မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကျွန်ုပ်တို့ကိုဦးဆောင်နေပုံ

ယေဟောဝါကျွန်ုပ်တို့ကိုဦးဆောင်နေပုံ

ယေဟောဝါ​ကျွန်ုပ်​တို့ကို​ဦးဆောင်​နေ​ပုံ

“ဖြောင့်သော​လမ်း​ထဲ​၌ အကျွန်ုပ်​ကို​ပို့ဆောင်​တော်​မူ​ပါ။”—ဆာလံ ၂၇:၁၁

၁၊ ၂။ (က) ယေဟောဝါ​သည် ယနေ့ မိမိ၏​လူမျိုးတော်ကို မည်သို့​ဦးဆောင်​နေသနည်း။ (ခ) အစည်းအဝေးများမှ​အကျိုး​အပြည့်အဝ​ရယူခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

ရှေ့​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​လေ့လာ​ခဲ့​သကဲ့သို့ ယေဟောဝါ​သည် အလင်း​နှင့်​အမှန်တရား​၏ ရင်းမြစ်​ဖြစ်​တော်​မူ​၏။ ကျွန်ုပ်​တို့သည် ဖြောင့်မတ်​သော​လမ်း၌ လျှောက်လှမ်း​နေစဉ် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​က ကျွန်ုပ်​တို့၏​လမ်းခရီး​ကို​လင်း​စေ​သည်။ ယေဟောဝါ​သည် ကိုယ်တော်​၏​နည်းလမ်းတော်​များ​ကို​သွန်သင်​ပေးခြင်း​အားဖြင့် ကျွန်ုပ်​တို့ကို​ဦးဆောင်​တော်​မူ​၏။ (ဆာလံ ၁၁၉:၁၀၅) ရှေး​အချိန်​က​ဆာလံဆရာ​ကဲ့သို့ ဘုရားသခင့်​ဦးဆောင်မှု​ကို ကျွန်ုပ်​တို့​ကျေးဇူး​တင်​စွာ​တုံ့​ပြန်၍ ဤသို့​ဆုတောင်း​ကြသည်– “အို​ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ]၊ ကိုယ်တော်​၏​လမ်းကို အကျွန်ုပ်​အား​ပြသ​သွန်သင်​တော်​မူ​ပါ။ . . . ဖြောင့်သော​လမ်း​ထဲ​၌ အကျွန်ုပ်​ကို​ပို့ဆောင်​တော်​မူ​ပါ။”—ဆာလံ ၂၇:၁၁

ယနေ့ ယေဟောဝါ​သွန်သင်ပေး​တော်​မူ​သည့် နည်း​တစ်နည်း​မှာ ခရစ်ယာန်​အစည်းအဝေး​များ​အားဖြင့်​ဖြစ်သည်။ ကျွန်ုပ်​တို့သည် (၁) စည်းဝေးများ​ကို မှန်မှန်​တက်ရောက်ခြင်း၊ (၂) အစီအစဉ်ကို​ဂရုတစိုက်​နားထောင်ခြင်း​နှင့် (၃) ပရိသတ်​နှင့်​ဆိုင်​သည့်​အပိုင်းကဏ္ဍ​များ​တွင် ပါဝင်​ရန်​အသင့်ရှိခြင်း​အားဖြင့် ဤ​မေတ္တာပါ​သော​ပြင်ဆင်​ပေး​ချက်​မှ အကျိုး​အပြည့်အဝ​ယူ​နေပါသလော။ ထို့​ပြင် “ဖြောင့်မတ်​သော​လမ်း​ထဲ​၌” တည်မြဲ​စေရန် ကျွန်ုပ်​တို့ကို​ထောက်ကူ​သည့်​အကြံပေး​ချက်​များ​ကို ရရှိသော​အခါ ကျေးဇူး​တင်​စွာ​တုံ့ပြန်​ကြ​သလော။

သင်၏​အစည်းအဝေး​တက်​ခြင်း​ကော မည်သို့​နည်း

၃။ အချိန်ပြည့်​ကျေးကျွန်​တစ်ဦး​သည် အစည်းအဝေး​မှန်မှန်​တက်​သည့်​အကျင့်ကောင်း​ကို မည်သို့​မွေးမြူ​ခဲ့​သနည်း။

ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​အချို့​သည် ကလေး​ဘဝက​တည်း​က အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​ခဲ့​ကြသည်။ ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​အမှုဆောင်​တစ်ဦး​က ဤသို့​ပြောပြ​သည်– “၁၉၃၀ ပြည့်လွန်​နှစ်များ​က ကျွန်မ​တို့​ညီအစ်မ​တစ်​တွေ ကြီးပြင်း​လာ​နေတုန်းမှာ အစည်းအဝေး​သွား​ကြ​မလားလို့ မိဘတွေကို​မေးစရာ​မလိုဘူး။ ကျွန်မ​တို့​မ​ဖျား​ဘူးဆို​ရင် သွား​ကြ​မယ်​ဆိုတာ​သိထားကြတယ်။ ကျွန်မ​တို့​မိသားစုဟာ အစည်းအဝေး​မ​တက်​ဘဲ​မနေ​ခဲ့​ကြဘူး။” ဤ​ညီအစ်မ​သည် ပရောဖက်မ​အန္န​ကဲ့သို့​ပင် ယေဟောဝါ​၏​ဝတ်ပြုရာ​နေရာ​မှ “မခွာ​ဘဲ​နေ​၏။”—လုကာ ၂:၃၆၊ ၃၇

၄-၆။ (က) ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​အချို့​သည် အဘယ်ကြောင့်​အစည်းအဝေး​များ​လွတ်​ကြ​သနည်း။ (ခ) အစည်းအဝေး​များ​ကို​တက်​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

