မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး

တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး

တည့်မတ်​ပေးခြင်း​ကို​ခံယူ​သော စံ​ထား​အပ်​သူ​တစ်ဦး

“ဇမ်ဘီယာ​မိကျောင်းများ​သည် တစ်လ​လျှင် လူ ၃၀ စား​သည်။” လွန်ခဲ့သော​နှစ်​အနည်းငယ်​က အာဖရိကန်​သတင်းစာ​တစ်စောင်​တွင် ထိုသို့​ဖော်ပြ​ခဲ့​သည်။ လေ့လာမှု​အတွက် ဤ​တွားသွား​တိရစ္ဆာန်​များ​ကို​ဖမ်း​ခဲ့​သော သတ္တ​ပညာရှင်​တစ်ဦး၏​အဆို​အရ “မိကျောင်း​တစ်ကောင်​ကို​ဖမ်း​ဖို့ လူ ၁၂ ယောက်​လို​သည်။” သန်မာ​သော​အမြီး၊ ဧရာမ​ပါးစပ်​ကြောင့် မိကျောင်း​သည် ကြောက်စရာ​ကောင်းသော​တိရစ္ဆာန်​ဖြစ်​နိုင်​သတည်း!

မိကျောင်း​ကို “လဝိသန်” ဟု​ရည်ညွှန်း​ကာ ဖန်ဆင်း​ရှင်​သည် မိမိ၏​ကျွန်​ယောဘ​ကို အရေးကြီးသော​သင်ခန်းစာပေး​ရန် ဤ “သားရဲ​တကာ​တို့၏​ဘုရင်” ကို​အသုံးပြု​ခဲ့​ကြောင်း​ထင်ရှား​သည်။ (ယောဘ ၄၁:၁၊ ၃၄သ​မ) ထို​အဖြစ်အပျက်​သည် အာရေဗျ​မြောက်ပိုင်း​တစ်​နေရာ​ရာ ဖြစ်​နိုင်​ဖွယ်​ရှိသည့် ဥဇ​ပြည်​တွင် လွန်ခဲ့သော​နှစ်ပေါင်း ၃,၅၀၀ ခန့်​က​ဖြစ်ပျက်​ခဲ့​၏။ ဘုရားသခင်​သည် ဤ​သတ္တဝါ​ကို​ဖော်ပြ​စဉ် “သူ့ကို​နှိုးဆော်ခြင်း​ငှာ အဘယ်သူမျှ​မ​ရဲရင့်။ သို့​ဖြစ်၍ ငါ့​ရှေ့မှာ​အဘယ်သူ​ရပ်​နိုင်​သနည်း” ဟု​ယောဘ​ကို​မိန့်ဆို​သည်။ (ယောဘ ၄၁:၁၀) မှန်​လိုက်​လေ​ခြင်း! မိကျောင်း​ကို ကျွန်ုပ်​တို့​ကြောက်​လျှင် ၎င်းကို​ဖန်ဆင်း​ခဲ့​သူကို ဆန့်ကျင်​ပြောဆို​ရန် သာ၍​ကြောက်​သင့်​သည်​တကား! ယောဘသည် မိမိ၏​အမှား​ကို ဝန်ခံခြင်း​အားဖြင့် ဤ​သင်ခန်းစာ​ကို လေးမြတ်​သဘောပေါက်​ကြောင်း​တင်ပြ​ခဲ့​၏။—ယောဘ ၄၂:၁-၆

ယောဘ​အကြောင်း​ပြော​သောအခါ စမ်းသပ်မှု​ကို​ခံရပ်​တည်ကြည်​ခဲ့​သော သူ၏​သစ္စာရှိ​ပုံသက်သေ​ကို မှတ်မိ​ပေမည်။ (ယာကုပ် ၅:၁၁) အမှန်​မှာ၊ ယေဟောဝါ​သည် ယောဘ​၏​သစ္စာရှိ​မှု​ကို အကြီးအကျယ်​မ​စမ်းသပ်​မီ​ကတည်းက သူ့ကို​သဘောကျ​နှစ်သက်ခဲ့​သည်။ ထို​အချိန်​က ဘုရားသခင်​၏​အမြင်​တွင် “မြေကြီး​ပေါ်မှာ သူနှင့်​တူသော​သူ​တစ်ယောက်မျှ​မရှိ။ စုံလင်​ဖြောင့်မတ်​ပေ​၏။ ဘုရားသခင်​ကို ကြောက်ရွံ့​သော​သူ၊ မကောင်းသော​အကျင့်ကို ရှောင်​သော​သူ​ဖြစ်သည်။” (ယောဘ ၁:၈) ယင်း​သို့​ပြုခြင်း​ဖြင့် ဘုရားသခင်​အား ကျွန်ုပ်​တို့​လည်း မည်သို့​နှစ်သက်စေ​နိုင်​ကြောင်းကို သိရှိ​စေမည်​ဖြစ်သော​ကြောင့် ယောဘ​အကြောင်း​ပိုမို​သိလာ​ရန် လှုံ့ဆော်ပေး​သင့်​သည်။

ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး ဦးစားပေး

ယောဘသည် ချမ်းသာ​ကြွယ်ဝသူ​တစ်ဦး​ဖြစ်သည်။ သူ့​တွင် ရွှေ​အပြင် သိုး ၇,၀၀၀၊ ကုလားအုတ် ၃,၀၀၀၊ မြည်းမ ၅၀၀၊ နွား ၁,၀၀၀ နှင့်​အတိုင်းမသိ​များပြား​သော​ငယ်သား​များ​ရှိခဲ့​သည်။ (ယောဘ ၁:၃) သို့​တိုင် ယောဘသည် စည်းစိမ်ဥစ္စာ​ကို​မဟုတ် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ခဲ့​၏။ သူသည် ဤသို့​ဆင်ခြင်​ခဲ့​သည်– “ငါသည် ရွှေ​ကိုကိုး​စား၍ ရွှေ​စင်​အား၊ သင်သည် ငါ​ခိုလှုံရာ​ဖြစ်၏​ဟု ဆို​မိ​သော်လည်း​ကောင်း၊ ငါ​၌​စည်းစိမ်​ကြီး​၍ များစွာသော​ဥစ္စာ​ရ​တတ်သော​ကြောင့် ငါ​ဝါကြွား​ဝမ်းမြောက်​မိ​သော်လည်း​ကောင်း . . . ရာဇ​ဝတ်​ခံထိုက်သော​အပြစ်ရှိ​၏။ အထက်​အရပ်၌​ရှိတော်မူသော​ဘုရားသခင်​ကို ငြင်းပယ်​ရာ​ရောက်​၏။” (ယောဘ ၃၁:၂၄-၂၈) ယောဘ​နည်းတူ ကျွန်ုပ်​တို့သည် ရုပ်ပစ္စည်း​ထက် ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို တန်ဖိုး​ထား​သင့်​သည်။

လူသားချင်း​နှင့်​မျှတသော​ဆက်ဆံမှု

ယောဘသည် သူ၏​ကျွန်​များနှင့် မည်သို့​ဆက်ဆံ​ခဲ့​သနည်း။ သူတို့သည် ယောဘ​ကို မျှတ​ပြီး​ချဉ်းကပ်​လွယ်​သော​သူ​အဖြစ် တွေ့ရှိ​ကြောင်း ယောဘ​၏​စကား​များ​က​တင်ပြ​သည်– “ငါ့​ကျွန်​နှင့် ငါ့​ကျွန်မ​သည် ငါ​နှင့်​တရား​တွေ့​စ​ရာ​အမှု​ရှိသော​အခါ ငါ​နားမထောင်​ဘဲ​နေ​မိ​လျှင် ဘုရားသခင်​ထ​တော်​မူ​သောအခါ အဘယ်​သို့​ငါ​ပြု​ရမည်​နည်း။ စစ်ကြော​တော်​မူ​သောအခါ အဘယ်​သို့​ပြန်လျှောက်​ရမည်​နည်း။” (ယောဘ ၃၁:၁၃၊ ၁၄) ယောဘသည် ယေဟောဝါ​၏​ကရုဏာတော်​ကို တန်ဖိုး​ထားသော​ကြောင့် သူ၏​ကျွန်​များနှင့်​လည်း ကြင်နာ​မှု​ရှိ​စွာ​ဆက်ဆံ​ခဲ့​သည်။ အထူးသဖြင့် ခရစ်ယာန်​အသင်းတော်​အတွင်း ကြီးကြပ်​ရသည့်​ရာထူး​ရှိ​သူများ​အတွက် ပုံသက်သေ​ကောင်း​ပါ​တကား! သူတို့​သည်လည်း မျှတ​၍ မျက်နှာမလိုက်၊ ချဉ်းကပ်​ရလွယ်​ကူ​သော​သူ​ဖြစ်​ရမည်။

