခြားသူများ​မှာ နွား၊ ကုလားအုတ်​နှင့် ဆိတ်​များ​ကို ထိန်းကျောင်း​ကြ​သူများ​ဖြစ်​ကြ​၏။ ဤ​တွင် မြေ​ပဲ၊ ဝါ​နှင့် ဆန်​စပါး​တို့ကို​စိုက်​ပျိုး​သော လယ်သမားများ​လည်း​ရှိကြသည်။ ထို့​ပြင် နိုင်ငံ​တစ်လျှောက်​တွင် ကွေ့ကောက်​စီးဆင်း​နေသော မြစ်​ကြီး​များနှင့် အတ္တ​လ​န်​တိတ်​သမုဒ္ဒရာ​တို့​မှ ပိုက်ကွန်​အပြည့် ငါးဖမ်း​လာသော တံငါသည်​များ​ရှိကြသည်။ ငါးဖမ်း​လုပ်ငန်း​သည် စီ​နီ​ဂဲ​လ်​၏​စီးပွားရေး​တွင် အရေးပါသော​အခန်းကဏ္ဍ​မှ​ပါဝင်​သည်။ မှန်ပါသည်၊ ကျော်ကြား​သော​တိုင်းရင်းသား​အစားအစာ​မှာ ဆန်၊ ငါး​နှင့် ဟင်းသီးဟင်းရွက်​တို့ကို ရော​ချက်​ထား​သည့် ချီ​ဘ် ဂျင်​န် ဖြစ်သည်။

‘လူကို​ဖမ်း​သော​တံငါသည်​များ’

စီ​နီ​ဂဲ​လ်​တွင် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း စိတ်အား​ထက်သန်​စွာ​ဟောပြောသူ ၈၆၃ ရှိသည်။ ထို​တွင် ဝိညာဉ်​ရေး​ငါးဖမ်း​ခြင်း​ကို ၁၉၅၀ ပြည့်လွန်​နှစ်​အစောပိုင်း​တွင် စတင်​ခဲ့​၏။ ကင်းမျှော်စင်​အသင်း​၏ ဌာနခွဲရုံး​ကို ၁၉၆၅ ခုနှစ်​တွင် ဒါ​ကာ​မြို့၌ ဖွင့်လှစ်​ခဲ့​သည်။ ခရစ်ယာန်​သာသနာပြု “တံငါသည်​များ” သည် ဝေးလံ​သော​နိုင်ငံ​များ​မှ စတင်​ရောက်ရှိ​လာ​ခဲ့​ကြသည်။ “ငါးဖမ်း​ခြင်း” လုပ်ငန်း​ကို စတင်​ခဲ့​ပြီး​နောက် စီ​နီ​ဂဲ​လ်​တွင် ခရစ်ယာန်​မျှော်လင့်ခြင်း​ကို ဝေမျှခြင်း​သည် ရှေ့သို့​မှန်မှန်​တိုးတက်​ခဲ့​သည်။ နောက်ဆုံး​တွင် ဌာနခွဲရုံး​သစ်​ကို ဒါ​ကာ​မြို့စွန်း အာလ်မားဒါယ်စ်​အရပ်​တွင် တည်ဆောက်​ခဲ့​ပြီး ၁၉၉၉၊ ဇွန်လ​၌ ယေဟောဝါ​ထံ​အပ်နှံ​ခဲ့​၏။ တကယ်​ပျော်ရွှင်စရာ​အချိန်​ပါ​တကား!

အမှန်တရားကို လက်ခံခြင်း​၏​စိန်ခေါ်မှု

နောက်ခံ​အမျိုးမျိုး​မှ​လူ​တို့​နှင့် အဆက်အသွယ်​မှန်မှန်​ပြုလုပ်​ခဲ့​ရာ အချို့​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် တွေ့ ရှိ​ရသော​မျှော်လင့်ချက်​သတင်းတရားကို တလိုတလား​လက်ခံခဲ့​ကြ​၏။ လူအများ​၌ ကျမ်းစာ​အသိပညာ​မရှိကြ​သော်လည်း သစ္စာရှိ​ရှေးပရောဖက်​တို့ကို ယေဟောဝါ​ဘုရားသခင်​ပြု​ခဲ့​သောက​တိ​တော်​များသည် မကြာမီ ပြည့်စုံ​တော့​မည်​ဖြစ်​ကြောင်းကို သိရှိ​ရ​၍ သူတို့​ပျော်ရွှင်​ကြသည်။