အသင်​သည် ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်သူ​တစ်ဦး​အဝင်​လော သို့​မဟုတ် အစည်းအဝေး​မမှန်​သူ​ဖြစ်လာ​ပြီ​လော။ မိမိတို့​အခြေအနေ​မဆိုး​ပါ​ဟု ယူမှတ်​ကြသော ခရစ်ယာန်​အချို့​သည် သေချာ​စေရန် စစ်ဆေး​ကြည့်​မည်​ဟု ဆုံးဖြတ်​ခဲ့​ကြသည်။ အပတ်​အနည်းငယ်​အတွင်း သူတို့​တက်ရောက်​ခဲ့​သမျှ​အစည်းအဝေး​များ​ကို သူတို့​သတိပြု​ရေးမှတ်​ခဲ့​ကြသည်။ သတ်မှတ်​ထားချိန်​အဆုံး​တွင် သူတို့၏​မှတ်တမ်း​ကို​ပြန်​စစ်ဆေး​ကြည့်​သောအခါ သူတို့​မ​တက်​မိ​ခဲ့​သော အစည်းအဝေး​အရေအတွက်​ကို​ကြည့်​၍ အံ့အားသင့်​ခဲ့​ကြသည်။

‘ဒါ​အဆန်း​မဟုတ်ပါဘူး။ က​နေ့ လူတွေဟာ ဒီလောက်တောင်​ဖိစီး​ခံ​နေရ​တော့ အစည်းအဝေးတွေ​မှန်​ဖို့​ဆိုတာ မလွယ်​ဘူး​ပေါ့’ ဟူ၍​တစ်စုံ​တစ်ဦး​က​ဆို​ပေမည်။ ဖိစီးမှုများ​ပြား​ချိန်​၌ ကျွန်ုပ်​တို့​အသက်ရှင်​နေကြ​သည်​မှာ တကယ့်ကို​မှန်ပါသည်။ ထို​မျှ​မ​က ဖိစီးမှုများ မုချ​တိုးပွား​လာ​ပါ​လိမ့်​မည်။ (၂ တိမောသေ ၃:၁၃) သို့သော် ယင်းက အစည်းအဝေး​များ​ကို​မှန်မှန်​တက်​ဖို့ သာ၍​အရေးကြီး​စေ​သည်မဟုတ်​ပေ​လော။ ကျွန်ုပ်​တို့​စားသုံး​ရန် ကျန်း​ခံ့​သော​ဝိညာဉ်​အစာကို မှန်မှန်​မစား​ရ​လျှင် ဤ​အစီအစဉ်​စနစ်​မှ ဖိစီးမှုများ​ကို​ခံရပ်​ဖို့ မမျှော်လင့်​နိုင်​ပါ။ မှန်မှန်​ပေါင်းသင်းမှု​မ​ရှိလျှင် “ဖြောင့်မတ်​သော​သူတို့၏​လမ်း” ကိုလုံး​လုံး​စွန့်ပစ်​ရန် ကျွန်ုပ်​တို့​သွေးဆောင်​ခံရ​နိုင်​သည်။ (သု. ၄:၁၈) မှန်ပါသည်၊ ပင်ပန်း​သည့်​နေ့​တစ်နေ့​အဆုံး​၌ အိမ်သို့ပြန်​ရောက်​သောအခါ အစည်းအဝေး​တက်​ဖို့ အမြဲ​စိတ်ပါ​မည်​မဟုတ်။ သို့သော် ပင်ပန်း​သည့်​ကြား​မှ အစည်းအဝေး​တက်​လိုက်​သည့်​အခါ ကျွန်ုပ်​တို့​ကိုယ်တိုင်​အကျိုး​ရရှိကြ​ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ ခရစ်ယာန်​ချင်း​များ​ကို တိုက်တွန်း​အားပေး​ကြသည်။

အစည်းအဝေး​မှန်မှန်​တက်ရောက်​သင့်​သည့် အရေးပါသော​အခြား​အကြောင်းရင်း​တစ်ခု​ကို ဟေဗြဲ ၁၀:၂၅ က​အကြံပြု​ထား​သည်။ ထို​တွင် တမန်​တော်​ပေါလု​က “ကာလ​အချိန်​ရောက်လု​နီး​သည်ကို​ထောက်​သဖြင့်” အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို “သာ၍​ကြိုးစား” ပြုလုပ်​ရန်​ခရစ်ယာန်​ချင်း​များ​အား တိုက်တွန်း​ခဲ့​သည်။ မှန်ပါသည်၊ ‘ယေဟောဝါ​၏​နေ့’ နီးကပ်​လာ​နေကြောင်း​ကို ကျွန်ုပ်​တို့​မျက်ခြည်မပြတ်​ရ​ပါ။ (၂ ပေတရု ၃:၁၂) ဤ​အစီအစဉ်​စနစ်​၏​အဆုံး​သည် အလှမ်းဝေး​ပါ​သေး​သည်​ဟု ကျွန်ုပ်​တို့​ကောက်ချက်​ချ​ကြ​မည်​ဆိုလျှင် အစည်းအဝေး​တက်​ခြင်း​ကဲ့သို့​သော မ​လုပ်​မဖြစ်​သည့်​ဝိညာဉ်​ရေး​လုပ်ဆောင်မှုများ​အစား ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ကို ပြုလုပ်​နေ​ပေမည်။ ထို​အခါ ယေရှု​သတိပေး​ခဲ့​သကဲ့သို့ ‘ထို​နေ့ရက်​သည် ကျွန်ုပ်​တို့​နှင့်​အမှတ်တမဲ့​တွေ့ကြုံ​လိမ့်​မည်။’—လုကာ ၂၁:၃၄

ကောင်းစွာ​နားထောင်သူ​ဖြစ်ပါ

၇။ အစည်းအဝေး​များ​တွင် ကလေး​များ​အာရုံ​စူးစိုက်​နားထောင်ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