ယောဘသည် သူ၏​မိသားစု​ပြင်ပ​ရှိသူ​များ​ကိုလည်း စိတ်ဝင်စားမှု​တင်ပြ​ခဲ့​သည်။ အခြားသူများ​အတွက် စိုးရိမ်​ပူပန်မှု​ကို ဖော်ပြ​ကာ သူက “ငါသည် ဆင်းရဲသား​တောင့်တ​သော​အရာ​ကို မပေး​ဘဲ​နေ​ဖူး​သလော။ မုဆိုးမ​မျက်စိ​ကို ပျက်​စေခြင်း​ငှာ​ပြု​ဖူး​သလော။ . . . ရုံး​တော်​တွင် ငါ့​ဘက်၌​နေသော​မင်းကို ငါသည်​မြင်​၍ မိဘ​မရှိသော​သူကို ညှဉ်းဆဲ​မိ​သော်လည်း​ကောင်း ငါ့​လက်မောင်း​သည် ပခုံး​က​ကျ​ပါစေ။ ငါ့​လက်​ရိုး​ကျိုး​ပါစေ” ဟု​ပြော​ခဲ့​သည်။ (ယောဘ ၃၁:၁၆-၂၂) အသင်းတော်တွင် ကျွန်ုပ်​တို့​သိရှိ​သော အခွင့်မသာ​သူများကို ထို​နည်းတူ​ထောက်ထား​စာနာ​ကြ​စို့​လေ။

ယောဘသည် လူသားချင်း​အပေါ် ကိုယ်ကျိုးမဖက်​စိတ်ဝင်စား​သောကြောင့် သူစိမ်း​များ​ကို ဧည့်ဝတ်ပြု​ခဲ့​၏။ သို့ဖြင့် သူသည် ဤသို့​ပြော​နိုင်​ခဲ့​၏– “ဧည့်သည်​သည် လမ်း၌​ည​ကို​မ​လွန်​ရမည်​အကြောင်း၊ ငါသည် ခရီး​သွားသော​သူတို့အား ကိုယ်​တံခါးဖွင့်​ထားပြီ။” (ယောဘ ၃၁:၃၂) ၎င်း​သည် ယနေ့ ဘုရားသခင်​၏​ကျေးကျွန်​များ​အတွက် ပုံသက်သေ​ကောင်း​ပါ​တကား! ကျမ်းစာ​အမှန်တရားကို စိတ်ဝင်စား​ခါ​စ​သူများ​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ ရောက်ရှိ​လာသော​အခါ သူတို့ကို​ပျူငှာခြင်း​သည် သူတို့၏​ဝိညာဉ်​ရေး​တိုးတက်မှု​ကို အထောက်အကူ​ပြု​ပေမည်။ မှန်​၏၊ နယ်လှည့်​ကြီးကြပ်မှူး​များနှင့် အခြား​ခရစ်ယာန်​များသည် ကျွန်ုပ်​တို့၏​မေတ္တာပါ​ဧည့်ဝတ်​ကျေပွန်​မှု​ခံရ​ဖို့​လိုအပ်​သည်။—၁ ပေတရု ၄:၉; ၃ ယောဟန် ၅-၈

ယောဘသည် သူ၏​ရန်သူများ​အပေါ်​၌​ပင် စိတ်ထားမှန်​ရှိခဲ့​၏။ သူ့ကို​မုန်း​သော​သူ ဘေးရောက်​သောအခါ ဝမ်း​မ​မြောက်​ခဲ့​ချေ။ (ယောဘ ၃၁:၂၉၊ ၃၀) ယင်းအစား၊ ထိုသို့​သော​သူများ​အတွက် ကောင်းမှု​ပြု​ရန် လိုလိုလားလား​ရှိခဲ့​ကြောင်းကို သူ့​အား အတုအယောင် နှစ်သိမ့်မှု​ပေး​သူ​သုံးဦး​အတွက် ဆုတောင်း​ပေးဖို့ အသင့်​ရှိခဲ့​ခြင်း​မှ​ထင်ရှား​သည်။—ယောဘ ၁၆:၂; ၄၂:၈၊ ၉; မဿဲ ၅:၄၃-၄၈ နှိုင်းယှဉ်။