အထူးသဖြင့် မိသားစု​ရိုးရာ​ဓလေ့​ထုံးစံ​များ ပတ်သက်​လာ​လျှင် ခရစ်ယာန်မူ​များ​ကို အခိုင်အမာ​ဆုပ်ကိုင်​ထား​ရန် တစ်ခါတစ်ရံ သတ္တိ​ရှိဖို့လို​သည်။ ဥပမာ၊ စီ​နီ​ဂဲ​လ်​တွင် မိန်းမ​အများယူ​စနစ်​ကို အနှံ့အပြား​ကျင့်သုံး​လျက်​ရှိကြသည်။ ကျမ်းစာ​သင်အံမှု​စတင်​ပြုလုပ်​ချိန်​တွင် မိန်းမ​နှစ်ယောက်​ရှိသောသူ​၏​အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။ သူသည် ခရစ်ယာန်​အမှန်တရားကို သတ္တိရှိရှိ​လက်ခံ​ပြီး မိန်းမ​တစ်ယောက်​သာ​ရှိ​ရမည်​ဟူသော ကျမ်းစာ​တောင်းဆိုချက်​အတိုင်း ပြုမူ​မည်​လော။ (၁ တိမောသေ ၃:၂) ထို့​ပြင် သူသည် ပထမ​ဆုံး​လက်ထပ်ခဲ့​သော​အမျိုးသမီး​ဖြစ်သည့် သူ​ငယ်ရွယ်စဉ်​က​ဇနီး​ကို ဆက်​ပေါင်းသင်း​မည်​လော။ ထို​အတိုင်း သူ​ပြု​လုပ်ခဲ့​ပြီး ယခု ဒါ​ကာ​မြို့ရှိ အသင်းတော်​ကြီး​တစ်ခု​တွင် ဇွဲရှိ​သော​အကြီးအကဲ​တစ်ဦး​အဖြစ် အမှုထမ်း​လျက်​ရှိသည်။ သူ၏​ပထမ​ဇနီး​မှ​ကလေး ၁၀ ယောက်၊ ယခင် ဒုတိယ​ဇနီး​မှ​ကလေး ၂ ယောက် စုစုပေါင်း​ကလေး ၁၂ ယောက်​တို့​နှင့်အတူ ပထမ​ဇနီးသည်​လည်း အမှန်တရားကို လက်ခံခဲ့​ကြ​၏။

ခရစ်ယာန်​မျှော်လင့်ချက်ကို​လက်ခံရန် နောက်​အတားအဆီး​တစ်ခု​မှာ စာ​မတတ်​ခြင်း​ဖြစ်​ပေမည်။ ယင်းကြောင့် စာ​မတတ်​သူ​တစ်ဦး​သည် အမှန်တရားကို လက်ခံ​ပြီး​ကျင့်သုံး​နိုင်​ခြင်း​မရှိ​ဟု ဆိုလို​ပါသလော။ လုံးဝ​မဆိုလို​ပါ။ ကလေးငယ်​ရှစ်ယောက်​ရှိသော အလုပ်​ကြိုးစား​သည့်​မိခင် မာ​ရီ​၏​နမူနာကို သုံးသပ်ကြည့်​ပါ။ သူသည် ကလေးငယ်​များ ကျောင်း​မသွားမီ​နှင့် သူ​အလုပ်​မသွားမီ နေ့စဉ် ကလေး​များနှင့်​အတူ ကျမ်းချက်​တစ်ချက်​ကို ဆွေးနွေးခြင်း​၏​အရေးကြီးမှုကို ချက်ချင်း​သိမြင်ခဲ့​သည်။ သို့သော် သူသည် စာ​မတတ်​သည့်​အတွက် ၎င်းကို မည်သို့​ပြုလုပ်​နိုင်​မည်​နည်း။ နံနက်​တိုင်း​စောစောစီးစီး သမ္မာကျမ်းစာ​ကို နေ့စဉ်​စေ့စေ့​ကြည့်ရှု​ခြင်း စာအုပ်​ကို​ယူ​ကာ အိမ်ရှေ့​သဲလမ်း​ပေါ်မှာ သူ​ရပ်နေ​ခဲ့​သည်။ လူများ​ဖြတ်သွား​သောအခါ ဖတ်ပြ​နိုင်​မည်​လား​ဟု အကူအညီ​တောင်းဆို​သည်။ ဖတ်ပြ​နိုင်​သူကို တွေ့သော​အခါ စာအုပ်​ကို​လှမ်းပေး​ပြီး ထက်သန်​စွာ​ဖြင့် “ကျွန်မ​စာ​မဖတ်​တတ်​လို့၊ ဒီနေ့ ဒီ​အပိုဒ်​ကို ကျေးဇူးပြု​၍ ကျွန်မ​ကို​ဖတ်ပြ​ပေး​နိုင်​မလား” ဟု​ပြော​ခဲ့​သည်။ ဖတ်ပြ​နေသည်​ကို ဂရုတစိုက်​နားထောင်​လေ​သည်။ ထို့နောက်​ကျေးဇူး​တင်​စကား​ပြောဆို​ပြီး ကလေး​များ ကျောင်း​မသွားမီ သူတို့နှင့်​အတူ ဤ​အပိုဒ်​ကို​အပြန်အလှန်​ဆွေးနွေး​ရန် အိမ်ထဲ​သို့ အလျင်အမြန်​ပြန်ဝင်​သွား​သည်!