အစည်းအဝေး​များ​ကို​တက်​ရုံ​မျှ​ဖြင့် မလုံလောက်​ပေ။ ထို​တွင်​ပြောဆို​သည့်​အရာ​ကို အာရုံစိုက်​လျက် စေ့စေ့​နားထောင်​ရမည်။ (သု. ၇:၂၄) ကျွန်ုပ်​တို့၏​ကလေး​များလည်း အပါအဝင်​ဖြစ်သည်။ ကလေး​တစ်ဦး​ကျောင်း​သွား​သည့်​အခါ သင်ပေး​နေသော​အကြောင်းကို သူ​မနှစ်သက်၊ သို့​မဟုတ် နားမလည်​နိုင်​သည့်​တိုင် ဆရာ​ကို​အာရုံ​စူးစိုက်​နားထောင်​ရ၏။ ကလေး​က အာရုံ​စူးစိုက်​နားထောင်ဖို့​ကြိုးစား​မည်​ဆိုလျှင် ထို​သင်ခန်းစာ​မှ​အကျိုး​ရယူ​နိုင်​မည်​ကို ကျောင်း​ဆရာ​သိ​၏။ သို့​ဆိုလျှင် ကျောင်းနေ​အရွယ်​ကလေး​များ​ကို အစည်းအဝေး​စ​သည်​နှင့် အိပ်ပျော်​သွားခွင့်​ပြု​မည့်​အစား အသင်းတော်​အစည်းအဝေး​များ​တွင် ပေး​သည့်​ညွှန်ကြားချက်​အပေါ် အာရုံစိုက်​နားထောင်​စေခြင်း​သည် မသင့်​လျော်​ပေ​လော။ ကျမ်း​စာစောင်​များ​၌​တွေ့ရှိ​ရသော အဖိုးတန်​အမှန်တရား​တို့​တွင် “ခက်ခဲ​သော​အရာ​တချို့” ရှိသည်​မှာ​မှန်​၏။ (၂ ပေတရု ၃:၁၆) သို့သော် ကလေး​တစ်ဦး၏​သင်ယူနိုင်စွမ်း​ကို ကျွန်ုပ်​တို့​လျှော့မတွက်​သင့်​ပါ။ ဘုရားသခင်​ထိုသို့​မပြု​ခဲ့​ချေ။ ကျမ်းစာ​ခေတ်​က ဘုရားသခင်​သည် မိမိ၏​ငယ်ရွယ်​သော​ကျေးကျွန်​များ ‘ကြားနာ​၍ နားလည်​သဖြင့် ယေဟောဝါ​အား​ကြောက်ရွံ့​ကာ ဤ​ပညတ်တရား​အလုံးစုံ​ကို စောင့်ရှောက်​ဖို့’ မိန့်မှာ​ခဲ့​၏၊ ထို​အကြောင်း​အချို့​ကို ကလေး​များ​နားလည်​ဖို့​ခက်​မည်​မှာ သေချာ​သည်။ (တရားဟောရာ ၃၁:၁၂; ဝတ်ပြုရာ ၁၈:၁-၃၀ နှိုင်းယှဉ်။) မျက်မှောက်ခေတ်​ကလေး​များ​ထံ​မှ ယေဟောဝါ​လျှော့​၍ မျှော်လင့်​ပါသလော။

၈။ မိဘ​အချို့​သည် အစည်းအဝေး​များ​၌ မိမိတို့​သားသမီး​များ​အာရုံ​စူးစိုက်​နားထောင်​နိုင်​စေရန် မည်သို့​ပြုလုပ်​ခဲ့​ကြ​သနည်း။

အစည်းအဝေး​များ​၌ မိမိတို့​သားသမီး​များ​သင်ယူ​ကြားနာ​ရာ​များသည် သူတို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို​ဖြည့်စွက်​ပေး​ကြောင်း ခရစ်ယာန်​မိဘများ​သိ​ကြ​၏။ ထို့​ကြောင့် မိဘ​အချို့​က ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် သားသမီး​များ​လန်း​လန်းဆန်း​ဆန်း​ရှိ၍ သင်ယူ​စေရန်​အသင့်​ရှိဖို့ အစည်းအဝေး​မ​တက်​မီ တစ်မှေး​အိပ်​စေ​ကြသည်။ အချို့​မိဘများသည် အစည်းအဝေး​ည​များ​တွင် သားသမီး​များ​ကို ရုပ်မြင်သံကြား​ကြည့်​ခွင့် ကန့်သတ်ချက်​ထားခြင်း သို့​မဟုတ် ပညာရှိ​စွာ​ဖြင့် တားမြစ်​ခြင်း​ကို ကျပ်တည်း​စွာ​ပြု​ပေမည်။ (ဧဖက် ၅:၁၅၊ ၁၆) ဤသို့​သော​မိဘများသည် သားသမီး​များ​၏​အသက်အရွယ်​နှင့် စွမ်းရည်​အလိုက် နားထောင်​၍​သင်ယူ​ကြ​ရန် သူတို့ကို​အားပေး​လျက် အာရုံ​မ​ပျံ့လွင့်​စေရန် အတတ်နိုင်ဆုံး​ပြုလုပ်​ပေး​ကြသည်။—သု. ၈:၃၂

၉။ ကျွန်ုပ်​တို့၏​နားထောင်ခြင်း​စွမ်းရည်​ကို တိုးတက်စေ​ရန် အဘယ်အရာက​ထောက်ကူ​ပေး​မည်​နည်း။

“အဘယ်​သို့​ကြားနာ​ရသည်ကို သတိပြု​ကြလော့” ဟု​ယေရှု​ဆို​ရာ​တွင် လူကြီး​များ​အား ကိုယ်တော်​မိန့်ဆို​နေခြင်း​ဖြစ်သည်။ (လုကာ ၈:၁၈) ယခု​အချိန်တွင် ထိုသို့​ပြု​ရန် အပြော​လွယ်​သော်လည်း ပြုလုပ်​ရန်​မလွယ်ကူ​ပေ။ မှန်ပါသည်၊ စူးစိုက်​နားထောင်ခြင်း​သည် ခက်ခဲ​သော​အလုပ်​ဖြစ်သော်လည်း နားထောင်ခြင်း​စွမ်းရည်​ကို တိုးတက်​စေနိုင်​ပါ​သည်။ ကျမ်းစာ​ဟောပြောချက်​တစ်ခု သို့​မဟုတ် အစည်းအဝေး​အပိုင်း​တစ်ပိုင်း​ကို သင်​နားထောင်​သည့်​အခါ အဓိက​အချက်​ကို​သီးခြား​ရွေးထုတ်​ပါ။ ဟောပြောသူ နောက်ထပ်​ပြော​မည့်​အရာ​ကို စောင့်မျှော်​ပါ။ သင့်​ခရစ်ယာန်​အမှုဆောင်ခြင်း​တွင်​အသုံးပြုနိုင်​သည့် သို့​မဟုတ် သင့်​ဘဝ​အသက်တာတွင် လက်တွေ့​ကျင့်သုံး​နိုင်​သည့်​အချက်များ​ကို ရှာယူပါ။ ထို​အချက်များ​ကို ဆင်ခြင်​သုံးသပ်​စဉ် စိတ်ထဲ​ပြန်​သုံးသပ်​ဝေဖန်​ကြည့်​ပါ။ မှတ်ချက်တို​များ​ယူပါ။