လိင်ဆိုင်ရာ​သန့်ရှင်းမှု

ယောဘသည် သူ၏​အိမ်ထောင်ဖက်​အပေါ် သစ္စာစောင့်​သိခဲ့​ပြီး တခြား​အမျိုးသမီး​တစ်ဦး​အပေါ် မတော်မလျော်​တွယ်တာမှု​ရှိ​ရန် သူ့​နှလုံးကို မည်သည့်​အခါ​မျှ ခွင့်​မပြု​ခဲ့​ပါ။ “ငါသည် အပျို​ကို​မျှ​မကြည့်ရှု​မည်​အကြောင်း၊ ကိုယ်​မျက်စိ​နှင့်​ပဋိညာဉ်​ဝန်ခံခြင်း​ကို​ပြု​ပြီ။ သူ့​မယား​ကို ငါ​တပ်မက်​မိ​သော်လည်း​ကောင်း၊ အိမ်နီးချင်း​တံခါး​နား​မှာ ငါ​ချောင်း​မိ​သော်လည်း​ကောင်း ငါ့​မယား​သည် သူတစ်ပါး​ထံ​၌ ကြိတ်ဆုံ​ကြိတ်​ရ​ပါစေ။ သူတစ်ပါး​သည် ငါ့​မယား​ကို​ရှုတ်ချ​ပါစေ။ ငါသည် ထိုသို့​ပြု​မိ​လျှင် အပြစ်ကြီး​၏။ ရာဇ​ဝတ်​ခံထိုက်သော​အပြစ်ရှိ​၏” ဟု​ယောဘ​ပြော​ခဲ့​သည်။—ယောဘ ၃၁:၁၊ ၉-၁၁

ယောဘသည် သူ၏​နှလုံးကို မကောင်းသော​အလိုဆန္ဒ​များ​ဖြင့် ပျက်စီး​သွား​ရန် ခွင့်​မပြု​ခဲ့​ချေ။ ယင်းအစား၊ ဖြောင့်မတ်​သော​လမ်းစဉ်​ကို လိုက်လျှောက်​ခဲ့​သည်။ အကျင့်ပျက်​ပြား​စေသော​သွေးဆောင်မှုများ​ကို ဆန့်ကျင်​တိုက်လှန်​ခဲ့​သည့် ဤ​သစ္စာရှိ​သူကို ယေဟောဝါ​ဘုရားသခင်​စိတ်တော်​တွေ့ခဲ့​ခြင်း​မှာ အံ့ဩစရာ​မဟုတ်!—မဿဲ ၅:၂၇-၃၀

မိသားစု​ဝိညာဉ်​ရေး​အတွက် စိုးရိမ်​ပူပန်​ခဲ့

တစ်ခါတစ်ရံ ယောဘ​၏​သားများ​သည် သူ၏​သားသမီး​အားလုံး​ပါဝင်​ခဲ့​သည့် ပွဲခံ​ခဲ့​သည်။ အဆိုပါ​ပွဲနေ့​များ​ပြီး​သောအခါ သူ၏​သားသမီး​များသည် ယေဟောဝါ​ကို တစ်နည်း​နည်းဖြင့် ပြစ်မှား​မိ​ခဲ့​ကြ​မည်​ကို ယောဘ​အလွန်​စိုးရိမ်​သည်။ ထို့​ကြောင့် ကျမ်းစာ​မှတ်တမ်း​တွင် ဤသို့​ဖော်ပြ​သည့်​အတိုင်း ယောဘ​ပြုလုပ်​ခဲ့​သည်– “ပွဲခံ​သော​နေ့ရက်​လွန်​သောအခါ ယောဘသည် သူတို့ကို​ခေါ်​၍ သန့်ရှင်း​စေပြီး​လျှင် နံနက်​စောစော​ထ၍ သူတို့​အရေအတွက်​အတိုင်း မီးရှို့​သော​ယဇ်ကို​ပူဇော်​လေ့​ရှိ၏။ အကြောင်း​မူ​ကား၊ ‘ငါ့​သားတို့​သည် မှားယွင်း​၍ စိတ်နှလုံး​ထဲ​၌ ဘုရားသခင်​ကို​စွန့်ပယ်​ကြပြီ​လော’ ဟု​ယောဘ​အောက်မေ့​၏။” (ယောဘ ၁:၄၊ ၅) ယောဘ​၏​မိသားစု​သည် ယေဟောဝါ​အား ရိုသေ​ခန့်ညား​သော​သဘောဖြင့် ကြောက်ရွံ့​ပြီး ကိုယ်တော်​၏​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​စေရန် သူ၏​စိုးရိမ်​ပူပန်မှု​သည် သူတို့ကို​မည်မျှ​စိတ်စွဲ​မှတ်​စေ​ခဲ့​မည်​ပါ​တကား!