လူမျိုးအပေါင်း​တုံ့ပြန်

စီ​နီ​ဂဲ​လ်​နိုင်ငံ​တွင် လမ်းများ​ပေါ်​၌ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး​တို့ကို ထိုင်​ရော​င်း​နေ​သူများ သို့​မဟုတ် လှပ​ခန့်ညား​သည့် ဗေ​အို​ဗတ်​အပင်​အောက်တွင် လဲလျောင်း​၍ အတာ​ယာ​ဟု​ခေါ်​သော လက်ဖက်ရည်​ခါးကို သောက်​နေ​သူများ​အား တွေ့ ရှိ​ရမည်။ ညီအစ်ကို​နှစ်ဦး​သည် သူတို့နှင့်​တွေ့ဆုံ​သူအား​လုံး​ကို သတင်းကောင်း​ဟောပြောရန် ဆုံးဖြတ်ထား​ကြ​ရာ လမ်းပေါ်တွင် တောင်းစား​နေသည့်​ဒုက္ခိ​တ​တစ်ဦး​နှင့် စကားပြော​ခဲ့​သည်။ သူ့ကို​နှုတ်ဆက်​ပြီး​နောက် သူတို့က “လူတွေ ခင်ဗျား​ကို ပိုက်ဆံ​ပေး​ကြ​ပေမဲ့ ရပ်​ပြီး​စကား​မပြောကြဘူး။ ခင်ဗျား​အနာဂတ်​နဲ့​ပတ်သက်ပြီး အရမ်း​အရေးကြီးတဲ့​အကြောင်း​ပြောပြ​ဖို့ ကျွန်တော်​တို့​လာ​ခဲ့​ကြ​တာ” ဟု​ပြောဆို​သည်။ သူတောင်းစား​မှာ အံ့သြ​သွား​၏။ “ခင်ဗျား​ကို မေးခွန်း​တစ်ခု​မေး​ချင်​တယ်” ဟု​ညီအစ်ကို​များ​က ဆက်​ပြော​သည်။ “ကမ္ဘာ​ပေါ်မှာ ဒီလောက်တောင် ဒုက္ခတွေ​များနေ​ရတာ ဘာကြောင့်​ဖြစ်တယ်​လို့ ခင်ဗျား​ထင်​သလဲ။” “ဘုရားသခင်​အလိုတော်​ကြောင့်​ပဲ” ဟု​သူတောင်းစား​က ပြန်ဖြေ​ခဲ့​၏။

ထို့နောက် ညီအစ်ကို​များသည် သူ့ကို ကျမ်းစာ​ဖြင့်​ဆင်ခြင်​သုံးသပ်​ပြ​ကာ ဗျာဒိတ် ၂၁:၄ ကို​ရှင်းပြ​၏။ ဤ​သူတောင်းစား​သည် မျှော်လင့်ချက်​သတင်းတရား​နှင့် တစ်ဦး​တစ်ယောက်​သည် ရပ်​ပြီး​ကျမ်းစာ​အကြောင်း​ဆွေးနွေး​လောက်​အောင် မိမိကို​စိတ်ဝင်စားခြင်း​အား လွန်​စွာ​စွဲမှတ်​သွား​သည်။ မျက်ရည်ကျ​လာ​သည်။ သူသည် ညီအစ်ကို​များ​ထံ​မှ ပိုက်ဆံ​တောင်း​မည့်​အစား သူ​တောင်း​ထား​သမျှ ပိုက်ဆံ​အားလုံး​ကို​ယူသွား​ရန် အနူးအညွတ်​တောင်းပန်​ခဲ့​သည်! လမ်းသွားလမ်းလာ​သူများ စိတ်ဝင်စားစရာ​ဖြစ်သွား​သည့်​အထိ သူ​အတင်းအကျပ်​ပေးကမ်း​ခဲ့​သည်။ ညီအစ်ကို​များသည် ခက်ခက်ခဲခဲ​ပင် ပိုက်ဆံ​မယူ​လို​ကြောင်း သူ့ကို ဖျောင်းဖျ​ခဲ့​ကြ​ရ၏။ နောက်ဆုံး​တွင် သူ​သဘောတူ​လိုက်​သော်လည်း မိမိ​ထံ​ပြန်လည်ပတ်​ရန် တောင်းဆို​ခဲ့​သည်။