၁၀၊ ၁၁။ အချို့​မိဘများသည် မိမိတို့​သားသမီး​များ သာ၍​ကောင်းစွာ​နားထောင်သူ​များ​ဖြစ်လာ​ကြ​ရန် မည်သို့​ကူညီပေး​ခဲ့​ပြီး အထောက်အကူ​ပြု​သည့်​အဘယ်နည်း​များ​ကို သင်​တွေ့ရှိ​ခဲ့​သနည်း။

၁၀ ကောင်းစွာ​နားထောင်​သည့်​အကျင့်​များ​ကို ငယ်​စဉ်​ကတည်းက​တတ်​ထား​လျှင် အကောင်းဆုံး​ဖြစ်သည်။ အရေးအဖတ်​မတတ်​မီ​က​ပင် အစည်းအဝေး​များ​၌ “မှတ်ချက်များ” ယူ​ရန် ကျောင်း​မနေ​သေး​သော ကလေး​အချို့​ကို မိဘများ​တိုက်တွန်း​ပေး​ကြသည်။ “ယေဟောဝါ၊” “ယေရှု” သို့​မဟုတ် “ဘုရားသခင့်​နိုင်ငံတော်” စ​သည့်​ရင်းနှီး​ပြီး​သား​စကားလုံး​များ​ကို အသုံးပြု​သော​ခါ စာရွက်​တစ်​ရွက်​ပေါ် မှတ်သား​စေ​သည်။ ဤနည်းဖြင့် စင်မြင့်​ပေါ်​မှ​ပြောလိုက်​သည့်​အရာ​ကို ကလေး​များ​အာရုံ​စူးစိုက်​တတ်​ရန် သင်ပေး​သည်။

၁၁ တစ်ခါတစ်ရံ သာ၍ကြီးသော​ကလေး​များ​ကို​ပင် အာရုံ​စူးစိုက်​ရန်​အားပေးဖို့​လို​သည်။ ခရစ်ယာန်​စည်းဝေးကြီး​တစ်ခု​တွင် မိမိ၏ ၁၁ နှစ်အရွယ်​သား​ဖြစ်သူ​မှာ စိတ်ကူးယဉ်​နေကြောင်း​သတိပြုမိ​သည့် အိမ်ထောင်ဦးစီး​တစ်ဦး​က လူငယ်​အား​ကျမ်းစာ​တစ်အုပ်​ပေး​ပြီး ဟောပြောသူ​ကိုးကား​သည့်​ကျမ်းချက်​များ​ကို လိုက်ကြည့်​စေ​ခဲ့​သည်။ မှတ်ချက်များ​ယူ​နေသော​ဖခင်​က လက်ထဲ​ကျမ်းစာ​ကိုင်ထား​သည့်​သားကို ဂရုစိုက်​ကြည့်​နေသည်။ ထို့နောက်​တွင် သားလေး​သည် စည်းဝေးကြီး​အစီအစဉ်ကို သာ၍​စိတ်ပါ​ဝင်စား​စွာ​နားထောင်​လေ​တော့​သည်။

သင့်​အသံကို​ကြားစေ​ပါ

၁၂၊ ၁၃။ အသင်းတော်​အလိုက်​သီဆိုခြင်း​တွင်​ပါဝင်​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၂ ဘုရင်​ဒါဝိဒ်က ဤသို့​သီဆို​ခဲ့​သည်– “ကျေးဇူးတော်​ကို​ချီးမြှောက်​သော​အသံ​နှင့်​မြွက်ဆို​၍၊ . . . အကျွန်ုပ်သည် . . . ယဇ်​ပလ္လင်တော်​ကို​ဝန်းရံ​လျက်​နေပါ​သည်၊ ထာဝရ​ဘုရား။” (ဆာလံ ၂၆:၆၊ ၇) ယေဟောဝါသက်သေ​များ​၏ အစည်းအဝေး​များ​တွင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ကျယ်လောင်​စွာ​တင်ပြ​ပြောဆို​ရန် အကောင်းဆုံး​အခွင့်အရေး​ရသည်။ ယင်းကို​ပြု​နိုင်​သည့်​နည်း​တစ်နည်း​မှာ အသင်းတော်​အလိုက်​သီဆိုခြင်း​အားဖြင့်​ဖြစ်သည်။ ဤ​နည်း​သည် ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ရေး​၏ အရေးပါသော​အခန်းကဏ္ဍ​တစ်ခု​ဖြစ်သော်လည်း ၎င်းကို အလွယ်တကူ​လျစ်လျူရှု​မိ​နိုင်​သည်။