ယနေ့ ခရစ်ယာန်​အိမ်ထောင်ဦးစီး​များသည် မိမိတို့၏​မိသားစုဝင်​များ​ကို ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ကို သွန်သင်​ပေးဖို့​လို​သည်။ (၁ တိမောသေ ၅:၈) ထို့​ပြင် မိသားစုဝင်​များ​အတွက် ဆုတောင်းပေး​ရမည်​မှာ​အမှန်ပင်။—ရောမ ၁၂:၁၂

စမ်းသပ်မှု​အောက် သစ္စာရှိ​ရှိ​ခံရပ်​ခဲ့

ကျမ်းစာ​ဖတ်ရှု​သူ​အများစု​သည် ယောဘ​အပေါ်​ကျရောက်​ခဲ့​သော ပြင်​ထ​န်း​သည့်​စမ်းသပ်မှု​များနှင့် အကျွမ်းတဝင်​ရှိကြသည်။ ယောဘသည် ခက်ခဲ​သော​အခြေအနေ​များ​ကြုံ​ရ​လျှင် ဘုရားသခင်​ကို ကျိန်ဆဲ​လိမ့်​မည်​ဟု စာတန်​အခိုင်အမာ​ဆို​ခဲ့​၏။ ယင်း​စိန်ခေါ်မှု​ကို ယေဟောဝါ​လက်ခံ​လိုက်​သည်​နှင့် စာတန်​သည် မ​ဖင့်နွှဲ​ဘဲ ယောဘ​အပေါ် ဘေး​ကျရောက်​စေ​ခဲ့​သည်။ သူ၏​အိမ်မွေး​တိရစ္ဆာန်​အားလုံး ဆုံးရှုံး​ခဲ့​သည်။ ပို​၍​ဆိုး​သည်​မှာ၊ သားသမီး​အားလုံး သေဆုံး​ရသည့်​ဆုံးရှုံးမှု​ကို သူ​ခံစား​ခဲ့​ရသည်။ ထို့နောက်​မကြာမီ စာတန်​သည် ယောဘ​၏​ခြေဖဝါး​မှ ဦးထိပ်​တိုင်အောင် ဆိုးသော​အနာစိမ်း​များ ပေါက်​စေ​ခဲ့​သည်။—ယောဘ​အခန်းကြီး ၁၊ ၂။

အကျိုး​ရလဒ်​ကား​အဘယ်နည်း။ ယောဘ​၏​ဇနီးသည် ဘုရားသခင်​အား​ကျိန်ဆဲ​ရန် တိုက်တွန်း​သောအခါ သူက “မိန်းမ​မိုက်​ပြောတတ်​သကဲ့သို့ သင်သည်​ပြော​၏။ အဘယ်​သို့​နည်း။ ငါ​တို့သည် ဘုရားသခင်​၏​လက်တော်​မှ သုခ​ချမ်းသာ​ကို ခံယူ​သည်​ဖြစ်၍ . . . ဆင်းရဲ​ကို မခံမယူ​ရာ​သလော” ဟု​ပြော​ခဲ့​သည်။ ကျမ်းစာ​မှတ်တမ်းက ဤသို့​ဖြည့်စွက်​သည်– “ယောဘသည် ဤ​အမှု​များနှင့်​တွေ့ကြုံ​သော်လည်း နှုတ်ဖြင့်​မျှ​မ​မှားယွင်း။” (ယောဘ ၂:၁၀) မှန်သည်၊ ယောဘသည် သစ္စာရှိ​စွာ​ခံနိုင်ရည်​ရှိခဲ့​သည့်​အတွက် စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း ထင်ရှား​ခဲ့​၏။ ကျွန်ုပ်​တို့သည် စမ်းသပ်မှု​များ​ကို အလားတူ​ခံနိုင်ရည်​မျိုး​ဖြင့်​ခံရပ်​ကြ​ပြီး ယေဟောဝါ​အပေါ် စင်ကြယ်သော​မေတ္တာ​၏​လှုံ့ဆော်မှု​ကြောင့် ဘုရားသခင့်​အမှုတော်​ဆောင်ခြင်း​ဖြစ်သည်​ကို သက်သေပြ​ကြ​စို့​လေ။—မဿဲ ၂၂:၃၆-၃၈