ထို့​ပြင် ဒါ​ကာ​တက္ကသိုလ်​ကြီး​က​လည်း ဝိညာဉ်​ရေး​ပိုက်ကွန်​တွင် ဖမ်းမိ​သူများကို တိုး​စေ​သည်။ ထို​တွင် ဇာ​န် လူ​ဝီ​အမည်​ရှိသော ဆေး​ကျောင်းသား​တစ်ဦး​သည် ကျမ်းစာ​ကို စတင်​လေ့လာ​ခဲ့​၏။ အမှန်တရားကို သူ​အလျင်အမြန်​လက်ခံ​၍ ယေဟောဝါ​ထံ သူ့​အသက်တာကို ဆက်ကပ်​အပ်နှံ​ကာ နှစ်ခြင်း​ခံ​ခဲ့​သည်။ သူ၏​ဆန္ဒ​မှာ အချိန်ပြည့်​ရှေ့ဆောင်​လုပ်ငန်း​တွင်​ပါ​ဝင်၍ ဘုရားသခင့်​အမှုတော်ကို ဆောင်ရန်​ဖြစ်သည်၊ ဆေးပညာ​လေ့လာမှု​ကိုလည်း သူ​နှစ်သက်​၏။ သူ၏​နိုင်ငံ​နှင့်​စာချုပ်​ချုပ်​ထားသော​ကြောင့် အဆုံး​ထိ​လေ့လာ​သင်ကြား​ရန် တာဝန်​ရှိခဲ့​သည်။ သို့​တိုင် တစ်ချိန်တည်း​၌​ပင် အရန်ရှေ့ဆောင်​လုပ်ခဲ့သည်။ အရည်အချင်း​ပြည့်မီ​သော​သမားတော်​အဖြစ် ဒီ​ပ​လို​မာ​ရရှိ​ပြီး​နောက်​မကြာမီ အာဖရိက​ရှိ ဗေသလ​အိမ်​တစ်ခု​တွင် မိသားစု​ဆရာဝန်​အဖြစ် အမှုထမ်းဆောင်​ရန် ဖိတ်ခေါ်​ခံ​ခဲ့​ရသည်။ ဒါ​ကာ​တက္ကသိုလ်​တွင် တွေ့ဆုံ​ခဲ့​သော အခြား​လူငယ်​တစ်ဦး​သည်လည်း ယခု သူ၏​နိုင်ငံ​မှ ဗေသလ​မိသားစု​နှင့်အတူ အမှုထမ်းဆောင်​နေပြီ။

စီ​နီ​ဂဲ​လ်​နိုင်ငံ​တွင် ဝိညာဉ်​ရေး​ငါးဖမ်း​ရကျိုးနပ်​သည်​မှာ အမှန်ပင်။ ယေဟောဝါသက်သေ​များ​၏ ကျမ်းစာ​စာပေ​ကို များစွာ​တန်ဖိုး​ထား​ကြ​၏၊ ယခု ဒေသခံ​ဝို​လို့​ဖ်​ဘာသာ​စကား​ဖြင့် ထုတ်ဝေ​လျက်​ရှိနေပြီ။ မိခင်​ဘာသာ​စကား​ဖြင့် သတင်းကောင်းကို​ကြား​ရခြင်း​ကြောင့် ရိုးသား​ဖြောင့်မတ်​သော​နှလုံး​ရှိသူ​များစွာတို့သည် ကျေးဇူး​တင်​စွာ​ဖြင့်​တုံ့ပြန်​ရန် လှုံ့ဆော်​ခံ​ခဲ့​ကြ​ရ၏။ စီ​နီ​ဂဲ​လ်​နိုင်ငံ​မှ​စိတ်အား​ထက်သန်​သည့် ‘လူကို​ဖမ်း​သော​တံငါသည်​များ’ သည်​သစ္စာရှိ​ရှိ ရဲရင့်စွာ​ဖြင့် ခရစ်ယာန်​မျှော်လင့်ချက်ကို ဆက်၍​ဝေမျှ​နေကြ​ရာ​တွင် ယေဟောဝါ​၏​ကောင်းချီး​ခံစားရ​၍ ပုံဆောင်​ငါး​များစွာကို ဖမ်းမိ​နိုင်​ကြ​မည်​မှာ ယုံမှားဖွယ်​မရှိ​ချေ။

[စာမျက်နှာ ၃၁ ပါ မြေပုံ/ ရုပ်ပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

စီ​နီ​ဂဲ​လ်​နိုင်ငံ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

စီ​နီ​ဂဲ​လ်​နိုင်ငံ​တွင် ခရစ်ယာန်​မျှော်လင့်ချက်ကို​ဝေမျှခြင်း

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.