၁၃ စာ​မဖတ်​တတ်​သေး​သောက​လေး​အချို့​သည် အပတ်စဉ်​အစည်းအဝေး​များ​၌​သီဆို​မည့် ဘုရားသခင့်​နိုင်ငံတော်​သီချင်း​စာသား​များ​ကို အလွတ်​ရထား​ကြသည်။ လူကြီး​များနှင့်​တွဲ​ပြီး သီဆို​နိုင်​သည့်​အတွက် သူတို့​ဝမ်းသာ​ပီတိ​ဖြစ်​ကြသည်။ သို့သော် ကလေး​များအနည်းငယ်​ကြီးပြင်း​လာသော​အခါ ဘုရားသခင့်​နိုင်ငံတော်​သီချင်းများ​သီဆို​ရာ​တွင် စိတ်​သိပ်​မပါ​ကြ​တော့​ပေ။ အရွယ်ရောက်​သူ​အချို့​လည်း အစည်းအဝေး​များ​၌​သီဆို​ရန် တွန့်ဆုတ်​ကြသည်။ သို့ရာတွင် လယ်ကွင်း​အမှုဆောင်ခြင်း​သည် ဝတ်ပြုရေး​၏​အပိုင်းကဏ္ဍ​တစ်ခု​ဖြစ်​သကဲ့သို့ သီဆိုခြင်း​သည်လည်း ဝတ်ပြုရေး​ကဏ္ဍ​တစ်ခု​ဖြစ်၏။ (ဧဖက် ၅:၁၉) လယ်ကွင်း​ခရစ်ယာန်​အမှုဆောင်ရာတွင် ယေဟောဝါ​အား အတတ်နိုင်ဆုံး​ချီးမွမ်း​ကြသည်။ ချီးမွမ်း​သီချင်းများ​ကို လှိုက်လှိုက်လှဲလှဲ​သီဆိုခြင်း​အားဖြင့်လည်း—သာယာ​သည်​ဖြစ်စေ မသာယာ​သည်​ဖြစ်စေ—မိမိတို့၏​အသံကို​မြှင့်​၍ ကိုယ်တော်​အား​ဂုဏ်​မတင်​နိုင်​ပေ​လော။—ဟေဗြဲ ၁၃:၁၅

၁၄။ အသင်းတော်​အစည်းအဝေး​များ​၌ ကျွန်ုပ်​တို့​လေ့လာ​သော​အကြောင်းကို အဘယ်ကြောင့် အသေအချာ​ကြိုတင်​ပြင်ဆင်​သင့်​သနည်း။

၁၄ ပရိသတ်​ပါဝင်​ဖို့​လို​သည့် အစည်းအဝေး​အပိုင်းကဏ္ဍ​များ​၌ တည်ဆောက်မှု​ပေး​သော မှတ်ချက်များ​ပေး​သည့်​အခါ​၌​လည်း ဘုရားသခင်​အား​ကျွန်ုပ်​တို့​ဂုဏ်တင်​ကြသည်။ ယင်းက ပြင်ဆင်မှု​လိုအပ်​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ နက်နဲ​သော​အကြောင်းအရာများ​ကို ဆင်ခြင်​သုံးသပ်ရန်​အချိန်​လို​သည်။ ကျမ်းစာ​ကို စွဲ​စွဲလမ်း​လမ်း​လေ့လာသူ​တစ်ဦး​ဖြစ်သည့် တမန်​တော်​ပေါလု​သည် ယင်းကို​သိရှိ​ခဲ့​သည်။ သူက​ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​၏​ပညာ​နှင့်​ဉာဏ်တော်​သည် အလွန်​ကျယ်ဝန်း​နက်နဲ​စွ​တကား။” (ရောမ ၁၁:၃၃) အိမ်ထောင်ဦးစီး​တို့ ကျမ်းစာ​၌​ဖော်ပြ​ထား​သည့် ဘုရားသခင့်​ဉာဏ်ပညာ​တော်​ကို ရှာဖွေ​ဆည်းပူး​ရန် မိသားစုဝင်​တစ်ယောက်စီ​ကို​ကူညီ​ပေးခြင်း​သည် အလွန်​အရေးကြီး​၏။ မိသားစု​ကျမ်းစာ​သင်အံမှု​ပြု​ချိန်​တွင် ခက်ခဲ​နက်နဲ​သည့်​အချက်များ​ကို​ရှင်းပြ​ရန်​နှင့် အစည်းအဝေး​များ​အတွက်​ပြင်ဆင်​ရန် မိသားစုကို​ကူညီ​ပေးဖို့ အချိန်​အနည်းငယ်​ဖယ်​ထား​ပါ။

၁၅။ အစည်းအဝေး​များ​တွင် ပါဝင်​ဖြေဆို​ရန် အဘယ်​အကြံပြုချက်များ​က ထောက်ကူ​ပေး​နိုင်​သနည်း။

၁၅ အစည်းအဝေး​များ​တွင် ပိုမို​ပါဝင်​ဖြေဆို​လိုလျှင် သင်​ပြော​လို​သည့်​အချက်​ကို ကြိုတင်​ပြင်ဆင်​ထား​ပါ။ စီ​ကာ​ပတ်​ကုံး​အဖြေပေး​စ​ရာ မလိုပါ။ ခံယူ​ချက်​အပြည့်​ဖြင့်​ဖတ်ပြ​သည့် သင့်လျော်​သော​ကျမ်းချက်​တစ်ချက် သို့​မဟုတ် စိတ်​စေတနာ​အပြည့်​ဖြင့် ကောင်းစွာ​ရွေးချယ်​ထားသော စကားလုံး​အချို့​ပြောဆိုခြင်း​ကို တန်ဖိုး​ထား​ကြ​ပေမည်။ ကြေညာသူ​အချို့​သည် မိမိတို့၏​ယုံကြည်ချက်​တင်ပြ​ခွင့် လက်မလွတ်​သွားဖို့ သတ်မှတ်​ထားသော​အပိုဒ်​မှ ပထမ​မှတ်ချက်​ကို သူတို့​အတွက်​သီးသန့်​ဖယ်​ထား​ပေး​ရန် သင်တန်း​ကိုင်​သူကို​မှာ​ထား​ကြသည်။

အတွေ့အကြုံ​နည်း​သူ ပညာရှိ​ဖြစ်လာ

၁၆၊ ၁၇။ အကြီးအကဲ​တစ်ဦး​သည် ခရစ်ယာန်​အမှုထမ်း​တစ်ဦး​ကို အဘယ်​အကြံပေး​ချက်​ပေး​ခဲ့​ပြီး ယင်းသည် အဘယ်ကြောင့်​အကျိုးရှိ​ခဲ့​သနည်း။