တည့်မတ်​ပေးခြင်း​ကို နှိမ့်ချစွာ​ခံယူ​ခဲ့

ယောဘသည် နည်း​များစွာ​ဖြင့် စံ​ထား​လောက်​သူ​ဖြစ်သော်လည်း စုံလင်သော​သူ​မဟုတ်​ချေ။ သူကိုယ်တိုင် ဤသို့​ပြော​ခဲ့​သည်– “မသန့်ရှင်း​သော​အရာ​ထဲ​က သန့်ရှင်းသော​အရာ​ကို အဘယ်သူ​ထုတ်ဖော်​နိုင်​သနည်း။ အဘယ်သူမျှ​မ​ထုတ်​မဖော်​နိုင်​ပါ။” (ယောဘ ၁၄:၄; ရောမ ၅:၁၂) ထို့​ကြောင့် ယောဘသည် စုံလင်သူ​ဖြစ်သည်ဟု ဘုရားသခင်​ပြော​ခဲ့​သောအခါ ဘုရားသခင်​၏​မစုံလင်​သော အပြစ်သား​ဖြစ်သည့်​ကျေးကျွန်​တစ်ဦးထံ​မှ ကိုယ်တော်​မျှော်လင့်​ခဲ့​သမျှ​အတိုင်း သူ​နေထိုင်ခဲ့​သည့်​သဘော​အနေ​နှင့် မှန်ကန်​ပေ​သည်။ အားပေးမှု ရင်းမြစ်​တစ်ခု​ပါ​တကား!

ယောဘသည် စမ်းသပ်မှု​ကြား ခံနိုင်ရည်​တင်ပြ​ခဲ့​သော်လည်း အားနည်းချက်​ရှိခဲ့​သည်။ သူ့​အပေါ် ကျရောက်​ခဲ့​သော​ဘေး​အားလုံး​အကြောင်း ကြားသိ​သောအခါ နှစ်သိမ့်​ပေး​သူ​သုံးဦးသည် သူ့​ထံ​ရောက်လာ​ကြ​၏။ (ယောဘ ၂:၁၁-၁၃) ကြီး​လေး​သော​အပြစ်ကို ယောဘ​ကျူးလွန်​မိ​သောကြောင့် ယေဟောဝါ​အပြစ်ပေး​နေခြင်း​ဖြစ်သည်ဟု သူတို့က​စွပ်စွဲ​ခဲ့​ကြသည်။ ယောဘသည် မဟုတ်မမှန်​စွပ်စွဲ​ခံ​ခဲ့​ရသော​ကြောင့် စိတ်ထိခိုက်​သွားပြီး အတတ်နိုင်ဆုံး​ခုခံ​ပြောဆို​ခဲ့​၏။ သို့သော် သူသည် ဆင်ခြေပေး​ရန်​ကြိုးစား​ရာ​၌ တစ်ဖက်​စွန်း​ရောက်​ခဲ့​သည်။ ယောဘ​က မိမိသည် ဘုရားသခင်​ထက်​ပင် ဖြောင့်မတ်​သည်​ဟု ပြောသယောင်​ရှိခဲ့​သည်!—ယောဘ ၃၅:၂၊ ၃