၁၆ ယေဟောဝါသက်သေ​များ​၏​အစည်းအဝေး​များ​တွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နေ့စဉ်​ဖတ်ရှု​ဖို့ ကျွန်ုပ်​တို့​နှိုးဆော်​ခံ​ရလေ့​ရှိသည်။ ထိုသို့​ပြုခြင်း​သည် လန်းဆန်း​စေ​၏။ ပညာ​ရှိသော​ဆုံးဖြတ်ချက်​များ​ချရန်၊ ချွတ်ယွင်း​သည့်​ပင်ကိုစရိုက် အကျင့်ဓလေ့​များ​ကို​ပြုပြင်​ရန်၊ သွေးဆောင်မှုများ​ကို​ငြင်းပယ်​ရန်​နှင့် ခြေလှမ်း​မှား​နေလျှင် ဝိညာဉ်​ရေးဟန်​ချက် ပြန်​ညီ​စေရန်​လည်း ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​သည်။—ဆာလံ ၁၉:၇

၁၇ အတွေ့အကြုံ​ရှိသော အသင်းတော်​အကြီးအကဲ​များသည် ကျွန်ုပ်​တို့​လိုအပ်ရာ​နှင့်​သင့်လျော်​သော ကျမ်းစာ​အကြံပြုချက်ကို​ပေးဖို့​အသင့်ရှိ​ကြသည်။ ကျွန်ုပ်​တို့​ပြု​ရမည်​မှာ ကျမ်းစာ​အခြေပြု​သည့် သူတို့၏​အကြံပေး​ချက်​ကို​တောင်းဆိုခြင်း​ဖြင့် “ခပ်ယူ” ဖို့​သာ​ဖြစ်သည်။ (သု. ၂၀:၅) တစ်နေ့​တွင် စိတ်အား​ထက်သန်​သော ငယ်ရွယ်​သည့် ခရစ်ယာန်​အမှုထမ်း​တစ်ဦး​က အသင်းတော်၌​သာ၍​အသုံးဝင်သူ​တစ်ဦး မည်သို့​ဖြစ်လာ​နိုင်​ကြောင်း အကြီးအကဲ​တစ်ဦးထံ​မှ​အကြံဉာဏ်​တောင်း​ခဲ့​သည်။ လူရွယ်​ကို​ကောင်းစွာ​သိထား​သော အကြီးအကဲ​က သူ၏​ကျမ်းစာ​ကို​ယူ၍ ခန့်အပ်​ခံရ​သော​အမျိုးသားများသည် ‘ကျိုးကြောင်း​ဆင်ခြင်​တတ်သော’ သူ​ဖြစ်​ရမည်ဟု​ဖော်ပြ​ထား​သည့် ၁ တိမောသေ ၃:၃ ကို​ဖွင့်လိုက်​သည်။ အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​တွင် အကျိုးသင့်အကြောင်းသင့်​ဖြစ်​နိုင်​သည့်​နည်း​များ​ကို လူရွယ်​အား​ကြင်နာ​စွာ​ထောက်ပြ​ခဲ့​သည်။ ညီအစ်ကို​လေး​သည် သူ​ရရှိခဲ့​သော​ပွင့်လင်း​သည့်​အကြံပေး​ချက်​ကြောင့် မကျေမနပ်​ဖြစ်​ခဲ့​ပါသလော။ ဝေးလေစွ! “အကြီးအကဲ​က သမ္မာကျမ်းစာ​ကို​အသုံးပြုခဲ့တဲ့​အတွက် ဒီ​အကြံပေး​ချက်​ဟာ ယေဟောဝါ​ထံ​တော်​က​ဖြစ်တယ်​ဆိုတာ ကျွန်တော်​သိတယ်” ဟု​သူ​ရှင်းပြ​ခဲ့​သည်။ ဤ​ခရစ်ယာန်​အမှုထမ်း​သည် ကျေးဇူး​တင်​စွာ​ဖြင့် အကြံပေး​ချက်​ကို​လိုက်နာ​ခဲ့​ပြီး ယခု​ကောင်းစွာ​တိုးတက်​လျက်​ရှိ၏။

၁၈။ (က) ခရစ်ယာန်​လူငယ်​တစ်ဦး​ကို ကျောင်းတွင် သွေးဆောင်မှုများ​ငြင်းဆန်​ရန် အဘယ်အရာက ကူညီပေး​ခဲ့​သနည်း။ (ခ) သွေးဆောင်မှုများ​ကြုံ​ရသောအခါ အဘယ်​ကျမ်းချက်​များ​ကို သင်​သတိရ​သနည်း။