ဘုရားသခင်​သည် ယောဘ​ကို​ချစ်သော​ကြောင့် သူ၏​အမှား​ကို​ထောက်ပြ​ရန် လူငယ်​တစ်ဦး​ကို အသုံးပြု​ခဲ့​သည်။ “ဧလိဟု​သည် အမျက်ထွက်​၏။ ယောဘသည် ဘုရားသခင်​ထက် မိမိ​ဖြောင့်မတ်​ကြောင်းကို​ပြ​သောကြောင့်၊ ယောဘ​ကို​အမျက်ထွက်​၏” ဟု​မှတ်တမ်းက​ဆို​သည်။ ဧလိဟု​သတိပြုမိ​သကဲ့သို့ “ယောဘ​က ‘ငါ​ဖြောင့်မတ်​၏။ ဘုရားသခင်​သည် ငါ့ကို အမှု​ရှုံး​စေတော်မူ​၏။’” (ယောဘ ၃၂:၂; ၃၄:၅) သို့သော်လည်း ဘုရားသခင်​သည် ယောဘ​ကို အပြစ်ပေး​သည်​ဟု မမှန်မကန်​ဆုံးဖြတ်​ခဲ့​ကြသော “နှစ်သိမ့်” ပေး​သူ​သုံးဦး​နှင့် ဧလိဟု​မပူးပေါင်း​ခဲ့​ချေ။ သို့​အစား၊ ဧလိဟု​သည် ယောဘ​၏​သစ္စာရှိ​မှု​ကို ယုံကြည်​စိတ်ချကြောင်း​ဖော်ပြ​၍ သူ့ကို ဤသို့​အကြံပြု​ခဲ့​၏– “[ယေဟောဝါ​သည်] တရား​သဖြင့်​စီရင်တော်မူ​သောကြောင့် မျှော်လင့်​လျက်​နေလော့။” မှန်​၏၊ ယောဘသည် ကိုယ့်​ကိုယ်ကို​ကာကွယ်​ဖို့ မဆင်မခြင်​ပြော​မည့်​အစား ယေဟောဝါ​ကို​စောင့်​သင့်​သည်။ “[ဘုရားသခင်​သည်] တရား​စီရင်ခြင်း​နှင့် ဖြောင့်မတ်ခြင်း​အားဖြင့်လည်း​ကောင်း ထူးဆန်း​တော်​မူ​၏။ အဘယ်သူကိုမျှ ညှဉ်းဆဲ​တော်​မ​မူ” ဟုဧလိဟု​က ယောဘ​ကို အခိုင်အမာ​ပြော​ခဲ့​သည်။—ယောဘ ၃၅:၁၄; ၃၇:၂၃

ယောဘ​၏​အတွေးအခေါ်ကို တည့်မတ်​ပေးဖို့ လိုအပ်​ခဲ့​သည်။ ထို့​ကြောင့် ယေဟောဝါ​သည် ဘုရားသခင်​၏​ကြီးမြတ်မှု​နှင့် လူ​၏​သေးသိမ်​မှု​ကို နှိုင်းယှဉ်​ပြ​ခြင်း​ဖြင့် သူ့ကို​သင်ခန်းစာပေး​ခဲ့​သည်။ ကမ္ဘာ​မြေကြီး၊ ပင်လယ်၊ ကြယ်အတိ​ပြီး​သော​ကောင်းကင်၊ တိရစ္ဆာန်​နှင့် အခြား​အံ့ချီးဖွယ်​ဖန်ဆင်း​ရာ​များစွာ​တို့ကို ယေဟောဝါ​ထောက်ပြ​ခဲ့​၏။ နောက်ဆုံး​တွင် ဘုရားသခင်​သည် လဝိသန်—မိကျောင်း—အကြောင်း​ပြောပြ​ခဲ့​သည်။ ယောဘသည် တည့်မတ်​ပေး​မှု​ကို နှိမ့်ချစွာ​ခံယူ​ခဲ့​ရာ ဤ​တွင်​လည်း ထပ်ဆင့်​ပုံသက်သေ​ကောင်း​ပြ​ခဲ့​သည်။

ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​လုပ်ငန်းတော်တွင် ကောင်းစွာ​အမှုဆောင်​နေကြ​မည်​ဖြစ်သော်လည်း အမှား​များ​ပြုလုပ်​မည်။ ကြီး​လေး​သော​အမှား​ဖြစ်ပါ​က ယေဟောဝါ​သည် တစ်နည်း​နည်းဖြင့် တည့်မတ်​ပေး​မည်​ဖြစ်သည်။ (သု. ၃:၁၁၊ ၁၂) ကျွန်ုပ်​တို့၏​အသိစိတ်​ကို လှုံ့ဆော်ပေး​သော ကျမ်းချက်​တစ်ချက်​ကို သတိရ​လာပေမည်။ ကင်းမျှော်စင် သို့​မဟုတ် ကင်းမျှော်စင်​အသင်း​မှ အခြား​စာပေ​တစ်ခုခု​က ကျွန်ုပ်​တို့၏​အမှား​ကို သတိပြု​စေ​ကောင်း​သတိပြု​စေ​ပေမည်။ သို့​မဟုတ် ကျမ်းစာမူ​တစ်ခု​ကို လိုက်လျှောက်ဖို့​ပျက်ကွက်​ခဲ့​သည်​ဟု ခရစ်ယာန်​ချင်း​တစ်ဦး​က ကြင်နာ​စွာ​ထောက်ပြ​ကောင်း​ထောက်ပြ​လိမ့်​မည်။ ဤသို့​သော​တည့်မတ်​ပေးခြင်း​ကို မည်သို့​တုံ့ပြန်​မည်​နည်း။ ယောဘသည် နောင်တ​ရသော​စိတ်​ကို​ဖော်ပြ​ကာ “အကျွန်ုပ်သည်​ကိုယ်ကို​ရွံရှာ​ပါ​၏။ မြေမှုန့်​နှင့်​မီးဖို​ပြာ​၌​ထိုင်၍ နောင်တ​ရ​ပါ​၏” ဟု​ပြော​လေ​သည်။—ယောဘ ၄၂:၆