၁၈ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် ‘လူပျို​တို့၏​တပ်မက်​ခြင်း​စိတ်​ကို ကြ​ဉ်​ရှောင်’ ရန်​လည်း လူငယ်များ​ကို​ထောက်ကူ​ပေး​နိုင်​သည်။ (၂ တိမောသေ ၂:၂၂) မကြာသေးမီ​က အထက်တန်း​ကျောင်း​အောင်မြင်​ခဲ့​သည့် ယေဟောဝါသက်သေ​လူငယ်​တစ်ဦး​သည် ကျောင်းနေ​စဉ်​နှစ်များ​တစ်လျှောက် အချို့​သော​ကျမ်းချက်​များ​ကို​ဆင်ခြင်​၍ လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် သွေးဆောင်မှုများ​ကို​တွန်းလှန်​နိုင်​ခဲ့​သည်။ နယပုံပြင် ၁၃:၂၀ ၌​မှတ်တမ်း​တင်ထားသော ဤ​အကြံပေး​ချက်​ကို သူ​သတိ​ရလေ့​ရှိသည်– “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။” ယင်း​နှင့်​အညီ ကျမ်းစာ​မူများ​ကို အလွန်​လေးစား​သူများ​နှင့်​သာ​မိတ်ဖွဲ့​ရန် သူ​သတိပြု​ခဲ့​သည်။ သူက​ဤသို့​ဆင်ခြင်​ခဲ့​သည်– “ငါလည်း သူများတွေ​လို​ပဲ။ မကောင်းတဲ့​သူတွေနဲ့​ပေါင်း​မိရင် ငါ့​သူငယ်ချင်းတွေ​အကြိုက်ကို လိုက်​ချင်​ပြီး အခက်အခဲ​တွေ့​မှာပဲ။” ၂ တိမောသေ ၁:၈ တွင်​မှတ်တမ်း​တင်ထားသော ပေါလု​၏​အကြံပေး​ချက်​က​လည်း သူ့ကို​ထောက်ကူ​ပေး​ခဲ့​၏။ ပေါလု​က​ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့​အရှင်​ဘုရား​၏ သက်သေခံချက်​ကြောင့် . . . ရှက်ကြောက်ခြင်း​မရှိ​နှင့်။ . . . ဝမ်းမြောက်​ဖွယ်​သတင်းတရား​နှင့်​ဆက်ဆံ​၍ ဆင်းရဲ . . . ကို​ခံ​လော့။” ထို​အကြံပေး​ချက်​နှင့်​အညီ သူ၏​ကျမ်းစာ​အခြေပြု​ယုံကြည်ချက်များ​ကို အခွင့်အရေး​ရ​တိုင်း ကျောင်းနေ​ဖက်​များ​အား ရဲရဲဝံ့ဝံ့​ပြောဆို​ခဲ့​သည်။ အတန်း​ရှေ့​နှုတ်​တိုက်​တင်ပြ​ပြောဆို​ဖို့​တာဝန်ကျ​သည့်​အခါတိုင်း ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်​၍ ပါးနပ်​စွာ​သက်သေ​ခံနိုင်​ဖို့ ပြောဆို​စ​ရာ​အကြောင်းကို သူ​ရွေးချယ်​ခဲ့​သည်။

၁၉။ လူငယ်​တစ်ဦး​သည် ဤ​လောက​၏​ဖိအား​ပေး​မှု​ကို အဘယ်ကြောင့်​မတွန်းလှန်​နိုင်​ခဲ့​သနည်း၊ သို့သော် အဘယ်အရာက သူ့ကို​ဝိညာဉ်​ခွန်အား​ရစေ​ခဲ့​သနည်း။

၁၉ “ဖြောင့်မတ်​သော​သူတို့၏​လမ်း” မှ​ကျွန်ုပ်​တို့​လမ်းလွဲ​သွားခဲ့​မည်​ဆိုလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ကျွန်ုပ်​တို့၏​ခြေလှမ်း​ကို​တည့်မတ်​ဖို့ ကူညီပေး​နိုင်​သည်။ (သု. ၄:၁၈) ယင်းကို အာဖရိက​ရှိ​လူငယ်​တစ်ဦး ကိုယ်တွေ့​သိရှိ​ခဲ့​သည်။ ယေဟောဝါသက်သေ​တစ်ဦး​က သူ့​ထံ​လည်ပတ်​လာသော​အခါ ကျမ်းစာ​သင်အံမှု​ကို သူ​လက်ခံခဲ့သည်။ လေ့လာ​နေသော​အရာ​ကို သူ​နှစ်သက်​သော်လည်း မကြာမီ ကျောင်း​မှ​မကောင်းသော​အပေါင်းအသင်း​များနှင့်​ပေါင်း​မိ​လေ​သည်။ အတန်​ကြာသော် အကျင့်​ယိုယွင်း​သည့်​ဘဝ​ပုံစံ​ထဲ မျောပါ​သွား​လေ​တော့​သည်။ “ကျွန်တော်​ရဲ့​ကိုယ်ကို​ကိုယ်​သိသောစိတ်​က အနှောင့်အယှက်​ပေး​နေတာ​နဲ့ အစည်းအဝေး​တက်တာ​ကို ရပ်​လိုက်ရတယ်” ဟု​သူ​ဝန်ခံ​သည်။ နောက်ပိုင်း​တွင် အစည်းအဝေး​များ​ကို ပြန်​စတက်​လေ​သည်။ လူငယ်​က​ဤသို့​ဖွင့်ဟ​ပြောဆို​ခဲ့​သည်– “ဒါတွေ​ဖြစ်​ခဲ့​ရတဲ့​အဓိက​အကြောင်းရင်း​က​တော့ ဝိညာဉ်​ရေး​အရ ကျွန်တော်​ငတ်မွတ်​ခဲ့လို့​ပဲ ဆိုတာ​ရိပ်မိတယ်။ ကျွန်တော့်​မှာ ကိုယ်ပိုင်​လေ့လာမှု​လုံးဝ​မရှိဘူး။ ဒါ​ကြောင့်​မို့​လို့ သွေးဆောင်မှု​ကို ကျွန်တော်​မငြင်းဆန်​နိုင်​ခဲ့​တာ။ ဒါနဲ့ ကင်းမျှော်စင်​နဲ့ နိုးလော့!ကို​စ​ဖတ်​တယ်။ တဖြည်းဖြည်း​နဲ့ ဝိညာဉ်​ခွန်အား​ပြန်​ရလာ​ပြီး ကျွန်တော့်​ဘဝကို သန့်စင်​စေ​ခဲ့တယ်။ အဲဒါ​က ကျွန်တော်​ပြောင်းလဲ​သွားတာကို သတိထား​မိ​သူတွေ​အတွက် သက်သေခံချက်​ကောင်း​တစ်ခု​ဖြစ်​ခဲ့တယ်။ ကျွန်တော်​နှစ်ခြင်း​ခံ​ခဲ့​ပြီး အခု​ပျော်ရွှင်​နေပါ​ပြီ။” သူ၏​သွေးသား​အားနည်းမှု​ကို ကျော်လွှား​နိုင်​ရန် အဘယ်အရာက ဤ​လူငယ်​ကို​ခွန်အား​ပေး​ခဲ့​သနည်း။ ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​ကို မှန်မှန်​ပြုလုပ်ခြင်း​ဖြင့် သူ၏​ဝိညာဉ်​ခွန်အား​ကို ပြန်​ရရှိခဲ့သည်။