ယေဟောဝါ​သည် ဆုချ​ခဲ့

ယေဟောဝါ​သည် မိမိ၏​ကျွန်​ယောဘ​ကို နောက်​အနှစ် ၁၄၀ အထိ​အသက်ရှင်ခွင့်​ပြုခြင်း​ဖြင့် ဆုချ​ခဲ့​သည်။ ထို​အချိန်အတွင်း သူ​ဆုံးရှုံး​ခဲ့​သည်ထက် သာ၍​များစွာ​ပြန်​ရရှိခဲ့သည်။ နောက်ဆုံး​တွင် ယောဘ​သေဆုံး​ခဲ့​သော်လည်း ဘုရားသခင်​၏​ကမ္ဘာသစ်​တွင် ရှင်ပြန်ထမြောက်​လာ​မည်​မှာ သေချာ​ပါ​သည်။—ယောဘ ၄၂:၁၂-၁၇; ယေဇကျေလ ၁၄:၁၄; ယောဟန် ၅:၂၈၊ ၂၉; ၂ ပေတရု ၃:၁၃

ကျွန်ုပ်​တို့သည်​လည်း ဘုရားသခင်​၏​အမှုတော်ကို သစ္စာရှိ​ရှိ​လုပ်ဆောင်​ပြီး ကျွန်ုပ်​တို့​ရရှိ​သည့် ကျမ်းစာ​အခြေပြု​တည့်မတ်​ပေး​မှု​အားလုံး​ကို ခံယူ​ကြ​မည်​ဆိုလျှင် ကိုယ်တော်​၏​မျက်နှာသာတော်​နှင့်​ကောင်းချီး အမှန်​ရရှိပါ​မည်။ ရလဒ်​အနေ​ဖြင့်၊ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​အစီအစဉ်​စနစ်သစ်​တွင် အသက်​ရ​ရန် အသေအချာ​မျှော်လင့်​နိုင်​သည်။ အရေး​အကြီးဆုံး​မှာ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို ဂုဏ်တင်​ကြ​ပေမည်။ ကျွန်ုပ်​တို့၏​သစ္စာရှိ​အမူအကျင့်​သည် ဆုချ​ခံရ​ပြီး ကိုယ်တော်​၏​အမှုတော်ကို ကိုယ်ကျိုး​အတွက်​မဟုတ်ဘဲ စိတ်နှလုံး​အကြွင်းမဲ့​မေတ္တာပါ​စွာ ဆောင်ရွက်​ကြ​သည့်​သက်သေ​ကို ထပ်ဆင့်​ဖြည့်စွက်​ကြ​မည်​ဖြစ်သည်။ တည့်မတ်​ပေးခြင်း​ကို နှိမ့်ချစွာ​ခံယူ​ခဲ့​သော သစ္စာ​ရှိသူ​ယောဘ​နည်းတူ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​နှလုံးကို ရွှင်လန်း​စေ​ခွင့်​ရခြင်း​သည် အခွင့်ထူး​လှ​သည်​တကား!—သု. ၂၇:၁၁

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယောဘသည် မိဘမဲ့​ကလေး​များ၊ မုဆိုးမများနှင့် အခြား​သူများကို မေတ္တာပါပါ စိုးရိမ်​ပူပန်မှု​ပြသ​ခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယောဘသည် တည့်မတ်​ပေးခြင်း​ကို နှိမ့်ချစွာ​ခံယူ​သောကြောင့် ကြွယ်ဝ​စွာ​ဆုချ​ခံ​ခဲ့​ရ