၂၀။ လူငယ်​တစ်ဦး​သည် စာတန်​၏​တိုက်ခိုက်မှု​ကို မည်သို့​တွန်းလှန်​နိုင်​သနည်း။

၂၀ ခရစ်ယာန်​လူငယ်တို့၊ ယနေ့ သင်တို့​တိုက်ခိုက်​ခံ​နေရ​ကြပြီ! စာတန်​၏​လျှပ်​တစ်​ပြ​က်​တိုက်ခိုက်မှု​ကို သင်​တွန်းလှန်​နိုင်​ရန် ဝိညာဉ်​အစာကို​မှန်မှန်​စားသုံး​ရ​ပေမည်။ လူငယ်​တစ်ဦး​ဖြစ်​ကြောင်း​ထင်ရှား​သည့် ဆာလံဆရာ​ကိုယ်တိုင် ယင်းကို​နားလည်ခဲ့​သည်။ ‘လူပျို​သည်​မိမိ​သွားသော​လမ်းကို သန့်ရှင်း​စေ’ နိုင်​ဖို့ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို​ပေး​ထား​သည့်​အတွက် ယေဟောဝါ​အား သူ​ကျေးဇူး​တင်​ခဲ့​သည်။—ဆာလံ ၁၁၉:၉

ဘုရားသခင်​ဦးဆောင်​သည့် မည်သည့်​နေရာသို့​မဆို ကျွန်ုပ်​တို့​လိုက်​ကြ​မည်

၂၁၊ ၂၂။ အမှန်တရား​လမ်း​သည် အလွန်​ခက်ခဲ​သည်​ဟု အဘယ်ကြောင့်​ကောက်ချက်​မချ​သင့်​သနည်း။

၂၁ ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို အီဂျစ်​ပြည်​မှ ကတိထားရာပြည်​သို့​ပို့ဆောင်​ခဲ့​သည်။ ကိုယ်တော်​ရွေးချယ်သော​လမ်း​သည် လူ့​အမြင်အရ မလိုအပ်ဘဲ​ခက်ခဲ​ကြမ်းတမ်း​ဟန်​ရှိ​ပေမည်။ မြေထဲပင်လယ်​တစ်လျှောက်​ရှိ လွယ်ကူ​ဟန်​ရှိပြီး သာ၍​ဖြောင့်တန်း​သည့်​လမ်းကို ယေဟောဝါ​အသုံးပြု​မည့်​အစား မိမိ၏​လူမျိုးတော်ကို ခက်ခဲ​သည့် သဲကန္တာရ​လမ်း​မှ လမ်းပြ​ခေါ်ဆောင်​သွားခဲ့သည်။ သို့သော် အမှန်​မှာ ယင်းသည် ဘုရားသခင်​ဘက်​မှ ကြင်နာ​မှု​ပြ​ခြင်း​ဖြစ်သည်။ ပင်လယ်​လမ်း​သည် တို​သော်​ငြား​လည်း ရန်လိုသော​ဖိလိတ္တိ​လူတို့၏​နယ်မြေ​ကို ဣသရေလလူ​တို့​ဖြတ်လျှောက်​ကြ​ရ​ပေမည်။ အခြား​တစ်​လမ်းကို​ရွေးခြင်း​အားဖြင့် ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ဖိလိတ္တိ​လူ​တို့​နှင့်​စောစော​ရင်​မဆိုင်​စေ​ခဲ့​ပါ။

၂၂ အလားတူ​ပင်၊ ယနေ့ ကျွန်ုပ်​တို့ကို​ယေဟောဝါ​ဦးဆောင်​နေသော​လမ်း​သည် တစ်ခါတစ်ရံ​ခက်ခဲ​ပုံ​ပေါ်​ပေမည်။ အပတ်စဉ်​လို​လို အသင်းတော်​အစည်းအဝေး​များ၊ ကိုယ်ပိုင်​လေ့လာမှု​နှင့် လယ်ကွင်း​လုပ်ငန်း​စ​သည်​တို့​ပါဝင်​သည့် ခရစ်ယာန်​လုပ်ငန်းဆောင်တာ​များ​ပြုလုပ်​ရန် ဇယား​အပြည့်​ရှိသည်။ အခြား​လမ်းများ​က လွယ်ကူ​ဟန်​ရှိ​ပေမည်။ သို့သော် ဘုရားသခင့်​ဦးဆောင်မှု​နောက် ကျွန်ုပ်​တို့​လိုက်​မှ​သာ​လျှင် ကျွန်ုပ်​တို့​ရောက်​ရန် အစွမ်းကုန်​ကြိုးစား​နေသော ခရီး​ပန်းတိုင်​သို့ ရောက်ရှိ​ပါ​လိမ့်​မည်။ ထို့​ကြောင့် ယေဟောဝါ​ထံ​တော်​မှ အရေးကြီးသော​ညွှန်ကြားချက်​ကို ဆက်​လက်ခံ​ယူ၍ “ဖြောင့်သော​လမ်း” ပေါ်​ထာဝစဉ်​ရပ်တည်​နေကြပါ​စို့။—ဆာလံ ၂၇:၁၁

သင်​ရှင်းပြ​နိုင်​သလော

ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်​ဖို့ အဘယ်ကြောင့်​အထူး​လိုအပ်​သနည်း။

အစည်းအဝေး​များ​၌ မိမိတို့၏​သားသမီး​များ အာရုံ​စူးစိုက်​နားထောင်​ရန် ကူညီ​ပေးဖို့ မိဘများ​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

ကောင်းစွာ​နားထောင်သူ​တစ်ဦး​ဖြစ်​ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

အစည်းအဝေး​များ​၌​ပါဝင်​ဖြေဆို​ရန် အဘယ်အရာက​ထောက်ကူ​ပေး​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ခရစ်ယာန်​အစည်းအဝေး​များ​ကို​တက်​ခြင်း​က ယေဟောဝါ​၏​နေ့ကို ကျွန်ုပ်​တို့၏​စိတ်ထဲ​ထား​ရန်​ထောက်ကူ​ပေး

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်​အစည်းအဝေး​များ​၌ ယေဟောဝါ​အား​ချီးမွမ်း​ရန် နည်း​အမျိုးမျိုး​ရှိ